~23~

4.1K 340 100
                                    

Unicode


"သူက ဘယ်သူလဲ...."

အေးစက်စက် ထွက်ပေါ်လာသော ကိုမင်း၏ အသံကြောင့် သူ့ကိုယ်လေး တုန်တက်သွားရတော့သည်။ ရုတ်ရုတ်သဲသဲဖြင့် ဒေါသကြီးနေခဲ့သော ကိုမင်းအား သူစကားတစ်ခွန်းမျှ သွားမပြောရဲခဲ့။ ကိုမင်း ဆိုဖာတွင် ဝင်ထိုင်ပြီး လက်မှိုင်ချငြိမ်သက်နေကာမှ သူလည်း ဝင်ထိုင်ဖြစ်သည်။ ဆိုဖာပေါ် သူဖင်ချလိုက်သည်နှင့် အေးစက်စက်သြရှရှ အမေးပြုလာသော ကိုမင်းကြောင့် လူက ထရမလို ထိုင်ရမလိုဖြစ်လျက်။

"သူ....သူက...."

သူအထစ်ထစ် အငေါ့ငေါ့ပြောနေသည်ကို ကိုမင်းက သဘောကျပုံမပေါ်။ မျက်မှောင်တွန့်ချိုးနေလျက် အလိမ္မာအား မော့ကြည့်လာ၏။ ကိုမင်း၏ အကြည့်စူးစူးကြောင့် အလိမ္မာ့ကျောထဲ စိမ့်ခနဲ အေးသွားရသည်။ ကိုမင်းနှင့် သိကျွမ်းလာသည့် နှစ်ဝက်အတောအတွင်း ယခုကဲ့သို့ ပုံစံမျိုး တစ်ခါမျှ မမြင်ဖူးခဲ့။ သူသိခဲ့သော ကိုမင်းမှာ သူ့ကိုဆို အမြဲတွယ်ကပ်နေလျက် တီတီတာတာတွေ တတွတ်တွတ်ပြောနေတတ်သော မျက်နှာရူးပင်။ ယခုကဲ့သို့ ဒေါသထွက်ပေါက်ကွဲနေသော ပုံစံမှာ ကိုမင်းနှင့် လုံးလုံးမျှ မတူသလိုပင်။

"ကိုယ်မေးနေတယ်လေ...."

သူ့အသံက မာထန်မနေသော်လည်း အေးစက်ခက်ထန်နေလေ၏။ သို့ကြောင့် အလိမ္မာမှာ တံတွေးမြိုချလိုက်မိတော့သည်။ ထို့နောက် အသက်အား ပြင်းစွာရှူသွင်း၍ အားယူပြောလိုက်ရသော်လည်း အထစ်ထစ်အငေါ့ငေါ့။

"ရ...ရည်းစား...ရည်းစားဟောင်းပါ...."

သူ့ကိုယ်သူ တရားရုံး၌ အယူခံဝင်နေသလို ခံစားလိုက်မိရသည်။ အဘယ်ကြောင့်များ ကိုမင်း၏ အမေးစကားအား ကြောက်ရွံ့ကာ အထစ်ထစ်အငေါ့ငေါဖြစ်နေသလဲ မပြောတတ်တော့။ ယခုသူတွေးနေမိတာကတော့ ကိုမင်းသူ့အပေါ်စိတ်မဆိုးဖို့ရာနှင့် အထင်မလွဲဖို့ရာသာ တွေးနေမိတာမို့ ကိုယ့်စိတ်ကိုယ်ပင် နားမလည်နိုင်အောင်ဖြစ်ရသည်။

"သူ့ကို ချစ်သေးလား...."

ထပ်မံ၍ သြရှစွာ ထွက်ပေါ်လာသော ကိုမင်း၏ အမေးစကားကြောင့် တုပ်တုပ်မလှုပ်ရပ်နေမိရာမှ လှုပ်လှုပ်ရွရွဖြစ်သွားရတော့သည်။ သူ့အနေနဲ့ ဘာကြောင့်များ သူ့အပေါ် သစ္စာဖောက်သွားသူအား ချစ်သေးအုန်းမည်နည်း။ ချစ်ဖို့ပင် မဆိုထားနှင့် သတိပင်မရ။ ကိုမင်းသူ့ဘဝထဲ ဝင်မလာခင်အချိန်ကတော့ဖြင့် တိုက်ဆိုင်မှုရှိလေတိုင်း သတိရတတ်ပေမဲ့ ကိုမင်းသူ့ဘဝထဲ ဝင်လာကတည်းက သူ့တွင် သတိရဖို့မပြောနှင့် မျက်နှာရူးကြောင့် အရယ်ပင်မရပ်နိုင်ခဲ့။ အမှန်အတိုင်း ဝန်ခံရပါလျှင် သည်တစ်လျှောက်လုံး ကိုမင်းအပေါ်ကိုသာ သူ့စိတ်အာရုံအလုံးစုံတို့ ပုံအပ်ထားမိခဲ့၏။

ဥက္ကဌက 'gay' နေတယ်တဲ့ Where stories live. Discover now