အကြံအစည်

3.2K 449 2
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၀၄ ။ အကြံအစည်

ဤအသက်ရှူမှားဖွယ်မြင်ကွင်းမှာ ဆွံ့အသွားကြသူများသည် လော့ယန် တစ်ယောက်တည်းမဟုတ်ပေ။

"ဖြောင်း! ဖြောင်း! ဖြောင်း!"

လက်ခုပ်သံခပ်ပြတ်ပြတ်တစ်ခုသည် ရိုက်ကွင်းထဲ ပျံ့နှံ့သွားသည်။ ပထမတော့ လူတစ်ယောက်တည်းကပေမဲ့ ထို့နောက်တွင် အဖွဲ့တစ်ခုလုံးမှ ကူးစက်ခံလိုက်ရသလို ရုတ်တရက် လက်ခုပ်ဩဘာသံများပေးကြလေသည်။ ဤကဲ့သို့ အသက်ရှုမှားလောက်ဖွယ် ဖျော်ဖြေမှုကို မျက်မြင်ကြုံလိုက်ရသည့် စက်အဖွဲ့မှ အဖွဲ့သားများမှာ လော့ယန် တမင်ရှာခဲ့သည့် ပြဿနာကိုပင် မေ့လုနီးပါးဖြစ်ကုန်သည်။ ဝိုင်ယာပိုင်းတာဝန်ယူထားသည့် စက်ဆရာက ထောင်မုကို ဂရုတစိုက် ချပေးလာသည်။ အဖွဲ့မှ လက်ထောက်များစွာက ထောင်မုထံ အပြေးအလွှားပြေးသွားပြီး တဘက်တွေနှင့် ခြောက်သွေ့စေကာ ခေါင်းကိုသုတ်ပေးလာကြသည်။ ထောင်မုကိုဆက်ဆံသည့်ပုံမှာ အတိုက်အခိုက်လူစားထိုးတစ်ယောက်အနေနှင့် မဟုတ်ဘဲ တကယ့်ပရော်ဖယ်ရှင်နယ်မင်းသားတစ်ယောက်လိုပင်။

ရေထိုးပိုက်၏ အပြင်းဆုံးနှုန်းကို ငြီးငွေ့ရအောင်ထိ လေးနာရီထက်ပိုသည့်အချိန်လောက် ခံခဲ့ရသည့် ထောင်မုသည် တည့်တည့်ရပ်ဖို့ကိုပင် မနည်းအားစိုက်ထားရသည်။ လက်တစ်ဖက်နှင့် ဓားပေါ်မှီရင်း အလွန်အမင်းပင်ပန်းနေသည့်အလျောက် ခန္ဓာကိုယ်က အနည်းငယ်တုန်ယီသွားသည်။ အသက်ခပ်ပြင်းပြင်းရှူနေစဉ် သူ့နှုတ်ခမ်းများက ခပ်တင်းတင်းစေ့ထားသည်။ သို့ပေမဲ့ မျက်ဝန်းနက်များကတော့ အံ့အားသင့်လောက်အောင် အလွန့်အလွန်ကို တောက်ပနေသည်။ စိုရွဲနေသော အနက်ရောင်ဆံပင်ရှည်က သူ့မျက်နှာပေါ် ကပ်လျက်နေပြီး ဖျော့တော့ကာ လှပသည့် ဘေးတိုက်သွင်ပြင်ကို အသားပေးဖော်ပြနေသည်။ သို့ပေမဲ့ သူ့မျက်ခုံးတွေကြားက သိပ်သည်းနေသည့်ရန်လိုမှုမှာ အားနည်းမှုနှင့် နုနယ်မှုကို ချိုးနှိမ်ထားသည်။ အဲ့ဒီအစား ထိုပုံစံက သူ့အား ပို၍ဖျတ်လတ်တက်ကြွဟန်ပေါ်စေကာ ပေါ့ပေါ့ကြော့ကြော့ဖြစ်သည့်ဟန်လည်း ပုံပေါ်စေသည်။

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now