အတိတ်ရန်ကြွေး

1.3K 188 0
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၃၃ ။ အတိတ်ရန်ကြွေး

နေဝင်ရီတရောဖြစ်၍ ကောင်းကင်သည် မှောင်မိုက်နေသည်။
ရှီရှန်းတောင်တန်းများ၏ မြူခိုးများအောက်တွင် တဖြည်းဖြည်းမြုပ်နေသည့် နေရောင်သည် ပေကျင်း မြို့တစ်ခုလုံးကို လိမ္မော်နီရောင်ကဲ့သို့ နီရဲနေသယောင် ဖြစ်စေခဲ့ပါသည်။ ညဘက် အလုပ်ဆင်းသည့် ရပ်ကွက်ထဲမှ အိမ်နီးနားချင်းများသည် စက်ဘီးနှင့်လျှပ်စစ်ဆိုင်ကယ်စီး၍ ကျဉ်းမြောင်းသည့် လမ်းကြားများကိုဖြတ်သွားကြသည်။ အမှောင်ခန်းများတွင် မီးများဖွင့်ထားသည်။ တီဗီပေါ်ရှိ ကြော်ငြာသံနှင့်အတူ အိမ်တိုင်း၏ပြတင်းပေါက်များမှ တောက်ပသော အဝါရောင်မီးများကို မြင်တွေ့နိုင်သည်။ အိုးနှင့် သံဇွန်းသံတို့သည်လည်း ဆူညံလျက်ရှိသည်။ မီးဖိုချောင်မှ ဟင်းချက်သံများကြားရပြီး မွှေးကြိုင်သော အစားအသောက်နံ့များ ရုတ်တရက် စိမ့်ဝင်သွားသည်။
မိဘမဲ့ဂေဟာ၏ ခြံကျဉ်းလေးတွင် ကလေးငယ်တစ်စု ပြေးလွှားဆော့ကစားနေကြသည်။ အစောင့်အဒေါ်သည် တံခါးဝမှာရပ်ပြီး အားလုံးကို ထမင်းစားရန် ခေါ်နေသည်။ ယနေ့ညစာသည် အာလူးနှင့် ဂေါ်ဖီထုပ်ကြော်ဖြစ်သည်ကို ထောင်မု၏ နှာခေါင်းမှ အနံ့ရလိုက်သည်။
မိဘမဲ့ ဂေဟာတွင် ကလေးများလွန်းပြီးထောက်ပံ့ငွေမှာလည်း အရမ်းကြပ်တည်းသည်။ ကျောင်းအုပ်ထောင်သည် ကလေးများအတွက် အာဟာရဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း နေ့စဉ် အစားအစာအများစုမှာ ဂေါ်ဖီထုပ်၊ တို့ဟူး၊ မုန်လာဥနှင့်အာလူးတို့ဖြစ်သည်။ တနင်္ဂနွေတိုင်းတွင်ဟင်းပွဲကြီးတစ်ခု- အခြေခံအားဖြင့် အာလူးဖြင့်ပြုတ်ထားသော ကြက်သားတစ်ခုလုံး သို့မဟုတ် ချဉ်စပ်ချက်ထားသော ဟင်းသီးဟင်းရွက်အနည်းငယ် သို့မဟုတ် တို့ဟူးနှင့်ပြုတ်ထားသော ငါးအနည်းငယ်တို့သာဖြစ်သည်။ ကလေးများစွာနှင့်မိဘမဲ့ဂေဟာမှ အစောင့်ဝန်ထမ်းများ အတူတကွစားသောက်ခြင်းဖြင့် အဆုံးတွင် လူတိုင်းအသားမည်မျှရရှိကြောင်း တွေးဆနိုင်ခဲ့သည်။ ဟင်းအိုးကြီးများ၏ အရသာသည် ပြောစရာတောင် မလိုပေ။
ထောင်မုသည် ထိုအရာကို မစားချင်ပေ။ ငယ်ငယ်ကတည်းက လျှာသည် အလွန်အရသာခံတတ်ပြီး မိဘမဲ့ဂေဟာ၏ ဆန့်ကျင်ဘက် စားသောက်ဆိုင်ငယ်တွင် စားသောက်ရန် ခိုးထွက်လာခဲ့ပြီး သူ့အပေါ် အလွန်ကြင်နာတတ်သည့် အဖိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
ယခု အဖိုးက အသက်ကြီးလာခဲ့ပြီး အရင်အချိန်များတွင် သူသည် နာကျည်းမှုများကို အများကြီး ခံစားခဲ့ရသည်။ သူသည် သူ့အတွက် တရားမျှတမှုကို ရှာဖွေရန် နည်းမတွေ့ခဲ့သောကြောင့် မျိုးဆက်သစ် ထောင်မုသည် သူ့ဖက်တွင် ရပ်တည်ပြီး ကူညီပေးဖို့လိုအပ်နေပါသည်။ ထောင်မုသည် ဤနှစ်များစွာအတွင်း သူစားခဲ့သော အစားအစာများအတွက် သူသည် လျစ်လျူရှုနိုင်မည်မဟုတ်ပေ။
" ကျောင်းအုပ်ထောင်" ညစာစားပြီးသောအခါ ထောင်မုသည် ကျောင်းအုပ်ထောင်နှင့်အတူ ရုံးခန်းထဲသို့ ဝင်သွားသည် "ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပါ။ အရင်က ကျွန်တော်တို့ အဖိုးကြီး ဘာဖြစ်ခဲ့တာလဲ? ဒီလူယုတ်မာယောင်ဆိုတာ ဘယ်သူလဲ? "
ကျောင်းအုပ်ထောင် သက်ပြင်းချရင်း "ငါလည်း သေချာမသိပါဘူး"
"မဖြစ်နိုင်ဘူး! ကျောင်းအုပ်တို့နှစ်ယောက် အိမ်နီးချင်းတွေဖြစ်နေတာ နှစ်အတော်ကြာနေပြီ။" ထောင်မု လုံးဝမယုံပါ။ သူသည် ကျောင်းအုပ်ထောင်၏ နောက်သို့ လျှောက်သွားကာ သူမ၏ ပခုံးများကို အားတက်သရော နှိပ်နယ်ပေးသည်- "ကျောင်းအုပ်၊ ကျွန်တော့်ကို ပြောပြပါနော်။ကျွန်တော်အတော်လေး သိချင်‌နေတာ၊ ဒါပေမယ့် လူအိုကြီးရဲ့မျက်နှာထားကြောင့် သွားမေးလို့လဲ မရဘူးလေ။ ဒီနေ့ နည်းနည်းလေး မေးကြည့်လိုက်သေးတယ်။ ပြီးတော့ဘာမှမပြောပဲ ကျွန်တော့်ကို အော်လိုက်သေးတယ်။ ဒါကြောင့် ကျွန်တော် ကျောင်းအုပ်ကိုပဲ မေးလို့ရလို့ပါ"
ကျောင်းအုပ်ထောင်သည် ထပ်ပြီး သက်ပြင်းချရင်း "လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဖြစ်ပျက်ခဲ့တာတွေပါ။ အဲဒါကို မင်းသိခဲ့ရင်တောင် ဘာလုပ်လို့ရမှာလဲ?"
"အဖိုးကြီးက ကျွန်တော်တို့မိသားစုရဲ့ အဖိုးကြီးပဲ။ တခြားသူတွေ‌က တကယ်ပဲ သူ့ကို အနိုင်ကျင့်ခဲ့တယ်ဆိုရင် ကျွန်တော် သူ့အတွက်လက်စားချေပေးရမယ်!" ထောင်မုက လေးနက်သော မျက်နှာဖြင့်ပြောလိုက်သည်။
"လက်စားချေမလို့လား?" ကျောင်းအုပ်ထောင်သည် သူမ၏ ခေါင်းကို မသိစိတ်မှ ခါယမ်းကာ ဝမ်းနည်းပူဆွေးသောအကြည့်ဖြင့် " မင်း ဒီလိုပြောပေးတာနဲ့တင် လုံလောက်ပါပြီ။ အဲ့ဒီလူတွေက သြဇာကြီးတယ်၊ မင်းဘယ်လို လက်စားချေနိုင်မလဲ---"
" ဒါဆို ကျောင်းအုပ် သိနေခဲ့တယ်ပေါ?" ထောင်မု၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ သူသည် ကျောင်းအုပ်ထောင်ထံသို့ မျက်နှာမူကာ လျှောက်သွားပြီး ထိုင်ချလိုက်ကာ ကျောင်းအုပ်ထောင်ကို စိတ်ရင်းမှန်ဖြင့် လှမ်းကြည့်ပြီး " ကျွန်တော့်ကို ပြောပြပါ၊ ကျောင်းအုပ်ပြောသလိုပဲ၊ လူအိုကြီးအပေါ် တကယ်ပဲ အမှားလုပ်မိတဲ့သူက ဒီလောက် အစွမ်းထက်တဲ့ သူဖြစ်‌နေရင်တောင် လူအိုကြီးရဲ့ မျိုးဆက်သစ်တွေ ရှိတယ်ဆိုတာ သိသင့်တယ်"
ကျောင်းအုပ်ထောင် နှုတ်ဆိတ်နေခဲ့သည်။ ထောင်မု၏စိတ်ကို သူမသိသည်။ ထောင်မု အမှန်အတိုင်းသိလျှင် ထိုလူများကို အလွှတ်ပေးမည်မဟုတ်ပေ။ သို့သော် ကျောင်းအုပ်ထောင်သည် ဒီကိစ္စကို သူမပြောပြလိုက်လျှင် ထောင်မုကိုပါ ငြိတွယ်သွားမည်ကို အရမ်းစိုးရိမ်နေခဲ့သည်။ အမှန်တမ်းပြောရလျှင် တစ်ဖက်လူ၏မိသားစုနောက်ခံသည် သာမန်လူများ သွားနှိုးဆွလို့ရမည့် နောက်ခံမဟုတ်ပေ။
သို့သော်လည်း သူမ ဘာမှသာ မပြောခဲ့လျှင်..... လွန်ခဲ့သည့်နှစ်များတွင် အဖိုးကြီးစုန့်၏ ဘဝသည် တကယ်ကို ခါးသီးလွန်းပါသည်။ သူကိုယ်တိုင်နှင့် စုန့်မိသားစုရှိဘဝများစွာအတွက် တရားမျှတမှုကို ရှာဖွေရန် ထိုက်တန်သည်။
"ထောင်မု" သည် ယခုချိန်တွင် အများကြီး မလုပ်နိုင်ရင်တောင်မှ သူသည် ကြယ်ပွင့်ကြီးဖြစ်လာပြီး အင်အားတောင့်တင်းသူများနှင့် ရင်းနှီးလာသည့်အခါတွင် ယောင်ဆိုသည့် မျိုးရိုးအမည်၏ ကျူးလွန်ခဲ့သည့် မကောင်းမှုများကို လူတိုင်းသိနိုင် လုပ်နိုင်လိမ့်မည်။
"ကျောင်းအုပ်ထောင်? ကျောင်းအုပ်ထောင်?" ထောင်မုသည် "ကျွန်တော်ကတိပေးပါတယ်။အဖိုးကြီး ဘာဖြစ်ခဲ့လဲဆိုတာ သိချင်ရုံတင်ပဲ။ အမှန်က ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် မသေချာပဲနဲ့တော့ အစောတလျင် လုပ်မှာမဟုတ်ပါဖူး"
ကျောင်းအုပ်ထောင်၏အမြင်တွင် သူမ၏ ရှောင်မုသည်ယခုနှစ်တွင် အသက် 18 နှစ်သာရှိသေးသည်။ အတိအကျဆိုရသော် ထိုအရွယ်လူငယ်တစ်ယောက်သည် ယုံကြည်လို့မရပေ။
သို့သော် အကြောင်းတစ်ခုခုကြောင့် သူ့ရှေ့မှ ထောင်မုသည် ယခုအခါတွင် သူ့ရွယ်တူများထက် ပိုရင့်ကျက်မှုရှိသည်ဟု ခံစားရသည်။ သူ့စကားသည် ယုံကြည်ရသလိုပါပဲ။ သူသည် ဒေါသတကြီးဖြင့် ခဏတာမျှ ရူးသွပ်စွာ ပြုမူမည်မဟုတ်ပေ။
ကျောင်းအုပ်ထောင်သည် အချိန်အတော်ကြာအောင် စဉ်းစားခဲ့ရသည်။ အတိတ်ကို ထောင်မုကို ပြောပြသင့်သလား? နောက်ဆုံးတော့ သူမသည် တိတ်တိတ်လေး သက်ပြင်းချရင်း "အဲဒါကို စဉ်းစားပါရစေ"
"ဟင် မဟုတ်ဖူးလေ" ပူနေသည့်အချိန်တွင် သံရိုက်ရမည်ကို ထောင်မု သိသည်။ ကျောင်းအုပ်ထောင်၏ အကျင့်စရိုက်ကြောင့် ဤစဉ်းစားမှုသည် အချိန်မည်မျှကြာမည်ကို သူတကယ်မသိပါ- "ကျေးဇူးပြုပြီး ကျွန်တော့်ကိုပြောပြပါ။ ကတိပေးပါတယ်၊ ကျွန်တော်တကယ် ပြဿနာမရှာပါဘူး"
ထောင်မု၏ စရိုက်သည် အမြဲတည်ငြိမ်နေခဲ့ပြီး တစ်သက်ဘ၀နှစ်ခုပင် မပြောင်းလဲနိုင်သော အရာတစ်ခုဖြစ်သည်။ သူဆုံးဖြတ်ခဲ့သမျှသည် သူ့အား အဆုံးစွန်ထိရောက်သွားစေခဲ့လျှင်တောင် နောက်ပြန်လှည့်ကြည့်မည် မဟုတ်ပေ။ ထို့အပြင် တစ်စုံတစ်ခုအပေါ် ခေါင်းမာပြီး စွဲမြဲစွာ အသုံးချနိုင်သည့် နည်းလမ်းအမျိုးမျိုးကို သူကောင်းစွာသိရှိထားပြီး မတူညီသောလူများ၏ အားနည်းချက်ကို လိုက်၍ ကွဲပြားသောစကားလုံးများကို မည်ကဲ့သို့ ရွေးချယ်ပြောဆိုရမည်ကို သိရှိခဲ့သည်။
နောက်ဆုံးတွင် ကျောင်းအုပ်ထောင်သည် ထောင်မု၏ နှောင့်ယှက်မှုကို ခံခဲ့ရပြီး လွန်ခဲ့သောနှစ်များ၏ အဖြစ်အပျက်ဟောင်းများကို ပြောပြသည်။
"ငါတို့ခေတ်က လူတွေ မှတ်မိနေသေးတယ်။ စုန့်ကျီကို ကုလော့လမ်းမှာဖွင့်ခဲ့တယ်။ ဒီ စုန့်ကျီကို စုန့်မိသားစုက ဖွင့်ခဲ့တာ။ စုန့်မိသားစု၏ ဘိုးဘေးက နန်းတော်က တော်ဝင်စားဖိုမှူးပဲ။ နောက်ပိုင်းတော့ ချင်မင်းဆက် ပြီးဆုံးတဲ့အခါ စုန့်မိသားစုရဲ့ ဘိုးဘေးတွေက ကုလော့လမ်းမှာ ဆိုင်တစ်ဆိုင်ဖွင့်ပြီး စီးပွားရေးကို စတင်လုပ်ကိုင်ခဲ့တယ်။ စုန့်မိသားစုက မျိုးဆက်တစ်ခုစီမှာ ကလေးတစ်ဦးပဲရှိခဲ့တယ်။ ဒါမို့ အဖိုးကြီးစုန့်ရဲ့ မျိုးဆက်ကို ရောက်တဲ့အခါမှာ အဖိုးကြီးစုန့်က တစ်ဦးတည်းသောသားဖြစ်ခဲ့တယ်။ သူ့အဖေ စုန့်လျန်ရှန်းမှာ အလုပ်သင်နှစ်ယောက်ရှိတယ်။ အကြီးဆုံးအလုပ်သင်က ယောင်ရှန်အန်း ဖြစ်ပြီး ဒုတိယအကြီးဆုံး အလုပ်သင်က ဝမ်ရီပင်းလို့ခေါ်တယ်။ အဲ့ဒီအချိန်က သင်တန်းသားတွေ လက်ခံတဲ့ပုံက အခုနဲ့ မတူဘူး။ ဆရာသမားတွေကို ကိုယ့်ရဲ့ဖခင်လိုပဲ လေးလေးစားစား ဆက်ဆံရမယ်လို့ လူတိုင်းကသတ်မှတ်ခဲ့ကြတယ်။ လူတိုင်းဟာ မိသားစုလိုပဲ အတူတကွနေထိုင်ကြပြီး အလုပ်သင်တွေက သူတိုရဲ့ဆရာ အငြိမ်းစားယူတဲ့အချိန်မှာ ပံ့ပိုးပေးရတယ်။ ဒါမို့ ဆရာ့ကို အရမ်းတန်ဖိုးထားတဲ့ အလုပ်သင်တွေကပဲ ဆရာ့လုပ်ငန်းကို အမွေဆက်ခံလို့ရတယ်"
"အဲဒီတုန်းက စုန့်ကျီရဲ့ စားဖိုမှူးက အဖိုးကြီးစုန့်ရဲ့အဖေဖြစ်ပြီး စုန့်မိသားစုမှာ ဘိုးဘွားစဉ်ဆက် ချက်ပြုတ်နည်းစာအုပ်ရှိတယ်။ ယောင်ရှန်အန်းက အဲဒီထမင်းချက်စာအုပ်ကိုလိုချင်ပေမယ့် အဖိုးကြီးစုန့်ရဲ့အဖေက ယောင်ရှန်အန်းရဲ့ ဟင်းချက်ပညာက မကျွမ်းကျင်သေးတဲ့အတွက် ချက်နည်းစာအုပ်ကို သူ့အကြီးဆုံးအလုပ်သင်သားကို မလွှဲပေးပဲ သူ့သားကို အပ်လိုက်တယ်။"
"ယောင်ရှန်အန်းဟာ တရားမျှတမှု မရှိဘူးလို့ခံစားခဲ့ရတယ်။ ဒါကြောင့်ပဲနောက်ပိုင်းမှာ စုန့်ကျီက ထွက်သွားခဲ့ပြီး သူ့ဘာသာသူ လုပ်ငန်းသစ်တစ်ခု ထူထောင်ခဲ့တယ်။ နောက်ပိုင်း အထူးကာလမှာ ယောင်ရှန်အန်းက သူ့ဆရာကို တိုင်ကြားခဲ့တယ်။ အဲ့ဒါကြောင့် စုန့်ကျီလည်း ပိတ်ခဲ့ရပြီးတံဆိပ်ခတ်ခံခဲ့ရတယ်။ စုန့်မိသားစုရဲ့ဘိုးဘွားဟင်းချက်နည်းစာအုပ်ကိုလည်း လုယူသွားခဲ့တယ်။ အဖိုးကြီးစုန့်နဲ့ သူ့အဖေကိုအပြစ်ခံယူဖို့ နေ့တိုင်း လမ်းပေါ်ဆွဲခေါ်ခံရတယ်။ အဖိုးကြီးစုန့်ရဲ့အဖေက အရမ်းအရှက်ရတဲ့အတွက် ညကြီးသန်းခေါင်မှာပဲ ကြိုးဆွဲချခဲ့တယ်။ အဖိုးကြီးစုန့်ကိုလည်း လယ်ယာလုပ်ငန်းခွင်မှာပို့ဆောင်ပြီး ပြုပြင်မှုခံယူခိုင်းခဲ့တယ်။ အဲဒီတုန်းကအိမ်ထောင်ကျတာ နှစ်အနည်းငယ်သာရှိသေးတော့ သားဖြစ်သူကလည်း လမ်းလျှောက်တတ်ခါစပဲရှိသေးတယ်။ ဖအေကလည်း သေဆုံးသွားပြီး သားကလည်း ထွက်သွားခဲ့ရတဲ့အတွက် စုန့်မိသားစု၏ ပင်မမဏ္ဍိုင် နှစ်ခုစလုံး တစ်ညတည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ်။ သူ့ဇနီးသည်ကလည်း ဒုက္ခမခံနိုင်တော့ နောက်အိမ်ထောင်ပြုပြီးကလေးကို အဖိုးကြီးစုန့်ရဲ့ အမေဆီ ပစ်ထားခဲ့တယ်။ ကလေးက ငယ်ငယ်လေးကတည်းက စာသင်ပေးမယ့်သူမရှိတော့ ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါမှာ လမ်းပေါ်က လူဆိုးလူမိုက်တွေနဲ့ နေ့တိုင်းလိုလို ရောထွေးနေတတ်တယ်။ နောက်ပိုင်းမှာအစိုးရက ဖြိုခွင်းတဲ့အခါမှာ သေနတ်နဲ့ ပစ်ခံလိုက်ရတယ်။ ဒါကြောင့်မို့ အဖိုးကြီးစုန့်ရဲ့ အမေက စိတ်မထိန်းနိုင်ပဲ ရူးသွားခဲ့တယ်။ နေ့တိုင်း သူမက လမ်းပေါ်မှာ လျှောက်သွားပြီး သူ့မြေးနာမည်၊ အဖိုးကြီးစုန့်နဲ့သူ့ခင်ပွန်းတို့ကို အော်ခေါ်နေခဲ့တယ်။ တစ်ရက်မှာတော့ ဟော့ဟိုင်မှာရှိတဲ့ ကြာကန်ထဲကို ချော်လဲပြီး ရေနစ်သေဆုံးသွားခဲ့တယ်။ နောက်ဆုံးတော့ သူ့အလောင်းကို အနီးနားပတ်ဝန်းကျင်ကလူတွေက မှတ်မိပြီး ကောက်ယူခဲ့တယ်....."
"အဖိုးစုန့် လယ်ကပြန်လာတော့ မိသားစုဝင်အားလုံးမရှိခဲ့ကြတော့ဖူး။ စုန့်မိသားစုရဲ့ ဘိုးဘေးအိမ်နဲ့ အတွင်းပစ္စည်းတွေကို အစိုးရကပြန်ပေးခဲ့တယ်။ ဒါပေမဲ့ ဘာသုံးရ‌တော့မှာလဲ! အရာအားလုံးက ပြီးဆုံးသွားပြီလေ"
ကျောင်းအုပ်ထောင်သည် သက်ပြင်းချရင်း "အဲဒီအချိန်တုန်းက ဒီလိုနောင်တရစရာတွေ အများကြီးရှိခဲ့တယ်"
ထောင်မု မျက်နှာတွင် ဘာအမူအရာမှမရှိခဲ့‌ပေ။ အချိန်အတော်အတန်ကြာပြီးနောက် "အဲ့ဒါ ယောင်ရှန်အန်းက ရှန်အန်းအဖွဲ့အစည်းကို တည်ထောင်ခဲ့တဲ့သူလား?"
ကျောင်းအုပ်ထောင်သည် ခေါင်းညိတ်သည် "ဒါဆို မင်းလည်း သိတယ်ပေါ့။ အဲဒီတုန်းက ယောင်ရှန်အန်းက သူ့ဆရာနဲ့ ကျေးဇူးရှင်ကို သစ္စာဖောက်တဲ့အတွက် အိမ်နီးချင်းတွေက အရမ်းနှိမ်ခဲ့ကြတယ်။ ပေကျင်းမှာ ဆက်မနေနိုင်တော့တဲ့အတွက် ရှန်ဟိုင်းကို ထွက်ပြေးခဲ့တယ်။ သူ တည်ထောင်ခဲ့တဲ့ ရှန်အန်းအဖွဲ့အစည်းက အခုဆို လုပ်ငန်းကြီးတစ်ခုဖြစ်နေပြီ။ သူတို့ဟာ လူသိများတဲ့ ပရဟိတသမားတွေတောင် ဖြစ်နေပြီလို့ ငါကြားတယ်။"
ထောင်မုသည် မျက်လုံးကို အောက်သို့ကြည့်လိုက်ပြီး "သူ့မှာ ယောင်ဝမ်ရှောင်းဆိုတဲ့ မြေးတစ်ယောက်လည်း ရှိတယ်"
ကျောင်းအုပ်ထောင်သည် ခေါင်းခါလိုက်ပြီး "အဲ့ဒါကို ငါမသိဘူး"
ကျောင်းအုပ်ထောင်သည် ထောင်မုကို စူးစူးစိုက်စိုက်ကြည့်ကာ "မင်း ဘယ်လိုသိတာလဲ?"
သူကောင်းကောင်းကြီး သိတာပေါ့။
ထောင်မုသည် ဘာမှမပြောဘဲ လက်သီးများကိုသာ တိတ်တဆိတ်ဆုပ်ထားသည်။ ရှန်းမိသားစုနှင့် ယောင်မိသားစုနှစ်ခုစလုံးသည် Shanghai တွင်ရှိကြပြီး ၎င်းတို့၏မိသားစုများသည် တန်းတူအဆင့်အတန်းရှိသောကြောင့် မိသားစုနှစ်စုစလုံးသည် ခင်မင်ရင်းနှီးကြသည်။ ယောင်ဝမ်ရှောင်း သည် ရှန်းယွီ၏ ငယ်စဉ်ကအချစ်ဆုံးဖြစ်ပြီး ရှန်းယွီ၏ အထင်ကြီးခံရသူ တစ်ဦးဖြစ်သည်။ သူကိုယ်တိုင် တည်ထောင်ခဲ့သည့် The Star Media သည် ထိုခေတ်က ထောင်မုအား ဆဲဆိုခြင်း၏အဓိက အင်အားစုဖြစ်သည်။
သူ့အရင်ဘ၀တွင် ယောင်ဝမ်ရှောင်းနှင့် အကြိမ်ကြိမ် ‌ တွေ့ဆုံခဲ့စဉ်က အရင်အချိန်များတွင် မိသားစုနှစ်ခုကြားတွင် ပိုနက်နဲသည့် အာဃာတများ ရှိခဲ့လိမ့်မည်ဟု ထောင်မု မထင်ထားခဲ့ပေ။
ပြန်လည်မွေးဖွားလာပြီးနောက် ထောင်မုသည် မူလက ရှန်ဟိုင်းရှိ ကိစ္စများနှင့် လူများကိုရှောင်ရှားလိုပြီး သူ့ကိုယ်ပိုင်ဘဝကို ပုံမှန်လူများလိုသာ နေထိုင်လိုခဲ့သည်။ သို့သော် ယခုတွင်လှည့်ကွက်များ ပေါ်လာပြီး ရှောင်လွှဲမရနိုင်သော ကံကြမ္မာဆိုး ဆက်ဆံရေးအချို့ရှိနေပုံရသည်။ သူတို့သည် ကမ္ဘာတစ်ခုတည်းတွင်တည်ရှိနေသောကြောင့် ခါးသီးသောတိုက်ပွဲကို ဆင်နွှဲရမည်။ မုန်းတီးမှုများကို ချေဖြတ်ရန် သူတို့ထဲမှ တစ်ယောက်သေမှသာ ဖြစ်မည်။
ထောင်မု ကျောင်းအုပ်ထောင် ရုံးခန်းမှ ထွက်လာသောအခါ မှောင်နေပြီဖြစ်သည်။
ဖုန်းယွင်သည် ရုံးအပြင်ဘက်ရှိ စင်္ကြံတွင် ထိုင်နေသည်။ ရုံးခန်းတံခါးဖွင့်သံကြားသည့်အခါ သူချက်ချင်းထရပ်ပြီး "မု မုကော၊ ငါမင်းကို စောင့်နေတာ သွားရ‌အောင်။"
သူ့လက်ထဲတွင် ဓာတ်မီးတစ်ချောင်းကိုင်ထားပြီး ထောင်မုကို စိတ်အားထက်သန်စွာ ကြည့်နေသည်။
ထောင်မု သည် အနည်းငယ် ပြုံးလိုက်ပြီး ဖုန်းယွင်၏ခြောက်သွေ့ ကြွပ်ဆတ်နေသော ဆံပင်များကို ထိလိုက်သည်။ တကယ်မှာ ဖုန်းယွင်သည် ထောင်မုထက် လအနည်းငယ်သာငယ်ပါသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့်သူသည် ဆယ်ငါးနှစ် သို့မှမဟုတ် ဆယ့်ခြောက်နှစ်သားအရွယ် ကလေးတစ်ယောက်လိုသာ ပိန်ပိန်လေးဖြစ်နေခဲ့သည်။ တမောက်နှင့် ရှောင်ဖန်းတို့၏ စကားအရ၊ သူ့အားဝက်သားနှင့် ကြက်ခြေထောက်ကြော်များကို နှစ်ပေါင်းများစွာ ကျွေးမွေးခဲ့သော်လည်း အချည်းနှီးပါပင်။
သို့သော် စကားကောင်းကောင်း မပြောနိုင်သည့်ပိန်ပိန်ပါးပါးနှင့် ဤကလေးသည် သူ့အရင်ဘဝတွင် ထောင်မု အယုံကြည်ရဆုံးသူဖြစ်သည်။ ယခုဘဝမှာလည်း ခြွင်းချက်မရှိပါ။
"ရှောင်ယွင်"
မှောင်နေသောလမ်းကြားတွင် ဖုန်းယွင် သည် ဓာတ်မီးကို မြှောက်လိုက်ပြီး သူ့အစ်ကိုမုအတွက် မီးထိုးပေးရန် ရှေ့မှ သွားခဲ့သည်။ ထောင်မု ​ခေါ်သံကြား​သည့်အခါ က​လေးသည် မြန်​မြန်လှည့်​ကြည့်​ပြီး "​မု မုကော?"
"ငါ တစ်ခုခုလုပ်ချင်တယ်။မင်း ငါ့ကိုကူညီဖို့ လိုတယ်" ထောင်မု သည် တိမ်ဖုံးနေသည့်ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ရုတ်တရက် "ငါ တခြားသူတွေကို မယုံဘူး၊ အစ်ကိုယောင်နဲ့ အစ်ကိုရှောင်ချီကိုလည်း ဒုက္ခမပေးချင်ဘူး။ ဒါကြောင့် ငါ့ကို ကူညီပေးပါ"
ဖုန်းယွင်၏ မျက်လုံးများသည်စူးရှနေပြီး "ကောင်းပြီ!" ဟူ၍ အားကြိုးမာန်တက် ခေါင်းညိတ်ပြလိုက်သည်။
ဖုန်းယွင် ၏ ပြတ်သားသော အဖြေကို ကြားလိုက်ရသောအခါ ထောင်မု၏ နှုတ်ခမ်းများသည် ဖြည်းညှင်းစွာကွေးညွတ်သွားသည်။ သူသည် ခေါင်းလှည့်၍ ဖုန်းယွင်ကို ကြည့်လိုက်သောအခါ သူ၏ နက်မှောင်နေသည့် မျက်လုံးများသည် ညကောင်းကင်မှ ကြယ်များထက်ပင် တောက်ပနေပါသည် "ရှောင်ယွင်၊ ဒီတစ်ခါတော့ ငါ မင်းကို ဘာမှအဖြစ်မခံနိုင်ဖူး"
ဖုန်းယွင်သည် မျက်တောင်ခတ်ပြီး သူ့အစ်ကိုမုကို ကြည့်လိုက်သည်။ သူ့အစ်ကိုမုဘာပြောချင်မှန်း မသိသော်လည်း "ဟုတ်ပြီ" ဟုသာ အခိုင်အမာ ခေါင်းညိတ်လိုက်သည်။
ခါးသီးလှသော ခံစားချက်များဖြင့် သူသည်သတ်မှတ်ချိန်မတိုင်ခင်တွင် အဆောင်သို့ အမြန်ပြန်သွားခဲ့သည်။ အဆောင်ခန်းတံခါးဖွင့်လိုက်ချိန်မှာတော့ တစ်ခန်းလုံးပြန့်နေသည့် လစဉ်သုံးပစ္စည်းများကို တွေ့လိုက်ရလေသည်။။
"ဒါက ဘာတွေဖြစ်နေတာလဲ?" ထောင်မုသည် သူ့အခန်းဖော် သုံးယောက်ကို အံ့သြတကြီး ကြည့်လိုက်သည်။ သူတို့သည် ခါးကိုကုန်းပြီး ဖိနပ်ထဲသို့ လစဉ်သုံးပစ်စ္စည်းများကို ထည့်နေကြသည်- "မင်းတို့ ဘာလုပ်နေကြတာလဲ?"
"အိုး.....ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေအရ စစ်သင်တန်းတက်နေစဉ်အတွင်းမှာ မင်းရဲ့ဖိနပ်ထဲကို လစဉ်သုံးပစ္စည်း ထည့်ထားရင် အရမ်းအဆင်ပြေတယ်တယ်လို့ပြောတယ်" တုခမ်းသည် သူ့လက်ထဲမှ ပန်းရောင်နတ်သမီးလေးကိုဝှေ့ယမ်းပြီး "မင်းလည်း လုပ်သင့်တယ်"
ထောင်မု၏မျက်နှာသည် မည်းသွားသည်- "မလုပ်ချင်ဘူး!"
ထောင်မု၏ပြတ်ပြတ်သားသားငြင်းဆိုမှုကိုကြားသည့်အခါ တုခမ်းသည် သက်ပြင်းချ၍ ခေါင်းခါလိုက်ပြီး "အစ်ကိုကြီးပြောမယ် မင်းရဲ့အိုင်ဒေါလ်အိပ်မက်က တကယ်လေးနက်တယ်ဆိုတာ ငါတွေ့လိုက်ရတယ်။ ဒါပေမယ့် ဒီနေ့ ဒီဟာက ငါတို့ 301 အိပ်ဆောင်ရဲ့ စုပေါင်းလှုပ်ရှားမှုပဲလေ။ မင်းရဲ့ အိုင်ဒေါလ်အိပ်မက်ကို အခုတော့ ချထားသင့်တယ်။ လူ့ဘ၀မှာ လောကီရေးရာတွေနဲ့ ဝေးကွာနေဖို့ သင်ယူရမယ်။"
ငါ့ဖင်ချည်းတဲ့မှ လောကီရေးရာများနှင့် ဝေးဝေးနေပါတဲ့လား! ကျေးဇူးပြု၍ ဤအကြောင်းအရာတွင် ဤကဲ့သို့သော တန်ဖိုးကြီးပြီး လိုလားသောစကားစုကို မသုံးပါနှင့်။ ဒီလိုမျိုး သနားစရာကောင်းသည့် စကားကြောင့်သူ့ကို အရမ်းသနားမိသွားသည်။
ထောင်မုသည် "ဟီးဟီး" လို့ ပြောလိုက်သည် ။ ထိုသို့လုပ်ရသည်မှ သူနှင့် တကယ်အဆင်မပြေပါ။ ပြီးလျှင် သူ၏ ဇွဲလုံ့လသည် အိုင်ဒေါလ်အိပ်မက်နှင့် မသက် ဆိုင်ဘူးဟု ထင်ပါသည်။
"ဒီကလေး၊ မင်းဘာလို့ နားမထောင်ရတာလဲ!" တုခမ်းသည်ပန်းနုရောင် နတ်သမီးလေးကို ကိုင်ဆောင်ကာ မိခင်အိုကြီးသည် ၎င်းတို့၏ ယုတ်ညံ့သော သားလေးအကြောင်းပြောမည့် လေသံဖြင့် ပြောကာ ဝမ်ပေါင်နှင့် ချူဆွေ့အန်းတို့ကို ကြည့်ရန် ခေါင်းလှည့်လိုက်သည်။ အခန်းဖော် သုံးယောက်သည် ခဏအကြာ အကြည့်ချင်း ဖလှယ်ကြပြီး ရုတ်တရက်ထကာ ထောင်မုကို ပစ်ချလိုက်သည်။တစ်ယောက်က ထောင်မုကို အနောက်ကနေ ပွေ့ဖက်ထားပြီး ကျန်နှစ်ယောက်ကတော့ ထောင်မုရဲ့ခြေထောက်မှ ဖိနပ်များကိုချွတ်ရန် ပြုလုပ်ခဲ့ကြသည်။
"မင်းက မုန့်ကျွေးတာကို ငြင်းနေတာပဲ၊ ကောင်လေး။ မင်းနားမထောင်တဲ့အတွက် ရိုးသားတဲ့မိန်းကလေးက အတင်းအကြပ်လုပ်ပေးရတာကို အပြစ်မတင်ပါနဲ့!" ဝမ်ပေါင်သည် အော်ပရာတေးသံဖြင့် သူ့လက်ချောင်းများကို ထောင်မု၏ဖိနပ်သို့ ရွှေ့ရင်း တမင်ရယ်မော၍ ချိုရဲနေသောအသံဖြင့် ပြောသည်။
"ဟေ့ အဝေးကြီး မသွားနဲ့!" ထောင်မုသည် ရယ်ရမလားငိုရမှန်းမသိဘဲ အခန်းဖော်နှစ်ယောက်၏ဖိနပ်ကို အတင်းချွတ်နေသည်ကို ကြည့်ရင်း ရုန်းကန်နေရသည်။ သာမန်အားဖြင့် တိတ်ဆိတ်ငြိမ်သက်သောချူဆွေ့အန်း၊ ကျွန်ုပ်တို့၏အနာဂတ် TV ဧကရာဇ်ချူသည် ငြင်းဆန်ခြင်းမပြုဘဲ ဖိနပ်ထဲသို့ လစဉ်သုံးပစ္စည်းနှစ်ခုကို ထည့်လိုက်လေသည်။
"တုခမ်း မင်းတကယ်ကို မျက်နှာပြောင်တိုက်နေတာလား?!" ထောင်မုသည် မကျေမနပ်ဖြစ်နေသည်- "မင်းတို့လည်း မင်းတို့အားလုံး အနာဂတ်မှာ မင်းသားကြီးတွေ၊ ရုပ်ရှင်ဧကရာဇ်တွေ ဖြစ်လာကြလိမ့်မယ်။ မင်းရဲ့ မှတ်တမ်းထဲမှာ ဒီလိုမှောင်မိုက်တဲ့သမိုင်းကို ချန်ထားခဲ့လို့ အဆင်ပြေပါ့မလား?"
"ဒါကြောင့် ဒါက ငါတို့ 301 အဆောင်ရဲ့မပေါက်ကြားစေရဘူးဆိုတဲ့ လျှို့ဝှက်ချက်ပဲ" ဝမ်ပေါင်သည် ကြွက်ဖမ်းသည့် ကြောင်တစ်ကောင်လို ပြုံးပြီး ထောင်မု ကို မျက်စိမှိတ်ပြ၍ "သစ္စာဖောက်တွေ အတွင်းထဲကို မရောက်အောင် တားဆီးဖို့အတွက် လူတိုင်းက သူတို့ရဲ့ လုပ်ရပ်ကိုထိန်းသိမ်းထားရမယ်။ တစ်ယောက်နဲ့တစ်ယောက်က အားနည်းချက်တွေကို လိုက်က်လျောညီထွေဖြစ်အော်လုပ်ရမယ်။ ဒါက လျှို့ဝှက်ထားဖို့ အလုံခြုံဆုံးနည်းလမ်းပဲ။ နားလည်လား?"
"ငါက ဘဘာကိုနားလည်ရမှာလဲ!" ထောင်မု သည်ဒေါသထွက်နေခဲ့သည် "တုခမ်း မင်းမှာ ဘယ်လိုတောင် ဒီလိုအကြံဆိုးတွေ ရှိနေရတာလဲ!"
"ငါနဲ့ဘာဆိုင်လို့လဲ" တုခမ်းသည် "ဒါက ချူဆွေ့အန်းရဲ့ အဆိုပြုချက်လေ ဟုတ်တယ်မလား?"
ဘယ်လို ? ? ?
ထောင်မုသည် မိန်းကလေးပုံစံနှင့် လွမ်းဆွေးဖွယ်အသွင်အပြင်ရှိသည့် တခြားသူ၏ မျက်နှာကို အံ့အားသင့်စွာ ကြည့်နေလေသည်။ အမူအရာနှင့် လှုပ်ရှားမှုတိုင်းသည် အလွန်နူးညံ့သိမ်မွေ့သည်။ နောက်ပိုင်းတွင်သူသည် လူကြီးလူကောင်းနှင့် ပညာတတ်ကောင်လေးဖြစ်ပြီး တရုတ်ဖျော်ဖြေရေးနယ်ပယ်တွင် ရေပန်းအစားဆုံးကြယ်ပွင့်" အဖြစ် နောက်ပိုင်းတွင် မီဒီယာများကပင် ချီးကျူးခဲ့ကြသည်။ ခုနက သူ့နားထဲမှာ မီးခိုးတွေ ထွက်နေခဲ့တာလား? သူ နားကြားမှားသွားတယ်နဲ့ တူတယ်။ ဟုတ်တယ်မလား?
ချူဆွေ့အန်းသည် အရမ်းရှက်ရွံ့နေသောအမူအရာဖြင့် သူ့နှုတ်ခမ်းများကို ပွတ်သပ်ကာ ရှက်ကိုးရှက်ကန်းဖြင့်ရှင်းပြသည် - "ငါ့ အတန်းဖော်တွေဆီကနေ ဒီနည်းလမ်းကို ကြားခဲ့တာပါ"
ထောင်မု : f*ck တကယ်ကို မင်းပေါ့!!!
သိမ်မွေ့ကာ ချောမောလှသည့်တီဗီဧကရာဇ်ချူသည် အန္တရာယ်အရှိဆုံးလူဖြစ်မှန်း သူတကယ်ကို မမျှော်လင့်ထားခဲ့ပေ။ ဒါ သူ့ရဲ့ပုံရိပ်ကို လုံးဝဖျက်ဆီးပစ်လိုက်တာပဲ!
ထောင်မု မှင်သေသေဖြင့် စားပွဲတွင်ထိုင်လိုက်ပြီး သူ၏ ‘Programmingအကြောင်း မိတ်ဆက်’ ကိုကြည့်ဖို့ရန် လပ်တော့ကိုဖွင့်လိုက်ပြီး လူသိများသည့် နိုင်ငံတကာနည်းပညာလေ့လာရေးပလက်ဖောင်းတစ်ခုထဲသို့ ဝင်ကာ C language အကြောင်း အခန်း၂ခန်းလောက်လေ့လာဖို့ ပြင်လိုက်သည်။
“ဒါဘာလဲ?” ချက်ချင်းဆိုသလိုပဲ ခေါင်းသုံးခေါင်းက ကွန်ပျူတာစခရင်နားသို့ ပြုံတိုးလာကြကာ စခရင်အပြည့်ပေါ်နေသည့် အင်္ဂလိပ်လို ကုတ်များပါဝင်သည့် ‘programmingအကြောင်း မိတ်ဆက်’ကို တေါ့သွားကာ မျက်ခုံးများပင့်လိုက်ကြပြီး “ထောင်မု မင်းက တကယ့်စာကြီးပေကြီးကို ဖတ်တာလား?”
ထောင်မုကတော့ ဒေါသထွက်နေသည့်အသံဖြင့် “ငါပြောလိုက်မယ် မင်းတို့ ငါ့ဖိနပ်ထဲ ဒီအမှိုက်တွေထည့်ထားရင်တောင် ငါစီးမှာမဟုတ်ဘူးနော်။”
ထောင်မုသည် ဤသုံးယောက်စလုံး လူဆိုးများဖြစ်ကြောင်း သိသည်! သူတို့ထဲက တစ်ယောက်မှ ကောင်းတာမရှိပေ!
"ဟေး ငါပြောနေတယ်လေ၊ ထောင်မု မင်း programmingအကြောင်း လေ့လာနေတာလား?" သူတို့၏ကိုယ်ပိုင်စားပွဲခုံတွင်ထိုင်ရင်း ဝမ်ပေါင်သည် ခေါင်းကိုညိမ့်ကာ ထောင်မုကိုကြည့်ပြီး အထူးတလည် သိချင်လာခဲ့သည်- "မင်း ဒါကို တကယ်သိလား?"
"ငါနည်းနည်းသိတယ်။" ထောင်မုသည် ပြုံးပြီး နှိမ့်ချစွာပြန်ပြောသည် "အကောင်းဆုံးကတော့ ငါ ဝဘ်ဆိုဒ်တစ်ခု ဖန်တီးနိုင်ပြီး ကွန်ပြူတာ ဒါမှမဟုတ် တစ်ခုခုကို ပြင်နိုင်တယ်"
"ဟူတ်တယ်၊ ကွန်ပြူတာကို ဘယ်လိုပြန်ပြင်ရမလဲဆိုတာ သိဖို့က အရမ်းအရေးကြီးတယ်လို့ ငါထင်တယ်။"
"အထူးသဖြင့် နာမည်ကြီးတွေအတွက်ပေါ့။" တုခမ်းသည် အတင်းအဖျင်းစကားတစ်ခုကို ရုတ်တရက် သတိရသွားပြီး "မင်းတို့ သိလား"ဆို သည့်အမူအရာနှင့် လူတိုင်းကို ကြည့်ပြီး "ဟောင်ကောင်စတားလေ ကြာတော့မကြာသေးပါဘူး၊ တော်တော်ချောတဲ့ကောင်။ သူ့ကွန်ပြူတာကို ပြင်ဖို့သာ မလိုခဲ့ဖူးဆိုရင် ဓာတ်ပုံတွေ အများကြီးရှိတာ သိမှာ မဟုတ်ဘူး ဟေး... အားလုံး မြင်ဖူးကြလား?"
အသက် 18 သို့မဟုတ် 19 နှစ်ရှိ ယောက်ျားလေးများသည် ကျားဟော်မုန်းများသည် ၎င်းတို့၏ ခန္ဓာကိုယ်အား ဆိုးရွားသည့်အရာများကို လုပ်ဆောင်ပေးသည့် အဆင့်တွင် ရှိနေပါသည်။
စုဝေးကြသည့်အခါတိုင်းတွင် ပြောစရာအကြောင်းအရာများစွာသာ ရှိတော့သည်။ အားကစား၊ နာမည်ကြီးတွေ၊ မိန်းကလေးတွေ..... သေချာပါတယ်၊ တုခမ်း ဦးဆောင်ပြီးပြောသလို ကျန်တဲ့ ယောက်ျားလေးတွေရဲ့ စကားဝိုင်းမှာလည်း ထိုသို့မိန်းကလေးများ အကြောင်း မပါမဖြစ်ပေ။ "ငါမြင်ပုံအရကတော့ ငါတို့ပေကျင်းရုပ်ရှင် ၂၀၀၈အသုတ်ရဲ့ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားတွေထဲမှာ မုအာကတော့မပါမဖြစ်ပဲ။ ဟေး၊ ဒီနေ့ကျောင်းကိုသတင်းပို့တော့ အရမ်းလှတဲ့ မိန်းကလေးကို တွေ့ဖူးခဲ့ကြပြီလား?"။
"လက်တွေ့ကျကျ ကြည့်ရင်လှပလွန်းတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်။" ဝမ်ပေါင်သည် ချက်ချင်းပဲ "ငါတို့ ပေကျင်းရုပ်ရှင်ရဲ့ကျောင်းသူလေးက ဘယ်သူဖြစ်မလဲဆိုတာ ငါသိချင်တယ်။ ငါတို့ကျောင်းက ကျောင်းသားတွေရဲ့ ဆွဲဆောင်မှုမြင့်မားတဲ့ ညွှန်းကိန်းတွေနဲ့၊ ဘယ်လို ရူးသွပ်ပစ်နိုင်ရတဲ့အလှတရားတွေက လူအုပ်ကြားထဲမှာ ပေါ်လွင်နေနိုင်မလဲ?"
"သိချင်တယ်?" အတန်းဖော် ထောင်မုသည် မျက်ခုံးပင့်ကာ လက်ထိပ်စခရင်ပေါ်တွင် လက်ချောင်းတစ်ချောင်းကို ပုတ်ကာ "မခက်ပါဘူး။ မင်း မိန်းကလေးတွေရဲ့ပုံတွေကို ရှာပေးနိုင်ရင်ပေါ့။"
အိပ်ဆောင်ရှိ အခြားအမျိုးသား သုံးယောက်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ထောင်မုအား မှင်တက်သောအမူအရာဖြင့် လှည့်ကြည့်လိုက်သည်။
အဖြူရောင်မီးလုံးကြီးအောက်တွင် ထောင်မုသည် အဓိပ္ပါယ်ရှိစွာ ပြုံးပြလိုက်သည်။
ပရိုဂရမ်ရေးနည်းအချို့ကို သူသိသည်။ အဓိကအားဖြင့် ယခင်ဘဝက ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကြောင့် ဖြစ်သည်။ အမြတ်အနည်းငယ်နှင့် ဖွံ့ဖြိုးတိုးတက်မှုအလားအလာရှိသောမည်သည့်ပရောဂျက်မဆို အင်တာနက်သည် မပါမဖြစ်ပေ။ သူပြန်မမွေးဖွားခင်တွင် အင်တာနက်ငွေကြေးသည် ပိုက်ကွန်ထဲတွင် ငွေများပါလာသလိုပင်ဖြစ်ပါသည်။
အရည်အချင်းမပြည့်မီသော ဘဏ္ဍာရေးဘွဲ့ရတစ်ယောက်အနေဖြင့် ဖျော်ဖြေရေးနယ်ပယ်မှလွဲ၍ ထောင်မု နှင့်ရင်းနှီးသောတစ်ခုတည်းသောအရာမှာ ငွေကြေးရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ သို့သော်ရင်းနှီးမြုပ်နှံလိုသည့်ကိစ္စတစ်ခုအတွက် မည်သို့ပြုလုပ်ရမှန်းမသိလျှင် ပိုက်ဆံကို စွန့်ပစ်လိုက်သည်နှင့် အတူတူပါပဲ။ ထို့ကြောင့် အစကတည်းက ထောင်မု ၏ရင်းနှီးမြှုပ်နှံမှုဦးတည်ချက်သည် ဖျော်ဖြေရေးနယ်ပယ်နှင့် သက်ဆိုင်ပါသည်။ဥပမာအားဖြင့် တိုက်ရိုက်ထုတ်လွှင့်သည့်ဆိုက်များ၊ ဂိမ်းပလက်ဖောင်းများ၊ ဗီဒီယိုဆိုက်များ စသည်တို့ဖြစ်သည်။ နောက်ပိုင်းတွင် သူသည် စီးပွားရေးဝက်ဘ်ဆိုဒ်များနှင့် လူမှုရေးဆော့ဖ်ဝဲလ်များနှင့် တဖြည်းဖြည်း ထိတွေ့လာခဲ့သည်။
သူဘာကို ရင်းနှီးမြုပ်နှံထားသင့်လဲ၊ ဘယ်လိုပုံစံတွေနဲ့ အမြတ်အစွန်းတွေရမလဲလဲဆိုတာကို အသေးစိတ်နားလည်ဖို့အတွက် အဲ့ဒီအချိန်တွင် ထောင်မု သည် သူ့ဘာသာသူ ပရိုဂရမ်ရေးဆွဲခြင်းကို စတင်လေ့လာခဲ့ပါသည်။ အဓိကရည်ရွယ်ချက်မှာ လုပ်ငန်းရှင်များနှင့် ပိုမိုကောင်းမွန်စွာဆက်သွယ်ပြောဆိုရန်ဖြစ်သည်။ သို့မှသာ သူသည် အခြားသူများ၏ လှည့်စားခြင်းကို ရှောင်နိုင်ပြီး သူ၏ ရင်းနှီးမြုပ်နှံမှုငွေများကို လိမ်လည်လှည့်ဖြားခြင်း မပြုမိစေရန်ဖြစ်သည်။
ထောင်မုသည် IT programmingတွင် အရည်အချင်းမရှိပေ။ သူ့ကိုယ်သူ နှစ်နှစ်သုံးနှစ်လောက် သင်ခဲ့ပြီး သူ၏ အကောင်းဆုံးအနေအထားမှာ သူသည် ဒုတိယတန်းစား ပရိုဂရမ်မာတစ်ယောက်ဖြစ်လာသည်။ ဝက်ဘ်ဆိုက်ဒ်၊ မိုဘိုင်းအက်ပ်စသည်တို့ကို ရေးသားနိုင်သည်။ ပိုရှုပ်ထွေးသည့်အရာများကို မလုပ်နိုင်သေးပါ။ ထို့‌ကြောင့်ထက်မြက်သော နည်းပညာရှင်များနှင့် လုံးဝမယှဉ်နိုင်ပါ။ နှိုင်းယှဉ်စရာလည်းမလိုအပ်ပေ။
သို့သော်လည်း သူသည် ပြန်လည်မွေးဖွား၍ အသက်ပြန်ရှင်လာပြီး သို့မဟုတ် သူ၏ဒုတိယအဆင့်စွမ်းရည်သည် သူအားကိုးနိုင်သည့် အဓိကအရင်းအနှီးများထဲမှတစ်ခုဖြစ်လာလိမ့်မည်ဟု သူမျှော်လင့်ထားခြင်းမရှိပေ။
အိုလံပစ်အားကစားပွဲ ပြီးဆုံးသည်နှင့် လောင်းကစားပလက်ဖောင်းများပေါ်ရှိ ငွေကြေးအားလုံးကို နိုင်ငံတကာ ရေနံဈေးကွက်သို့ မြှုပ်နှံထားရန် ထောင်မု တွက်ချက်ခဲ့သည်။ သမိုင်းအချက်အလက်များအရ နိုင်ငံတကာရေနံဈေးသည်ဒီဇင်ဘာလကုန်တွင် တစ်စည်လျှင် ရွှေ ၃၂ ဒသမ၄ သန်းအထိ ကျဆင်းသွားမည်ဖြစ်သည်။ 75% ကျော်ကျဆင်းသွားခြင်းသည် ထောင်မု ၏ငွေများသည်အနည်းဆုံး အမြတ်အစွန်း အဆပေါင်း ဒါဇင်နှင့်ချီ၍ ရနိုင်သည်ဟု ဆိုလိုသည်။
ထိုအချိန်တွင် အနာဂတ်စျေးကွက်တွင်ရရှိသောအမြတ်ငွေသည်သူ၏ ၀က်ဘ်ဆိုက်ဖွံ့ဖြိုးတိုးတက်မှုကိုပံ့ပိုးရန်လုံလောက်လိမ့်မည်။
ထောင်မုသည် ကွန်ပြူတာဖန်သားပြင်ကို လေးလေးနက်နက်စိုက်ကြည့်ကာ သူ့ကုဒ်နံပါတ်ကို မြတ်နိုးစွာ စိုက်ကြည့်နေသည်။
အဖိုးကြီးစုန့်၏ အဖြစ်အပျက်ကို သိလိုက်ရခြင်းသည် ထောင်မုကို နိုးထစေရန် ရေအေးဖြင့် ချက်ခြင်းပက်လိုက်သလိုပါပင်။ နောက်ဆုံးတွင် သူသည်ထိုလက်တွေ့မကျသော စိတ်ကူးယဉ်များကို ဘေးဖယ်ထားနိုင်ပြီး ၎င်းအစား သူ့ကိုယ်သူ ကြံ့ခိုင်အောင် ကြိုးစားနိုင်ခဲ့သည်။
ဤနည်းဖြင့်သာ သူသည် အခြားသူများ၏ အရှက်ခွဲခြင်းကို ခံရတော့မည်မဟုတ်ကြောင်း သူအာမခံနိုင်သည်၊ သူသန်မာနေမှသာလျှင် သူဂရုစိုက်သော လူများကို ကာကွယ်ရန် စွမ်းရည်ရှိမည်။
ပြန်လည်မွေးဖွားပြီးနောက် ထောင်မုသည် အားကိုးရာမဲ့ပြီး စွမ်းအားအရှိဆုံးအဆင့်ကို ကျော်ဖြတ်ခဲ့ကြောင်း ယုံကြည်ခဲ့သည်။ အချို့သောလူများနှင့် အချို့အရာများအပေါ်တွင် သူသည်အလျှော့ပေးမည်မဟုတ်သလို အလျှော့အတင်းလုပ်ရန်လည်း မလိုအပ်ပေ။
အကယ်၍ သူသည် သူ၏ ယာယီကိုယ်ရေးကိုယ်တာ ပါဝါမရှိခြင်းကြောင့် ၎င်းတို့ကို ရှောင်ရမည်။ ထို့နောက် ရှန်းယွီ၏ ဇာတ်လိုက်အရှိန်အဝါကို ချိုးဖျက်ပြီး ဇာတ်ကြောင်း၏ ကျိန်စာများကို ချိုးဖျက်နိုင်လောက်အောင် အားကောင်းလာသောအချိန်ကို သူသည် တစ်နေ့နေ့အထိ စောင့်ရဦးမည်ဖြစ်သည်။ အချိန်တန်သောအခါတွင် သူသည် ယခင်ကထက် ပိုမိုသန်မာလာကာ တစ်ကျော့ပြန်ဖြစ်လာမည်။
ထောင်မုသည် မောက်စ်ကို ညင်သာစွာ ညှစ်လိုက်ပြီး ကွန်ပြူတာဖန်သားပြင်ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။ အခန်းဖော်သုံးယောက်၏ မျက်လုံးများတွင် ထိုသန္နိဋ္ဌာန်နှင့်သေချာမှုတို့ကြောင့် တစ်ယောက်ကိုတစ်ယောက်ရယ်မောကာ ကြည့်နေခဲ့ကြသည်။
***

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now