အိမ်သစ်

1.7K 282 9
                                    

[Unicode]
(T/N- ဒီကနေပြီး ဘုန်းတော်ကြီးထောင်မဟုတ်ဘဲ ကျောင်းအုပ်ထောင်(အမျိုးသမီးကြီး)  ဖြစ်သွားပါပြီ။ eng tranမှာ ပြောင်းသွားလို့ပါ)

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၃၀ ။ အိမ်သစ်

လေယာဉ်သည် နှစ်နာရီကြာ ပျံသန်းခဲ့ပြီးနောက်ဆုံးတွင် မြို့တော်လေဆိပ်သို့ ရောက်ရှိခဲ့သည်။
ထောင်မု နှင့် အခြားသူများသည် လေဆိပ်မှထွက်လာပြီး ခေါင်းကို မော့၍ လက်မြှောက်ကာ "ဟေးးးး!" ဟုအော်ဟစ်လိုက်ကြသည်။
"မြူလည်းမရှိဘူး!"
"မြို့တော်ရဲ့ ရာသီဥတုက အရမ်းကောင်းတာပဲ!"
ယွင်ရိ ပြုံးလိုက်ပြီး ထောင်မုကို "မင်းတို့ အိမ်ကို ဘယ်လိုပြန်ကြမလဲ? "
စကားမဆုံးခင်မှာပင် အော်သံတစ်ခုကျယ်လောင်စွာ ထွက်ပေါ်လာသည်။ "မုမုမုကော!!!" ရှေ့မှ‌အော်ခေါ်ခြင်းဖြစ်သည်။ အားလုံးသည် အသံလာသည့်ဖက်ကို ကြည့်လိုက်သောအခါ မည်းမှောင်ပြီး ပိန်ပိန်ပါးပါးရှိသော ကလေးလေးတစ်ယောက်သည် အနက်ရောင်ခြာရိုကီကားကြီးတစ်စင်းရှေ့တွင် ရပ်နေပြီး ထောင်မုကို စိတ်လှုပ်ရှားစွာဖြင့် ဝှေ့ယမ်းပြနေသည်ကို တွေ့လိုက်ရသည်။ သူ့နောက်တွင် အရွယ်ရောက်ပြီးသူ နှစ်ယောက်—တစ်ဦးမှာရုပ်ရည်ချောမော၍ နူးညံ့သိမ်မွေ့ပြီး နောက်တစ်ဦးမှာ ထူထဲသော မျက်ခုံးမွှေးနှင့် ကြံ့ခိုင်သောပုံစံရှိသည်။
"မုမုမုကော၊ မင်း၊ မင်း၊ မင်း နောက်ဆုံး ပြန်လာပြီ။ ငါ မင်းကို အရမ်းလွမ်းတယ် " ပိန်ပိန်ပါးပါးကလေးသည် မျောက်တစ်ကောင်လို ထောင်မုကို ခုန်ဖက်ပြီး ထောင်မု၏ ခရီးဆောင်အိတ်ကိုလှမ်းယူလိုက်သည်။ "ဘယ်တုန်းကသွားတာလဲ? ဘာလို့ ငါ့ကို မ‌ခေါ်တာလဲ? အဲဒါတွေယူသွား၊ ဒီနှစ်ယောက်ကို ခေါ်သွားတာ ဘာအသုံးဝင်မှာ မို့လို့လဲ? သူတို့သာ မုကောကို ဒုက္ခမပေး ပေး ပေးရင် နံ့သာပေါင်းကို မီးရှို့ ရှို့ ရှို့ပြီး မြတ်စွာဘုရားကို ရှိခိုးလိုက်ဦးမယ်။"
"အိုက်ယိုး၊ ဟေး ငါပြောမယ် စကားထစ်နေတဲ့နတ်ဆိုးလေး ဖုန်းယွင် မင်းဘယ်လိုတောင်ပြောရက်ရတာလဲ? ငါ မင်းကို ဝက်သားပုခုံးကြီးနဲ့ ကြက်ခြေထောက်ကြော်တွေကို ကျွေးခဲ့တယ်မဟုတ်ဖူးလား? မင်းရဲ့ အစ်ကိုတမောက်ကို ဘာလို့အဲ့လို ကြည့်ရက်ရတာလဲ?"
"ပြီးတော့ မင်းအစ်ကိုရှောင်ဖန်းရောပဲ။" ရှောင်ဖန်းကပါ ဆက်ပြောလိုက်သည်။
ဖုန်းယွင်သည် အော်ဟစ်လိုက်ပြီး သူ့အစ်ကို ထောင်မုကို ပွေ့ဖက်ထားကာ "ဒါ ဒါက မတူ မတူဖူး။ မင်း မင်း မင်းဘယ်လောက်ပဲ ငါ့ကိုမုန့်ကျွေးပါစေ မင်းငါ့ကို မုကော ရှေ့မှာ အမှန်တရားကို မပြောဖို့ တားလို့မရဖူး။"
"မင်းရဲ့မုကောက အရမ်းကံကောင်းတာပဲ၊ နှစ်အကြာကြီးခင်လာတဲ့ ငါတို့ရဲ့အချစ်တွေအားလုံးတောင် ပြိုင်လို့မရပါလား" ရှောင်ဖန်းသည် ဖုန်းယွင်ပုံစံအတိုင်း တမင်တကာ ပြောဆိုခဲ့သည်။ ကလေးသည် သူ့လည်ပင်းကို ဖက်ပြီး သူ့အစ်ကို ရှောင်ဖန်းကို ခေါင်းမာစွာဖြင့်ပြောလိုက်သည် "မင်း၊ မင်း ငါ့လို လိုက်မပြောနဲ့!"
"ဘာလို့လဲ၊ ဘာဖြစ်လို့လဲ၊ ဟမ်?" ရှောင်ဖန်းသည် တစ်ဖက်သားကို စရင်း ရယ်မောနေခဲ့သည်။
ဖုန်းယွင်သည် အရမ်းစိတ်ပူစွာဖြင့် ပြောလိုက်သည်- " ဘုန်း ဘုန်း ကျောင်းအုပ်ထောင်ကပြောတယ် ငါ့လိုပြောရင် လူတွေကို စကားထစ်စေတယ် ပြောင်းလဲ လဲ လဲလို့မရဖူး။"
"မပြောင်းနိုင်ဘူး ဟုတ်လား?" ရှောင်ဖန်းသည် ဖုန်းယွင်ကို ကြည့်ပြီး ရယ်နေခဲ့သည်"အဲ့ဒါက ပြောရတာခက်နေတာလား?"
ဖုန်းယွင်သည် ရှောင်ဖန်းကို မျက်စောင်းထိုးပြီး ထောင်မုအနားမှာ ရပ်လိုက်ပြီး သူ့ပါးစပ်ကို တင်းတင်းကြပ်ကြပ်ဖိကာ အသံတိတ်သွားတော့သည်။
ထောင်မု ရယ်မောပြီး ဖုန်းယွင်၏ ခေါင်းလေးကို ပွတ်လိုက်သည် "မင်းအစ်ကိုဖန်းဇီက မင်းကိုစနေတာ။ ငါ မင်းအတွက် လက်ဆောင်တွေ အများကြီးဝယ်ခဲ့တယ်၊ အစ်ကို့ကို ဒီပစ္စည်းတွေကို ကားပေါ်ကူတင်ပေးပါအုံး။"
"အင်း၊ ကူပေးမယ်!" ဖုန်းယွင် ဝမ်းသာအားရနှင့် သဘောတူလိုက်သည်။ နောက်ထပ် ဘာမှမပြောဘဲ သူသည် ခရီးဆောင်အိတ်နှင့်အတူ ကားဆီသို့ ချက်ချင်းပြေးသွားခဲ့သည်။ ထောင်မုသည် လျှို့ယောင်နှင့် မုံ့ချီထံသို့ လျှောက်သွားပြီး အားနာနေသည့် လေသံဖြင့် ခေါ်လိုက်သည် "အစ်ကိုယောင်၊ အစ်ကို ရှောင်ချီ။"
"ပြန်လာတာ ကောင်းတယ်။" မုံ့ချီသည် သူ့လက်ကိုဆန့်တန်းပြီး ထောင်မု၏ပုခုံးကို ပုတ်လိုက်ကာ "ဗိုက်ဆာနေပြီလား? ဦးလေးစုန့်က အိမ်မှာ စားဖို့လုပ်ထားပြီးပြီ။ ငါတို့ အဲ့ဒီကိုလိုက်ပို့ပေးမယ်"
ထောင်မု အနည်းငယ် အံ့သြသွားသည်။ လျှို့ယောင်၊ မုံ့ချီနှင့် အဖိုးအိုတို့သည် သူ့ကို ကောင်းမွန်စွာ ဆက်ဆံကြသော်လည်း သူတို့အချင်းချင်း သဘောမကျကြပေ။ အဖိုးအိုသည် လျှို့ယောင်နှင့် သူ၏လူများသည် လူဆိုးဂိုဏ်းများ သို့မဟုတ် "ထိုကဲ့သို့သောလူများ" ဖြစ်သည်ဟု ထင်မြင်ခဲ့သည်။ ပြီးလျှင် ကလပ်ထဲတွင် မိတ်ကပ်ထူထူလိမ်းထားသည့် မိန်းမလျာများရှိသောကြောင့် ထိုအရာများသည် ထောင်မုကို လွှမ်းမိုးသွားမည်ကို သူ ကြောက်နေခဲ့သည်။ လျှို့ယောင်သည် အဖိုးအို၏ လက်ပေါက်ကပ်မှုနှင့် ရှေးရိုးဆန်သောနည်းလမ်းများကို မကြိုက်ပါ။ နှစ်ယောက်တွေ့သည့်အခါတိုင်း ရန်ဖြစ်ကြသည်။
ဒါပေမယ့် ဒီနေ့က ဘာနေ့မို့လို့လဲ?
လျှို့ယောင်သည် သူ့လက်နှစ်ဖက်ကိုပိုက်၍ နှာမှုတ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ ထောင်မုကို လျစ်လျူရှုထားလိုက်သည်။
ထို့ကြောင့် ထောင်မုသည် အစ်ကိုယောင် ရှေ့သို့ သွားလိုက်ပြီး လျှို့ယောင်ကို သနားစွာဖြင့် ကြည့်လိုက်သည်။ သူသည် တိုးညှင်းစွာဖြင့် ပြောလိုက်သည်- "အစ်ကိုယောင်....."
လျှို့ယောင်သည် ထပ်ပြီး နှာမှုတ်ရန်ပြုလုပ်သောအခါ သူ့လေသံမဆုံးခင်မှာပင် သူ့ကို မုံ့ချီက "ရပ်လိုက်ဖို့ ငါပြောပြီးသားနော်! ကလေးကိုငိုအောင်လုပ်ရင် မင်းကို ထိုးပစ်လိုက်မယ်။"
လျှို့ယောင်သည် ထောင်မုကိုကြည့်ကာ "ကားပေါ်တက်!"
လျှို့ယောင်၏အသံသည် အလွန်နက်ရှိုင်းပြီး စူးရှသည်။ သူ၏ အသံအမျိုးအစားသည် နောက်ပိုင်းနှစ်များတွင် ပေါ်လာမည့်ဘေ့စ်အသံအမျိုးအစားဖြစ်သည်။ သူစိတ်တိုနေသည့်အခါ သူ့အသံသည် ရင်ဘတ်ထဲမှ ပဲ့တင်ထပ်ထွက်လာပြီး ထိုအသံကိုကြားရသည့် လူတိုင်းသည် ထိတ်လန့်သွားကြပေမည်။ လျှို့ယောင် ၏ မရယ်မပြုံးသော မျက်နှာနှင့် စကားများ တပွက်ပွက်ပြောလာသည်ကို တွေ့လျှင် ကလပ်မှ လူတိုင်းသည် ကြောက်လန့်သွားကြသည်။
သို့သော် ထောင်မုသည် မကြောက်ပါ။ အဘယ့်ကြောင့်ဆိုသော် သူ၏အရင်ဘဝတွင် သနားစရာကောင်းစွာဖြင့် ထောင့်တစ်နေရာသို့ တွန်းပို့ခံရပြီး အင်တာနက်တစ်ခုလုံးမှ ကျိန်ဆဲခံရသောအခါ လျှို့ယောင်သည် သူ့အတွက် ရပ်တည်ရန် ဤအသံကို အသုံးပြုခဲ့သည်။ နောက်ပိုင်းတွင် သူသည် ထောင်မုနှင့် ဆက်နွယ်မိသည့်အတွက် ရှန်းယွီကို အထင်ကြီးလေးစားသူများသည် သူ့အားပေကျင်းတွင် မနေထိုင်နိုင်စေရန် တွန်းအားပေးခဲ့သည်။ သူထွက်သွားသောအခါတွင် သူသည် သူ့ကို နှစ်သိမ့်ရန် ဤအသံကိုအသုံးပြုခဲ့သည်။
ထို့ကြောင့် ထောင်မုသည် ဤအသံကိုကြားသောအခါ လုံခြုံကာ သက်တောင့်သက်သာရှိသလို ခံစားရသည်။ မိဘများ၏ ကာကွယ်ပေးခြင်းခံရသည့် ကလေးလေးတစ်ယောက်လိုပါပင်။ အပြင်တွင် မည်မျှပင် ဒုက္ခရောက်ခဲ့ရပြီး အမှားအယွင်းများကြုံလာရပါစေ အိမ်တွင် သူ့မိသားစုသည် သူ့ဘက်တွင် အမြဲရှိနေမည်ဟုယုံကြည်သည်။
"အစ်ကိုယောင်၊ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့။" ထောင်မုသည် အစ်ကိုယောင်၏သန်မာသည့်ခါးကို ဖက်ပြီး နူးညံ့စွာဖြင့်ပြောလိုက်သည် "ကျွန်တော်မှားမှန်း ငါသိပါတယ်"
"တိတ်စမ်း! ဒီလို ချွဲတတ်အောင် မင်းကိုဘယ်သူသင်ပေးလိုက်တာလဲ? မင်း ကြောင်သေးနှစ်စက်ပါ ထွက်လာအောင် လုပ်မလို့လား? (TN: မျက်ရည်၏ ဗန်းစကားမှာ ကြောင်သေးဖြစ်သည်။)" လျှို့ယောင်သည် စိတ်မရှည်စွာဖြင့် မျက်လုံးကို မှိတ်ထားသော်လည်း ထောင်မု၏ ခေါင်းပေါ်သို့ သူ့လက်ကြီးကို တင်လိုက်ပြီး "ကားပေါ်မြန်မြန်တက်။ တစ်အိမ်လုံးက မင်းကိုစောင့်နေတယ် ဒါမှ ငါတို့စားလို့ရမှာ!"
ရှင်းရှင်းလင်းလင်းပြောရလျှင် ဤစကားသည် ထောင်မု၏ နှလုံးသားထဲသို့ စွဲထင်သွားစေသည်။ ထောင်မုသည် မျက်လုံးများပူလာပြီး သူ့အစ်ကိုယောင်၏ လက်များကို ချက်ခြင်းလွှတ်လိုက်ပြီး "အစ်ကို ကျွန်တော့်ကိုခဏစောင့်ပေးပါဦး။ ကျွန်တော် သွားနှုတ်ဆက်စရာလေးရှိလို့"
ထောင်မုသည် ဤစကားကို ပြောပြီးသည်နှင့် သူသည်ရှည်လျားသော ခြေလှမ်းဖြင့် ယွင်မိသားစုဆီသို့လျှောက်လှမ်းကာ H မြို့တွင် ရှိစဉ်နှင့် မတူပဲ ပျော်ရွှင်နေသည့် အမူအရာဖြင့် "ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် ကျွန်တော် ဦးလေးတို့နဲ့ မလိုက်တော့ဘူး။ ကျွန်တော့်မိသားစုက ကျွန်တော့်ကို လာကြိုနေပြီလေ။"
ယွင်မိသားစုမှလူတိုင်းသည် အလွန်ရက်စက်သော ပုံစံရှိသည့် လျှို့ယောင်ကိုကြည့်လိုက်ပြီး လမ်းသွားလမ်းလာအားလုံး၏အကြည့်များကို စွဲဆောင်ထားသော မုံ့ချီကိုကြည့်ကာ အားလုံးနားလည်သွားကြသည်။ ယွင်ရိသည် ပြုံးပြီး "ဂရုစိုက်သွားနော်၊ နောက်မှ ဆက်သွယ်လိုက်ပါ့မယ်"
ယွင်သော်သည် မေမေယွင်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး "ရှောင်မုကော၊ ငါ့ကို ဖုန်းခေါ်ဖို့ မမေ့နဲ့နော်" လို့ တွန့်ဆုတ်စွာ ပြောလိုက်သည်။
သူမပြောပြီးသည်နှင့် ထိုအရာမှာ မဖြစ်နိုင်သည့်အတွက် သူမသည် တစ်မျိုးပြောင်းပြောခဲ့သည် " ငါ မင်းကိုဖုန်းဆက်ရင် ကိုင်ရမယ်‌နော်။ ငါဖုန်းခေါ်လိုက်မှ ပါဝါကုန်ခါနီးနေပြီလို့ မပြောနဲ့နော်!!!"
ထောင်မုသည် ဘာပြောရမှန်းပင်မသိပါ။ သူမဖုန်းဆက်လာသည့်အခါတိုင်း သူ့ပါးစပ်မှထွက်လာသည့် ပထမဆုံးစကားသည် "မင်းပြောစရာရှိရင် မြန်မြန်ပြော၊ ငါ့ဖုန်းဘက်ထရီကုန်တော့မယ်" သူမနှင့်စကားပြောရသည်ကို မကြိုက်သောကြောင့် အချိန်တိုင်း ဤအကြောင်းပြချက်ကို အမြဲသုံးခဲ့သည်။
ထောင်မုသည် ဟန်ဆောင်ခြင်းမရှိဘဲ ယွင်ရှင်းကျန်းနှင့်သူ၏ဇနီးကို ခေါင်းညိတ်လိုက်ပြီး "နှုတ်ဆက်ပါတယ် ဦးလေးနဲ့အဒေါ်ယွင်"
သူသည် ရွှေပေါင်ကြီးကိုလည်း တစ်ချက်ကြည့်လိုက်ပြီး "နှုတ်ဆက်ပါတယ် အစ်ကိုယွင်"
ယွင်မိသားစုမှလူတိုင်းသည် ထောင်မုမှ ခြာရိုကီကားကြီးပေါ်သို့ တက်သွားသည်အထိ ရွှင်လန်းစွာဖြင့်ကြည့်နေကြပြီး ကလေးသည် အများကြီးငယ်သေးကြောင်း ရုတ်တရက် ခံစားလိုက်ရသည် — နောက်ဆုံးတွင်သူသည် အသက်ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်သာရှိသေးသည်။
တစ်ဖက်တွင် လျှို့ယောင်သည် ထောင်မုမှ ယွင်မိသားစုဆီသို့ လျှောက်သွားသည်ကို ကြည့်ရင်း မျက်နှာပျက်သွားသည်။ သူသည် တမောက်နှင့် ရှောင်ဖန်းကို မေးလိုက်သည် "ရှောင်မု H မြို့မှာနေတုန်းက အနိုင်ကျင့်ခံရသေးလား?"
တမောက်နှင့် ရှောင်ဖန်းတို့သည် လျှို့ယောင်ကို အနည်းငယ်ကြောက်ကြသည်။ ထိုစကားကိုကိုကြားရသည့်အခါ သူတို့စိတ်ထဲတွင် ထောင်မု၏ ပြင်းထန်သောသတိပေးသံကို ချက်ချင်းသတိရသွားသည်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ "ကျွန်တော်တို့ မုကောက ဘယ်လိုလုပ်ပြီး အနိုင်ကျင့်ခံရမှာလဲ? အဲ့ဒီကောင်တွေက တကယ်ဆိုးသွမ်းတယ်။ အစတုန်းကတော့ မုကောကို သဘောမကျကြဘူး။ ဒါပေမယ့် မုကောက ခဏအတွင်းမှာပဲ အဲ့ကောင်တွေကို အနိုင်ယူလိုက်တယ်…"
"ကောင်းပြီ!" လျှို့ယောင်သည် သူ့လက်ကို ဝှေ့ယမ်းကာ တမောက်နှင့် ရှောင်ဖန်းတို့၏ အလိမ်အညာများကို ရပ်တန့်ခိုင်းလိုက်သည် "ဒါကို အခုမပြောနဲ့တော့ ငါတို့ နောက်မှပြောမယ်"
လျှို့ယောင်သည် လျင်မြန်သောခြေလှမ်းများဖြင့် ပြန်ပြေးလာသော ထောင်မုကိုကြည့်ကာ အားလုံးကို ကားပေါ်တက်ခိုင်းလိုက်သည်။
ခြာရိုကီကားကြီးသည် လေဆိပ်မှ တောက်လျှောက်မောင်းလာပြီး အမြန်လမ်းမှဆင်းကာ ၃ကွင်းမြောက်လမ်းသို့ဖြတ်သွားသည်။ အံ့သြစရာမလိုအောင်ပင် သူတို့သည် ယာဉ်ကြောပိတ်ဆို့မှုနှင့် ကြုံခဲ့ရသည်။ ၃ကွင်းမြောက်လမ်း တစ်ခုလုံးသည် ကားရပ်နားရန်နေရာကဲ့သို့ ဖြစ်နေခဲ့သည်။ လျှို့ယောင်က နောက်ပြန်လှည့်မကြည့်ဘဲ "ကားထဲမှာ အဆာပြေမုန့်တွေရှိတယ်။"
တွဲဖက်ခုံတွင် ထိုင်နေသော မုံ့ချီသည် ပြုံးပြီး ခေါင်းကို လှည့်ကာ "မင်းရဲ့အစ်ကိုယောင်က လေဆိပ်ကို မလာခင်မှာ ငါတို့အတွက် ကလပ်ထဲက သရာစာထုတ်တွေအများကြီးယူလာတယ်။ အကုန်လုံးက ရှောင်မုရဲ့ အကြိုက်တွေချည်းပဲ။ ဒါပေမယ့် အများကြီးမစားကြနဲ့။ မဟုတ်ရင် ဦးလေးစုန့်က မင်းကို ထပ်ပြီးဆူလိမ့်မယ်"
ထိုစကားကိုကြားသောအခါ ထောင်မုသည် အံ့ဩသွားပြီး မုံ့ချီမှ ပီစတာချီယို၊ သင်္ဘောသဖန်းသီးများ၊ ပဲတောင့်ရှည်များနှင့် မြေပဲပြုတ်ထုပ်များကို သေတ္တာအသေးစားထဲမှ ဆွဲထုတ်နေသည်ကို ကြည့်လိုက်သည်။ ထောင်မု အရမ်းကြိုက်နှစ်သက်သော ထောင်ဟွားကိတ်မုန့်များနှင့် ပဲကိတ်များလည်း ပါလာခဲ့သည်။
သူ့လက်ကို ဆန့်တန်း၍ အစ်ကိုရှောင်ချီ၏ လက်ထဲမှ မုန့်များကို ယူလိုက်ပြီး ပြုံး၍ ကျေးဇူးတင်ခဲ့သည်။
လျှို့ယောင်သည် ယာဉ်ကြောပိတ်ဆို့မှုကြောင့် စိတ်တိုနေလေသည်။ သူသည် မှန်ပြတင်းပေါက်ကိုလျှောချလိုက်ပြီး စီးကရက်ကို မီးညှိကာ သူတို့မိသားစု၏ ခွေးပေါက်ကလေးအား မှန်ထဲမှ လှမ်းကြည့်လိုက်သည်။ ထောင်မုသည် သရေစာအိတ်များကိုကိုက်ဖြတ်ပြီးနောက် တမောက်၊ ရှောင်ဖန်းနှင့် ဖန်းယွင်တို့အား အဆာပြေစားစရာများကို ခွဲဝေပေးနေသည်ကို တွေ့လိုက်ရသည်။
ယခု အမူအရာများသည် ယခင်ကနှင့် မတူတော့ပေ။
မုံ့ချီသည် ပြုံးပြီး ထောင်မုကို "H မြို့မှာ ပျော်ခဲ့ကြလား? နာမည်ကြီးတွေကိုရော မြင်ခဲ့ကြလား?"
တမောက်နှင့် ရှောင်ဖန်းတို့သည် ထိုအကြောင်းကို အားပါးရပြောချင်သော်လည်း သူတို့ပါးစပ်မှ ထောင်မု ဒေါသဖြစ်စေမည့်အကြောင်း ပြောမိသွားမည်ကိုစိုးရိမ်နေကြသည်။ သူတို့ ပါးစပ်ကို မုန့်ဖြင့်သာ ပိတ်ထားလိုက်ကြသည်။
ထောင်မုသည် ပြုံးလိုက်ပြီး သူတို့နှစ်ယောက် H မြို့တွင် ပြဿနာရှာခဲ့ပုံများကို ပြောပြလိုက်သည်။ ပြန်ပြောပြနေစဉ်အတွင်း သူသည် အရောင်းအဝယ်စတော့များမှ ငွေမည်မျှရခဲ့သည်ကို လေးနက်စွာဖြင့် ပြောခဲ့သည်- "အစ်ကို ရှောင်ချီ၊ ကျွန်တော်အရမ်း မိုက်တယ်မလား? အစ်ကိုအဲ့ဒါကို သေချာစဉ်းစားကြည့်ပါ့လား? အစ်ကို့ရဲ့ငွေတွေကို ကျွန်တော့်ကို ကိုင်တွယ်ခွင့်ပေးပါ။ အစ်ကို့ကို ကျွန်တော်ကတိပေးပါတယ်။အနည်းဆုံးတစ်နှစ်ပဲရယ် အစ်ကို့ရဲ့ပိုက်ဆံတွေ ဆယ်ဆဖြစ်သွားစေရမယ်။ နောက်ပြီး ကိုင်တွယ်စရိတ်လည်း ပေးစရာမလိုပါဖူး!"
ထောင်မုသည် သူစကားပြောနေစဉ်တွင် သူ့အစ်ကိုယောင်ကိုလည်း ကြည့်နေခဲ့သည်။ အိုက်ယားယခုအခြေအနေသည် အပြင်မှာ အပျော်ရှာပြီးမိန်းမအပေါ် အပြစ်လုပ်မိသည်ကို ပြန်လည် တောင်းပန်နေရသလိုပါပင်။ သို့သော်သူသည် နည်းလမ်းကောင်းတစ်ခုမှ ရှာမတွေ့ခဲ့သောကြောင့် ဤနည်းလမ်းကိုသာ သုံးလိုက်ရသည်။
မုံ့ချီသည် ပေါ့ပေါ့ပါးပါးဖြင့် ရယ်လိုက်သည်။ သူသည် ထောင်မု၏ စကားကို အလေးအနက်မထားဘဲ ကလေးလိုချော့မော့ပြီး "အိုး၊ ငါတို့ မုမုက အရမ်းမမိုက်ဖူးလား?"
"လာ~" ထောင်မုသည် တွဲဖက်ခုံ၏ နောက်ခုံပေါ်တွင် လဲလျောင်းနေပါသည်။ သူသည် သွယ်လျသောလက်ညိုးကိုကွေးလိုက်ပြီး အစ်ကိုဖြစ်သူရှောင်ချီ၏ ဂရုတစိုက်ပြုလုပ်ထားသော ဆံပင်ကိုကုတ်ရင်း "ကျွန်တော်က အရမ်းမိုက်တာပါနော်။ အခုလက်ရှိ အစ်ကိုရှောင်ချီ သုံးနေတဲ့ဘဏ္ဍာရေးအကြံပေးထက်တောင် ပိုကောင်းသေးတယ်။ ဒါနဲ့ သူ အစ်ကို့ပိုက်ဆံတွေ ရှုံးအောင်လုပ်လိုက်သေးလား လုပ်ခဲ့လားလို့?"
"မလုပ်ပါဘူး" မုံ့ချီက "နှစ်လယ်လောက်မှာ မင်းရဲ့အစ်ကိုယောင်က အခြေအနေ သိပ်မကောင်းဘူးလို့ထင်လို့ စတော့ဈေးကွက်ထဲက ပိုက်ဆံတွေကို ထုတ်ပစ်လိုက်တယ်။"
ထောင်မုသည် သူ့အစ်ကိုယောင်ကို ချက်ချင်းပင်လက်မထောင်ပြပြီး မြှောက်ပင့်သည့် ပုံစံဖြင့် "အစ်ကိုယောင်က တကယ်ဉာဏ်ပြေးတာပဲ။"
"တော်စမ်းပါ။" ထောင်မု လှမ်းကြည့်နေသည်ကို မြင်သောအခါ လျှို့ယောင်သည် တစ်ဝက်ကျန်နေသည့် စီးကရက်ကို ဖယ်ထုတ်လိုက်သည်။ သူ့မျက်စိရှေ့တင် ကြီးလာသည့် ခွေးပေါက်ကလေးသည် ဆေးလိပ်သောက်တတ်နေပြီဆိုသည့် အကြောင်းကို လုံးဝမသိခဲ့ပေ။
ခြာရိုကီကားအကြီးကြီးသည် ကားရပ်နားရန်နေရာအဖြစ်သို့ ပြောင်းလဲသွားသော ၃ကွင်းမြောက်လမ်းတစ်လျှောက် ဖြတ်သွားကာ ဟို့ဟိုင်ရေကန်ဆီသို့ ဦးတည်သွားခဲ့သည်။ မိဘမဲ့ဂေဟာသို့ ရောက်သည့်အခါ နေ့လည် နှစ်နာရီကျော်နေပြီဖြစ်သည်။
ကျောင်းအုပ်ထောင်နှင့် မိဘမဲ့ကျောင်းရှိအခြားကလေးများသည် အဘိုးကြီးစုန့်၏ စားသောက်ဆိုင်လေးတွင် စောင့်နေကြသည်။ လူအုပ်ကြီးသည် ဗိုက်ဆာနေခဲ့သော်လည်း အစာစားရန်မ‌ပြောကြပေ။ ကားသံကြားသည့်အခါ စားသောက်ဆိုင်လေးထဲမှ ချက်ခြင်းထွက်လာကြသည်- "မုကော၊မုကော ပြန်လာပြီ~"
"စား~စား~"
ထောင်မုသည် တံခါးကိုတွန်းဖွင့်လိုက်ပြီး ကားပေါ်မှဆင်းကာ စားသောက်ဆိုင်ရှေ့တံခါးခုံအနောက်တွင်ရပ်နေသော အဘိုးကြီးစုန့်ကို ကြည့်လိုက်သည်။ မွန်းတည့်နေသည် ပြင်းထန်သည့်အတွက်အရာဝတ္ထုများကို မှုန်ဝါးဝါးသာ မြင်ရသည်။ ထောင်မုက မှင်သက်စွာဖြင့် ကြည့်လိုက်ပြီး နှုတ်ဆက်ရန်ပြင်လိုက်သည်။ "အဖိုးကြီး ကျွန်တော်ပြန်လာပြီ"
စုန့်တောက်ကျန့်သည် အေးစက်စွာဖြင့် နှာမှုတ်လိုက်ပြီး သူ့နောက်ကျောကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်သည် "မင်းဘာလို့နောက်ကျနေတာလဲ? အားလုံးက မင်းကိုစောင့်နေတာ မြန်မြန်သွားပြီး အထဲကို ဝင်သွားလိုက်" သူသည် လျှို့ယောင်နှင့် မုံ့ချီတို့ကို လုံးဝ မမြင်သလိုပင် ပြောနေခဲ့သည်။
လျှို့ယောင်သည် သူ့နှာခေါင်းထဲမှ နှာမှုတ်လိုက်သည်။ သူ့လက်ကောက်ဝတ် ဆွဲဆိတ်ခံလိုက်ရသည့်အတွက် အနောက်သို့ လှည့်ပြီး ကြည့်လိုက်သည့်အခါ မုံ့ချီသည် သူ့ကို နွေးထွေးစွာဖြင့် ပြုံးပြီးကြည့်နေသည်ကိုတွေ့လိုက်ရသည်။
လျှို့ယောင်သည် ထပ်ပြီး နှာမှုတ်လိုက်သည်။ သူ့လို အရွယ်ရောက်ပြီးသူသည် သင်္ချိုင်းသို့ ခြေတစ်ဖက်လှမ်းနေသော အဖိုးအိုနှင့် ငြင်းခုံရန် စိတ်မဝင်စားပါ။
ကျောင်းအုပ်ထောင်သည် ခါးတွင် အေပရွန်ပတ်ထားသည့်ပုံစံဖြင့် အခန်းထဲမှ ထွက်လာပြီး ကြင်နာစွာဖြင့် ကြည့်နေခဲ့သည် "ရှောင်မု ပြန်ရောက်ပြီလား? ဗိုက်ဆာနေပြီလား? လာစားကြချည်!"
ထိုသို့ပြောရင်း တမောက်၊ ရှောင်ဖန်းနှင့် ဖုန်းယွင်တို့၏ နဖူး ချွေးများကို သုတ်ပေးခဲ့သည် - "ချွေးတွေအရမ်းထွက်နေတာပဲ။ သွားပြီး မျက်နှာသစ်ချည်။"
ဩဂုတ်လကုန်ခါနီးသည့် ပေကျင်းမြို့၏ ဆောင်းဦးရာသီသည် အမြဲပူပြင်းသည်။ နေ့လယ်တွင် ၃၇ ဒီဂရီသို့ ရောက်ရှိခဲ့သည်။ မုံ့ချီသည် ကျန်းမာရေးမကောင်းသောကြောင့် လေအေးပေးစက် သုံးလို့မရပေ။ အပြန်လမ်းတွင် လူတိုင်း ချွေးများအရမ်းထွက်နေခဲ့ကြသည်။
တမောက်နှင့် ရှောင်ဖန်းတို့သည် ရေချိုးခန်းဆီသို့ ပြေးသွားကြသည်။ ဖုန်းယွင်သည် နောက်မှ အနီးကပ် လိုက်လာပြီး သူတို့ နှစ်ယောက်ကို ကျော်သွားခဲ့သည်။ မိဘမဲ့ဂေဟာမှ ကလေးများသည် ထိုအရာကိုမြင်သောအခါ ဝိုင်းအုံပြီးအော်ဟစ်ရယ်မောနေကြသည်။
ကျောင်းအုပ်ထောင်သည် ကလေးများကို ချစ်မြတ်နိုးစွာငုံ့ကြည့်လိုက်ပြီး လျှို့ယောင်နှင့် မုံ့ချီတို့ကို စကားပြောလိုက်သည် "မင်းတို့အပြင်မှာ ယာဉ်ကြောပိတ်ဆို့မှုနဲ့ တွေ့ခဲ့တယ်မလား? ငါ့အမြင်ကတော့ ဒီတစ်ခုကလွဲရင် ပေကျင်းမြို့ရဲ့နေရာတိုင်းက ကောင်းပါတယ်၊ တစ်နေ့လုံးလောက်အထိကို ယာဉ်ကြောပိတ်ဆို့နေတာ။ အဲ့တာက ကိစ္စတွေကို နှောင့်နှေးစေတယ်။"
မုံ့ချီသည် ပြုံးပြီးပြောသည် "ကျွန်တော်တို့ကျင့်သားရနေပါပြီ။ ရှောင်မုက ဒီမနက်ကတည်းကမစားရသေးဘူး၊ သူ ဗိုက်ဆာနေလောက်ပြီ"
"စားဖို့ အဆင်သင့်ပါပဲ။" ကျောင်းအုပ်ထောင်သည် သူ့ကို တိတ်တဆိတ်ကြည့်နေသော ထောင်မုကို ကြည့်လိုက်ပြီး "ဘာဖြစ်လို့လဲ?"
"ကျောင်းအုပ်ထောင်" ထောင်မုသည် ကြင်နာစွာ ပြုံးနေသောအဖွားအိုအား ဝမ်းနည်းပူဆွေးစွာဖြင့်ကြည့်လိုက်သည်။ သူ့အရင်ဘဝရောကိုပါ ရေတွက်ကြည့်လိုက်လျှင် ကျောင်းအုပ်ထောင်ကို မတွေ့ရသည်မှာ လေးငါးနှစ်ရှိပြီ ဖြစ်သည်။ သူ့စိတ်ထဲတွင် မှတ်မိနေသည့် တစ်ခုတည်းသောအရာမှာ အဖြူအမည်းဓာတ်ပုံပေါ်တွင် ပြုံးနေသော မျက်နှာပင်ဖြစ်သည်။
ထောင်မုသည် ကျောင်းအုပ်ထောင်၏ ကိုယ်ရေးကိုယ်တာကိစ္စများကို မသိပါ။ သူသိရသလောက်မှာကျောင်းအုပ်ထောင်သည် မိဘမဲ့ကျောင်း၏ ကျောင်းအုပ်ဖြစ်သည်ဆိုတာပါပင်။ သူမတွင် မိသားစုမရှိ၊ ခင်ပွန်းမရှိ၊ သားသမီးလည်း မရှိပါ။ သူမ၏ ဘဝတစ်ခုလုံးနှင့် သူမ၏နှလုံးသားတစ်ခုလုံးသည် ဤမိဘမဲ့ဂေဟာငယ်လေးနှင့် မိဘမဲ့ဂေဟာရှိ ကလေးများအတွက်သာ ရည်စူးထားသည်။ သူမသည် မိဘမဲ့ဂေဟာရှိကလေးများအားလုံးကို သူမ၏သွေးသားကဲ့သို့ ဆက်ဆံခဲ့သည်။ သူမသည် မိဘမဲ့ဂေဟာတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်နေခဲ့သော်လည်း လစာပင် မရခဲ့ပေ။ သူမ၏ အငြိမ်းစားလုပ်ခလစာအားလုံးကို မိဘမဲ့ဂေဟာ၏ နေ့စဉ်ကုန်ကျစရိတ်များတွင်သာ အသုံးပြုခဲ့သည်။ သူမသည် သူမအတွက်ပင် အဝတ်အသစ်တောင် မဝယ်ခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။
သို့သော် စိတ်ဆိုးသောအိမ်ခြံမြေလုပ်ငန်းရှင်များသည် ကျောင်းအုပ်ထောင်ကို ဆဲဆိုရန်အင်တာနက်ရေတပ်ကိုငှားရမ်းခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် အိမ်ခြံမြေဆောက်လုပ်သည့် လုပ်ငန်းရှင်များထံ မိဘမဲ့‌ဂေဟာနေရာကို မရောင်းချခဲ့သောကြောင့်ဖြစ်သည်။ ကျောင်းအုပ်ထောင်အကြောင်းကို သတင်းပို့ရန် အတွင်းလူများကိုပင် လာဘ်ထိုးခဲ့ကြသည်။
ကျောင်းအုပ်ထောင်သည် လူများ၏ နှလုံးသားသည် ဤမျှရက်စက်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။ သတင်းမီဒီယာများ၏ စွပ်စွဲချက်များ၊ အမှန်တရားကို မသိသည့် အင်တာနက်သုံးစွဲသူများ၏ သံသယများကိုရင်ဆိုင်နေရသည့်အသက် ၆၀ကျော်အဖွားအိုသည် သူမ၏ ဇာတ်လမ်းကို ပြောပြရန်အတွက် အင်တာနက်ကို မည်သို့ရှာရမှန်းပင် မသိခဲ့ပါ။ အဆုံးတွင် သူမသည် ထိုဈေးကွက်ရှာဖွေရေး အကောင့်များ၏ အလွဲသုံးစားလုပ်မှုကြောင့် နှလုံးဖောက်ကာ အရေးပေါ်လူနာတင်ယာဉ်ပေါ်ပင် သေဆုံးသွားခဲ့သည်။
ဤဘဝတွင် ထောင်မုသည် ထိုသို့ ထပ်ပြီးအဖြစ်မခံပါ။
"ရှောင်မု? ရှောင်မု?"
ထောင်မု သတိပြန်ဝင်လာသည့်အခါ ကျောင်းအုပ်ထောင်သည် သူ့ကို ပြုံးပြီး ကြည့်နေခဲ့သည် "မင်းဘာတွေ တွေးနေတာလဲ? သိပ်ပြီး စိတ်ရှုပ်မခံပါနဲ့ မြန်မြန် လက်ကိုရေဆေးပြီး စားချည်"
"ဟုတ်။" ထောင်မုသည် သူ့လက်ကို ဆေးဖို့ သွားလိုက်သည်။
ကျောင်းအုပ်ထောင်၊ စုန့်တောက်ကျန့်နှင့် စားသောက်ဆိုင်ရှိအလုပ်သမားနှစ်ဦးသည် ဟင်းပွဲများပြင်ဆင်နေကြသည်။ မုံ့ချီသည်လည်း ကူညီရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
လျှို့ယောင်သည် ညစာစားပွဲတွင် တည်တည်ကြည်ကြည်ထိုင်ပြီး အဖိုးအိုစုန့်မှ နူးညံ့ပြီးအသက်ရှည်သောမက်မွန်သီးပန်းကန်ကြီးတစ်ချပ်ထုတ်ပြသည်ကို ကြည့်နေသည်။ "ဒီနေ့ မွေးနေ့ရှိလို့လား?" ဟု မအောင့်အီးနိုင်ပဲ မေးလိုက်သည်။
အဖိုးကြီးစုန့်သည် လျှို့ယောင်ကို စိုက်ကြည့်ကာစကားတစ်ခွန်းမှ မပြောဘဲ နှာမှုတ်လိုက်သည်။
လျှို့ယောင် ရုတ်တရက် သဘောပေါက်သွားသည်- အိုး၊ ထောက်မုအတွက် မွေးနေ့လုပ်ပေးဖို့ပဲ!
သူတို့နှစ်ဦးသည် မေးခွန်းတစ်ခုကို မျက်လုံးဖြင့် ကြည့်စရာမလိုပဲ နှာမှုတ်လိုက်ရုံမျှဖြင့်သာ တစ်ယောက်နှင့် တစ်ယောက်နားလည်ကြသည်။
ရေချိုးခန်းထဲမှ ထွက်လာသည့် ထောင်မုသည် အံ့ဩသွားသည်။ စားပွဲပေါ်တွင် သူ့အကြိုက် ဟင်းပွဲများ ပြည့်နေသည့်အပြင် စားပွဲအလယ်တွင် မက်မွန်သီးပန်းကန်လည်း ရှိသေးသည် - အဲဒီနေ့က သူဖုန်းထဲမှာ ပြောလိုက်သည်ကိုကျောင်းအုပ်ထောင်သည် အဖိုးကြီးအား ပြောလိုက်သည်မှာသေချာသလောက်ပင်ဖြစ်သည်။
ထို့နောက် အဖိုးအိုသည် တကယ်ကြီး ထင်သွားပုံရသည်။ ပန်းကန်ပြားကြီးတစ်ချပ်ကို လက်ဆောင်ပေးဖို့ သူပြန်လာသည့်နေ့ကို စိတ်အားထက်သန်စွာဖြင့် စောင့်မျှော်နေခဲ့သည်။
ဒါက သူ့မွေးနေ့အတွက် ပြင်ဆင်ထားတာပဲ!
အရင်ဘဝတုန်းက ခေါင်းကျောမာသည့် ဤအဖိုးကြီးသည် သူ့အတွက် စားပွဲပေါ်တွင်ဟင်းများပြည့်နေသည်အထိ ပြင်ဆင်ပေးခဲ့သည်မှာ ဖြစ်နိုင်ပါ့မလား?
ပြီးလျှင် သူသည် သူသေသွားသည့်အချိန်ထိ သူ့ကို ဘယ်တော့မှ လာမတွေ့ခဲ့ဖူး!
ထောင်မု၏ မျက်လုံးများ နီရဲသွားသည် - ထောင်မု မင်းက လုံး၀ လူယုတ်မာပဲ။ နံပါတ် 1 အမိုက်မဲဆုံး အရူးပဲ!
သို့သော်လည်း ထောင်မု မထင်မှတ်ထားသည့်အရာမှာ အဖိုးအိုစုန့်သည် သူထင်သည်ထက် ပိုသောအရာများကို ဂရုတစိုက်ပြင်ဆင်ထားခြင်းဖြစ်သည်။
ညစာစားပြီးသောအခါတွင် လျှို့ယောင်နှင့် မုံ့ချီတို့ စကားပြောလာသည်အထိ မစောင့်ပဲ အဖိုးအိုစုန့်သည် သော့တစ်ချောင်းကို ထုတ်ပြီး ထောင်မုထံသို့ ပေးလိုက်သည် "အိမ်ဈေးက မကြာသေးမီက ကျသွားတယ်လေ။ပြီးတော့ ငါ သုံးစရာမလိုလို့တောင် ပိုက်ဆံတွေကို ဘဏ်ထဲမှာ သိမ်းထားရတယ်။ ဒါကြောင့်မို့ အနာဂတ်မှာ အိမ်ငှား‌တွေထားဖို့ အိမ်ဝယ်ချင်ခဲ့တယ်။ သုန့်ချန်ခရိုင်မှာရှိတဲ့ ပေကျင်းရုပ်ရှင်နဲ့ မျက်နှာချင်းဆိုင်အိမ်ကို ဝယ်လိုက်တယ်။ မင်းက ပေကျင်းရုပ်ရှင်မှာ ကျောင်းသွားတက်မှာ မလား? ဒီအိမ်က မင်းကျောင်းလေးနှစ်တက်တဲ့အချိန် နေဖို့အဆင်ပြေလိမ့်မယ်"
ထောင်မုသည် သူ့ရှေ့သို့ပေးလာသည့် သော့များကို မှင်သက်စွာဖြင့် ကြည့်နေခဲ့ပြီး သူ့မျက်နှာတွင် အံ့ဩနေသည့်ပုံပေါ်သည်။
လျှို့ယောင်လည်း အံ့ဩသွားသည်။ ခေါင်းကို လှည့်ပြီး အဖိုးအိုစုန့်ကို စိုက်ကြည့်ကာ "ကျုပ်ပြောမယ် အဖိုးကြီး၊ ခင်ဗျားက ခင်ဗျားနည်းနဲ့ခင်ဗျား အိမ်ဝယ်လိုက်တယ်ပေါ့။ အဲဒါက ဘယ်လောက်ကြီးလို့လဲ?
"၃၈ စတုရန်းမီတာ" အဖိုးအိုစုန့်သည် လျှို့ယောင် ကို စိုက်ကြည့်ပြီး "အခု အရမ်းရေပန်းစားနေတဲ့ တိုက်ခန်းအမျိုးအစားပဲ"
"အို၊ ဒါက အရမ်းသေးတာပဲ!" လျှို့ယောင်သည် နှာမှုတ်ပြီး မုံ့ချီကို တိုးတိုးလေးလှည့်‌ပြောလိုက်သည်။ သိူ့သော်လည်း သူ့အသံသည် ကျယ်လောင်လွန်းလှပါသည်- "ခွေးပေါက်လေးရဲ့အဝတ်အစားအားလုံးနဲ့တင် ပြည့်သွားမလားလို့ တွေးမိတယ်!"
ထောင်မုသည် ငွေကို အလွန်သုံးဖြုန်းခဲ့ပြီး နာမည်ကြီး အမှတ်တံဆိပ်များ စုဆောင်းရသည်ကို ကြိုက်နှစ်သက်သော ကလပ်၏ သခင်လေးနှင့် မင်းသမီးများထံမှ သင်ယူခဲ့သည်။ နှစ်များစွာကြာသည့်အခါ အဝတ်အစား၊ ဖိနပ်နှင့် ဦးထုပ်များသည် အနည်းဆုံး အိမ်သုံးလုံးကို ပြည့်စေနိုင်သည်။ ၃၈စတုရန်းမီတာသည် သူခွေးပေါက်လေးအား ပေးဖို့ပြင်ထားသည့် ဝန်ထမ်းအိပ်ဆောင်နှင့် ယှဉ်လျှင် အရမ်းကျဉ်းလွန်းသည်။
မှန်ပါသည်၊ သူဌေးလျှို့သည် အလွန်ပေးကမ်းရက်‌ရောပြီး ကျန်းဟူတွင် သူ၏ ရက်ရောမှုကြောင့် လူသိများပါသည်။ သူ့ဝန်ထမ်းများအတွက် အဆောင်များသည် ဇိမ်ခံအိမ်ကြီး သို့မဟုတ် အထပ်မြင့် တိုက်ခန်းများဖြစ်သည်-အခြေခံအားဖြင့် ၎င်းတို့အားလုံးသည် သူဌေးလျှို့ ပိုင်ဆိုင်သည့် အိမ်ရာများဖြစ်ပြီး ၎င်းတို့ကို ငှားရမ်းရန် ပျင်းလွန်းသဖြင့် ဝန်ထမ်းအကျိုးခံစားခွင့်အဖြစ်သာ အသုံးပြုခဲ့သည်။
"ကျုပ်အထင် ကလေးက သူ့အစ်ကို ရှောင်ချီဆီမှာမှာနေရင် ပိုကောင်းမယ်”
သူစကားမဆုံးခင်မှာပင် မုံ့ချီသည် သူ့လက်မောင်းကို လှမ်းဆွဲပြီး တားလိုက်သည်။
"တကယ်တော့ ကလေး ဘယ်ပဲနေနေ ရပါတယ်။ အန်ကယ်စုန့် အိမ်မှာနေရင်တော့ ကျောင်းနဲ့နီးတယ်။ တကယ်လို့ သူ ကျွန်တော့်ဆီမှာ နေမယ်ဆိုရင် နှစ်မှတ်တိုင်လောက် ရထားစီးရလိမ့်မယ်" မုံ့ချီသည် ထောင်မုမှ ဦးလေးစုန့်ကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည်ကို စောကြီးကတည်းက တွေ့လိုက်သည်။ သို့သော် သူသည် အစ်ကိုယောင် စိတ်မကောင်းဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။ သူ၏ ဆုံးဖြတ်ရခက်နေသည့် အမူအရာကို မြင်ရသည့်မှာ သနားစရာပါပင်။
လျှို့ယောင်သည် မုံ့ချီကို မကျေမနပ် ကြည့်နေလေသည်။
သူ ဒီအိမ်ကို ညတိုင်း သန့်ရှင်းရေးလုပ်ခဲ့ရတာ! သူအလှတောင်ဆင်ထားလိုက်သေးတယ်! အိမ်အသုံးအဆောင်အသစ်တွေလည်း ဝယ်ထားသေးတယ်! တကယ်ပါပဲ အခုတော့ တစ်ပတ်တာလုံး ကြိုးစားအားထုတ်ထားရသည့် အရာများသည် အချည်းနှီးပါပင်။
မုံ့ချီ၏လက်ချောင်းလေးများသည် လျှို့ယောင်၏လက်ဖဝါးကိုဆုပ်ကိုင်ပြီး နှစ်သိမ့်ပေးခဲ့သည် "ကလေးကို ဦးလေးစုန့်ရဲ့အိမ်မှာပဲနေခိုင်းလိုက်ပါ။ ဒါပေမယ့်ပိတ်ရက်တွေမှာ ပါတီပွဲ ဒါမှမဟုတ် တစ်ခုခုလုပ်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့နေရာမှာ လာလုပ်‌ပါ။ နှစ်နေရာလုံးက အကောင်းဆုံးပါပဲ။"
ထိုအချိန်တွင် လျှို့ယောင်သည် နှုတ်ဆိတ်နေသည်။
အဖိုးကြီးစုန့်သည် လျှို့ယောင် ပထမဆုံးစကားထုတ်ပြောသည့်အချိန်မှစ၍ ထောင်မု၏မျက်နှာကိုလျှို့ဝှက်စွာ စိုက်ကြည့်နေခဲ့သည်။ နောက်ပိုင်းတွင် မုံ့ချီသည် အရာများကို ချောမွေ့စေရန် ပြုလုပ်ခဲ့ပြီး ထောင်မုကို မကန့်ကွက်ကြောင်းကို မြင်တော့မှသာ သူ စိတ်သက်သာရာ ရသွားသည်။
အမှန်တိုင်းပြောရလျှင် ထောင်မုသည် သူ့တိုက်ခန်းလေးအား မကြည့်လိုက်ရမည်ကို အမှန်တကယ်ပင်စိုးရိမ်နေမိသည်။ သူ့အစွမ်းအစနှင့် သူ့ဘဝတစ်လျှောက်လုံး စုဆောင်းထားသည့် ငွေများသည် စတုရန်းမီတာလေးဆယ်အောက်သာရှိသည့် တိုက်ခန်းငယ်လေးကိုသာ တတ်နိုင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုကောင်ဆိုးလေးသည် ဤတစ်ကြိမ်တွင် သူ့ကို ကလန်ကဆန်မလုပ်ခဲ့ပါ!
အဖိုးအိုစုန့်သည် ထိုသို့တွေးပြီး ချက်ချင်းပင်အပူတိုက်လိုက်သည် "ရှောင်ချီ မင်းက မင်း ကားနဲ့လာတာဆိုတော့ တခါတည်း နေရာကိုဝင်ကြည့်ကြမလား? ရှောင်မုလည်း လိပ်စာ မှတ်မိအောင်လို့လေ။ သူခရီးပန်းလာတာဆိုတော့ ဟိုမှာတခါတည်း နားလို့ရတာပေါ့။ ဒါနဲ့ မနက်ဖြန်မနက်ကျောင်းကို သတင်းပို့ရမှာ မဟုတ်ဖူးလား!"
ကျောင်းအုပ်ထောင်သည်လည်း အဖိုးအိုစုန့် ပြောသည်ကို ထောက်ခံလိုက်သည်။ "ဟုတ်သားပဲ။ ရှောင်ချီ ငါတို့ မင်းကို ဒုက္ခပေးမိပြီ။"
"ဘာမှမဖြစ်ပါဘူး။" မုံ့ချီသည် ပြုံးပြီး ထောင်မု၏ခေါင်းကိုပွတ်ကာ လက်ဆွဲပြီး "သွားရအောင်!"
ယခု ထောင်မု ဘယ်လိုများခံစားနေရမတဲ့လဲ? သူ့လည်ချောင်းထဲတွင် ငရုတ်ကောင်းတစ်ဆုပ်ကပ်နေသလို ခံစားရတယ်သည့်နှယ် အသံထွက်လျှင် နှပ်ချေးများထွက်လာပြီး မျက်ရည်များပင် စို့သွားစေသည်။ ထောင်မုသည် လူအများရှေ့တွင် မငိုချင်သလို စကားလည်း မပြောဝံ့သောကြောင့် ခေါင်းငိုက်စိုက်ချကာ ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်သည်။
ထောင်မု ခံစားသွားရသည်ကို စားပွဲရှိလူတိုင်းမြင်လိုက်ရသည်။ သို့သော် ဘယ်သူမှ မပြောခဲ့ကြပေ။
လျှို့ယောင်သည် ကားသော့ကို ကောက်ယူပြီး ထွက်သွားချိန်တွင် အဖိုးကြီးစုန့်နှင့် မုံ့ချီသည် ထောင်မုကိုခေါ်ပြီး နောက်မှ လိုက်သွားခဲ့သည်။ ထောင်မုသည် ခရီးဆောင်အိတ်ကို လက်တစ်ဖက်တွင် ကိုင်ထားပြီး အဖိုးအိုကို အခြားလက်တစ်ဖက်နှင့် ထိန်းထားလိုက်သည်။ ကျောင်းအုပ်ထောင်သည် စားကြွင်းစားကျန်များနှင့် ဟင်းအအေးများကို သိမ်းဆည်းရန်အတွက် စားသောက်ဆိုင်တွင်ကျန်ရစ်ခဲ့ပြီး ဖုန်းယွင်နှင့် မိဘမဲ့ဂေဟာရှိအခြားကလေးများသည်လည်း ကူညီရန် နေခဲ့ကြသည်။ တမောက်နှင့် ရှောင်ဖန်းတို့သည် ထောင်မုကို စိတ်အားထက်သန်စွာ ကြည့်ပြီး ပျော်ရွှင်စွာဖြင့် လိုက်ခဲ့ချင်ပါသော်လည်း ကံမကောင်းစွာဖြင့် ကားတွင် နေရာမရှိတော့ပေ။ ထို့အပြင် မှောင်လာပြီဖြစ်သည့်အတွက် အိမ်ပြန်ရမည် -- ထမင်းစားနေသည့်အတွက် ဒီနေ့ ပြန်လာမည့်အကြောင်း မိသားစုများကို ဘယ်သူမှမပြောမိလိုက်ကြပေ။
သူတို့တွင် မျှော်လင့်ချက် အနည်းငယ်ပဲရှိပါသည်!
တမောက်နှင့် ရှောင်ဖန်းတို့သည် သက်ပြင်းချကာ မိသားစုဝင်များကို လာကြိုရန် ဖုန်းဆက်ခဲ့ကြသည်။ ထင်ထားသလိုပါပဲ မိဘများ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။
ဖုန်းချပြီးနောက် တမောက်သည် "ဒီနှစ်ရက်အတွင်း မင်းအချိန်ရရင် ငါတို့အိမ်ကိုလာခဲ့ပါအုံး။ ငါ့အဖေ မင်းနဲ့ စကားပြောစရာရှိလို့" သူဌေးဝမ်သည် သားဖြစ်သူ၏ မုန့်ဖိုးများသည် စတော့ဈေးကွက်တွင် တစ်စတစ်စတိုးပွားလာသည်ကို တွေ့လိုက်ပြီးနောက် ၎င်းကို သည်းမခံနိုင်တော့ပေ။ ထောင်မုကိုလာဖို့ ဖိတ်ခေါ်သည်မှာ သူတို့ဒီအကြောင်း ပြောချင်လို့နှင့်တူသည်။
ထောင်မု ခေါင်းညိတ်လိုက်သည်။ အဖိုးအိုကို ခြာရိုကီကားကြီးထဲသို့ ဝင်ထိုင်စေခဲ့သည်။
လျှို့ယောင်သည် စုန့်တောက်ကျန့်တိုက်ခန်းဝယ်ထားသည့် ရပ်ကွက်၏ ဂိတ်ပေါက်ဆီသို့ တိတ်တဆိတ်ဖြင့် ကားကို မောင်းသွားခဲ့သည်။ လမ်းတစ်ဖက်မှာပေကျင်းရုပ်ရှင်၏ အရှေ့ဘက်တံခါးပေါက်ဖြစ်ပြီး တကယ်ကို နီးလွန်းလှပါသည်။
အဖိုးကြီးသည် ထိုနေရာကို အစီစဉ်တကျ ဝယ်ထားမှန်း သိသာလှသည်။
သတိမထားမိလိုက်ဘူး! သူ တကယ်ကို သတိမထားမိလိုက်တာ!
လျှို့ယောင်သည် စိတ်ထဲတွင် အော်ဟစ်လိုက်သည်။ သူသာ စောစောသိခဲ့လျှင်ရင် ဤနေရာကို ကြိုပြီးဝယ်ထားမည်။ အကျယ်အဝန်းအကြီးဆုံး၊ အကောင်းဆုံးတိုက်ခန်းနှင့်အကောင်းဆုံး နေ့အလင်းရောင်ပါရှိသည့် နေရာကို ရွေးချယ်မည်။ အဲ့လိုသာဆိုလျှင် သူ ၃၈ စတုရန်းမီတာကို ရှုံးစရာမရှိဖူး။
လျှို့ယောင်သည် အဖိုးအိုစုန့်ကို တလမ်းလုံး စိတ်ထဲမှာ ငြီးတွားနေခဲ့သည်။
အဖိုးအိုစုန့်သည် ငွေအနည်းငယ်သာရှိခဲ့သော်လည်း နေရာကောင်းတစ်ခုကို ရွေးချယ်နိုင်ခဲ့သည်။ ထို့ကြောင့် တခြားအခြေအနေများသည် နောက်သို့ရောက်သွားခဲ့သည်။ သူရွေးချယ်ခဲ့သော တိုက်ခန်းသည် အခြေခံအားဖြင့် ရပ်ကွက်တစ်ခုလုံးတွင် အသေးငယ်ဆုံးဖြစ်သည်။ ပြီးလျှင် အပေါ်ထပ်လည်းပါရှိသည်။ အဖိုးကြီးစုန့်သည် နေထိုးမည်ကိုအလွန်အမင်းစိုးရိမ်သောကြောင့် အလှဆင်သည့်အခါတွင် ရေစိုခံနေရောင်ကာကွယ်မှုအလွှာများပြုလုပ်ပေးရန် အလှဆင်သူများကို အထူးတောင်းဆိုခဲ့သည်။ သူသည် အကောင်းဆုံး လေအေးပေးစက်ကိုလည်း ရွေးချယ်ခဲ့သေးသည်။
တိုက်ခန်းငယ်လေးအတွင်းတွင် မီးဖိုချောင်၊ ထမင်းစားခန်း၊ အိပ်ခန်း၊ စာကျက်ခန်းနှင့် ရေချိုးခန်းတို့ ပါဝင်သည်။ အဖိုးကြီးစုန့်သည်အလှဆင်သူအား တိုက်ခန်းပိုကြီးပြီး အလင်းရောင်ပိုကောင်းလာစေရန် ဝန်ထောက်နံရံမှလွဲ၍ အခန်းကန့်နံရံများအားလုံးကို ဖွင့်ခိုင်းခဲ့သည်။
တံခါးဝမှ ဝင်လိုက်သည်နှင့် ဘယ်ဘက်ခြမ်းတွင်ဖိနပ်စင်နှင့် ထောင်မု၏ ဓာတ်ပုံအများအပြားကို နံရံတွင် ချိတ်ဆွဲထားသည်။ ညာဘက်တွင် ရေချိုးခန်းရှိသည်။ မှန်တံခါးများကိုပင် တပ်ဆင်ထားသေးသည်။ အတွင်းပိုင်းသည် ဈေးကွက်တွင် လူကြိုက်အများဆုံး အိမ်သာဖြစ်ပြီး ၎င်း၏ဘေးတွင် ရေချိုးခန်းဖန်သားပြင်မှန်ဖြင့် ခြားထားသော ရေချိုးခန်းဖြစ်သည်။
ဧည့်ခန်းသို့ပြန်သွားသောအခါတွင် အဖြူရောင်နံရံများ၊ အဝါရောင်ပရိဘောဂများနှင့် နံရံပေါ်တွင်ချိတ်ထားသည့် LCD TV ချိတ်ထားပြီး တစ်ဖက်ခြမ်းတွင် အစိမ်းဖျော့ဖျော့ဆိုဖာတစ်ခုရှိသည်။ ဆိုဖာနောက်တွင် လျှောတံခါးများပါသော ဗီရိုကြီးနှစ်ခုကို နံရံတွင်တပ်ဆင်ထားပြီး ထောင်မု အကြိုက်ဆုံးအမှတ်တံဆိပ်များ၏ အဝတ်အစားများနှင့် ဦးထုပ်များကို ချိတ်ဆွဲထားသည်။ အဖိုးကြီးစုန့်နှင့် ကျောင်းအုပ်ထောင်တို့သည် မိဘမဲ့ဂေဟာမှ ပစ္စည်းများကို ဤနေရာသို့ ပြောင်းရွှေ့ထားခဲ့ကြသည်။
အတွင်းတွင် သပ်ရပ်လှပသော မီးအိမ်လေး နှစ်ခုချိတ်ဆွဲထားသည့် ထမင်းစားစားပွဲငယ်တစ်ခု ရှိသည်။
ထမင်းစားခန်း၏နောက်ဘက်တွင် အိပ်ခန်းနှင့်မီးဖိုချောင် အကန့်နှစ်ခုကို အလျားလိုက်နှင့် ဒေါင်လိုက်ခွဲထားသည်။ အိပ်ခန်းထဲတွင် ကုတင်တစ်လုံးသာရှိသည်။ ကုတင်ဘေးတွင် စားပွဲခုံနှင့် စာအုပ်စင်ရှိသည်။ စားပွဲပေါ်တွင် Apple တံဆိပ်ရှိ ကွန်ပျူတာတစ်လုံးလည်း ရှိသည်။ အဖိုးကြီးစုန့်သည် သူကိုယ်တိုင်ရွေးချယ်ရန် သူ့ဆိုင်မှ အလုပ်သမားငယ်များကို ကွန်ပျူတာဆိုင်သို့ လိုက်ပို့ခိုင်းခဲ့သည်။ အကောင်းဆုံး အမှတ်တံဆိပ်လို့ ပြောလို့ရပါသည်။
မီးဖိုချောင်အတွက်သည် အလွယ်ဆုံးပင်ဖြစ်သည်။ အဖိုးကြီးစုန့်၏ ကျွမ်းကျင်မှုဖြင့်မီးဖိုချောင်ရှိ အသုံးအဆောင်မျိုးစုံကိုရှင်းရှင်းလင်းလင်း သပ်ရပ်စွာ စီစဉ်ပေးခဲ့သည်။
ထပ်ပြီး ချဲ့ထွင်ထားသည်မှာ မှန်နံရံများနှင့် လသာဆောင်လေးတစ်ခုဖြစ်သည်။ စိမ်းလန်းသော အပင်များကို အိုးများဖြင့် အများအပြား စိုက်ထားခဲ့သည်။ ငရုတ်ကောင်းပင်တစ်အိုး၊ ခရမ်းပင်အိုးတစ်အိုးနှင့် စားသောက်ဆိုင်မှ ယူဆောင်လာသော တည်သီးပင်တစ်အိုးလည်း ရှိသည်။ ယခုအချိန်သည် ရိတ်သိမ်းရာသီဖြစ်သောကြောင့် လသာဆောင်ငယ်သည် ရောင်စုံဆောင်းဦးအရောင်များဖြင့် ပြည့်နှက်နေပြီး တိုက်ခန်းတစ်ခုလုံးအတွက် သဘာဝရှုခင်းများကိုလည်း ထည့်သွင်းထားပါသေးသည်။
တစ်အိမ်လုံးသည် အိမ်ဆိုသည့် ခံစားချက်အပြည့်ပါပင်။
တိုက်ခန်းသည် ကြီးကြီးမားမားမဟုတ်သလို အလှဆင်ထားသည်များမှာလည်း ဇိမ်ခံပစ္စည်းများမဟုတ်ပေ။ ထောင်မု ဘဝနှစ်ခု နေခဲ့ရသည့် အိမ်များထဲတွင် ဤအိမ်သည် အရိုးရှင်းဆုံးနေထိုင်ခဲ့သည့် အိမ်ဟု ဆိုနိုင်သည်။ သို့သော် ထောင်မုသည် ဤအိမ်ရှိ ပရိဘောဂအားလုံးမှ အိမ်၏ခံစားချက်ကို ခံစားလို့ရသည်။
ထောင်မုအတွက် "အိမ်အသစ်" ကို စုန့်တောက်ကျန့်ကိုယ်တိုင် တည်ဆောက်ပေးခဲ့ပြီးသူသည်နေ့ပေါင်းများစွာ၊ညပေါင်းများစွာ ကြာသည့်တိုင် တဖြည်းဖြည်းချင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
***

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now