ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း

1.9K 242 3
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၂၄ ။ ဆန္ဒပြည့်ဝခြင်းနှင့် ရွေးချယ်ခွင့်မရှိခြင်း

"ဒါရိုက်တာချန်း ရုပ်ရှင်ရိုက်ဖို့ မအားသေးဘူးဆိုရင် ကျွန်တော် သန့်စင်ခန်း အရင်သွားလိုက်ပါအုံးမယ်။" ထောင်မုသည် ထိုသို့ရုတ်တရတ်ပြောလိုက်ပြီး ကိစ္စများကို ရှုပ်ထွေးအောင် ပြုလုပ်ခဲ့သည့် နှစ်ယောက်သားကို ဆွဲခေါ်လာခဲ့သည်။ "မင်းတို့နှစ်ယောက် ငါနဲ့လိုက်ခဲ့"
လုံထျန်းအောက်သည်လည်း သူ့လက်ကိုမြှောက်ရင်း ပြုံးလိုက်သည်။ "ငါလည်း--" သို့သော် သူစကားမဆုံးမီတွင် ထောင်မု၏ မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါအေးခဲသွားသလို ခံစားလိုက်ရသည်။ သူ စကားဆုံးသည်အထိ မပြောရဲတော့ပဲ ထောင်မုမှ သူငယ်ချင်းနှစ်ယောက်ကို သန့်စင်ခန်းသို့ ဆွဲခေါ်သွားသည်ကိုသာ ကြည့်နေလိုက်တော့သည်။
ချန်းပေါင်သုန့်သည် ထောင်မု ထွက်သွားသည့်အတွက် တစ်ကြိမ်ထပ်ပြီး ဆုံးရှုံးလိုက်ရသလိုပင် ခံစားခဲ့ရသည်။ သူသည် အံ့ဩစွာဖြင်လှည့်ကြည့်ကာ " ဒါက ဘာအခြေနေကြီးလဲ?"
ဘယ်သူမှ မတုံ့ပြန်ပေ။ ဝမ်ပေါ်ယွမ်သာလျှင် ထောင်မု ၏နောက်ကျောကို ကြည့်နေမိသည်။ ဤကလေးသည် အလွန်စိတ်ဝင်စားစရာကောင်းသည်။ သူစိမ်းနှင့် ရင်းနှီးသူများကို စည်းတစ်ကြောင်းဖြင့် ကန့်သတ်ထားပြီး ထိုစည်းကိုလည်း ဘယ်သောအခါမှ မရောထွေးကြောင်း သူတွေ့ရှိခဲ့ရသည်။ ဤကလေးသည် ကြိုပြီး အကာအကွယ်များ ပြုလုပ်ထားပုံရသည်။
၎င်းပုံစံသည် သူအမြဲပြုမူခဲ့သော သွက်လက်ပြီး ခေတ်ဆန်သည့် အမူအကျင့်များနှင့် မတူညီပေ။
"ငါပြောမယ် မင်းတို့နှစ်ယောက် ဘာကိစ္စရှိလို့လာတာလဲ?" ထောင်မုသည် တမောက်နှင့် ရှောင်ဖန်း တို့ကို သန့်စင်ခန်းထဲသို့ ဆွဲခေါ်သွားသည်။ သူတို့ကို မမေးခင်တွင် သန့်စင်ခန်းတံခါးများကို ခြေထောက်နှင့် ကန်ဖွင့်လိုက်ပီး အထဲမှာ လူရှိ၊မရှိကို စစ်ဆေးကြည့်ခဲ့သည်။
တမောက်နှင့် ရှောင်ဖန်း တို့သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစိုနေသော ခွေးကြီးနှစ်ကောင်နှင့်တူပုံရသည်။ သူတို့သည် တစ်ယောက်ကို တစ်ယောက် စိတ်ပျက်လက်ပျက်စိုက်ကြည့်လိုက်ပြီး စိတ်ပျက်နေသော အမူအရာဖြင့် "ငါတို့က မင်းကို ကူညီချင်တာပါ"
အဲဒီအခိုက်အတန့်တွင်နှစ်ယောက်လုံးသည် သူတို့ကိုယ်သူတို့ ဘောလုံးလေးသဖွယ် ပြောင်းပြီးထောင့်တစ်ခုတွင်ကပ်နေဖို့ကိုသာ ကြိုးစားနေကြသည်။ ထောင်မုသည် စိတ်အနှောက်အယှက်ဖြစ်သလို ခံစားလိုက်ရသည်။
"မင်းတို့က ငါ့ကိုဘယ်လိုကူညီကြမှာလဲ?" ထောင်မု မျက်ခုံးပင့်ကာ မေးလိုက်သည်။
"မင်းအရင်က မပြောဖူးဘူးလား? မင်းရဲ့အရင်းအနှီးတန်ဖိုးက မမြင့်ဘူးဆိုတော့ အဲဒီလူတွေက မင်းကို ဘာမှ ဂရုမစိုက်ဘူးလေ။ ငါတို့နှစ်ယောက်ဆွေးနွေးကြည့်လိုက်တော့ ဒီလိုကိစ္စကို ဖြေရှင်းဖို့ ဒီနည်းလမ်းက အကောင်းဆုံးပဲ။ ငါတို့ စဉ်းစားခဲ့မိတဲ့ နည်းလမ်းက မင်းက စတော့အရောင်းအဝယ်မှာ အရမ်းကျွမ်းကျင်တယ်လေ ဟုတ်တယ်မလား? မင်းသာ အဲ့ဒီနာမည်ကြီးသရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကို စတော့အရောင်းအဝယ်မှာ ငွေရအောင် ကူညီပေးလိုက်မယ်ဆိုရင် သူတို့က မင်းကို ကောင်းကောင်းဆက်ဆံမှာသေချာတယ်"
တမောက်သည် စိတ်ပျက်အားငယ်စွာဖြင့် "ငါ အင်တာနက်မှာ အကုန်ရှာကြည့်ခဲ့ပြီးပြီ။ ဝမ်ပေါ်ယွမ်က စတော့ရှယ်ယာတွေကစားရတာကို ကြိုက်တယ်။ ဒါပေမဲ့ သူကံမကောင်းခဲ့ဖူး။ ဒီတစ်ခါ စျေးကျသွားတော့ သူ သန်းဆယ်ဂဏန်းလောက်ကို ဆုံးရှုံးသွားရတယ်။ ဖျော်ဖြေရေး မီဒီယာတော်တော်များများကလည်း ဒီကိစ္စကို ရေးထားကြတာ။ ဒါကြောင့် မင်းသာ သူ့ကို စတော့ဈေးကွက်မှာ ကူညီပေးမယ်ဆိုရင် A-list စူပါစတားတစ်ယောက်အနေနဲ့ မင်းကို သေချာဂရုစိုက်ပေးနိုင်မှာပဲလို့ ငါတို့ ထင်ခဲ့တယ်!"
ဘယ်လိုတောင် စိတ်ကူးယဉ်ဆန်လိုက်သလဲ? ထောင်မု ရယ်လိုက်ပြီး "ငါ သူ့ပိုက်ဆံကို ရှုံးအောင် လုပ်မိသွားရင် ဘယ်လိုလုပ်မလဲ?"
တမောက်နှင့် ရှောင်ဖန်းတို့သည် ယုံကြည်မှုအပြည့်နှင့် "ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်နိုင်မှာလဲ။ မုကော၊ မင်းက ဉာဏ်ကြီးရှင်တစ်ယောက်လေ။ ပြီးတော့ မင်းမှာ ထက်မြက်တဲ့အမြင်လည်းရှိတယ်။ မင်း ရှုံးစရာအကြောင်း ဘာမှမရှိဖူး။"
ထောင်မုသည် သူငယ်ချင်းနှစ်ယောက်ကို ကြည့်လိုက်ပြီး "စတော့ရှယ်ယာဈေးကွက်ကို ငါ့မိသားစုဖွင့်ထားတယ်လို့များ ထင်နေလား?" သူတို့နှစ်ယောက်လုံးသည် ကောင်းမွန်သည့် ရည်ရွယ်ချက်များရှိသည်။ သို့သော်လည်း ကိစ္စများသည် ‌တွေးထားသလို ဖြစ်လိမ့်မည် မဟုတ်ပေ "စတော့ရှယ်ယာရောင်းဝယ်မှုမှာ သူတို့ပိုက်ဆံ‌တွေကို ရှုံးအောင် လုပ်မိသွားရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာကိုရော မင်းတို့နှစ်ယောက်တွေးခဲ့မိလား? သူတို့ ငါ့ကို မသတ်နိုင်ရင်တောင်မှ ဒေါသတွေပြေပျောက်ဖို့အတွက် ငါ့ကို ဖျက်ဆီးဖို့က သူတို့အတွက် လွယ်လွယ်လေးပဲဆိုတာကို မသိဖူးလား?"
ဒီလိုမျိုး တကယ်ကြီး ဖြစ်နိုင်တယ်ပေါ့?
တမောက်နှင့် ရှောင်ဖန်းတို့သည် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် နောက်ဆုံးတွင် အန္တရာယ်ကို သဘောပေါက်သွားတော့သည်– "မဖြစ်နိုင်ဘူး?"
သူတို့သည် ထောင်မုအပေါ် ကျော်ကြားသူများအမြင်ကြည်‌စေရန် အစောတလျင် ပြုလုပ်ခဲ့မိသည်။ သူတို့သည် ထောင်မု ပိုက်ဆံဆုံးလိမ့်မည်ဟု တွေးခဲ့မိပေ။
ဒီလို ဘာမှ အလေးအနက်မတွေးတတ်သည့် ကလေးနှစ်ယောက်ကို ဘယ်သူကများ ဒီလောက်သတ္တိတွေပေးခဲ့တာလဲ!?
"ဘာလို့မဖြစ်နိုင်ရမှာလဲ?" ထောင်မု သည်သူတို့နှစ်ယောက် မလန့်သွားစေရန် နူးညံ့သောအသံဖြင့်သာ ဆူခဲ့သည်။
ငွေလို့ခေါ်သည့်အရာသည် လူတိုင်း၏စိတ်ကို လှုပ်ခတ်စေသည်။ အတိတ်နှင့် ပစ္စုပ္ပန်ဘဝတွင် ထောင်မုသည် ငွေ၏အရေးပါပုံကို ကောင်းကောင်းသိရှိခဲ့သည်။ အထူးသဖြင့် ငွေအမြောက်အမြားသာရှိလျှင် လူတစ်ယောက်ကို အသာလေးတွန်းချနိုင်သည်။ နောက်ပိုင်းနှစ်များတွင် "ချမ်းသာလျှင် စိတ်ဆန္ဒတွေပြည့်ဝနိုင်မည်" ဟု လူသိများသော စကားစုတစ်ခုရှိခဲ့ပြီး ယင်းမှာ လုံးဝမှန်ကန်ပါသည်။ သို့သော်လည်း ထောင်မုသည် ဘ၀ကို နှစ်ကြိမ်နေထိုင်ခဲ့ရသည့်အတွက် သူသည် "ဆင်းရဲသူသည် ကံကြမ္မာအလိုကို မလွှဲရှောင်နိုင်ပေ" ဆိုသည့် စာကြောင်းကို လုံ၀နားလည်သွားခဲ့သည်။
ဝမ်ပေါ်ယွမ်သည် ကြယ်ပွင့်မဖြစ်လာခင်တွင် သူသည် သာမန်မိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ သူ့ဘဝတစ်ခုလုံး၏ စုဆောင်းငွေတစ်ဝက်လောက်သည် စတော့ရှယ်ယာဈေးကွက်တွင် နေ့ချင်းညချင်းပင် ဆုံးရှုံးသွားခဲ့ရပြီး" ချမ်းသာလျှင်စိတ်ဆန္ဒတွေပြည့်ဝနိုင်မည် " ဆိုသည့် အခြေအနေမှ " ဆင်းရဲသူသည် ကံကြမ္မာအလိုကို မလွှဲရှောင်နိုင်ပေ " ဆိုသည့် အခြေအနေသို့ ပြောင်းလဲသွားခဲ့ပါသည်။ ဝမ်ပေါ်ယွမ်သည် ယခင်အတိုင်း အေးဆေးတည်ငြိမ်နိုင်သည်ဟု ပြောလျှင် သရဲတစ္ဆေများပင် ယုံလိမ့်မည် မဟုတ်ပေ။
ဤအရေးကြီးသောအချိန်တွင် ဝမ်ပေါ်ယွမ်သည် ငွေကြေးကိစ္စနှင့် ပတ်သတ်ပြီး ပို၍ သတိထားလာလိမ့်မည်။ သို့သော်လည်း တမောက်နှင့် ရှောင်ဖန်းတို့မှ ထိုကဲ့သို့ ပြောကြားခဲ့ကြသည်။ ထို့ကြောင့် ထောင်မုသည် တခြားသူများမှ အာရုံစိုက်လာစေရန် တမောက်နှင့် ရှောင်ဖန်းတို့အား ထိုသို့ပြောကြားစေခဲ့သည်ဟု ဝမ်ပေါ်ယွမ်မှ ထင်ပေလိမ့်မည်။
အတိအကျပြောရလျှင် ထောင်မုသည် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိသော်လည်း ယခုအချိန်တွင် သူသည် ဝမ်ပေါ်ယွမ်ကို မနှိုးဆွချင်ပေ။ တခြားဘာကိုမျှ စိတ်မပူသော်လည်း သူသည် စိတ်အားထက်သန်စွာဖြင့် ကူညီပေးလိုက်မည်ဆိုလျှင်သူ့အပေါ်သက်ရောက်မှု ကောင်းလိမ့်မည် မဟုတ်ပေ။
တစ်နည်းဆိုရသော် ထောင်မုသည် ဝမ်ပေါ်ယွမ်ကိုအနိုင်ရရန် စတော့ရင်းနှီးမြှုပ်နှံမှုနည်းလမ်းကို အသုံးပြုရန် စိတ်ပိုင်းဖြတ်ထားသော်လည်း ၎င်းသည် ဝမ်ပေါ်ယွမ်၏ အစပြုမှုဖြစ်ပြီး သူသည် တမောက်နှင့် ရှောင်ဖန်းတို့၏ အလျင်စလို အကြံပြုချက်ထက် သေချာစဉ်းစားပြီးမှသာ ၎င်းကိုသဘောတူလိမ့်မည်ဖြစ်သည်။
တမောက်နှင့် ရှောင်ဖန်းတို့သည် ဤနယ်ပယ်တွင် ထိုအကြောင်းကို ဖွင့်ဟပြောခဲ့ပြီး သူ၏လူမှုအသိုင်းအဝိုင်းကိုလည်း ကျယ်ပြန့်လာအောင် ကူညီပေးခဲ့ခြင်းသည် ကောင်းမွန်သည့်အစပျိုးမှုတစ်ခုဖြစ်ပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကောင်းမွန်သောရည်ရွယ်ချက်များသည် ကိစ္စများကို ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ဘဲ မကြာခဏဆိုသလို စိတ်မရှည်ခြင်းသည် ကျရှုံးခြင်းဆီသို့ ဦးတည်သွားတတ်ပါသည်။
ပြန်လည်မွေးဖွားပြီးနောက် သူ၏ရွှေလက်ချောင်းဖြင့် ထောင်မုသည် ကိစ္စများကို တည်ငြိမ်အောင်လုပ်ဆောင်ရန်သာ လိုအပ်သည်။ အမှန်မှာ အရင်းအနှီးသည် သူ့မျက်စိရှေ့တွင် အဆင်သင့်ဖြစ်နေပါပြီ။ နောက်ထပ်တစ်နှစ်ခွဲကြာစောင့်ဆိုင်းပြီးနောက် ကမ္ဘာ့စျေးကွက်သည် ဆိုးဝါးစွာ လည်ပတ်နေမည့်အချိန်တွင် ထောင်မုသည် သူ့အတွက် အရင်းအနှီးသန်းပေါင်းများစွာကိုစုဆောင်းနိုင်လိမ့်မည်ဟုပင် ယုံကြည်ခဲ့သည်။ ဤငွေများသည် ချမ်းသာသောအုပ်စုများနှင့် စီးပွားရေးလုပ်ငန်းစုများအတွက် သေးငယ်သည့်ပမာဏသာဖြစ်သော်လည်း ထောင်မု အတွက် ကိုယ်ပိုင်ဖျော်ဖြေရေးအဖွဲ့ကို တည်ထောင်ဖို့ လုံလောက်ပါသည်။
ဤကဲ့သို့ လိုအပ်လာမည့် အချက်များကိုလက်ထဲတွင်ကိုင်ထားနိုင်သည့်အတွက် ဘယ်သူမဆို ကျေနပ်စေရန် သူသည် အလျင်စလို ပြုမူစရာမလိုအပ်ပေ။ အဆက်အသွယ်များစုဆောင်းခြင်းနှင့် ပေကျင်းစက်ဝိုင်းအတွင်း ကွန်ရက်တစ်ခုဖွဲ့စည်းခြင်းကိစ္စတွင် သူသည် "ရင်းနှီးသောမျက်နှာတစ်ခုဖြစ်လာစေရန်" အခြေခံနည်းလမ်းကို အမြဲထိန်းသိမ်းထားခဲ့သည်။ သူ၏ ဖြစ်တည်မှုကို လူတိုင်းသိရှိလာစေရန် တည်ငြိမ်စွာဖြင့် တဖြည်းဖြည်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုလမ်းခရီးတွင် ပေကျင်းစက်ဝိုင်း၏ အတွေ့အကြုံရှိပြီး ထက်မြက်သော မြေခွေးများ၏ အရည်အချင်းများကိုလည်း ကြည့်ရှုနိုင်သည်။ လီရှောင်းဟန်သည် တစ်ချိန်က သူ့အား စောင့်ကြည့်ခဲ့သလို ထောင်မုသည်လည်း ‌ပေကျင်းမှ ကြီးမားသော ရင်းနှီးမှုရရှိရန် မည်သူ့ကို သူငယ်ချင်းအဖြစ်ထားသင့်သည်ကို စောင့်ကြည့်ပြီး ဆုံးဖြတ်ရန် အချိန်လိုအပ်ပါသည်။ ထောင်မုသည် လူတစ်ယောက်ချင်းစီကို ဆက်ဆံသည့်ပုံသည် မတူညီပေ။
ပြောရလျှင် ထောင်မုသည် ဤကဲ့သို့ အကဲခတ်သည့် ပုံစံကို အလွန်နာမည်ကြီးသည့် အမျိုးသား အစောင့်အကြပ်ဆီမှ သင်ယူခဲ့ခြင်း ဖြစ်သည်။ ထိုလူသည် ထောင်မုအား လူတိုင်းသည် အနိမ့်ပိုင်းကာလ သို့မဟုတ် မြင့်မားသောကာလကို ရင်ဆိုင်ရသည့်အခါ မတူညီသော ပုံစံအမျိုးအမျိုးကို မြင်တွေ့ရလိမ့်မည်ဟု ပြောခဲ့သည်။ အမျိုးမျိုးသော ဘဝအလွှာများဟုခေါ်ရခြင်းမှာ လူများသည် အားကြီးသောအုပ်စုနှင့် အားနည်းသောအုပ်စုကို ရင်ဆိုင်ရသည့်အခါ မတူညီသောသဘောထားများကို ပြသကြသောကြောင့်ဖြစ်သည်။
ပြန်လည်မမွေးဖွားမီတွင် ထောင်မုသည် ထိုသို့သော လေ့လာတွေ့ရှိချက်များ၏ အသုံးဝင်မှုကို နားမလည်ခဲ့ပေ။ ဟုတ်ပါသည်။ သူသည် စိတ်ကို ငြိမ်အောင်ထားပြီး ကမ္ဘာကြီးကို အပြင်လူမျက်လုံးနှင့်ကြည့်ဖို့ စိတ်ကူးမရှိခဲ့ပါ။ ပြန်လည်မွေးဖွားပြီးနောက်တွင် ဤကဲ့သို့ ဘေးဖက်မှ ကြည့်ရသည့်အမြင်သည် အလွန်စိတ်ဝင်စားဖွယ်ကောင်းကြောင်း ထောင်မု မှတွေ့ရှိခဲ့သည်။ ဤတွေ့ရှိသောနည်းလမ်းများသည် နောက်ဆုံးတွင် သရုပ်ဆောင်ခြင်းတွင် အသုံးချနိုင်မည်လိမ့်မည်ဟု ဖော်ပြခြင်းမဟုတ်ပါ။ သို့သော်လည်း ထိုလေ့လာတွေ့ရှိချက်များကြောင့် ထောင်မုသည် လူများနှင့် မည်သို့ဆက်ဆံရမည်ဆိုသည်ကို သေချာသိရှိသွားခဲ့သည်။
ဤနည်းအားဖြင့် ထောင်မု၏ အရင်းအနှီးနှင့် ဂုဏ်သတင်းများ စုဆောင်းပြီးနောက် သူသည် မတူညီသော လူအုပ်စုများကို ပစ်မှတ်ထားလိမ့်မည် သို့မဟုတ် အစပျိုးမှုကို လုပ်ဆောင်လိမ့်မည်ဒါမှမဟုတ် ငွေရှာလိုသူများ သူ့တံခါးကို လာခေါက်မည့်အချိန်ကို စောင့်နေမည် ဖြစ်သည်။ ထို့နောက် မျက်နှာသာပေးခြင်း၏ အကျိုးကျေးဇူးများကြောင့် ရလာမည့် အဆက်အသွယ်များမှတစ်ဆင့် ရုပ်ရှင်နှင့်ရုပ်မြင်သံကြားလုပ်ငန်းတွင် သြဇာအာဏာအရှိဆုံး ဖြန့်ဖြူးသူများ၊ ထုတ်လုပ်သူများနှင့် အဆက်အသွယ်ရရှိလာစေရန် ပြုလုပ်မည်ဖြစ်ပါသည်။ သူ့ကိုယ်ပိုင်ချိတ်ဆက်မှုကွန်ရက်ကို ထူထောင်ပြီးနောက်များစွာသော ကိစ္စများသည် လွယ်ကူလာပေလိမ့်မည်။ ၎င်းသည် ငွေနှင့်ပင် ၀ယ်လို့မရနိုင်သည့်ကောင်းမွန်သော ပရောဂျက်များတွင် ရင်းနှီးမြုပ်နှံရသလိုပါပင်။ ရုပ်ရှင်များနှင့် တီဗီစီးရီးများကို ကိုယ်တိုင်ရိုက်ကူးခြင်း၊ ဖြန့်ဖြူးမှု စည်းကမ်းချက်များ နှင့် အချိန်ဇယားဆွဲခြင်းနှင့်ပတ်သတ်၍ အခြားသူများ၏ ချုပ်ချယ်ခြင်းကို ခံရလိမ့်မည် မဟုတ်ပေ။
အမြတ်ရရှိခြင်းဖြင့် လူများကိုဆွဲဆောင်နိုင်သည်။ ဤရှုထောင့်မှကြည့်လျှင် ထောင်မုသည် သူ့သူငယ်ချင်းနှစ်ယောက်၏ အတွေးသည်မှန်ကန်သည်ဟု ထင်မြင်လာမိသည်။ သို့သော်လည်း သူတို့၏ နည်းလမ်းများသည်လုံလောက်မှု မရှိသေးပါ။ ထောင်မု၏ အမြင်အရ ပိုက်ဆံပဲဖြစ်ဖြစ် အရည်အချင်းပဲဖြစ်ဖြစ် ထိုအရာများကို အကောင်းဆုံးဖြစ်အောင် အသုံးချသင့်သည်။ စည်းစိမ်ဥစ္စာများကို မျက်ကွယ်ပြုနိုင်ခြင်းသည် အမှန်ပင်အမြင်ကို ဖမ်းစားနိုင်သော်လည်း ၎င်းသည် ဖြုန်းတီးလွန်းလှသည်။ သိမ်သိမ်မွေ့မွေ့၊ တဖြည်းဖြည်းနှင့်တိတ်တိတ်လေးပြုလုပ်ခြင်းသည် ပို၍ကောင်းပါသည်။ ထိုမှတစ်ဆင့် များစွာသော ကိစ္စများသည် စီးဆင်းနေသည့်ရေများမှ တူးမြောင်းတစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ဖြစ်‌ပေါ်လာလိမ့်မည်။
ပိုမိုရှင်းလင်းစွာ ပြောရလျှင် စည်းစိမ်ဥစ္စာများကို ပေးစွမ်းနိုင်သော နတ်ဘုရားကဲ့သို့ ထောင်မု သည် လူများကို ငွေရအောင် ကူညီပေးနိုင်ပြီး သူ့ကိုပူဇော်လာစေရန်အတွက်လည်း အရှက်မဲ့စွာပြုလုပ်ရန်မလိုအပ်ပေ။ အနည်းဆုံးတော့ သူ့ဂုဏ်သိက္ခာနှင့်သူ ရပ်တည်နိုင်သည်။ ငွေရှာလိုသူများသည် မိမိအိမ်သို့ စိတ်လိုလက်ရ‌ရောက်ရှိလာပြီးကိုယ်ဟန်အနေအထားကို လျှော့၍ တောင်းပန်သည့်အခါမှသာ သူသည် လူတိုင်း၏စိတ်ထဲတွင် သူ၏အဆင့်အတန်းနှင့် သြဇာကို ဖြည်းဖြည်းချင်း တည်ဆောက်နိုင်လိမ့်မည်ဖြစ်သည်။
အထက်တန်းနိုင်ငံရေး သင်တန်းမှပြောသည့် စီးပွားရေးအခြေခံအုတ်မြစ်သည် စူပါတည်ဆောက်ပုံကို အဆုံးအဖြတ်ပေးသည်။
ထိုစကားများကို သူတို့နှစ်ဦးအား ပြောပြသောအခါ တမောက်နှင့်ရှောင်ဖန်းတို့သည် နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။ နှစ်ယောက်စလုံးသည် "မင်းက တကယ်ထက်မြက်တာပဲ" ဟု မြှောက်ပင့်သည့်မျက်နှာဖြင့် ထောင်မုကိုလက်မထောင်ပြကြသည်။
"မင်းတို့ ဘယ်လိုပြောရမလဲဆိုတာကိုရော သိကြလား? ဒါက ကြံရည်ကြံဆ ကောင်းရမယ်! နားလည်လား!" ထောင်မုသည် ခွေးလေးနှစ်ကောင်၏ ခေါင်းကို ပွတ်လိုက်ပြီး "ဒါဆို မင်းတို့ နှစ်ယောက်စိတ်ပူစရာ မလိုတော့ဘူး။ စီးပွားရေးအခြေခံအုတ်မြစ်ကသာ စူပါတည်‌ဆောက်ပုံကို ဆုံးဖြတ်တာမို့လို့ မင်းတို့ နှစ်ယောက် ဘာပဲပြောပြော ဘာပဲလုပ်လုပ် အမြတ်အစွန်းရပြီး Win-Win အခြေအနေဖြစ်နေလာမယ်လို့ အာမခံနိုင်ပါတယ်။ နောက်ပြီး အဲ့ဒါက အဆုံးမှာ ရလဒ်ကောင်းတစ်ခု ဖြစ်လာမှာပါ။"
ဒါကြောင့် ကိစ္စတွေ ရှုပ်ထွေးနေမှာကို စိတ်ပူစရာမလိုတော့ပါဘူး။
တမောက် နှင့် ရှောင်ဖန်း တို့သည် တစ်ဖန် ဉာဏ်အလင်းရရှိခဲ့ကြသည်။ အဲ့ဒီအခါမှာ သူတို့သည် တိုးညှင်းစွာဖြင့် ပြောလာခဲ့ကြသည်။ "ဒီလိုဆိုပေမယ့်လည်း ငါတို့လုပ်ခဲ့တာတွေက အဲဒီလူတွေ မင်းကို ဆိုးဆိုးရွားရွားပြုမူလာမှာကို ငါတို့ စိုးရိမ်နေတုန်းပဲ"
ထောင်မုသည် အော်ငေါက်လိုက်သည်။ ဒါကြောင့် လူငယ်များသည် နုံအလွန်းသည်ဟု ပြောကြခြင်းဖြစ်သည်။ တခြားသူများ၏ ထင်မြင်ယူဆချက်သည် ဘာများအရေးပါလို့လဲ? မင်းမှာ ခွန်အားသာရှိလျှင် လူများ၏ မင်းနှင့်ပတ်သက်သည့် ထင်မြင်ယူဆချက်များ အားလုံးကို ထိန်းချုပ်နိုင်လိမ့်မည်။ မင်းမှာ အလွန်ကောင်းမွန်သည့် ကိုယ်ရည်ကိုယ်သွေးရှိ‌သော်လည်း တခြားသူများကို မနင်း‌ချေနိုင်လျှင် အခြားသူများ၏ခြေဖဝါးအောက်တွင် နင်းချေခြင်းကို ခံရလိမ့်မည်။
ကမ္ဘာကြီးသည် ခွန်အားကြီးသည်ကို သဘောကျပြီး အားနည်းသူများကို သနားသည်။ အားနည်းသူများကို ယုတ်မာကြပီး သန်မာသူများကိုသာရိုသေကြသည်။ ဒါသည် လူ့သဘာဝပါပင်။ တမောက်နှင့် ရှောင်ဖန်းတို့သည် ယခုနားမလည်သေး သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်းနားလည်လာကြလိမ့်မည်။
"အိုကေ၊ တခြားဘာမှမရှိရင် သွားကြရအောင်။ ကြာနေရင် ငါတို့အားလုံးကို ကျောက်ကပ်ပြဿနာရှိနေတယ်လို့ ထင်သွားလိမ့်အုံးမယ်"
ထောင်မုသည် ဤကဲ့သို့သောကိစ္စများကို သိပ်ဂရုမစိုက်ကြောင်းတွေ့လိုက်ရသောအခါတွင် သူတို့၏ မုကောကို အမြဲယုံကြည်ခဲ့သော တမောက်နှင့် ရှောင်ဖန်းတို့သည်လည်း စိတ်သက်သာရာရသွားသည်။ တမောက်သည် သူ့မေးစေ့ကို ကုတ်၍ဟာသပြောရန် နောက်သို့ လှည့်လိုက်သည် "မင်း ပြောချင်တာက မကြာခဏ ဆီးသွားတတ်ပြီး ဆီးက မိုးရေလောက်ပဲသွားတာကို ပြောချင်တာလား?"
"အဲဒါက ဘယ်လိုတောင်လဲဟ! ငါတို့က " ရှောင်ဖန်း စကားမဆုံးခင်မှာပင် ထောင်မုသည် သူ့ခေါင်းကို ပုတ်လိုက်သည်။
"သွားစမ်းပါ တကယ်ပဲ ဆီးပေါက်တာ မိနစ် ၂၀ တောင်ကြာတာလား? ဆီးသွားတာက မြစ်ဝါပဲလား?"
"ဘာလို့ မြစ်ဝါဖြစ်ရမှာလဲ?" ထိုစကားကိုကြားသောအခါ တမောက်သည် စိတ်ရှုပ်သွားပြီး ချက်ချင်းဆိုသလို သိသွားခဲ့သည် "ဆီးက အဝါရောင်ကြောင့်လား?"
"မင်းပြောနေလည်း ဘယ်သူမှ နားထောင်ချင်မှာ မဟုတ်ဖူး!" ထောင်မုသည် စကားမပြောဘဲ နှစ်ယောက်သားကို သန့်ခန်းထဲမှ ဆွဲခေါ်ခဲ့လိုက်သည်။
သူတို့သည် ရိုက်ကူးရေးနေရာသို့ ရယ်ရယ်မောမောဖြင့် ပြန်လာကြသည်။ ထောင်မု ပြန်အလာကို စောင့်နေသော မုဟွားထင်သည် ထောင်မုဆီသို့လှမ်းလာပြီး "ထောင်မု ၊ အစ်ကိုကျောက်က မင်းကို စကားပါးလိုက်တယ်"
မုဟွားထင်သည် ထောင်မု၏ နောက်သို့လိုက်နေသည်မှာ ကြာခဲ့ပြီ။ ထောင်မု၏ ဩဇာသည်ယခုမှ ပြင်းထန်လာပြီး လူတစ်ချို့ကိုပင် ရှိန်စေသည်။ ချမ်းသာသောမိဘများကြောင့် ကြီးကျယ်ပြီး မောက်မာသော လုံထျန်းအောက်ပင်လျှင် ချဉ်းကပ်ဝံ့ခြင်းမရှိပေ။ မုဟွားထင်သည်လည်း အနီးကပ်လိုက်ရန် မဝံ့ရဲသည့်အတွက် သန့်စင်ခန်းအပြင်ဖက် ခပ်လှမ်းလှမ်းတွင်သာ စောင့်နေခဲ့ရသည်။ ထို့ကြောင့်သူသည် ထောင်မုနှင့် သူ့သူငယ်ချင်းများ ပြောဆိုခဲ့သည့် အကြောင်းကို မသိရှိခဲ့ပေ။
"ငါ သန့်စင်ခန်းကို ကြည့်ပေးထားတယ်။ ဘယ်သူမှ မ၀င်လာဖူးရယ်" မုဟွားထင်သည် ထိုသို့ပြောပြီးနောက်တွင် ကျောက်ခယ်ပင်းမှ သူ့ကို မှာထားသည့် စကားကို အလျင်အမြန်ပြန်ပြောလိုက်သည်- "အစ်ကို ကျောက်က သူ့ကိုယ်စား တောင်းပန်ခိုင်းလိုက်ပါတယ်"
ကျောက်ခယ်ပင်း တွေးထားသည်မှာ ထောင်မုသည် ‘သူရဲကောင်းတို့၏ဒဏ္ဍာရီ’ မှ ထုတ်ပယ်ခံရပြီး နောက် ရက်အနည်းငယ်အကြာသည့်တိုင်အောင် စိတ်ဓာတ်ကျပြီးနောက်တွင် သူ့ဆီပြန်လာပြီးအကူညီတောင်းမည်ဟု ထင်ခဲ့သည်။ ထို့အခါ သူသည် ‘သူရဲကောင်းတို့၏ဒဏ္ဍာရီ’  ထက် ပိုမိုကောင်းမွန်သော လူရွေးပွဲအခွင့်အလမ်းကို ပေးလိမ့်မည်။ ကျောက်ခယ်ပင်းသည် ပါးရိုက်ပြီး အချိုကျွေးခြင်းဖြင့် ပေးကမ်းခြင်း ဟူသည့် နည်းလမ်းနှင့် အကျွမ်းတဝင် ရှိနေပြီး ၎င်း၏ လက်အောက်ရှိ အနုပညာရှင်တိုင်းသည် ထိုကဲ့သို့ နည်းလမ်းကို ကြုံတွေ့ ဖူးကြသည်။
သို့သော်လည်း ‘သူရဲကောင်းတို့၏ဒဏ္ဍာရီ’ မှ ထောင်မု ထွက်လာပြီးနောက်တွင် ထိုလူယုတ်မာ နဉ်ယွမ်သည် သဘောထားကွဲလွဲမှုမျိုးဖြစ်အောင် လုပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ကျောက်ခယ်ပင်း တန်ပြန်အစီအစဉ်တစ်ခု မလုပ် ဆောင်မီတွင် ထောင်မုသည် ကုန်းရီရှင်၏မိတ်ဆက်မှုအောက်တွင် "ကျန်းဟူဆီသို့" အဖွဲ့သားအဖြစ် ဝင်ရောက်ခဲ့ပြီးဖြစ်သည်။
ဤအဖြစ်အပျက်များသည် အလွန်လျင်မြန်လွန်းသဖြင့် ကျောက်ခယ်ပင်း သည် အနည်းငယ်မျှ ဆုံးရှုံးသွားခဲ့သည်။ ထို့အပြင် ကျောက်ခယ်ပင်း၏ အနုပညာရှင်တစ်ဦးသည် ရုပ်သံလိုင်းများတွင် သရုပ်ဆောင်စဉ် ကြီးကြီးကျယ်ကျယ် ပြုလုပ်ခဲ့သည့်အတွက် ရုပ်သံဌာနခေါင်းဆောင်သည် ဒေါသထွက်သွားပြီး သူ့အား မီဒီယာအားလုံးတွင် ပိတ်ပစ်ရန် စီစဉ်ခဲ့သည်။ ကျောက်ခယ်ပင်းသည် ပျက်စီးမှုအားထိန်းချုပ်ရန် အလျင်စလိုထွက်ခဲ့ရသည်။ ထိုကိစ္စသည် သူ့ကို နောက်ထပ် တစ်ပတ်လောက်နှောင့်နှေးစေခဲ့သည်။
ကျောက်ခယ်ပင်း သည် ဤကိစ္စများကို ဖြေရှင်းပြီး H မြို့သို့ ပြန်သွားပြီးနောက် သူသည် ထောင်မု ဒေါသပြေ၊မပြေကို မသိသောကြောင့် ထောင်မုနှင့် ဆက်ဆံရေးရှိသည့် သူ၏လက်အောက်ရှိ တစ်ဦးတည်းသော အနုပညာရှင် မုဟွားထင်နှင့် ထောင်မုကို လှမ်း၍ စကားပါးလိုက်သည်။
မုဟွားထင်သည် အမှန်တကယ်တွင် ထောင်မုကိုသဘောမကျပေ။ အထူးသဖြင့် ထောင်မု၏သရုပ်ဆောင်မှုများအောက်တွင် တမင်တကာ ဖိနှိပ်ခံရပြီးနောက် မုဟွားထင်သည် ထောင်မုမှသူ့ကို အချိန်မရွေး နာကျင်စေလိမ့်မည်ဟု ထင်ယောင်ထင်မှားဖြစ်ခဲ့သည်။ သို့သော်လည်း သူသည် ကျောက်ခယ်ပင်း၏ စကားကို မလွန်ဆန်နိုင်ပေ။ ဝမ်မေ့ဟုန် ပြောတာ မှန်ပါသည်။ ကုမ္ပဏီမှ မုဟွားထင်ကို ကျောက်ခယ်ပင်းလက်ထဲ တာဝန်ပေးအပ်ပြီးနောက် ဤနှစ်များအတွင်း သူ့ကို ကျောက်ခယ်ပင်းမှ လေ့ကျင့်သင်ကြားပေးခဲ့သည်။ သူ၏ ခေါင်းမာမှုများနှင့် ဒေါသကြီးမှုများပင် ပြေလျော့သွားသည်မှာ ကြာနေပြီဖြစ်သည်။
အတိအကျပြောရသော် မုဟွားထင်သည် ထောင်မု၏ခြိမ်းခြောက်မှုကို ခံရနိုင်သည်ဆိုလျှင်တောင် ကျည်ဆန်ကို ကိုက်ပြီး ကျောက်ခယ်ပင်း၏ အမိန့်အတိုင်း လုပ်ဆောင်သွားလိမ့်မည်ဖြစ်သည်။
"အစ်ကိုကျောက်က မင်းကို ညစာစားရင်းနဲ့ စကားကောင်းကောင်းပြောချင်တယ်လို့ ပြောတယ်၊ မင်းကို ‘သူရဲကောင်းတို့၏ဒဏ္ဍာရီ’ ထဲက ထုတ်ပယ်လိုက်တာကို ဘေးကနေပဲ ကြည့်နေခဲ့တဲ့အတွက် မှားခဲ့တယ်လို့လည်း ပြောတယ် မင်းဆီကရခဲ့တဲ့ ယွမ်တစ်သောင်းကိုလည်း မင်းကို ပြန်ပေးချင်နေတာ"
သူ ပြောခဲ့သလိုပါပင် ကျောက်ခယ်ပင်း တကယ်လိုချင်သည့်အရာမှာ ထောင်မုနှင့်တွေ့ဆုံဖို့ပင် ဖြစ်ပါသည်။
ထောင်မုသည် ဤကိစ္စနှင့် ပတ်သတ်ပြီး ဘာမှ မပြောခဲ့ပေ။ ယခုအချိန်တွင် ကျောက်ခယ်ပင်းနှင့်ပြောဆိုရန် သူ့တွင် အချိန်မရှိပေ။ ချန်းပေါင်သုန့်သည် စကားအကောင်း မပြောသော်လည်း သူပြောသည်မှာ မှန်သည်။ ထောင်မုသည် အမှန်တကယ်ပင်အကျိုးအမြတ်ရှာသူတစ်ဦးဖြစ်သည်။ သူ၏ စွမ်းအင်နှင့် အချိန်များကို သူ့အတွက် အကျိုးရှိစေမည့် လူများ သို့မဟုတ် အရာများအတွက်သာ သုံးစွဲမည်ဖြစ်သည်။ ယခုမူ ထောင်မု ၏ စွမ်းအင်သည် ပေကျင်းစက်ဝိုင်းရှိ လူများနှင့် အိုလံပစ်ပွဲအတွက်လောင်းကြေးထပ်ခြင်းတို့ကို အာရုံစိုက်နေခဲ့သည်။ ထို့အပြင် နိုင်ငံတော်၏ အနာဂတ်ဈေးကွက်ကို အာရုံစိုက်ရန်လည်း အချိန်ယူခဲ့ရသည်။ ကျောက်ခယ်ပင်း၏ ခံစားချက်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အခြားသူကို ယဉ်ကျေးသည့်ပုံ ဟန်ဆောင်၍ ပြောဆိုရန်ပင် အပိုအင်အားမရှိပေ။
"ငါ့မှာအချိန်မရှိတဲ့အတွက် တွေ့ဖို့ကတော့ ဖြစ်နိုင်အုံးမှာမဟုတ်ဖူး။ မင်းပြန်သွားပြီး ‘သူရဲကောင်းတို့၏ဒဏ္ဍာရီ’ နဲ့ ပတ်သတ်ပြီး ငါဘာမှမဖြစ်ဖူးဆိုတာရယ် နောက်ပြီး သူလည်း အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဂရုစိုက်စရာမလိုဖူးဆိုတာကို အစ်ကိုကျောက်ကိုပြောလိုက်ပါ။ အဲ့အတွက် ငါ နားလည်ပေးနိုင်ပါတယ်။ အနာဂတ်မှာ အခွင့်အလမ်းသာရှိရင် ငါတို့အားလုံး ပူးပေါင်းဆောင်ရွက်လို့ရပါတယ်။" ထောင်မုသည် မုဟွားထင်ကို စကားအနည်းငယ်ဖြင့် ငြင်းလိုက်သည်။
မုဟွားထင်သည် ထောင်မုကို ရှက်ရွံ့စွာကြည့်ကာ တစ်ခုခုပြောချင်သော်လည်း အဆုံးတွင်သူဘာမှ မပြောခဲ့ပေ။ သူသည် စောစောစီးစီး ပြန်သွားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ရှန်းယွီနှင့် အခြားသူများကဲ့သို့ "ကျန်းဟူဆီသို့" ၏ အဖွဲ့သားများထံ လာလည်ခြင်းမဟုတ်ပေ။
တစ်ဖက်တွင် မုဟွားထင်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသော ကျောက်ခယ်ပင်းသည်လည်း သက်ပြင်းအနည်းငယ်ချလိုက်ပါသည်။
အမှန်တော့ ကျောက်ခယ်ပင်း သည် ‘သူရဲကောင်းတို့၏ဒဏ္ဍာရီ’ ဇာတ်ကားထဲမှ ထုတ်ပယ်ခံခဲ့ရသည့်အခါတွင် ထောင်မု၏ တည်ငြိမ်အေးဆေးမှုကို မြင်လိုက်ရသည့်အချိန်တည်းက သူ့အနေနှင့် နောင်တရစပြုနေပါပြီ။
ကျောက်ခယ်ပင်းသည် ထောင်မု၏အပြုအမူနှင့် အမူအရာသည် ပုံမန် အသက် 18 နှစ်အရွယ်နှင့် အလွန်ကွာခြားသည်ဟု ထင်မြင်မိသည်။ သူသည် စိတ်မြန်လက်မြန်ရှိပြီး မာနကြီးသူလည်းမဟုတ်ပေ။ သူသည် ထိုသို့သော မတရားမှုများနှင့် ရင်ဆိုင်ရသော်လည်း အကျိုးအမြတ်ရရှိအောင် ပြုလုပ်ရန် သတိရပြီး နောက်ဆုံးတွင်ကျောက်ရှင်းထံမှ လျော်ကြေးငွေ ယွမ် 100,000ကျော် ရရှိခဲ့သည်။ ဤကဲ့သို့သော အကြံအစည်များနှင့် နည်းလမ်းများကို ပိုင်ဆိုင်ထားခြင်းကြောင့် ထောင်မုသည် ဤကိစ္စနှင့်ပတ်သက်ပြီး သူ၏ လုပ်ဆောင်ချက်များကိုလည်း ခန့်မှန်းမိလိမ့်မည်။
လုပ်ဆောင်မှုမှာ အမှားအယွင်းမရှိသော်လည်း ထောင်မု၏ ရင့်ကျက်ပုံနှင့်သာဆိုလျှင် အလွယ်လေးသိနိုင်သည်။ သူ့လုပ်ရပ်ကို သိသွားလျှင် ဆက်ပြီး သည်းခံနိုင်ပါ့အုံးမလား?
ကျောက်ခယ်ပင်းသည် အခြားသူများ၏ အမြင်ဖြင့် ကြည့်လိုက်သည့်အခါ ထောင်မု သည် ဒီကိစ္စနှင့် ပတ်သတ်ပြီး ဂရုမစိုက်သည်ကို တွေ့လိုက်ရသည်။ ကျောက်ခယ်ပင်းသည် ထောင်မုသည် သူ့လို လူမျိုးဖြစ်သည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။ ကိုယ်ကျိုးအတွက်သာ ပြုလုပ်သည်၊ ရည်မှန်းချက်ကြီးသည်၊ ပန်းတိုင်ရောက်ဖို့အတွက်သာဆိုလျှင် မသမာသည့် နည်းလမ်းကိုတောင် သုံးမည်ဖြစ်သည်။ နည်းစနစ်များနှင့် ယှဉ်လျှင် သူတို့သည် ရလဒ်ကိုသာ ပိုတန်ဖိုးထားသူများဖြစ်သည်။
မုဟွားထင် ပေးသောအချက်အလက်များအရ ထောင်မုသည် စတော့ရှယ်ယာကစားသည့်နေရာတွင် တကယ်ပဲ အရည်အချင်းရှိတာလား?
ကျောက်ခယ်ပင်းသည် မုဟွားထင်နှင့် အကြိမ်ကြိမ်အတည်ပြုပြီးနောက် နောက်ဆုံးတွင် စိတ်ဓာတ်ကျခဲ့သည်။ ထောင်မု၏ အမြတ်ထုတ်သော အကျင့်စရိုက်ကို ကောင်းကောင်းသိသောကြောင့် သူသည် ယွမ်တစ်သောင်းအတွက်နှင့် တွေ့ဆုံလိမ့်မည် မဟုတ်ပေ။ သူ၏ ထက်မြက်လှသောရင်းနှီးမြုပ်နှံမှုများကို ဆက်လက်ထိန်းသိမ်းထားနိုင်သ၍ စတော့ဈေးကွက်တွင် အောင်မြင်မှုအချို့ ရလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် ထောင်မုသည် သူ၏ ထက်မြက်လှသည့် ပေါင်းသင်းဆက်ဆံရေးနည်းလမ်းများဖြင့် လူအများ၏ နှလုံးသားကို သိမ်းပိုက်၍ ဤလူများ၏ အကျိုးစီးပွားကို သူ့ကိုယ်ပိုင် အကျိုးစီးပွားနှင့် ချိတ်ဆက်လိမ့်မည်ဖြစ်သည်။ ထို့နောက်တွင်သူသည် သူ၏ ပုဂ္ဂိုလ်ရေး အဆက်အသွယ်များဖြင့် နောက်ထပ်ခြေတစ်လှမ်း လှမ်းနိုင်တော့မည် ဖြစ်သည်။ ထိုအချိန်တွင် သူသည် ဖျော်ဖြေရေးအဝန်းအဝိုင်းတွင် မည်သည့်အခါမှ အားငယ်စရာမလိုတော့ပေ။
ထို့ကြောင့် ထောင်မုသည် ကျောက်ခယ်ပင်းနှင့် "ခိုင်မာသောလက်တွဲဖော်" ဖြစ်ရန်မလိုအပ်ပေ။ နောက်ခံမရှိသော လူသစ်မှ "ဘဏ်စာရင်းသွင်းသူ" အဖြစ်သို့ သူတစ်ယောက်တည်းပြီးမြောက်အောင် စွမ်းဆောင်နိုင်သည်။
တစ်သက်လုံး လိမ္မာပါးနပ်သူဟု အခိုင်အမာဆိုခဲ့သော ကျောက်ခယ်ပင်းသည် ထိုကဲ့သို့သော သူမျိုးကိုသူ၏လက်မှ လွတ်ထွက်သွားစေခဲ့သည်။ ထိုအကြောင်းကို တွေးလိုက်တိုင်း ကျောက်ခယ်ပင်း အလွန်စိတ်မကောင်းဖြစ်ရပါသည်။ ပထမဦးဆုံးအကြိမ် သူသည် အခြားသူများကို လှည့်းစားခဲ့သလို ပြန်ခံခဲ့ရသည်။
ထောင်မုသည် ကျောက်ခယ်ပင်း၏ စိတ်ပျက်နေမှုကို မသိခဲ့ပေ။ သူငယ်ချင်းနှစ်ယောက်နှင့်အတူ သန့်စင်ခန်းမှ ပြန်လာသည့်အခါ အလည်လာသည့်သူများအားလုံးသည် ချန်းပေါင်သုန့်၏နောက်တွင် မုန့်များ စောင့်နေသည့်သူငယ်တန်းကလေးများကဲ့သို့ ထိုင်ခုံပေါ်တွင် အတန်းလိုက်ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။ ချန်းပေါင်သုန့်သည် မော်နီတာရှေ့ရှိ ဒါရိုက်တာထိုင်ခုံတွင် ထိုင်ပြီး ဝမ်ပေါ်ယွမ်နှင့် ကောယန်နျဉ်တို့ အချင်းချင်း တိုက်ခိုက်နေသည့်အခန်း သရုပ်ဆောင်နေသည်ကို ကြည့်နေသည်။
ချန်းပေါင်သုန့်သည် ထောင်မု ပြန်လာသည့်အခါ ထောင်မုကို တစ်ချက်ကြည့်လိုက်ပြီး "တကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ပြဿနာရှိနေလို့ သန့်စင်ခန်းထဲမှာ အချိန်အကြာကြီး နေခဲ့ရတာလား? မင်းကျန်းမာရေးအတွက် ဖြည့်စွက်စာနည်းနည်းလောက် ငါမိတ်ဆက်ပေးရမလား?"
ထောင်မု : "ဒါရိုက်တာချန်း မှာအသုံးဝင်တဲ့ ဆေးတွေရှိရင် ကျွန်တော့်ကို မိတ်ဆက်ပေးလို့ရတယ်။ အဖိုးကြီးရဲ့ ကျောက်ကပ်က သိပ်မကောင်းဘူးဆိုတော့ ညဘက်ဆိုအမြဲတမ်း အိပ်ရာထရမှာပဲ"
ချန်းပေါင်သုန့် : "မင်းက မိဘမဲ့မဟုတ်လား? အဖိုးအိုက ဘယ်ကပါလာတာလဲ?"
ထို့နောက် ဆိုလိုရင်းကိုသဘောပေါက်သွားကာ ချက်ချင်းတုံ့ပြန်တော့သည်။ သူသည် ဒေါသတကြီးနှင့် "ဒါကို ငါသုံးတယ်လို့ ဘယ်သူပြောလဲ? ငါ့ကျောက်ကပ်က အမြဲတမ်း ကောင်းနေတာ။ တစ်ညကိုခုနစ်ကြိမ်‌တောင် သွားရတယ် ရပြီလား!"
ကျယ်လောင်သောအသံကို မိုက်ခရိုဖုန်းမှ ဖမ်းယူလိုက်မိသည့်အခါ သရုပ်ဆောင်နေသော ဝမ်ပေါ်ယွမ်နှင့် ကောယန်နျဉ်တို့သည် ရပ်တန့်သွားခဲ့ရသည်။ သူတို့သည် ဒါရိုက်တာချန်းဖက်သို့စိတ်တိုသွားသည့်ပုံစံဖြင့် လှည့်ကြည့်လိုက်ကြသည်။
ဒါရိုက်တာချန်း၏မျက်နှာသည် နီရဲသွားပြီး "ရပ်ပြီး အစကနေပြန်လုပ်မယ်ဟေ့"
ထို့နောက် သူသည် ထောင်မုအား ဒေါသတကြီးဖြင့်လှည့်ကြည့်လိုက်ပြီး "ငါ့ကို စကားလုံး၀ လာမပြောနဲ့ ဒီမှာ တိုက်ရိုက်မိုက်ခရိုဖုန်း ရှိနေတယ်ဆိုတာ မင်းမသိဘူးလား?"
ထောင်မု ဘာမှမပြောပဲ ပြုံးနေခဲ့သည်။ ဒါရိုက်တာချန်းသည် ဒေါသထွက်သွားပြီး မင်းသားနှင့် မင်းသမီးကိုသာ ကြည့်နေလိုက်တော့သည်။
နာရီဝက်လောက်ကြာသည့်အခါ မင်းသားနှင့် မင်းသမီးတို့စကားပြောနေသည့် အခန်းသည်ပြီးသွားခဲ့သည်။ ထို့နောက် ထောင်မုနှင့် မင်းသမီး၏ လူစားထိုးတို့ အက်ရှင်အပိုင်းကို ရိုက်ကူးရန် အချိန်ကျရောက်ပြီဖြစ်သည်။ ချန်းပေါင်သုန့်သည် စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းကို လှည့်၍ ထောင်မုကို ကြည့်ခဲ့သည်။ ထောင်မုသည် အေးဆေးတည်ငြိမ်သော ပုံစံဖြင့် သရုပ်ဆောင်ရမည့်နေရာသို့လျှောက်သွားသည့်အခါ ကျားကန်အဖွဲ့မှ ချက်ချင်း ဝိုင်းရံလိုက်လေသည်။
လူအုပ်ကြီးတစ်ဖွဲ့မှ ထောင်မုကို ဝိုင်းကူ၍ ဝိုင်ယာကြိုးဝတ်စုံကို ၀တ်ဆင်ပေးကြသည်။ စတန့်ညှိနှိုင်းရေးမှူးသည် ရိုက်ကူးမည့် ဇာတ်လမ်းအကြောင်းကို ထောင်မုအား ရှင်းပြရန် ဇာတ်လမ်းဘုတ်ကိုလည်းယူခဲ့သည်။ ကောယန်နျဉ်အတွက် လူစားထိုးအဖြစ် သရုပ်ဆောင်မည့် မိန်းကလေးသည် ပြုံးပြပြီး ထောင်မုအနားတွင် ရပ်နေလေသည်။ သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို လိုက်မိပြီး "အဆင်ပြေသလိုသာလုပ်လိုက်ပါ၊ ကျွန်မအတွက် ကိစ္စမရှိပါဘူး" ဟု ပြုံးပြီး ပြောလိုက်သည်။
ထောင်မုသည် ထိုစကားကို မည်သို့ တုန့်ပြန်ရမည်ကို မသိပေ။ ဝိုင်ယာကြိုးဝတ်စုံကို ကူ၀တ်ပေးနေသည့် လူကြီးများသည် ရယ်လိုက်ကြပြီး "ရုပ်ချောတဲ့ ကောင်လေးကို ဆက်ဆံတာကျ တစ်မျိုးပါလားဟေ့"
အမျိုးသမီးငယ်၏ ခန္ဓာကိုယ်သည် နှစ်ဆ နီရဲသွားခဲ့သည်။ ဒါရိုက်တာချန်း နောက်မှာ ရပ်နေသည့် ဝမ်ပေါ်ယွမ်သည် ဘာမှမပြောပဲ မော်နီတာကိုသာ ကြည့်နေခဲ့သည်။ သူသည် ထောင်မုမှ စတော့ဈေးကွက်တွင် အကျိုးအမြတ်ရခဲ့သည့်အကြောင်းကိုသာ တွေးနေသည်။
ချန်းပေါင်သုန့်သည် ဆိတ်ဆိတ်နေခဲသော သူ့အဖော်ဟောင်းကို ထူးဆန်းစွာ ကြည့်နေလေသည်။ သူသည် မျက်မှောင်ကြုတ်ပြီး "ဘာတွေ တွေးနေတာလဲ?" ဟု လေးလေးနက်နက် မေးသည်။
"ဘာမှမဟုတ်ပါဘူး" ဝမ်ပေါ်ယွမ် သူ့ကိုယ်သူ သတိပြန်၀င်ပြီး မော်နီတာရှိ ထောင်မု၏ရုပ်ပုံကိုသာ စိုက်ကြည့်နေလိုက်သည်။
ထောင်မုသည် ကောင်းကင်ကို ဖြိုခွင်းရလောက်အောင် ချောမောလှပသည့် သူ၏ သွက်လက်ချောမွေ့သောကိုယ်ခံပညာလှုပ်ရှားမှုများကြောင့်အဖွဲ့သားများကြားတွင် လူသိများသည်။ အပိုဇာတ်ကောင်အဖွဲ့၏ အပိုင်းအခြားပြဿနာကို ဖြေရှင်းပြီးနောက် ထောင်မု၏ အက်ရှင်ဇာတ်ဝင်ခန်းသည် ပထမအကြိမ်ရိုက်ကူးခြင်းတွင်ပင် ပြီးဆုံးသွားခဲ့သည်။ သူ၏ အနေအထားနှင့်လှုပ်ရှားမှုများသည် အလွန်တိကျပြီး လှပသောကြောင့် ချန်းပေါင်သုန့်သည် ထောင်မု၏ သရုပ်ဆောင်စွမ်းရည်သည် ဝမ်ပေါ်ယွမ်ထက်တောင် ပိုကောင်းသည်ဟု ထင်ယောင်ထင်မှားဖြစ်စေခဲ့သည်။
ဒါပေမယ့် ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ဝမ်ပေါ်ယွမ်သည် ရွှေကျီးဆုကို ဦးစွာ ရရှိခဲ့သည့် မင်းသားတစ်ဦးဖြစ်ပြီး ထောင်မုသည် ပရော်ဖက်ရှင်နယ် လေ့ကျင့်မှုများမရှိသေးသည့် လူသစ်တစ်ဦးသာ ဖြစ်သည်။ သူဘယ်လောက်ပဲ အရည်အချင်းရှိပါစေ ဒီလောက်ကြောက်စရာကောင်းတဲ့ အမြင့်ကို မရောက်သင့်ပါဘူး။ မဟုတ်ရင်…
ချန်းပေါင်သုန့်သည် အချိန်အတော်ကြာ စဉ်းစားနေခဲ့ပြီး အပိုအခန်းများ ရိုက်ရန်ကျန်သော ထောင်မုကို လှမ်းခေါ်၍ အရင်ကမေးခဲ့ဖူးသည့် အကြောင်းကိုသာ ပြန်လည်မေးမြန်းခဲ့သည်"ငါပြောတဲ့ ယန်ရှန်းကို မင်းတကယ်မသိဘူးလား?"
ထောင်မု၏ မျက်နှာပေါ်တွင် ဘာအမူအရာမှ မရှိဘဲ "ကျွန်တော် မသိဘူး"
ထောင်မု၏ လှုပ်ရှားမှုများကို လိုက်ကြည့်နေသည့် ရှန်းယွီသည် ချက်ချင်းပင် "မင်းသားယန်ရှန်း အကြောင်း ပြောနေတာလား? သူကကျွန်တော့်ရဲ့ အိုင်ဒေါ လေ"
"ဟုတ်တယ် သူပဲ" ရိုက်ကူးရေးတွင် အမြဲအာဏာရှင်လို ပြုမူနေသည့် ချန်းပေါင်သုန့်သည် ရှန်းယွီအား ကြင်နာစွာဖြင့် ပြောခဲ့သည်- "ထောင်မု သရုပ်ဆောင်တဲ့ ပုံစံက ယန်ရှန်းနဲ့ အရမ်းဆင်တူတယ်လို့ ငါထင်တယ်"
ချန်းပေါင်သုန့် သည် ထောင်မု ကို မျက်လုံးထောင့်ကနေ စိုက်ကြည့်ရင်း စကားပြောနေသည်။ ယန်ရှန်းကို တခြားသူများမှ တဖွဖွပြောနေသည့်အတွက် ထောင်မု မကြိုက်မှန်းသိသော်လည်း သူသည် ထိုမေးခွန်းကိုသာ ထပ်ခါထပ်ခါ မေးနေခဲ့သည်။ ရိုက်နှက်သင့်သည့်သူနှင့် ထိုက်တန်သည့် အပြစ်ပေးရာတွင် သူသည် ကြယ်ဆယ်ပွင့်အဆင့်ရှိသူဖြစ်သည်။ "ကျောက်ကပ်ချို့တဲ့ခြင်း" နှင့်ပတ်သတ်၍ သူသည် ထောင်မုကို လက်စားချေရန်ဖြစ်သည်။
ဒါ့အပြင် ချန်းပေါင်သုန့် သည်လည်း ထိုအကြောင်းကို သိချင်လှပါသည်။
ထောင်မု မျက်မှောင်ကြုတ်လိုက်သည်။ ချန်းပေါင်သုန့်၏ ပုံစံသည် အမှန်တကယ်ပင် သိချင်နေသည့်ပုံပေါ်သော်လည်း သူ ယန်ရှန်းနှင့် တူရသည့် အကြောင်းရင်းမှာ အရင်ဘ၀တွင် ခုနစ်နှစ်/ရှစ်နှစ်ကြာအောင် အဲဒီခွေး** ၏ ဖိနှိပ်ခြင်းခံခဲ့ရသည် ဆိုသည့်အကြောင်းကို မပြောချင်ပါ။ ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း ထိုခွေး**သည် သူ၏သရုပ်ဆောင်စွမ်းရည်အားလုံးကိုဖိနှိပ်ထားရုံမှတပါး မည်သည့်အရာကိုမျှ မလုပ်ခဲ့ပေ။ ရှန်းယွီကို လက်စားချေဖို့ လုပ်သည့်အကြောင်းပြောခဲ့သည့်အချိန်တွင် သူ့ကိုပင် ဒေါသထွက်နေခဲ့သေးသည်...
ဤအဖြစ်အပျက်များကို တွေးလိုက်တိုင်း ထောင်မုသည် အမြဲဒေါသထွက်နေရသည်။ အရင်ဘဝတွင် ပြီးပြည့်စုံသည့်အဆင့်အထိ သူ၏ သရုပ်ဆောင်စွမ်းရည်ကို မြှင့်တင်နိုင်ခဲ့ခြင်းသည် အဲ့ဒီခွေး**၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။ ယန်ရှန်းသည် သူ့ကိုအလွန်အမင်း အနိုင်ကျင့်ခဲ့သည့်အတွက် ထောင်မုသည် အမှောင်ခန်းထဲတွင် ယန်ရှန်းအား အနိုင်ယူရန်အတွက် မှန်ရှေ့တွင် သူ့ပုံစံကဲ့သို့ အတုယူ၍ လေ့ကျင့်ခဲ့သည်။ နောက်ဆုံးတွင် သူသည် " ရွှေကျီး" ဆုကိုလက်ခံရရှိခဲ့ပြီး ယန်ရှန်းကို အနိုင်ယူနိုင်ခဲ့သည်။
ကံမကောင်းစွာပင် ထိုဆုသည် သူ၏ သရုပ်ဆောင်အလုပ်အတွက် နောက်ဆုံးလက်ခံရရှိခဲ့သည့် ဆုပင်ဖြစ်သည်။ ဆုပေးပွဲအခမ်းအနားတွင် ထောင်မုသည် ယန်ရှန်းကို ရှန်းယွီ၏stalkerဟု ကျိန်ဆဲခဲ့ပြီး ရှန်းယွီကို သူ့အသိုက်အား သိမ်းပိုက်ခဲ့သည့်အတွက် အရှက်ကင်းမဲ့သော ခွေးကလေးဟု ခေါ်ဆိုလိုက်ခြင်းကြောင့်ပင်။ ထိုအခါနှစ်ယောက်စလုံး၏ ပရိသတ်များနှင့် ရှန်းယွီကို အထင်ကြီးလေးစားသူများသည် ဒေါသထွက်သွားတော့သည်။ ဆုပေးပွဲအပြီးတွင် ရှန်းယွီကို အထင်ကြီးလေးစားသူများသည် ထောင်မုအား ဖျော်ဖြေရေးအသိုင်းအဝိုင်းမှ နှင်ထုတ်ခဲ့သည်။ ယန်ရှန်း ဦးဆောင်မှုဖြင့် ၎င်းတို့သည် အွန်လိုင်းစျေးကွက်ရှာဖွေရေးအကောင့်များနှင့်အဓိကမီဒီယာများကို ဝယ်ယူ၍ ထောင်မု၏ နာမည်ပျက်သမိုင်းကို အင်တာနက်ပေါ်တွင် အဆက်မပြတ်ဖြန့်ကျက်ခဲ့ကြသည်။ ထောင်မုသည် ထိုကိစ္စကို မကိုင်တွယ်နိုင်ခဲ့ပေ။ နှစ်ဘက်စလုံးသည် အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီး အခြားတပ်ဖွဲ့များကလည်း ဒုက္ခရောက်နေသော ရေပြင်တွင် ငါးဖမ်းရန်အခွင့်အရေးယူခဲ့ကြသည် (TN- ကိုယ်ပိုင်အမြတ်အစွန်းအတွက် အကျပ်အတည်းကို အခွင့်ကောင်းယူ)။ ဤကဲ့သို့ အပြိုင်အဆိုင်လုပ်‌ ဆောင်မှုများကြောင့်သည် ထောင်မု၏သတင်းသည် ဖျော်ဖြေရေးနယ်ပယ်တွင်မီးခိုးမြူများကဲ့သို့ ပြန့်နှံ့သွားခဲ့ပြီး နောက်ဆုံးတွင် နာမည်ပျက် အနုပညာရှင်အဖြစ် သတ်မှတ်ရန် CFA (China Film Administration)သို့ တိုင်ကြားခဲ့သည်။
ထောင်မုသည် ဤမျှလေးနက်သောမုန်းတီးမှုကို မလိုလားပါ။ သေချာသည်မှာ အဲ့ဒါကို ရှင်းပြဖို့ နည်းလမ်းမရှိခဲ့ပါ။ သို့ပေမယ့် ချန်းပေါင်သုန့်သည် အောက်ခြေအထိ အနယ်ထိုင်နေသော အဖြစ်အပျက်ကို နှိုးဆွခဲ့သည်။ ရိုက်နှက်ကြိမ်းမောင်းခြင်း မပြုနိုင်သည့် ကြီးမားသောဆိုးသွမ်းသော ကလေးနှင့် ရင်ဆိုင်ရသောအခါတွင် ထောင်မုကဲ့သို့ ငြိမ်သက်နေသူတစ်ဦးပင်လျှင်အနည်းငယ် စိတ်မရှည်တော့ပေ။
"ဒါရိုက်တာချန်း!" ထောင်မု တည်ငြိမ်စွာဖြင့် ပြောခဲ့သည်- "ဒီရက်ပိုင်း အဖွဲ့သားအဖြစ် ၀င်လာတဲ့အချိန်မှာ ဆရာ့ရဲ့ ဂရုတစိုက် လမ်းညွှန်မှုတွေကြောင့်အခု ကျွန်တော့်မှာ ရုပ်ရှင်ရိုက်တာနဲ့ ပတ်သတ်ပြီး နည်းနည်းပါးပါး နားလည်နေပါပြီ။ ဒါကြောင့်မလို့ဆရာစိတ်၀င်စားတယ်ဆိုရင် ကျွန်တော် တွေးမိတာလေးတွေကို ပြောပြချင်ပါတယ်"
"အိုး?" ချန်းပေါင်သုန့် စိတ်ဝင်စားလာပြီး ထောင်မုကို အပြုံးတစ်ဝက်ဖြင့် ကြည့်လိုက်သည် "ဒါဆို ငါ့ကိုပြောပါအုံး" အထက်တန်းပြီးခါစကျောင်းသားလေး ထောင်မု၏အမြင်ကို အမှန်တကယ်သိချင်ခဲ့သည်။
"ကောင်းပါပြီ။" ထောင်မု ခေါင်းညိတ်လိုက်သည်။သူ၏ယခင်ဘဝက "ကျန်းဟူဆီသို့" ကိုကြည့်ရှုပြီးနောက် ၎င်း၏ကိုယ်ပိုင်ထင်ဟပ်ချက်များ၊ အပတ်စဉ်ထုတ်မဂ္ဂဇင်းကြီးများနှင့် ရုပ်ရှင်ဝေဖန်ရေးဆရာကြီးများရေးသားထားသော ပရော်ဖက်ရှင်နယ်ရုပ်ရှင်သုံးသပ်ချက်များကို ပေါင်းစပ်၍ သုံးပုံတွင် နှစ်ပုံအထိရိုက်ကူးပြီးစီးခဲ့ရာတွင် လိုအပ်သည့်အချက်များကို ပြောကြားခဲ့သည်။ နောက်ဆုံးအပိုင်းမှာ ချန်းပေါင်သုန့် မရိုက်ကူးရသေးသည့် အပိုင်းဖြစ်သည်။ ထောင်မု၏ အမြင်သည် ထက်မြက်ပြီး စူးရှသည်။
ချန်းပေါင်သုန့်သည် ထောင်မု၏ သရုပ်ဆောင်စွမ်းရည်ကို ကောင်းသည်ဟု ပြောသော်လည်း ထောင်မုကို သိပ်အလေးအနက်မထားခဲ့ပေ။ ယခုမူ သူ့မျက်နှာကို "ဖြန်း ဖြန်း ဖြန်း" ဟူ၍ ဆက်တိုက် ပါးရိုက်ခံလိုက်ရသလိုပါပင်။
သူသည် ထောင်မုကို အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက်တွင် ဒေါသတကြီးနှင့် အော်ပြောခဲ့သည်"ဟုတ်တယ်၊ ငါ မင်းပြောတာတွေကို လုံး၀မတွေးခဲ့မိဖူး၊ မင်းက တကယ်ကိုပညာတွေ လျှိုထားတဲ့ ပညာရှိတစ်ယောက်ပါ!”
ယုန်ဖြူလေးလို တချိန်လုံး ပြုမူနေခဲ့သော်လည်းဒေါသဖြစ်သည့်အခါ ပြန်ကိုက်မည့်အစား အလုပ်မှာ မင်းလုပ်ခဲ့မိသည့် အမှားများကိုသာ "ဆွေးနွေး" လိုက်ရုံပါပဲ။ မင်းကို ဒေါသထွက်စေပေမယ့် သူ့ဝေဖန်ချက်များသည်ကျိုးကြောင်းဆီလျော်သည့်အတွက် မင်းရဲ့ဒေါသကို ထုတ်ဖော်ပြလို့ ရလိမ့်မည် မဟုတ်ပေ။ သူ့ကို ကျိုးကြောင်းဆီလျော်မှုမရှိပဲ တမင်တကာ ထိပ်တိုက်ရင်ဆိုင်သူဟု တံဆိပ်ကပ်ခိုင်းရပါလိမ့်မည်။
ပိုရိုးသားပြီး နှိမ့်ချသောလေသံဖြင့်ဒါရိုက်တာချန်း ကိုကြည့်ရင်း "ဒါက ကျွန်တော့်ကို ကောင်းကောင်းသင်ပြပေးခဲ့တဲ့ ဒါရိုက်တာချန်း ကြောင့်ပါပဲ"
ချန်းပေါင်သုန့် : "....." မဟုတ်ဘူး၊ မဟုတ်ဘူး!"
***

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now