ဝူမင်ဇာတ်ကောင်ပြီးဆုံး

2.4K 340 3
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၁၉ ။ ဝူမင်ဇာတ်ကောင်ပြီးဆုံး

"မင်းက အံ့သြစရာပဲ!"
နေ့လယ်စာစားချိန်အတွင်း ရင်းနှီးမြှုပ်နှံသူမှ ဝန်ထမ်းများထဲသို့ ငွေပေး၍ထည့်ထားသည့် အမျိုးသမီးဇာတ်ဆောင်နံပါတ်၂ ဖြစ်သူ ချောင်မြောင်ဝေ့သည် ထမင်းဗူးကို သတိထားပြီး ကိုင်ဆောင်ထားသော ထောင်မုထံသို့ ချဉ်းကပ်ခဲ့သည်- "မင်းက အသက်ကြီးပုံမပေါ်ဘူး၊ ဘယ်လိုဖြစ်ပြီး ဒီလောက်ကောင်းတဲ့ သရုပ်ဆောင်စွမ်းရည် တွေရှိရတာလဲ"
သူမ၏ ကျောထောက်နောက်ခံကို စောစီးစွာ ထုတ်ဖော်ပြသခဲ့ပြီး သူမကိုယ်တိုင်လည်း ယခင်က LV အိတ်များကိုရောင်းချသည့် အရောင်းသမားတစ်ဦးဖြစ်ပြီး အရည်အချင်းသို့မဟုတ် သရုပ်ဆောင်စွမ်းရည် လုံးဝမရှိသောကြောင့် ဖြစ်နိုင်သည်မှာ ချောင်မြောင်ဝေ့အပေါ် အဖွဲ့သားများ၏ ရပ်တည်ချက်မှာ အလွန်မိုက်မဲလှပါသည်။ ရိုးရာရုပ်ရှင်ကျောင်းများမှ ဘွဲ့ရသော မင်းသမီးများသည် ချောင်မြောင်ဝေ့၏ နောက်ခံနှင့် ဇာတ်ရုပ်ရရန် အိပ်ရာကို အသုံးပြုခြင်းတို့ကို ရှုတ်ချကြပြီးသူမနှင့် စကားပြောရန် မကြိုက်ကြပေ။ နဉ်ယွမ်ကဲ့သို့သော သူများ၊ ၎င်းတို့၏ ကျော်ကြားမှုကို မြတ်နိုးသော မင်းသားများနှင့် မင်းသမီးများကလည်း သူမနှင့် စကားပြောဆိုခြင်းကို မကြိုက်သည့်အပြင် သူမ၏ နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူထံမှ နားလည်မှုလွဲမှားမည်ကို စိုးရိမ်ကြသည်။ ဒါရိုက်တာကျောက်ရှင်းသည် သူမကို သိသာထင်ရှားစွာ မကြိုက်သည်နှင့်အတူ အဖွဲ့သားများမှလည်း ချောင်မြောင်ဝေ့နှင့် အတတ်နိုင်ဆုံး နည်းနည်းလေးပဲ အဆက်အသွယ်လုပ်ခဲ့ကြသည်။ ရလဒ်အနေဖြင့် ဒရာမာဇာတ်လမ်းတွဲများစွာတွင် ဒုတိယမြောက် အမျိုးသမီးဇာတ်ဆောင်ဖြစ်ခဲ့သော်လည်း ရုပ်ရှင်အဖွဲ့သားအားလုံး၏ အအေးဒဏ်ကို ခံခဲ့ရသည်။
ချောင်မြောင်ဝေ့ ကိုယ်တိုင်သည်လည်း သူမ၏မူလဇစ်မြစ်နှင့် ဆက်စပ်နေသော အမည်းစက်ကို သိသည်။ ပထမဆုံးကြိုးစားမှုအနည်းငယ်မှလွဲ၍ သူမသည် မိမိကိုယ်မိမိအရှက်မရစေရန်အတွက် ကျန်သရုပ်ဆောင်များကို ချဉ်းကပ်ပြီး ပြောဆိုဆက်ဆံရန်ကြိုးစားခဲ့ပါသည်။ ဤအကြိမ်တွင် ထောင်မုထံ ချဉ်းကပ်ရခြင်းမှာ ပထမတွင် ထောင်မုသည် အဖွဲ့သားများနှင့် ဖျော်ဖြေရေးနယ်ပယ်တွင် ရာထူးသည် သေးလွန်းသောကြောင့်၊ ဒုတိယအနေနှင့် ထောင်မု၏ သရုပ်ဆောင်မှုစွမ်းရည်သည် တကယ့်ကို အံ့မခန်းဖြစ်‌သော‌ကြောင့်ဖြစ်သည်။ ချောင်မြောင်ဝေ့သည် ထောင်မုထံမှ အကြံဉာဏ်အချို့ရရန် မျှော်လင့်ထားသည့်အတွက် အနည်းဆုံးတော့ သူမသည် ဒရာမာတွင် သူမ၏ဇာတ်ဝင်ခန်းများကို ရိုက်ကူးနိုင်စေရန် ရည်ရွယ်ထားသည်။
ချောင်မြောင်ဝေ့သည် ထမင်းဗူးကို ကိုင်ဆောင်ထားသည့် ထောင်မု၏ လမ်း‌လျှောက်သွားသည့် နေရာအတိုင်း လျှောက်သွားသောအခါတွင် ဝန်ထမ်းများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ချောင်မြောင်ဝေ့၏အမေးကို ကြားလိုက်သည်နှင့် လူတစ်စု၏ နားများသည် လှုပ်ခတ်သွားကြသည်။
ထောင်မုသည် သူ၏သရုပ်ဆောင်လုပ်ဖော်ကိုင်ဖက်များ၏ နှိပ်ကွပ်ခြင်းကို ခံခဲ့ရဖူးသော သူ၏ယခင်ဘဝအကြောင်းကို အမှန်အတိုင်းပြောပြနိုင်သလို ကံကောင်းမှုများကြောင့် နောက်ဆုံးတွင် အဖိုးတန်သည့်အတွေ့အကြုံကို ရရှိစေခဲ့သည်ဆိုသည့်အကြောင်းပင်ဖြစ်သည်။ ထိုဆယ်နှစ်တာကာလ၏ ဖြစ်ပျက်မှုများသည် ဤဘဝတွင် ဖြစ်ပျက်မလာသေးသောကြောင့် ထောင်မုသည် "ကျွန်တော့်မှာသဘာဝကျကျ အရည်အချင်းရှိလို့ ဖြစ်နိုင်တယ်" ဟု ကလန်ကဆန် ဝန်ခံနိုင်ခဲ့သည်။
ချောင်မြောင်ဝေ့ : "......"
သူတို့နောက်တွင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ဒရာမာတွင် ဇာတ်လိုက်မင်းသမီးအဖြစ် သရုပ်ဆောင်ထားသည့် ရှန်းရွှမ်ယွဲ့သည် "တစ်ယောက်ယောက်ကတော့မှန်ထဲမှာပြန်ကြည့်သင့်တယ်" ဟု အညှာအတာမဲ့ ရယ်မောလိုက်သည်။
"မင်း…" ချောင်မြောင်ဝေ့သည် ရှန်းရွှမ်ယွဲ့ကိုဒေါသတကြီးကြည့်လိုက်သည်။
ရှကျီးရှင်း အင်တာတိန်းမန့်မှ ကျောထောက်နောက်ခံပေးထားသည့် ကြယ်ပွင့်တစ်ဦးအနေဖြင့် ရှန်းရွှမ်ယွဲ့သည် လွန်ခဲ့သောနှစ်နှစ်အတွင်း အလွန်အောင်မြင်ခဲ့သည်။ ယမန်နှစ်တွင် သူမသရုပ်ဆောင်ခဲ့သည့် ဒရာမာဇာတ်ကားနှစ်ကားသည် နှစ်စဉ်ကြည့်ရှုအားပေးမှုအများဆုံး ၃ တွင်ပါဝင်ခဲ့သည်။ ဒီနှစ်အစပိုင်းမှာတော့ တီဗီဇာတ်လမ်းတွဲတွေထဲက ဇာတ်လိုက်မင်းသမီးနေရာကနေ ရွှေလီလီဆုကို ဆွတ်ခူးနိုင်ခဲ့ပါသည်။ လက်ရှိအချိန်မှာ သူမ၏အနုပညာအလုပ်သည် ချောမွေ့နေပြီး သူမ၏ ကျော်ကြားမှုသည် ကောင်းကင်ထက်ကို မြင့်လို့နေသည်။
ချောင်မြောင်ဝေ့သည် အဖွဲ့တွင် ပထမဆုံးပါဝင်လာသောအခါ သူမ၏သကြားဖေဖေသည် ရှန်းရွှမ်ယွဲ့ကို မစော်ကားမိစေရန် ဖြစ်နိုင်သမျှနည်းမျိုးစုံဖြင့် ညွှန်ကြားခဲ့သည်။ ထို့ကြောင့် ချောင်မြောင်ဝေ့သည် ရှန်းရွှမ်ယွဲ့မှ သူ့အားအရှက်ရစေခဲ့လျှင်ပင် သူမတုံ့ပြန်ဝံ့ပေ။ ဒေါသမထွက်ရဲပဲ အောင့်အည်းနေရသော အသွင်အပြင်သည် အလွန်သနားစရာကောင်းလှသည်။
လောလောဆယ် သူတို့ နေ့လည်စာစားချိန်မို့ ဇာတ်အဖွဲ့သားများနှင့်တခြားသရုပ်ဆောင်များ၊ ဝန်ထမ်းများနှစ်ယောက် သုံးယောက်သည် ဝိုင်းထိုင်နေကြကာ ထိုမြင်ကွင်းကို အသေအချာ ကြည့်လိုက်ရသည်။ သို့သော်လူတိုင်းတွင် မမြင်သလို နေသူက တစ်ဝက် လက်ပိုက်ပြီး ပြပွဲကို ကြည့်သူက တစ်ဝက်ဖြစ်သည်။ ချောင်မြောင်ဝေ့အတွက် မည်သူမျှ ရပ်တည်ပေးရန် ဆန္ဒမရှိခဲ့ပေ။
ထောင်မု သက်ပြင်းချလိုက်ပြီး "မစ္စရှန်းပြောတာမှန်တယ်" ဟု ပြောလိုက်သည်။
"မင်း ဘာပြောလိုက်တယ်?" ချောင်မြောင်ဝေ့သည် ခေါင်းကိုပြင်းပြင်းထန်ထန် လှည့်လိုက်ပြီး ထောင်မုကို မယုံကြည်နိုင်သလို ဒေါသတကြီး ကြည့်နေလေသည်။ ထောင်မုသည် သူမကို ထပ်ပြီး စော်ကားဖို့ သူမ မမျှော်လင့်ထားပါ‌။
ရှန်းရွှမ်ယွဲ့သည် အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။
ထောင်မု ဆက်ပြောလာပြန်သည် - “မစ္စချောင်ရဲ့ ပြဿနာကတော့ ကင်မရာရှေ့မှာ သဘာဝအတိုင်း လှုပ်ရှားသွားလာလို့ မရတာပါပဲ။
ဒါကလည်း ပုံမှန်ပါပဲ၊ မစ္စချောင်ဟာ ရုပ်ရှင်ကျောင်းမှာ ပညာမသင်ခဲ့ရသလို စနစ်နဲ့ လေ့ကျင့်မှုလည်း မရှိသေးပါဘူး။ သာမန်လူတွေကကင်မရာကို မျက်နှာမူတဲ့အခါ အဆင်မပြေတာတွေ ပိုများလာမယ်။ ဒါကြောင့် အခုလုပ်ရမှာက မှန်ကိုပြန်ကြည့်ဖို့ပါပဲ။ မှန်ထဲမှာ အသုံးအနှုန်းတွေနဲ့ စာကြောင်းတွေကို အစမ်းလေ့ကျင့်ပါ။ ရိုက်ကွင်းများကိုရိုက်ရာမှာ အဆင်ပြေအောင်လို့ သင့်လက်ထောက်ကိုလည်း တောင်းဆိုနိုင်တယ်။ နောက်ဆုံးကျရင် အဆင်မပြေမှု နည်းပါးသွားတယ်လို့ ခံစာလိုက်ရရင် အဲဒါက အောင်မြင်သွားတဲ့အဓိပ္ပာယ်ပါပဲ”
ခဏရပ်ပြီးနောက် ထောင်မုသည် နောက်ထပ်စကားအနည်းငယ်ထပ်ပြောသည်- "သေချာတာပေါ့၊ နေရာချထားခြင်းရဲ့ပြဿနာကိုစဉ်းစားရင် ကင်မရာအနည်းငယ်ကိုတပ်ဆင်ပြီး လေ့ကျင့်နေစဉ်မှာ ကိုယ့်ကိုယ်ကိုကြည့်ရှုပါ၊ အာ့တာက မင်းရဲ့လှုပ်ရှားမှုတွေကိုထပ်ခါတလဲလဲ ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ တီဗီဒရာမာအချို့ကိုလည်း ရှာဖွေပြီး အတုယူလိုတဲ့ ဇာတ်ကောင်အချို့ကို ရွေးချယ်ပါ။"
ထောင်မုသည် ထိူသို့ပြောသည့်အခါ ရှန်းရွှမ်ယွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး "မစ္စရှန်းက ‘မိုးဖွဲလေး၏အဆုံး’ ဇာတ်ကားအတွက် ရွှေလီလီဆုကို ရရှိခဲ့ပြီး မင်းသမီးရဲ့ ဇာတ်ကောင်က ချင်းလင်နဲ့ခပ်ဆင်ဆင်တူပါတယ်။ ‘သူရဲကောင်းတို့၏ဒဏ္ဍာရီ’မှာ မစ္စချောင် စိတ်ဝင်စားတယ်ဆိုရင်တော့ နည်းနည်းလေး ခွဲခြမ်းစိတ်ဖြာကြည့်စေချင်ပါတယ်။ မစ္စရှန်းဆီက အကြံဉာဏ်စကားနည်းနည်းရလို့ကံကောင်းတယ်ဆိုရင်တော့ ဒီဒရာမာအတွက် အဆင်ပြေစေမှာပါဖြစ်မှာပါ။"
ချင်းလင်သည် ဒရာမာတွင်ဒုတိယမြောက် အမျိုးသမီး ဇာတ်ဆောင်ဖြစ်သော ချောင်မြောင်ဝေ့၏ဇာတ်ကောင်ဖြစ်သည်။ ထောင်မု ထိုသို့ပြောရခြင်း အကြောင်းအရင်းမှာ ချောင်မြောင်ဝေ့သည် သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ရှန်းရွှမ်ယွဲ့ကို အကြံဉာဏ်တောင်းဖို့ မဟုတ်‌ပေ။ ထိုကိစ္စအတွက် ရှန်းရွှမ်ယွဲ့သည် သူ့အပေါ်ဒေါသမထွက်စေရန်အတွက် ချောင်မြောင်ဝေ့ကို ကူညီပေးရုံသာမက ရှန်းရွှမ်ယွဲ့အား ချီးကျူးဂုဏ်ပြုရန်သာဖြစ်သည်။
ချောင်မြောင်ဝေ့သည် လူမှုဆက်ဆံရေးနှင့် ပေါင်းသင်းဆက်ဆံရာတွင် ချောမွေ့မှုနှင့် ပေါ့ပါးမှုကို သဘာဝအတိုင်း မြင်တွေ့နိုင်သည်။ ချက်ချင်းဆိုသလိုပဲ သူမ၏ ဒေါသများသည် ရွှင်မြူးသွားကာ လှေကားထစ်ကိုလှမ်းယူရင်း ပြုံးကာ "ဒီလိုဖြစ်သွားတာ အံ့သြစရာတော့မဟုတ်ပါဘူး မစ္စရှန်းက ကျွန်မကို မှန်ကြည့်ခိုင်းတာ အရမ်းနောက်မကျသေးလို့ ကျွန်မပြန်သွားပြီး လေ့ကျင့်လိုက်ပါ့မယ်။ မင်းတို့တွေ ဖြည်းဖြည်းပြောကြပါ။"
ချောင်မြောင်ဝေ့သည် သူ့ကိုယ်သူ အောင့်အည်းသည်းခံပြီး သူမ၏ လက်ထောက်ကို အမြန်ဆွဲခေါ်လိုက်သည်။ ရှန်းရွှမ်ယွဲ့သည် သူမ၏ လက်နှစ်ဖက်ကို ပိုက်ပြီး အေးစက်သော မျက်လုံးများဖြင့် ချောင်မြောင်ဝေ့၏ အနည်းငယ် ရှက်ရွံ့သောပုံစံကို ကြည့်လိုက်သည်။ မျက်ခုံးပင့်ကာ သူမကပြုံးလိုက်ပြီး "မင်းက နှလုံးသားနုတဲ့လူပဲ"
ထောင်မု၏ မျက်ခုံးများသည် ပြုံးပြီး ကွေးသွားကာ "ကျွန်တော်အမှန်တိုင်းပြောတာပါ။ မစ္စရှန်းမှာ ထူးချွန်တဲ့သရုပ်ဆောင်စွမ်းရည်တွေရှိပြီး ရိုက်ကူးရေးမှာမင်းရဲ့ အမူအရာနဲ့ လှုပ်ရှားမှုတွေက အရမ်းလှတယ်၊ စိတ်ခံစားမှုတွေ အပြည့်ရှိတယ်။ မင်း ဂန္တဝင်မင်းသမီး ဖြစ်ရမယ် မဟုတ်လား။"
ရှန်းရွှမ်ယွဲ့ ပြုံးလိုက်သည်။ ထောင်မုသည် အခြားသူများ၏ စကားဖြင့် လျှို့ဝှက်ထားသော လှောင်ပြောင်မှုများကို ဖြေရှင်းရာတွင် အထူးကောင်းမွန်ကြောင်း သူမတွေ့ရှိခဲ့သည်။ ချော့မော့ပြောဆိုခြင်းစွမ်းရည်မှာလည်း အဆင့်10 ဖြစ်ပြီး စကားစမြည်ပြောဆိုနိုင်မှုမှာ အနည်းဆုံးအဆင့် 10.5 ဖြစ်သည်။
"မင်းငါ့ကို မစ္စရှန်းလို့ ခေါ်စရာ မလိုပါဘူး။အားလုံးက အတူတူ အဖွဲ့သားတွေနဲ့ ရိုက်ကူးနေကြတာဆိုတော့ မင်းငါ့ကို ယွဲ့ကျဲလို့ပဲ ခေါ်လို့ရတယ်။" ရှန်းရွှမ်ယွဲ့သည် ထောင်မု နံဘေးမှာ ရိုးရိုးလေးထိုင်ပြီးပြောလိုက်သည်။ သူမက ပြုံးရင်းမေးသည် "မင်းကို ပေကျင်းရုပ်ရှင်က ဝင်ခွင့်ပေးတယ်လို့ ငါကြားတယ်။ ယန်ရုပ်ရှင်ကို ဘာလို့ မသွားတာလဲ။"
ယေဘူယျအားဖြင့်ပြောရလျှင် ပေကျင်းရုပ်ရှင်သည်ဇာတ်ဆောင်များဖန်တီးပြီး ယန်ရုပ်ရှင်သည် ကြယ်ပွင့်များ ဖန်တီးသည်ဖြစ်သည်။ ရှန်းရွှမ်ယွဲ့သည် ထောင်မု၏မျက်နှာကိုကြည့်ရုံဖြင့်ပြောနိုင်သည်၊ အကယ်၍ သူသည် ယန်ရုပ်ရှင်သို့သွားပြီးနောက် အိုင်ဒေါဒရာမာအချို့တွင်သရုပ်ဆောင်ပါက၊ သူသည်မယုံနိုင်လောက်အောင်ရေပန်းစားလိမ့်မည်။ သူကံကောင်းခဲ့လျှင် မနှစ်ကသူမ၏ "ရှန်းရွှမ်ယွဲ့၏နှစ် " ကဲ့သို့ "ထောင်မု၏နှစ်" ဖြစ်ပေမည်။
ဒါပေမယ့် ဒါကလည်း ပေကျင်းရုပ်ရှင်နဲ့ ကွဲပြားသည့် ဇာတ်လမ်းဖြစ်နိုင်ပါသည်။ လူတိုင်းသိကြသည့်အတိုင်း ပေကျင်းရုပ်ရှင်မှထွက်လာသော သရုပ်ဆောင်များသည် ယေဘုယျအားဖြင့် ရှေးရိုးဆန်သောလမ်းကြောင်းအတိုင်း လိုက်လျှောက်ကြပြီး ၎င်းတို့ရိုက်ကူးခဲ့သော ရုပ်ရှင်များနှင့်တီဗီစီးရီးအများစုသည် လက်တွေ့ဆန်ပြီး တစ်ခါတစ်ရံတွင်လေးနက်သောအကြောင်းအရာများကို အခြေခံထားသောပင်မရုပ်ရှင်များဖြစ်သည်။ အခြေခံအားဖြင့်တော့ ဒီလိုဒရာမာမျိုးသည် သရုပ်ဆောင်တစ်ယောက်ရဲ့ အသွင်အပြင်ကိုသိပ်ပြီးမစဉ်းစားထားပေ။ သွက်လက်လွန်လွန်းသည့် ထက်မြက်လွန်းသည့်ထောင်မုလိုမျိုး သရုပ်ဆောင်သည် ဒါရိုက်တာနှင့် ထုတ်လုပ်သူကို သံသယဖြစ်စေမှာ အမှန်ပါပဲ-- ထောင်မု၏ ရုပ်ရည်သည် ဇာတ်ကွက်ကို လွှမ်းမိုးသွားမှာကို စိုးရိမ်မိပါသည်။ ထောင်မု၏ သရုပ်ဆောင်မှုစွမ်းရည်ကို လူအများသည်လျစ်လျူရှုထားနိုင်ခြင်းဖြစ်နိုင်မည်မဟုတ်ပေ။
ဒါကိုတွေးပြီး ရှန်းရွှမ်ယွဲ့သည် မနက်ခင်းရုပ်ရှင်ရိုက်နေတုန်း ထောင်မု လုပ်ခဲ့သည့်အနှောက်အယှက်အသေးအမွှားလေးကို ရုတ်တရက်ပြန်အမှတ်ရပြီး "မင်းကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပုံရတယ်" လို့ ရုတ်တရက်ပြောလိုက်သည်။
အကယ်၍ ထောင်မုသည် သူ၏ သွက်လက်လွန်လွန်းမှုနှင့် သရုပ်ဆောင်စွမ်းရည်ရှိသည့်
ဆွဲဆောင်မှုရှိသောရုပ်ရည်ကို ချိုးနှိမ်ပြီး ပေကျင်းရုပ်ရှင်ကို ရွေးချယ်ခြင်းသည် ၎င်း၏ သရုပ်ဆောင်အသက်မွေးဝမ်းကြောင်းအတွက် သံသယဖြစ်ဖွယ်ကောင်းပေလိမ့်မည်။ တကယ်တော့ ပေကျင်းရုပ်ရှင်၏ အခွင့်အာဏာနှင့်သြဇာလွှမ်းမိုးမှုနဲ့အတူ ထောင်မုသည် ပေကျင်းရုပ်ရှင်နှင့် ပေကျင်းရုပ်ရှင်၏ အဓိကကျောင်းသားတစ်ယောက်ဖြစ်လာသရွေ့ ပေကျင်းရုပ်ရှင်မှာသူ၏စုဆောင်းထားသည့် အဆက်အသွယ်များသည် သူ၏မြင့်မားသောအသက်မွေးဝမ်းကျောင်းအတွက် ခြေလှမ်းသစ်ဖြစ်လာမှာ သေချာပါသည်။
ရှန်းရွှမ်ယွဲ့သည် အပြင်တွင်ပျံ့နေသောသတင်းအရ အေးဂျင့်ကြီးများစွာသည် ထောင်မုနှင့်လက်မှတ်ထိုးလိုကြောင်းကို ကျောင်းစည်းကမ်းကို လိုက်နာခြင်းကြောင့် ငြင်းခဲ့သည်ဟုထင်‌ခဲ့သော်လည်း အခုမှ ထောင်မု၏ ရည်မှန်းချက်ကိုသူမ ရုတ်တရက် သဘောပေါက်သွားသည်။
ရည်မှန်းချက်ကြီးသည်ဟု သူမခေါ်နေချိန်မှာတော့ ထိုအရာသည် ကြီးမားသည့် လောင်းကစားတစ်ခုပါပဲ။ နောက်ဆုံးတွင် ဖြစ်နိုင်ချေရှိသော ကြီးမားသောရိုက်ချက်တစ်ခုဖြစ်လာရန် အခွင့်အရေးအတွက် သုံးနှစ်ကြာ တိမ်မြုပ်နေသည့်အချိန်ကို လဲလှယ်ဝံ့သည့်လူတိုင်းတွင် ထိုသို့သောယုံကြည်မှုမျိုးမရှိခဲ့ပါ။ အထူးသဖြင့် ထိုသုံးနှစ်တာကာလအတွင်းတွင် သူသည် နေ့ချင်းညချင်း ကျော်ကြားလာရန်သွေးဆောင်မှုကို ငြင်းဆန်ရမည်ဖြစ်သည်။ ရှန်းရွှမ်ယွဲ့သည် ထောင်မု မည်မျှကြာနိုင်သည်ကိုမသိသော်လည်း ထောင်မုသည် ပေကျင်းရုပ်ရှင်၏ နှစ်သက်မှုကို အမှန်တကယ် ဆုပ်ကိုင်ထားနိုင်ခဲ့ပါက ထောင်မုသည် အနာဂတ်တွင် တရုတ်ဖျော်ဖြေရေးနယ်ပယ်တွင်နေရာတစ်နေရာရရှိလိမ့်မည်ဟု အခိုင်အမာယုံကြည်ထားသည်။
ရှန်းရွှမ်ယွဲ့ဘက်မှ ထောင်မု၏ ရည်မှန်းချက်ကြောင့် လျှို့ဝှက်စွာ ထိတ်လန့်သွားသည်။ ဒါပေမယ့် ထောင်မု၏ ပန်းတိုင်သည် ဖျော်ဖြေရေးအသိုင်းအဝိုင်းမှာ နေရာတစ်ခုရဖို့ထက် ပိုတယ်ဆိုတာ သူမမသိခဲ့ပါ။ သူ၏ စွန့်လွှတ်မှုတွေအတွက် သူလိုချင်သည့်အရာမှာ တရုတ် ဖျော်ဖြေရေး အသိုင်းအဝိုင်း၏ တစ်ဝက်ပဲ ဖြစ်ရမည်။
သို့ပေမယ့် ဒီစကားများသည် ပြောဖို့စောလွန်းသည်။ထောင်မုသည် လက်ရှိတွင် အသက်ရှင်နေသေးသဖြင့် သူ့ပတ်ဝန်းကျင်ရှိလူတိုင်းနှင့် ကစားရမည်ဖြစ်သည်။
နောက်ပြကွက်ကတော့ လုပ်ကြံသတ်ဖြတ်သူ ဝူမင်နှင့်သူရဲကောင်းတို့၏ ဇာတ်ဝင်ခန်းပင်။ ဤသည်မှာအက်ရှင်ဇာတ်ဝင်ခန်းတစ်ခုဖြစ်သလို စကားပြောသည့် မြင်ကွင်းလည်း ရောနှောနေခဲ့သည်။ ထောင်မု တွင် စာကြောင်းငါးကြောင်းရှိပြီးသတ်ပုံအပါအဝင် စုစုပေါင်းစကားလုံး ၁၀ လုံးသာရှိသည်။
ရိုက်ကူးရေးအတွင်း ရှန်းရွှမ်ယွဲ့သည် သူငယ်ချင်းဖြစ်ရန် ရည်ရွယ်ထားသောကြောင့် သူတို့နှစ်ဦးကြားက မြင်ကွင်းသည် သာယာနေခဲ့သည်။ ဇာတ်လိုက်မင်းသားအဖြစ် သရုပ်ဆောင်ထားသည့် နဉ်ယွမ်သည်ဂရုမစိုက်ဘဲ စောင့်ကြည့်နေခဲ့သည်။ ကင်မရာအလင်းရောင်ကို မည်ကဲ့သို့ချိန်ညှိထားပါစေ ထောင်မုသည် အတိကျဆုံးနှင့် အသင့်တော်ဆုံး အနေအထားနှင့်ထောင့်ကို ရှာဖွေရန် နည်းလမ်းရှိသည်ကို သူတွေ့ရှိခဲ့သည်။ ရိုက်ချက်များသည် အချောဆုံးမဟုတ်ရင်တောင်သူတို့အားလုံးသည် အမှတ်ရစရာများနှင့် ခံစားသက်ဝင်ချက်များရှိနေကြသည်မှာ ငြင်းလို့မရပေ။
အရင်အိုင်ဒေါသရုပ်ဆောင်များရှေ့တွင် အောင်မြင်ခဲ့သော လှည့်ကွက်များနှင့် အစီအမံများသည် ထောင်မု အတွက် အသုံးမဝင်ပုံရသည်။ ထောင်မုသည် သူ၏ ထက်မြက်သော အနားသတ်များနှင့် ဖြတ်ထိုးဉာဏ် ကောင်းမွန်မှုတို့ကို ဆက်လက်ပြသနေချိန်တွင် သူ့အတွက် အခက်အခဲ ဖြစ်စေသောအလင်းရောင်နှင့် ကင်မရာအဖွဲ့သားများ၏ သဘောထားများသည် ပြောင်းလဲစပြုလာသည်။ ကင်မရာများမှ အလင်းရောင်နှင့် ရိုက်ကူးသည့်ထောင့်များကြောင့် ထောင်မုသည်ပိုပို၍ လှပလာသည်ကို မြင်တွေ့နိုင်သည်။
ထိုအချင်းအရာကို လျစ်လျူရှုထား၍ မရပေ။
ထောင်မုအတွက် အခက်အခဲဖြစ်စေရန် နဉ်ယွမ်သည် သူ၏ ဝန်ထမ်းများအား လုပ်ခိုင်းထားခြင်းအား ကြည့်ခြင်းဖြင့် ဝန်ထမ်းများအပေါ် မည်မျှ အာဏာသက်ရောက်သည်ကိုလည်း ထင်ရှားစွာသိမြင်ရပါသည်။
ရိုက်ကူးမှုတစ်ခုလုံးတွင် ဝန်ထမ်းများ၏ အငြင်းပွားဖွယ်ရာမရှိသောအုပ်ချုပ်သူအဖြစ် ဒါရိုက်တာချုပ်သည် ၎င်းတွင်ကိုယ်ပိုင်စကားပြောစွမ်းရည်ရှိရမည်။ ရင်းနှီးမြှုပ်နှံသူများနှင့် ထုတ်လုပ်သူများ၊ ဘဏ်စာရင်းသွင်းသူများနှင့် ငွေကြေး ကျောထောက်နောက်ခံပြုသူများဖြင့် ပြောဆိုဆက်ဆံရာတွင် သူသည် စကားပြောနိုင်စွမ်းရှိရမည်။ ဒရာမာ သို့မဟုတ် ရုပ်ရှင်တစ်ခု၏ အရေးကြီးသော အစိတ်အပိုင်းများအဖြစ်သရုပ်ဆောင်များနှင့် မင်းသမီးများသည် ၎င်းတို့၏ ကိုယ်ပိုင်စကားပြောစွမ်းရည်ရှိရမည်။
ထိုအချက်ကြောင့် နဉ်ယွမ်သည် ကင်မရာနှင့်မိတ်ကပ်အဖွဲ့သားများအား ဖိအားပေး၍ ထောင်မု၊ ကျောက်ရှင်းနှင့် အခြားသူတို့အတွက် အခက်အခဲဖြစ်စေရန် အကြိမ်ကြိမ် သွေးထိုးလှုံ့ဆော်‌သည်ကို ကင်မရာနှင့်မိတ်ကပ်အဖွဲ့သားများ အပြည့်အဝ သိရှိနေသော်လည်း ဖွင့်ဟပြောလို့မရခြင်းဖြစ်သည်။
ယခုဆိုလျှင် နဉ်ယွမ် လုပ်ဆောင်သည့် အခက်အခဲများစွာအောက်တွင် ထောင်မုသည် သူ၏ကိုယ်ပိုင်စွမ်းရည်ကို ပြသလိုက်ခြင်းသည် နဉ်ယွမ်၏မျက်နှာကို မမြင်နိုင်သော လက်ဖြင့်ရိုက်လိုက်ခြင်းပင်ဖြစ်သည်။ ထိုအချိန်တွင် နဉ်ယွမ်သည် ဝန်ထမ်းများအပေါ် သြဇာလွှမ်းမိုးမှုမှာ ယခင်ကထက် များစွာလျော့နည်းသွားမည်ဖြစ်သည်။ ပို၍လေးနက်စွာ ပြောရလျှင် ရှကျီးရှင်း အင်တာတိန်းမန့်တွင် နဉ်ယွမ်၏ရာထူးကိုပင် ထိခိုက်စေမည်ဖြစ်သည်။
နဉ်ယွမ်သည် မာနကြီးသူဖြစ်ပြီး ဤအခြေအနေကိုသူလက်မခံနိုင်ပေ။ တစ်ချိန်တည်းမှာပင် နဉ်ယွမ်၏နောက်ကွယ်မှ အေးဂျင့်သည် ၎င်း၏ပြိုင်ဘက် အေးဂျင့်ဖြစ်သည့် ကျောက်ခယ်ပင်းသည် ထောင်မုအားလက်မှတ်ရေးထိုး‌စေခြင်းကြောင့် အရင်းအမြစ်များပိုမိုရရှိလာပြီး ကုမ္ပဏီတွင် နေရာပိုရလာမည်ကို မမြင်ချင်ပေ။
တစ်နည်းဆိုရသော် ‘သူရဲကောင်းများ၏ဒဏ္ဍာရီ’ ၏အဖွဲ့သားများကြားထဲတွင် ထောင်မုသည် သူ၏ အရှိန်အဟုန်ကို ရအောင်ထိန်းထားနိုင်ရမည်ဖြစ်သည်။
ဝူမင်၏လက်နက်သည် ပျော့ပြောင်းသော မြွေဓားဖြစ်သောကြောင့် ကျောက်ရှင်းသည် ထောင်မုကို အလေးထားသည့် အနေဖြင့် ၎င်း၏ အခန်းကဏ္ဍကိုပိုမိုကောင်းမွန်စေရန်အတွက် ထောင်မုအား ပျော့ပျောင်းသောမြေဓားလှုပ်ရှားမှုများကို ပြန်လည်လေ့ကျင့်ရန် သီးသန့်အချိန်ပိုပေးခဲ့သည်။ နေ့တိုင်း မနက် 2 နာရီမှာ အိပ်ရသည် ၊ပြီးတော့ မနက် 5 နာရီမှာ ထရတာသည် စံနှုန်းတစ်ခုဖြစ်လာသည်။ ဓားရေးလေ့ကျင့်မှုအပြင် သမုဒ္ဒရာတစ်ဖက်ခြမ်းရှိ M နိုင်ငံ၏ စတော့ဈေးကွက်နှင့် နိုင်ငံတကာရေနံဈေးကွက်တွင်အပြောင်းအလဲများကို အနီးကပ်အာရုံစိုက်ရန်လည်းမမေ့လျော့ခဲ့ပေ။
အချိန်တွေပိုနည်းလာပေမယ့် ကံကောင်းထောက်မစွာပဲ ‘တိမ်စိုင်ခရမ်းပြာ’ မှ သူသရုပ်‌ဆောင်ရန်အပိုင်းမှာ ပြီးလုနီးပါးပါပဲ။ ‘သူရဲကောင်းတို့၏ဒဏ္ဍာရီ’ တွင် အဖွဲ့ဝင်အဖြစ် ထောင်မုဝင်ရောက်ပြီးနောက် သုံးရက်မြောက်သောနေ့တွင် တိမ်စိုင်ခရမ်းပြာ’ တွင် သူ၏ခန္ဓာကိုယ်နှစ်ထပ်ပါဝင်မှုမှာ လုံးဝပြီးဆုံးသွားခဲ့သည်။
ထောင်မုသည် အစားထိုးသရုပ်ဆောင်မျှသာဖြစ်သော်လည်း ချန်ယိချမ်သည် ထောင်မုကို အလွန်အကောင်းမြင်သောကြောင့် ထောင်မုကို နှုတ်ဆက်ပွဲလေးတစ်ခု လုပ်ပေးခဲ့သည်။ နှုတ်ဆက်ပွဲလို့ ခေါ်ပေမယ့် တကယ်တမ်းမှာ အဲဒီနေ့အတွက် ထမင်းဘူးထဲသို့ အသားဟင်းအပိုထည့်ပေးခြင်းသာဖြစ်သည်။ ထိုအချိန်တွင် ရှန်းယွီသည် ပြေးလာပြီး ထောင်မု၏လက်ကိုဆွဲကာ နှုတ်ဆက်သည်။ သူသည် ထောင်မု၏ဖုန်းနံပါတ်စာရင်းတွင် သူ့အား အမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန်လည်းဆက်ပြောခဲ့ပြီး ထိုသို့မပြုလုပ်ပါက ‘သူရဲကောင်းတို့၏ဒဏ္ဍာရီ’ အဖွဲ့သားများထံ နေ့တိုင်းသွားနေမည်ဖြစ်သည်။ ထိုအရာသည် ထောင်မုကို အဆုံးမရှိ စိတ်အနှောင့်အယှက် ဖြစ်စေသည်။
တစ်ဖက်တွင် ‘တိမ်စိုင်ခရမ်းပြာ’ အဖွဲ့သားမှ ထွက်ခွာခဲ့ပြီးနောက် ထောင်မုတွင်လည်း ဝူမင်၏ အခန်းကဏ္ဍကို စဉ်းစားရန် အချိန်ပိုရှိခဲ့သည်။ အထူးသဖြင့် တိုက်ခိုက်ရေး အပိုင်းပင်။ စိမ်းစို ပျော့ပျောင်းစေသောမြွေဓား၏လှုပ်ရှားမှုကို ပိုမိုလှပအောင် လေ့ကျင့်ရန်အတွက် ထောင်မုသည် သူ့ကို အတက်အခုန်များ သင်ပေးရန်ဆရာတစ်ဦးအား အတိအကျ တောင်းဆိုခဲ့သည်။ အဓိကအားဖြင့် ကြာပွတ် အသုံးပြုနည်းကို သင်ကြားပေးသော ဆရာနည်းပါးလွန်းသောကြောင့် ဖြစ်သည်။ ထို့အပြင် ဝူမင်၏ လှုပ်ရှားမှုများသည် မူရင်းဖော်ပြချက်တွင် ၎င်းသည် ကြမ်းတမ်းရုံသာမက ချောမွေ့ပြီးစီးဆင်းနေသည်ဟုလည်း ထောင်မု ခံစားခဲ့ရသည်။ အလုံးစုံသော စရိုက်လက္ခဏာနှင့် ခံစားမှုအတွက်မူထောင်မုသည် ဇာတ်ရုပ်နှင့် လိုက်လျောညီထွေဖြစ်အောင် လိုက်လုပ်နိုင်ရမည်ဟု ခံစားခဲ့ရသည်။
သူ့အရင်ဘဝတွင် လူတွေဆီမှ ဝေဖန်မှုများ မည်မျှပဲ ခံခဲ့ရပါစေ ထောင်မု၏ ငြင်းလို့မရသည့် အချက်မှာ သူသည် အလုပ်ကြိုးစားသူပါ။ အထူးသဖြင့် ၎င်း၏ ‘ရည်ရွယ်ချက်နှင့် အကျိုးစီးပွားအတွက်’ဆိုလျှင် ထောင်မုသည် အခြားသူများကိုရော သူ့ကိုယ်သူပါ ရက်စက်နိုင်သည်။ ထို့ကြောင့် ညတိုင်း ညတစ်နာရီ သို့မဟုတ်နှစ်နာရီအထိ ညဉ့်နက်သန်းခေါင်အထိရိုက်ကွင်းများကို ရိုက်ကူးခဲ့ပြီးနောက်တစ်နေ့ နံနက် ၄ နာရီတွင် ကိုယ်ခံပညာ ဆက်လက်လေ့ကျင့်ရန် အိပ်ရာထသည်။ သူ့တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ပေါ်လာပြီးခုနစ်ရက်အတွင်းမှာပဲ သူ့လက်မောင်းဒါမှမဟုတ် လက်ချောင်းတွေနဲ့ ရင်းနှီးသည့် အတိုင်းအတာအထိ လှုပ်ရှားမှုအားလုံးကို အပြည့်အဝ ဆုပ်ကိုင်နိုင်ခဲ့ပါသည်။
ဝန်ထမ်းများမှ လူများ အားလုံးသည် ထောင်မုသည်နဂိုကတည်းက အဆင်သင့်ရှိသည့် အလွန်လှပသော ကိုယ်ခံပညာကိုပို၍ပင် ရင်သပ်ရှုမောဖွယ် စွမ်းဆောင်ရည်အဖြစ်ပြောင်းလဲနိုင်ပုံကို မြင်တွေ့ခဲ့ကြရသည်။
ကျယ်လောင်စွာ မပြောသော်လည်း လူတိုင်းနှလုံးသားထဲတွင် သက်ပြင်းချကြသည်။ အထူးသဖြင့် စတန့်ညှိနှိုင်းရေးမှူးများအပါအဝင် ကိုယ်ခံပညာစတန့်သရုပ်ဆောင်များသည် ထောင်မု၏ယုံကြည်လေးစားမှုကို ပိုခံရသည်။ ဝူမင် ဇာတ်ရုပ်နှင့် တစ်ညတည်း လူကြိုက်များလာလိမ့်မည်ဟုထောင်မု အား လူတိုင်းသတ်မှတ်မိသည့်အခါတွင် သတင်းဆိုးတစ်ခု ထွက်ပေါ်လာပါသည်။
ဒါရိုက်တာကျောက်သည် ဝူမင် ဇာတ်ရုပ်အတွက်မလိုအပ်တော့ဘူးလို့ ကိုယ်တိုင်ကိုယ်ကျ ပြောပြခဲ့ပါသည်။ ရှကျီးရှင်း အင်တာတိန်းမန့်ရဲ့အဓိက ရှယ်ယာရှင်ဖြစ်သည့်သူ၏သားဖြစ်သူအား အစားထိုးသွားမည်ဖြစ်‌ပြီး ဖျော်ဖြေရေးလောကထဲသို့ စတင်ဝင်ရောက်မည်ဖြစ်သည်။
ကျောက်ရှင်းသည် ထောင်မုနှင့် စကားပြောလာသောအချိန်တွင် ထောင်မုသည် တိုက်ကွက်များလေ့ကျင့်နေချိန်ဖြစ်သည်။ ညနေခင်းတွင် ရိုက်ကူးရမည့် ဇာတ်ကွက်ကြီးဖြစ်ပြီးဟီးရိုးနှင့် ဝူမင်ပထမဆုံးအကြိမ် တွေ့ဆုံသည့် ပြေးလွှားနေသည့် မြင်ကွင်းဖြစ်သည်။ စတူဒီယိုနေရာရှိ ကျင်းလင်မြို့တစ်ဝိုက်တွင် လူနှစ်ဦး တိုက်ခိုက်နေသည့် ခမ်းနားသော မြင်ကွင်းကို ရိုက်ကူးရန် ကြိုးများ ချိတ်ဆွဲထားရသည်။ ဤမြင်ကွင်းတွင် မီးတုတ်များကိုင်ဆောင်ကာ ဝူမင်ကိုဖမ်းရန် လမ်းများပေါ်တွင် ဟီးရိုးများနှင့်ပူးပေါင်းကာ နန်းတော်အစောင့်များနှင့် မြို့အစောင့်များစသည့်လူအများအပြားနှင့် ရိုက်ကူးရမည့် အခန်းဖြစ်သည်။ ထိုအခန်းသည် ညရိုက်ကွင်းတစ်ခုလည်းဖြစ်သည်။ ဤကွဲပြားသောအချက်များအားလုံးသည် ဇာတ်ဝင်ခန်းကိုရိုက်ကူးရန်အလွန်ခက်ခဲစေသည်မို့ အဖွဲ့သားများသည် ယခုအချိန်အထိရိုက်ကူးခြင်းကို ရပ်ဆိုင်းထားရမည်ဖြစ်ပါသည်။ ထောင်မုသည် ဤဇာတ်ဝင်ခန်းကို ရိုက်ကူးရာတွင် အထောက်အကူဖြစ်စေမည့် အဖွဲ့သားများနှင့် တတ်နိုင်သမျှ အမြန်ဆုံးပေါင်းစည်းနိုင်စေရန်လည်းဖြစ်သည်။
ထောင်မု၏ သရုပ်ဆောင်မှုသည် မည်သူ့ကိုမှ စိတ်မပျက်စေခဲ့ဘူးဆိုတာကို အားလုံးက သက်သေပြခဲ့သည်။ ဆယ်ရက်ကျော်အတွင်းမှာပဲ ထောင်မု၏စကားပြောသည့် ဇာတ်ဝင်ခန်းပဲဖြစ်ဖြစ်၊ အတိုက်အခိုက်ဇာတ်ဝင်ခန်းပဲဖြစ်ဖြစ် သူဧ။်သရုပ်ဆောင်ချက်များသည် ရင်သပ်ရှုမောဖွယ်ကောင်းပြီး အံ့မခန်းပါပင်။
သူသည် တကယ့်ကို အလားအလာကောင်းသည့် ကြယ်ပွင့်တစ်ယောက်ပါ။ ကံမကောင်းစွာပဲ၊ သူသိပ်ကံမကောင်းခဲ့ပါဘူး။
ကျောက်ရှင်းသည် သူ့ရှေ့မှ ထောင်မုကိုကြည့်ကာသက်ပြင်းအနည်းငယ်ချလိုက်သည်။ လုပ်ငန်းတွင်နှစ်ပေါင်းများစွာ လေ့ကျင့်သင်ကြားခဲ့သည့်ပြင်းထန်သောနှလုံးသားသည် ရှားရှားပါးပါး အပြစ်ရှိကြောင်း ခံစားခဲ့ရသည်- "...... ရှကျီးရှင်း အင်တာတိန်းမန့်က ဒီဒရာမာရဲ့ အကြီးဆုံးရင်းနှီးမြှုပ်နှံသူနှင့် ထုတ်လုပ်သူဖြစ်တာကို မင်းသိပါတယ်။ မင်း‌နေရာကို ရှကျီးရှင်းအင်တာတိန်းမန့်ရဲ့ အဓိကရှယ်ယာရှင်ရဲ့ တူလေးနဲ့ အစားထိုးလိမ့်မယ်......"
ကျောက်ရှင်းသည် စကားရပ်လိုက်ပြီး ထောင်မုကို နှုတ်ဆက်နိုင်ရန် သူ့သူငယ်ချင်းဟောင်း ကျောက်ခယ်ပင်းကို လှမ်းခေါ်လိုက်သည်။ အဓိကအကြောင်းအရင်းကတော့ ထောင်မုကို ထွက်သွားဖို့ စည်းရုံးရမှာကိုသူတကယ်ရှက်ရွံ့မိလို့ပါပဲ။ ထောင်မုသည် အဖွဲ့ထဲဝင်ပြီးနောက်၊ ဝူမင်ဇာတ်ရုပ်တွင် သူပါဝင်ခဲ့သည့် ကြိုးစားအားထုတ်မှုကို လူတိုင်းတွေ့မြင်ခဲ့ရသည်။
ဘယ်လောက်ပဲ စိတ်ရင်းမှန်နဲ့ကြိုးစားအားထုတ်နေပါစေ အရင်းအနှီးရှိသူများ၏ စကားတစ်ခွန်း အောက်တွင် ရပ်တန့်သွားရခြင်းသည် သနားစရာပါပဲ။
ကျောက်ခယ်ပင်းလည်း အလွန်အပြစ်ရှိသလို ခံစားခဲ့ရသည်- "သူဌေးက ဒီကိစ္စကို ပြောပြတဲ့အခါ ငါလည်း ဒါကိုပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒါပေမယ့် မင်းကရှကျီးရှင်း အင်တာတိန်းမန့်ရဲ့ စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်မဟုတ်ဘူးဆိုပြီး ကုမ္ပဏီက တစ်ယောက်ယောက်ကို သီးသန့်ရှာတွေ့ခဲ့တာကို အသိပေးခဲ့တယ်။ ဝူမင်ရဲ့ အခန်းကဏ္ဍကို သူတို့ကုမ္ပဏီရဲ့ အကျိုးစီးပွားကို ဂရုမစိုက်ဘဲ တစ်ကိုယ်ကောင်းဆန်စွာနဲ့ လုပ်ချင်သလို လုပ်သွားကြတာပဲ။ တချို့လူတွေက နဉ်ယွမ်ကို တမင်တကာ ပစ်မှတ်ထားနေတယ်လို့လည်း ပြောကြတယ်။"
နဉ်ယွမ်သည် ‘သူရဲကောင်းတို့၏ဒဏ္ဍာရီ’ ၏အမျိုးသားဇာတ်လိုက်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း B-list အဆင့်သို့ ရောက်သွားခဲ့သည့် အလွန်နာမည်ကြီးသော C-list သရုပ်ဆောင်တစ်ဦးလည်းဖြစ်သည်။ နာမည်ကြီး အိုင်ဒေါဒရာမာများနှင့် ဝတ်စုံဒရမ်မာများစွာကို ရိုက်ကူးထားတာကြောင့်လက်ရှိအချိန်မှာ အရမ်းကို ရေပန်းစားနေပြီး အနုပညာအလုပ်တွေ အရှိန်အဟုန်ပြင်းပြင်းနဲ့ ရပ်တည်နေပါသည်။ နဉ်ယွမ်သည် ရန်လိုလွန်းပြီး ဝန်ထမ်းများနှင့် တွဲပြီးကတည်းက သူ့ကို သတိထားနေကြောင်းထောင်မု သိပေသည်။ တီဗီဇာတ်လမ်းတွဲထုတ်လွှင့်ပြီးသည့်နောက်တွင် ထောင်မုမှ ကြော်ငြာများဝယ်လာမည်ကို သူကြောက်နေပုံရပါသည်။ နောက်ဆုံးတော့ ထောင်မု၏စွမ်းဆောင်ရည်သည် အားလုံးသိသာထင်ရှားနေပြီး ကျောက်ခယ်ပင်းသည် ဤဈေးကွက်ရှာဖွေရေးနည်းပရိယာယ်တွင် အမြဲပါဝင်နေလေ့ရှိသည်။
"နဉ်ယွမ်ရဲ့အေးဂျင့်က ထိုကိစ္စကို သူဌေးကြီးရှေ့မှာ တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့ပြီး ငါ့ကိုဘာမှလုပ်လို့မရအောင်လုပ်ခဲ့တယ်၊ နောက်ပြီး မင်းက ရှကျီးရှင်းအင်တာတိန်းမန့်ရဲ့ စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်တစ်ယောက်မဟုတ်တဲ့အတွက် သူက ကုမ္ပဏီက ရှယ်ယာရှင်တွေကို ကျေနပ်စေချင်တယ်။ ....." ကျောက်ခယ်ပင်းက သူသည် ရှကျီးရှင်း အင်တာတိန်းမန့်နှင့် လက်မှတ်မထိုးခဲ့ကြောင်း၊ ၎င်း၏စွပ်စွဲချက်မှာအပြစ်ရှိပြီး ဝမ်းနည်းဖွယ်ရာဖြစ်ကြောင်း ထောင်မုအား ထပ်မံအလေးပေးပြောကြားခဲ့သည်။
သို့သော် ကျောက်ခယ်ပင်း၏ အကြောင်းပြချက်များသည် အလွန်သင့်လျော်ပါသည်။ ဒီဒရာမာကိုမူလက ရှကျီးရှင်းအင်တာတိန်းမန့်မှမြှုပ်နှံထားတာ ဖြစ်ပါသည်။ ယခု ရှကျီးရှင်းအင်တာတိန်းမန့်၏ သခင်ငယ်သည် ထောင်မု၏အခန်းကဏ္ဍကိုအသုံးပြုပြီး နာမည်ကြီးလာစေရန်အတွက် လာရောက်သရုပ်ဆောင်လိုသည်။ ထောင်မုသည် ကုမ္ပဏီ၏ အနုပညာရှင်တစ်ဦးမဟုတ်ပေ။ မည်သည့် ရှုထောင့်မှမဆို ရှကျီးရှင်းအင်တာတိန်းမန့်သည် ၎င်းတို့အစား ထောင်မုကို ကူညီရန်မလိုအပ်ပါ။
ကျောက်ရှင်းသည် ကျောက်ခယ်ပင်းထက်ပို၍ အပြစ်ရှိကြောင်း ခံစားခဲ့ရသည်။ ထောင်မု၏ စွမ်းဆောင်နိုင်မှုသည်သူ၏ အနုပညာနှင့် တိုက်ခိုက်မှုဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီသောကြောင့် မူလက သူသည် ထောင်မုကို အသုံးချရန် တောင်းဆိုခဲ့သည်။ သို့သော်လည်း ရှကျီးရှင်းအင်တာတိန်းမန့်၏ အဓိကရှယ်ယာရှင်သည် ချမ်းသာပြီး ကျောက်ရှင်း၏ မူရင်းရုပ်ရှင်တွင်ရင်းနှီးမြှုပ်နှံရန် ၎င်း၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ဖော်ပြခဲ့သည်။ ကျောက်ရှင်းသည် ဤမူလဇာတ်ကားအတွက်ပြင်ဆင်နေသည်မှာ နှစ်နှစ်ကျော်ရှိပြီဖြစ်သော်လည်းယုံကြည်စိတ်ချရသော ရင်းနှီးမြုပ်နှံသူ သို့မဟုတ်ရုပ်ရှင်ဖြန့်ဖြူးသူကို ရှာမတွေ့ခဲ့ပေ။ အချိန်အတော်ကြာအောင် နာကျင်စေသောအချက်ဖြစ်လာသည်။ ယခုတော့တစ်စုံတစ်ယောက်သည် အခွင့်အရေးကို ပေးစွမ်းရန်စိတ်လိုလက်ရ ခုန်ပေါက်လာသောကြောင့် ကျောက်ရှင်းသည် ဤအခွင့်ရေးကို လက်လွတ်မခံနိုင်ပေ။
အားလုံးပြောပြီးသောအခါ ကျောက်ရှင်းနှင့်ထောင်မုအကြားဆက်ဆံရေးသည် ထောင်မုကိုကူညီရန် သူ့ကိုယ်သူ အမှားလုပ်မိသည့်အဆင့်သို့မရောက်ခဲ့ပေ။
ကျောက်ရှင်းနှင့် ကျောက်ခယ်ပင်း နှစ်ဦးစလုံးသည် ထောင်မု သတင်းကြားသောအခါတွင်ဒုက္ခဖြစ်စေလိမ့်မည်ဟု ထင်ခဲ့ကြပြီး ကျိန်ဆဲခံရရန်ပင် ပြင်ဆင်ခဲ့ကြသည်။
ဒါပေမဲ့ ထောင်မုသည် တုံ့ပြန်မှုလုံးဝမရှိပဲ သူတို့မျှော်လင့်ထားသည့် ပုံစံအစား "ဒါဆို ဒီနေ့ ကျွန်တော်အဖွဲ့ထဲကနေ ထွက်သွားရမှာလား?"
ကျောက်ရှင်းနှင့် ကျောက်ခယ်ပင်း နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။
ကျောက်ရှင်းသည် ထောင်မုကို ထူးဆန်းစွာကြည့်ကာ "မင်းငါတို့နဲ့ ပတ်သက်ပြီး ပြောစရာမရှိဘူးလား။"
"ဘာမှ စောဒကတက်စရာ မရှိပါဘူး။" ထောင်မု၏အမူအရာမှာ တည်ငြိမ်နေခဲ့သည်။ ကျောက်ခယ်ပင်းနှင့် ကျောက်ရှင်းတို့သည် ထောင်မု၏ ငယ်ရွယ်မှုကြောင့် ဤကဲ့သို့သော နစ်နာမှုကို ခံနိုင်ရည်ရှိမည်ကို သူတို့ မသိခဲ့ကြပေ။ အသက် ၁၈နှစ်မဟုတ်သေးပေမယ့်သူ့အရင်ဘဝက ၁၈ နှစ်အရွယ် မိဘမဲ့ကလေးတစ်ယောက်အနေနဲ့တောင်မှ ထောင်မု၏ ဘဝသည် ဘယ်တော့မှမချောမွေ့ခဲ့ပါဘူး၊ သူရထားတဲ့ အခွင့်အရေးကောင်းကို တခြားသူခိုးခံရသည့်အချိန်သည် တစ်ကြိမ်၊ နှစ်ကြိမ် မကပါဘူး။ .
ကျောက်ရှင်းနှင့် ကျောက်ခယ်ပင်းသည် ဤကိစ္စကို ပြန်လည်ရွေးနှုတ်ရန် နည်းလမ်းမရှိကြောင်းသက်သေပြခဲ့ပြီးဖြစ်သောကြောင့် ဇာတ်ကွက်ကြီးကြီးတစ်ခုဖန်တီးခြင်း သို့မဟုတ် တောင်းရမ်းခြင်းဖြင့်သူပြောင်းလဲနိုင်သောအရာမဟုတ်ပေ။ ထို့ကြောင့် ခွန်အားကို ဖြုန်းတီးကာ ငိုယိုညည်းညူနေမည့်အစား ထောင်မုသည် ပြတ်ပြတ်သားသား ဆုတ်ခွာသွားခဲ့သည်။
သေချာသည်မှာ အပြင်မထွက်ခင် ဖြေရှင်းရမယ့် ပြဿနာတချို့ရှိသည်။
“ကြားထဲမှာ ဘာဖြစ်သွားလဲ မသိပေမယ့် အကြောင်းပြချက်မရှိဘဲ စာချုပ်ချုပ်ပြီးသား ကောင်းကောင်းသရုပ်ဆောင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ကိုထုတ်ပစ်မယ်လို့ မထင်ပါဘူး။” ထောင်မုသည် သူတို့ နှစ်ယောက်ကို ပြုံး၍‌ပြောလိုက်သည်။ ကျောက်ရှင်းသည် "ခင်ဗျားတို့ ကိစ္စတွေကို ပြောင်းလဲဖို့ကြိုးစားပြီး ကုန်ကျစရိတ်နဲ့ အမြတ်တွေကို ချိန်ဆလိုက်လို့ဖြစ်မယ်ထင်တယ်။ နောက်ဆုံး ဆုံးဖြတ်ချက်က အဖွဲ့သားတွေရဲ့ရိုက်ကူးရေးအတွက် ပိုအဆင်ပြေစေမယ့်အရာဖြစ်မှာပါ။"
"ကျွန်တော် ဝမ်းမနည်းဘူး စိတ်မပျက်မိဘူးလို့ထင်ရတော့ မှားတာပေါ့။ ဒါပေမယ့် ကျွန်တော့်ရဲ့ကိုယ်ပိုင်ခံစားချက်ကြောင့် လူတိုင်းကို ဒုက္ခမဖြစ်စေရပါဘူး။ ဒါ့အပြင် စာချုပ်ဖောက်ဖျက်မှုဖြစ်သွားရင် ရိုက်ကွင်းဘက်က လျော်ကြေးပေးရတာပဲ ဘယ်သူမှ ကျွန်တော့်အပေါ် အကြွေးတင်မနေပါဘူး။ ကျွန်တော်က ကောလိပ်ကျောင်းသား အသစ်တစ်ယောက် ဖြစ်ပြီးလူ့အဖွဲ့အစည်းထဲမဝင်ရသေးပေမယ့် စာချုပ်ရဲ့အခြေခံသဘောကို ကျွန်တော်နားလည်ထားပါတယ်။"
ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ဆန္ဒအတိုင်း မည်သို့ဖြစ်မြောက်နိုင်မည်နည်း။ အခြေအနေမပြောင်းလဲနိုင်သောကြောင့် ထောင်မုသည် လူအများ၏နှလုံးသားကို အနိုင်ယူနိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံတွင် လူတို့၏စိတ်နှလုံးကို အနိုင်ယူနိုင်ခြင်းကြောင့် အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု ဆိုလိုသည်။
ဟုတ်ပါသည်၊ ကျောက်ရှင်းသည် ထောင်မုရဲ့ စကားကိုကြားပြီးတာနဲ့ ချက်ချင်းဆိုသလို တုန်လှုပ်သွားခဲ့သည်။ ရှကျီးရှင်းအင်တာတိန်းမန့်နဲ့ သူ့ရဲ့ဆက်ဆံရေးကိုတောင် ရင်ဖွင့်လုနီးပါးပါပဲ။ ကံကောင်းထောက်မစွာ၊အရေးကြီးသည့်အခိုက်အတန့်မှာ အကြောင်းပြချက်သည် စိတ်ခံစားချက်ကို အနိုင်ယူခဲ့သည်။ ဒါကြောင့် ကျောက်ရှင်းသည် ထောင်မုကို စိတ်လှုပ်ရှားစွာနှင့် သဘောကျမှုကိုမဖုံးကွယ်နိုင်ဘဲ ထောင်မု ရဲ့ ပုခုံးကို ပွတ်သပ်ရင်း "ရှောင်မု ၊ မင်းက အရမ်းတော်တဲ့ ကလေးပဲ......"
ကျောက်ခယ်ပင်းသည် ထောင်မု၏ တုံ့ပြန်မှုသည် အလွန်ပွင့်လင်းပြီး လှပမည်ဟု မမျှော်လင့်ထားပေ။ ရိုးရိုးသားသားပြောရရင် ဒါသည် အသက်ဆယ့်ရှစ်နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ လုပ်ရပ်နှင့် လုံးဝမတူပေ။ ဒါပေမယ့် ထောင်မု၏ ဘဝအတွေ့အကြုံကို တွေးကြည့်လိုက်တော့ ကျောက်ခယ်ပင်းသည် ဒါကို သဘောပေါက်သွားပါသည်။ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွသည် သူတို့ရဲ့ စားဝတ်နေရေးအတွက် စောစောစီးစီး အလုပ်လုပ်ရမည်။ ထောင်မု၏တုံ့ပြန်မှုသည် ကျောက်ခယ်ပင်း၏မျှော်လင့်ချက်များနှင့်မကိုက်ညီသော်လည်း၊ ဤအဖြစ်အပျက်ကိုသိရှိပြီးနောက် ထောင်မု၏တုံ့ပြန်မှုသည် ကျောက်ခယ်ပင်းသည် ကလေးတွင် EQမြင့်မားသည်ကိုတွေ့မြင်ရန်လုံလောက်ပါသည်။ အနည်းဆုံးတော့ သူသည် စိတ်ခံစားမှု၏ လွှမ်းမိုးခံရမည့်သူ မဟုတ်ပေ။
ရုပ်ရည်ချောမောပြီး သရုပ်ဆောင်စွမ်းရည်လည်း ကောင်းကောင်းနဲ့ အလုပ်ကြိုးစားပုံကို သိသည်။ ထို့အပြင် သူ၏စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးသည် သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင်ပင် ဖြစ်သည်။ အကယ်၍ ထိုလူကို ၎င်းတို့၏ ကုမ္ပဏီတွင် လက်မှတ်မထိုးနိုင်ခဲ့ပါက ရှကျီးရှင်း အင်တာတိန်းမန့်နှင့် ကျောက်ခယ်ပင်းတို့အတွက်ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။
ဒါကိုစဉ်းစားရင်း ကျောက်ခယ်ပင်းက ပိုပိုပြီး ဝမ်းနည်းတဲ့အမူအရာပြပြီး "ရှောင်မု၊ ငါတို့ကို အခုလိုနားလည်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒီတစ်ခါတော့ ဒါဟာ အစ်ကိုကျောက်ရဲ့အမှားပဲ၊ စိတ်မပူပါနဲ့ အစ်ကိုကျောက်ကမင်းကို တခြားသူတွေရဲ့လူရွေးပွဲအခွင့်အလမ်းကို မိတ်ဆက်ပေးလိမ့်မယ်။"
ထောင်မု ပြုံးလိုက်သည်။ ဒီအရာနှင့် နှိုင်းယှဉ်လိုက်ရင် ထောင်မုကတော့ အခြားတစ်ခုကို ပိုလို့စိုးရိမ်မိသည်။
“တကယ်လား၊ ကျွန်တော့်ရဲ့ အတိုက်ခိုက် သရုပ်ဆောင်တာနဲ့ပတ်သတ်ပြီး ဒါရိုက်တာကျောက် ဘယ်လိုခံစားမိလဲ?"
ကျောက်ရှင်းသည် ထောင်မု၏ တိုက်ခိုက်ပုံကို ခံစားမိနေသေးသည်။ ဒါကိုကြားတော့ သူစိတ်ထဲမှာ မထင်မှတ်ဘဲ “ကောင်းတာပေါ့၊ အဲဒါကို တရုတ်မှာ ပထမတန်းစားအဆင့်လို့ ခေါ်နိုင်တယ်” ဟု ပြောလိုက်သည်။
ထောင်မု မျက်ခုံးပင့်လိုက်ပြီး "ကျွန်တော့်နေရာမှာ အစားထိုးတဲ့ သူထက် အများကြီးသာတယ် မဟုတ်လား?"
"ဒါက ယှဉ်လို့မရပါဘူး--" ကျောက်ရှင်းမှာ ချက်ချင်းရပ်လိုက်ပြီး ထောင်မုကိုကြည့်၍" မင်း......ဘာပြောချင်တာလဲ?"
"ဒါရိုက်တာကျောက် စိတ်မပူပါနဲ့၊ ကျွန်တော်က
ခင်ဗျားအတွက် အခက်ခဲမဖြစ်စေပါဘူး။ ကျွန်တော် သဘောတူညီချက်တစ်ခု လိုချင်တယ်။" ထောင်မုသည် ကျောက်ရှင်းကို ပြုံးပြ၍ပြောလိုက်သည်။
ဒါရိုက်တာရဲ့ နားနေခန်းထဲမှ ထွက်လာပြီးနောက် ထောင်မုဟာ စာချုပ်ဖောက်ဖျက်မှုအတွက် အကြွေးတင်ထားသည့် ငွေများကို လက်ခံရယူဖို့ ငွေရေးကြေးရေးဌာနကို ဦးစွာသွားခဲ့သည်။ ဘဏ္ဍာရေးဌာနကို အကြောင်းကြားပြီးသည့်အတွက် ငွေကို လွယ်လွယ်နှင့် ပေးခဲ့သည်။ သူတို့လည်း စိတ်မကောင်းသည့် ပုံစံဖြင့် ပြောခဲ့သည်- "မင်းကတကယ်ကို ကောင်းကောင်းမွန်မွန် နေထိုင်ပြုမူတတ်သူပါ။ မင်းမှာ ဒီအခွင့်အရေး မရရင်တောင် နောင်မှာ မင်းရေပန်းစားမှာ သေချာပါတယ်။စိတ်ဓာတ်မကျပါနဲ့"
အချို့လူများသည် အတွေ့အကြုံရှိသော လေသံဖြင့်ပြောသည် - "ဒီလူ့အဖွဲ့အစည်းက ဒီလိုပါပဲ။ မင်းသွားလေရာရာ တံခါးကို နောက်ပြန်ဆွဲမယ့်သူတွေ ဘယ်တော့မှ မချို့တဲ့ဘူး။ ရွှေဆိုတာ အနှေးနဲ့အမြန်ဆိုသလို ထွန်းလင်းတောက်ပလာမယ်ဆိုတာ သတိရလိုက်ပါ။ မင်းနာမည်ကြီးလာတဲ့အခါ ဒီလိုကိစ္စတွေ ပျောက်သွားလိမ့်မယ်။"
နောက်ဆုံးတွင် ကလေးပျော်စေရန်အတွက် ငွေရေးကြေးရေးဌာနမှ အဒေါ်ကြီးများနှင့် မိန်းမပျိုတစ်စုသည် အွန်လိုင်းတွင် အမှတ်ရပုံတင်ထားပြီး ထောင်မုနာမည်ကြီးလာသည့်အခါ ထိုဓာတ်ပုံကို လေလံတင်ရောင်းချရန်အတွက် ၎င်းတို့၏စမတ်ဖုန်းများကို ထုတ်လိုက်ပြီး ထောင်မုနှင့် ဓာတ်ပုံရိုက်ကြသည်။
"အနည်းဆုံးတော့ ကျွန်တော်တို့ ငယ်ငယ်က စူပါစတားကို ရှာဖွေတွေ့ရှိခဲ့ပြီး မျက်စိအားကောင်းကြောင်းသက်သေပြနိုင်ပါတယ်။"
"မင်းရဲ့ လက်မှတ်ထိုးပြီးသားပါတဲ့ ဓာတ်ပုံတစ်ပုံကို ယွမ် ၁၀,၀၀၀ကျော်နဲ့ ရောင်းလို့ရနိုင်တယ်။"
အဖွဲ့ဓာတ်ပုံတစ်ပုံဝယ်ဖို့ ဘယ်တစ်ယောက်ကများ ယွမ်၁၀,၀၀၀ ကို သုံးမှာလဲ?
ထောင်မုက ပြုံးပြလိုက်ပြီး သူ့စိတ်ခံစားချက်ကိုဂရုတစိုက် အလေးပေးသည့်အတွက် အလွန်ကျေးဇူးတင်အ်သည်။ သူသည် လူတိုင်းနှင့် အဖွဲ့လိုက် ဓာတ်ပုံရိုက်ကာ လေးနက်သည့်ပုံစံဖြင့် လက်မှတ်ရေးထိုးခဲ့သည်။
ထောင်မုသည် ဘဏ္ဍာရေးဌာနမှ ထွက်လာသောအခါတွင် အခြေခံအားဖြင့် ဝန်ထမ်းအားလုံးသည် ထောင်မု အလုပ်ထုတ်ခံရသည်ကို သတိပြုမိကြသည်။ ကြားနေအကျိုးစီးပွားရှိသည့် ငွေကြေးအမျိုးသမီးများနှင့်မတူဘဲ သရုပ်ဖော်အဖွဲ့ဝင်များသည် နည်းအမျိုးမျိုးဖြင့် တုံ့ပြန်ခဲ့ကြသည်။ မင်းသမီးအများစုတွင် ထောင်မုအတွက် တကယ်စိတ်မကောင်းဖြစ်ခဲ့ရသည့် လူများရှိသလို လုံးဝဂရုမစိုက်သည့် သူများလည်း ရှိခဲ့ပါသည်။ ထောင်မုရှေ့မှာ လျှောချပြီး သူတို့၏ ဝမ်းနည်းမှုကို ထုတ်ဖော်ပြောဆိုသူတွေလည်း ရှိပါသည်။ သူတို့၏ တုံ့ပြန်မှုများသည် အလွန်ကွဲပြားသည်။
ထောင်မုသည် တစ်ယောက်ပြီးတစ်ယောက် ကိုင်တွယ်ဖြေရှင်းခဲ့ပြီး လူတိုင်းစိတ်ကူးထားသည့်အတိုင်း ခါးသီးသောမျက်ရည်များ၊ သိမ်ငယ်သောပုံစံဖြင့် အဝတ်လဲခန်းသို့ ပြန်လှည့်လာသောအခါတွင် လျောက်ပတ်သောအသွင်အပြင်ရှိသော်လည်း နာမည်ကြီး တံဆိပ်ကို ခေါင်းမှ ခြေဖျားအထိ ဝတ်ဆင်ထားသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ မောက်မာသော စိတ်ထားဖြင့် သူ့နေရာတွင် ထိုင်နေသည်။
"မင်းက လူသတ်သမား ဝူမင်ရဲ့ မူရင်းမင်းသားလား" မိုဘိုင်းလ်ဖုန်းဖြင့်ကစားနေသည့် လူငယ်သည် ထောင်မုကိုမရိုးမသား ကြည့်ပြီး မျက်ခုံးပင့်ကာ “ မင်းက ကိုယ်ခံပညာ စတန့်မင်းသားလို့ ငါကြားတယ် မင်းရဲ့ ရန်ပွဲ ဇာတ်ကွက်တွေကအရမ်းကောင်းတယ်။ ဘယ်လိုလဲ ငါ့ခန္ဓာကိုယ်ရဲ့အစားထိုးလုပ်မလား? ပိုက်ဆံက ပြဿနာမဟုတ်ဘူး။"
အိုး၊ ဤသခင်ငယ်သည် ရှကျီးရှင်းအင်တာတိန်းမန့်၏အဓိကရှယ်ယာရှင်၏ တူ ဖြစ်ပုံရသည်။
ထောင်မုသည် ထို "တူ" ကို ငုံ့ကြည့်ကာ "ငါ မင်းရဲ့ အစားထိုးမလုပ်နိုင်ဘူး"
"ဘာလို့ ငါ့ကို နှိမ့်ချကြည့်နေတာလဲ၊ ဒါမှမဟုတ် မင်း ငါ့ကို စိတ်ဆိုးနေတာလား။" တူဖြစ်သူသည် လှောင်ပြောင်ပြီး ဖုန်းကို စားပွဲတင်ခုံပေါ် သို့ ပစ်ချလိုက်သည်။ အဝတ်လဲခုံပေါ်မှာ ပက်လက်လှန်ပြီး စားပွဲပေါ် ခြေထောက်တင်ရင်းဖြင့် "အမှန်တိုင်းပြောရရင် ငါဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ ငါဂရုမစိုက်ပါဘူး။ ဖျော်ဖြေရေးနယ်ပယ်ထဲဝင်လာတာက စိတ်လှုပ်ရှားစရာကောင်းပြီး အရာအားလုံးကို အောက်ကလူတွေက စီစဉ်ပေးတယ်။ ဒါဆို မင်းငါ့ကိုစိတ်ဆိုးချင်ရင်တောင် လုပ်လို့မရဘူး။ နောက်ဆုံးတော့ ဒီဒရာမာကို ငါ့ဦးလေးက ရင်းနှီးထားတာပဲ မဟုတ်လာ? "
ထောင်မု စကားတစ်ခွန်းမျှ မပြောပေ။
“တူလေး” က ဆက်ပြောသည်။ “မင်း အလုပ်က ထွက်လာတာ ပိုက်ဆံအတွက်ပဲ မဟုတ်လား။ ငါနဲ့ရန်ဖြစ်စရာ မလိုပါဘူး ငါ့မှာပိုက်ဆံရှိတယ်၊မင်းမှာ အရည်အချင်းရှိတယ်။ မင်းကို ငါ့ရဲ့လူစားထိုးဖြစ်စေချင်တယ်။ ဈေးနှုန်းကတော့ မင်းကြိုက်သလောက် တောင်းနိုင်တယ်။"
"အဲ့ဒါက ငွေနဲ့မဆိုင်ဘူး။" ထောင်မုသည် အဝတ်လဲခန်းထဲမှာ ရပ်လိုက်ပြီး ကုလားထိုင်မှာ ထိုင်နေသည့် လူငယ်ကို ကြည့်ပြီး "မင်းက အရပ် 175စင်တီမီတာတောင် မရှိဘူး မဟုတ်လား"
တူကြီး : "???"
ထောင်မုသည် "ကျနော်က 182cm ပါ။ ကင်မရာရှေ့မှာရပ်နေတဲ့အခါ ဒီအမြင့်ထက် ပိုမြင့်တာ တွေ့ရလိမ့်မယ်။ ဒါကြောင့် ငါ မင်းရဲ့ လူစားထိုးမဖြစ်နိုင်ဘူး။ ဒီကိစ္စအတွက် ဒါရိုက်တာက မင်းလို ပုတဲ့ ခန္ဓာကိုယ်အတွက် ကိုယ်ပွား စီစဉ်ပေးလိမ့်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဒါရိုက်တာကျောက်ရဲ့ လက်အောက်ခံ ကိုယ်ခံပညာအဖွဲ့မှာ လူတိုင်းမှာ အရည်အချင်းကောင်းတွေ ရှိတယ်။"
တူ:…
သူ့ဝတ်စုံနှင့် မိတ်ကပ်တွေကို ဖယ်ရှားလိုက်သည်။ ထောင်မုသည် ဒေါသထွက်‌နေသည့် “တူ” ကို
သူ့နောက်တွင်ထားခဲ့ကာ အဖွဲ့သားများအသင်းမှ အေးအေးဆေးဆေး ထွက်သွားသော်လည်း စတူဒီယိုမြို့၏အဝင်ဝတွင် RV ကား၏ ရပ်တန့်ခြင်းကို ခံလိုက်ရသည်။
ကားတံခါးကိုဖွင့်လိုက်ပြီး နဉ်ယွမ်၏ချောမောသောမျက်နှာကို မြင်လိုက်ရပြီး "ကားပေါ်တက်မလား?။"
ထောင်မုသည် မတုန်မလှုပ်ပုံစံနှင့် "လိုအပ်လို့လား?"
နဉ်ယွမ် ရယ်မောလိုက်သည်။ RV မှာထိုင်နေတာတောင်မှ ထောင်မုကို ကြည့်နေသည့် အကြည့်မှာ နည်းနည်းတော့ ရှုံ့မဲ့နေသေးသည်- "မင်းငါ့ကို သိပ်ရန်လိုနေဖို့ မလိုဘူး။ ငါဝန်ခံပါတယ်၊ မင်းကို ဝန်ထမ်းနေရာမှာ ဆက်မနေစေချင်ဘူး၊ ငါ့အေးဂျင့်နဲ့လည်း ဒီအတွက် စီစဉ်မှုတွေ လုပ်ထားတယ်။ ဒါကို ငါငြင်းမှာမဟုတ်ဘူး။ ငါမင်းကိုပြောပြချင်တာက ကျောက်ခယ်ပင်းက ငါ့အေးဂျင့် သူဌေးဆီသွားမယ်ဆိုတာကို အစကတည်းက သိခဲ့တာ။ ကုမ္ပဏီမှာ သူ့အဆင့်အတန်းနဲ့သူ မင်းကို တကယ်ကာကွယ်ချင်တယ်ဆိုရင် သူဌေးကြီးတောင်မှ အခွင့်အရေးပေးလိမ့်မယ်။ ရှကျီးရှင်းက တီဗီဒရာမာများစွာမှာ ရင်းနှီးမြုပ်နှံပြီး အဓိကရှယ်ယာရှင်များကို စိတ်ကျေနပ်စေလိုတဲ့အတွက် သူတို့က မင်းရဲ့အခန်းကဏ္ဍကို တာဝန်ယူနေမှာ မဟုတ်ဖူး။ ထူးဆန်းတာက ကျောက်ခယ်ပင်းက အစအဆုံး ဘာမှမပြောခဲ့တာပဲ "
ဒါကိုပြောရင်း နဉ်ယွမ်သည် ထောင်မုကို စူးစူးစိုက်စိုက်ကြည့်သည်။ သူသည် ထောင်မု၏အသုံးအနှုန်းတွင် သဲလွန်စအချို့ကို ရှာဖွေချင်သည်။ သို့သော် ထောင်မုသည်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
နဉ်ယွမ်က "ကျောက်ခယ်ပင်းက ကုမ္ပဏီမှာ ဝင်လာပြီး အစီအစဉ်တွေကိုမနာခံတဲ့ အမျိုးသမီး အနုပညာရှင်တွေကို ဘယ်လို ဆက်ဆံတယ်ဆိုတာ မင်းသိလား?"
ထောင်မု မျက်နှာ‌သေဖြင့် ဆက်လက်ပြုမူလျက်ရှိသည်။
နဉ်ယွမ် : "ငါက မင်းဒေါသထွက်အောင် သွေးထိုးလှုံ့ဆော်တာ မဟုတ်ဘူး၊ ငါက ဘာမဟုတ်တဲ့အရာအတွက် အသုံးချခံမဖြစ်ချင်ရုံပါ။ မကောင်းတာလုပ်ရင်တောင် ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းလုပ်ရမှာပေါ့။ ကျောက်ခယ်ပင်းက မင်းနဲ့မသင့်တော်ဘူး။ မင်းရဲ့ကိုယ်ရည်ကိုယ်သွေးအရ မင်းသူနဲ့လက်မှတ်ထိုးရင် အနှေးနဲ့အမြန်ဆိုသလို ပဋိပက္ခတွေဖြစ်လိမ့်မယ်။ ကျောက်ခယ်ပင်းလို မင်းရဲ့အားနည်းချက်တွေကို ဆုပ်ကိုင်တဲ့လူမျိုးမလိုချင်ဖူးမလား?။"
"ဒါကို သွေးထိုးချင်တာမဟုတ်ဘူးဆို ဘာများလုပ်ချင်နေတာလဲ" ကျောက်ခယ်ပင်းသည် ကျောက်ရှင်းအား စကားအနည်းငယ်သာပြောပြီး ထောင်မုကိုရှာရန် ချက်ခြင်းထွက်လာခဲ့သည်။ သို့သော် ထောင်မု၏ရှေ့တွင် ရန်ပြုရန်ကြိုးစားနေသည့် နဉ်ယွမ်အား သူတွေ့ရမည်ဟုမမျှော်လင့်ထားပေ။
"ငါအမှန်တိုင်းပြောနေတာ!" နဉ်ယွမ်သည် "ကျောက်ခယ်ပင်းက ဘယ်လိုလူလဲ၊ တခြားသူတွေ မသိနိုင်ပေမယ့် ရှကျီးရှင်းအင်တာတိန်းမန့်ရဲ့ အနုပညာရှင်တွေက မသိနိုင်ဘူးတဲ့လား။ မင်း အရင်က နည်းလမ်းကို အသုံးပြုပြီး ထောင်မုအပေါ်မှာ ချိုမြိန်တဲ့နည်းလမ်းကို အသုံးချချင်နေတာမလား?ထောင်မုက မင်းထိန်းချုပ်နိုင်တဲ့သူတစ်ယောက်လို့ မထင်ဖူး‌နော် ဟွန့် သနားစရာ ကောင်းလိုက်တာ။"
နဉ်ယွမ်သည် ပြောပြီးသည်နှင့် အခြားလူများ၏ တုံ့ပြန်မှုကို မစောင့်ဘဲကားတံခါးကို ပိတ်ကာ မောင်းထွက်သွားရန်အချက်ပြခဲ့သည်။
ငြင်းခုံရန်အပြေးရောက်လာသည့် ကျောက်ခယ်ပင်းသည်ကားမီးခိုးများနှင့် ပက်ဖျန်းခြင်းခံခဲ့ရသည်။ဒေါသတကြီး မျက်နှာကို သုတ်လိုက်ပြီး ထောင်မုကို ရှင်းပြဖို့ရန် ခေါင်းကို လှည့်လိုက်ကာ"ရန်ဖြစ်အောင် သွေးထိုးလှုံ့ဆော်တဲ့ ယုတ်မာတဲ့ အကျင့်စရိုက်မျိုးရှိတဲ့ ကောင်ပြောတာကို နားမယောင်မိပါ‌စေနဲ့၊ ဒီတခေါက် ငါ ဒီကိစ္စကို ကောင်းကောင်း မစီမံနိုင်သေးဘူး။ စိတ်မပူပါနဲ့ ငါ မင်းကို သေချာပေါက်လျော်ကြေးပေးမယ်။ နဉ်ယွမ်လို ဗီလိန်တစ်ယောက်ပြောတဲ့စကားကို အမှတ်မထားပါနဲ့။ သူက ငါမင်းကိုလက်မှတ်ထိုးပြီးရင် မင်းကိုထောက်ပံ့ဖို့ ကုမ္ပဏီကိုငါဆွဲဆောင်ပြီး အရင်းအမြစ်တွေအကုန်လုံးကိုခွဲဝေပေးမှာကိုစိုးရိမ်နေတာ။ မင်း သူ့ထက် မင်း ပိုနာမည်ကြီးလာမှာ သေချာတယ်…”
"မလိုပါဘူး။" ထောင်မုသည် လှောင်ပြောင်ရယ်မောရင်း “ကျွန်တော့်ရဲ့ဂျူနီယာနှစ်မတိုင်ခင်မှာ ဘယ်လိုအရည်အချင်းရှိတဲ့အေဂျင်စီကိုမှ လက်မှတ်မထိုးတော့ဘူးလို့ ပြောခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက် အခုတလော တစ်ယောက်နဲ့တစ်ယောက် သိနေကြပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး သဘောတူညီမှုတစ်ခု ရပြီလို့ ထင်ခဲ့တာ။”
ထိုစကားကိုကြားသောအခါ ကျောက်ခယ်ပင်း အံ့ဩသွားသည်။
ထောင်မု : "နဉ်ယွမ် ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်က တကယ်ကို မသင့်တော်ဘူး"
ကျောက်ခယ်ပင်း မျက်မှောင်ကြုတ်ပြီး ရှင်းပြဖို့ ပါးစပ်ကို ဖွင့်လိုက်သည်။ ထောင်မုက သူ့လက်ကို ဝှေ့ယမ်းပြီး ကြားဖြတ်ပြောလိုက်သည် "အစ်ကိုကျောက်ရဲ့ နည်းလမ်းတွေကို ကျွန်တော် သံသယရှိနေတာတော့မဟုတ်ဘူး။ အေးဂျင့်နဲ့ အနုပညာရှင် အချင်းချင်းပူးပေါင်းပြီး အချင်းချင်း အာဏာပြိုင်ဖို့ လုပ်နေတာ။ ဒါကို ကျွန်တော် နားလည်ပါတယ်။ ရိုးရိုးရှင်းရှင်းပဲခံစားရတယ်။ ကျွန်တော့်ရဲ့အကျင့်စရိုက်အရ အရမ်းခက်ခဲလွန်းတဲ့ အေးဂျင့်တစ်ယောက် မလိုအပ်ပါဘူး။" အထူးသဖြင့် သူ့ဆန္ဒကို သိသည့်အခါတွင် သူ့တောင်းဆိုမှုကို လျစ်လျူရှုပြီး သူ့နောက်ကွယ်မှာ လှည့်ပတ်လှုပ်ရှားနေမည့် အေးဂျင့်တစ်ယောက်ကိုဆိုလိုသည်။
ထောင်မု၏ တွေးခေါ်မှုမှာ ပိုမိုရှင်းလင်းလာသည်။ သူသည် ကျောက်ခယ်ပင်းကိုကြည့်ပြီး "တကယ်တော့ ကျွန်တော်တို့က အတူတူတွေပါပဲ။ ကံမကောင်းစွာပဲ၊ စိတ်တူသူတွေဟာ သဟဇာတမဖြစ်နိုင်ပါဘူး။” ထူးချွန်ထက်မြက်သည့် အရည်အချင်းများနှင့် ယှဉ်ရင် ထောင်မုသည် သူ့အလိုဆန္ဒအတိုင်း နာခံပြီးလုပ်ဆောင်မယ့် အေးဂျင့်တစ်ဦးကို ပိုပြီး သဘောကျပေသည်။ ထိုသို့သာမဟုတ်လျှင် သူသည် ဝမ်ရှီကျင်း၏ကမ်းလှမ်းချက်ကို သဘောတူပြီးသားဖြစ်မှာပါ။ အမြဲတမ်းပြုံးပြနေသည့် မြေခွေးဟောင်းဝမ်ဟာ လူတွေကိုစီမံခန့်ခွဲရာမှာ ကျောက်ခယ်ပင်းထက် အများကြီးသာလွန်သည်။
ဟုတ်ပါသည်၊ ကျောက်ခယ်ပင်းသည် အစကနေအဆုံး သူ့ကို အလေးအနက်မထားခဲ့သည်လည်း ဖြစ်နိုင်သည်။ သူသည် စွဲမက်ဖွယ်ကမ်းလှမ်းချက်အချို့ကိုဆွဲယူပြီး ဖိနှိပ်ရန် ပါဝါကိုအသုံးပြုခြင်းဖြင့် အနုပညာရှင်တစ်ဦးအား မိမိစိတ်ကြိုက်လေ့ကျင့်ပေးနိုင်မည်ဟု ထင်မြင်မိသည်။ ထောင်မုသည် အမှန်တကယ် အသက်ဆယ့်ရှစ်နှစ်မဟုတ်သည်ကတော့ စိတ်မကောင်းစရာပင်။ သူသည် ခံစားချက်ကောင်းသည့် မျက်နှာပေးဇာတ်လမ်းတွင် ဟီးရိုးဖြစ်ရန် အလျင်စလိုမဖြစ်ခဲ့ပါ။
သူသည် အစွဲအလမ်းကြီးပြီး ခေါင်းမာသည်။ ပန်းတိုင်တစ်ခု ချမှတ်ပြီးသည်နှင့် လုံးဝ နောက်ပြန်လှည့်ခြင်း မရှိပေ။ ကျောက်ခယ်ပင်း၏လှည့်ကွက်ကြောင့် သူ၏ လမ်းကြောင်းပြောင်းမည်မဟုတ်ပေ။ ကျောက်ခယ်ပင်းသည် သူ၏အနုပညာရှင်များကို ၎င်းတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များချရန် ဘယ်သောအခါမှ ခွင့်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှုတွင် ဤသည်မှာ သူနှင့် ကျောက်ခယ်ပင်းတို့အတူတကွ မလုပ်ဆောင်နိုင်ရသည့် အခြေခံအကြောင်းရင်းဖြစ်သည်။
ကျောက်ခယ်ပင်းကို နှုတ်ဆက်ပြီးနောက် ထောင်မုသည်အငှားအိမ်သို့ တလမ်းလုံး တိတ်ဆိတ်စွာ ပြန်လာခဲ့သည်။ ထောင်မု ‘တိမ်စိုင်ခရမ်းပြာ’ ပြီးကတည်းက တမောက် နှင့် ရှောင်ဖန်း တို့သည်
" တိမ်စိုင်ခရမ်းပြာ"အဖွဲ့သားအဖြစ်မှ နုတ်ထွက်ခဲ့သည်။ သို့သော် ဇူလိုင်လကုန်တွင် H မြို့ပူလွန်းသောကြောင့် သူတို့နှစ်ဦးသည် အလုပ်ထပ်မရှာခဲ့ကြပေ။ ဖရဲသီးစားသူ နှစ်ဦးသည် သူတို့ကိုယ်သူတို့ခက်ခဲအောင် လုပ်ရန် မလိုအပ်ဟု ခံစားခဲ့ရသောကြောင့် ရလဒ်အနေဖြင့် အင်တာနက်ကဖေးအောက်ထပ်တွင် နေ့စဉ် ဂိမ်းများ ဆော့ကစားခြင်းကို အဆုံးသတ်ခဲ့သည်။ ရံဖန်ရံခါတွင် ၎င်းတို့သည်H စတူဒီယိုဖိုရမ်တွင် ကြွားလုံးထုတ်သည့်ပို့စ်များကို တင်လေ့ရှိကြပြီး ပြင်ပဒေသမှလာသော မိန်းကလေးငယ်များကို ကျော်ကြားသူများအဖြစ် အိပ်မက်များပေးကာ လက်ခံကြသည်။ သူတို့သည် နေရာငှားခြင်းကို ကူညီပေးပြီးလမ်းခရီးမှာ အချင်းချင်း အဆက်အသွယ်အချက်အလက် ဖလှယ်ပြီး ပြဿနာတွေကို ကူညီဖြေရှင်းပေးလိမ့်မည်။
ညနေမှာတော့ ဖျင်ကျဲ၏ စားသောက်ဆိုင်ငယ်လေးဆီ လာလည်ကြသည်။ လေအေးပေးစက်ကို ဖွင့်ထားပြီး သူတို့အချင်းချင်း စကားများကြသည့်အုပ်စုဟောင်းများကို နှစ်သက်စွာနားထောင်ရင်းထမင်းစားပြီးနောက် ဖျော်ဖြေမှုအတွက် အသုံးပြုနိုင်သည့် ဖျော်ဖြေရေး အတင်းအဖျင်းအချို့ကို စုဆောင်းကာ ၎င်းတို့၏ ဖရဲသီးစားသူ၏ V အကောင့်ကို ကြွယ်ဝစေပါသည်။ သူတို့နှစ်ဦးရဲ့စိတ်ဝင်စားမှုအများဆုံးဖြစ်တဲ့ ဖျော်ဖြေရေးအသိုင်းဝိုင်းက သတင်းတွေကို အပ်ဒိတ်လုပ်ထားတာကြောင့် တစ်လခွဲအတွင်းမှာပဲ သူတို့နှစ်ယောက်ရဲ့ ပရိသတ်၅၀,၀၀၀ကျော်သွားပေပြီ။ သူတို့နှစ်ဦးသည် "အင်တာနက်ကျော်ကြားသူများ" ခေါင်းစဉ်ကိုတကယ်နှစ်သက်နေကြသည်။
ထောင်မု အငှားအိမ်သို့ ပြန်ရောက်သောအခါ အခန်းသည် တိတ်ဆိတ်နေပြီး ကြမ်းပြင်အနှံ့ အဝတ်ပေများ လျှောက်လွှင့်ထားသည်ကို တွေ့လိုက်ရသည်။ ဖရဲသီးစားသည့် V ကြီးကြီး နှစ်ယောက်သည် အပြင်မထွက်ခင်အခန်းကို သန့်ရှင်းရေး မလုပ်ခဲ့ကြသည်ပင်။
ထောင်မုသည် သူ့လက်ထဲတွင်ရှိသော ကြိမ်တောင်းကိုကောက်ယူလိုက်ပြီး အတွင်းဘက်ရှိ အဝတ်များအားလုံးကို ကောက်ထည့်ပြီး ရေချိုးခန်းထောင့်တွင် ထားလိုက်သည်။
ပူပြင်းသည့် နွေရာသကြောင့် အခန်းသည် ကျဉ်းပြီး လေမဝင်ပေ။ ထောင်မုသည် ချွေးတွေအရမ်းထွက်ပြီး ရေချိုးခန်းထဲမှာရေချိုးလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ဝှမ်းလုံးရှိ အညိုအမည်းဒဏ်များသည် ရေပူဖြင့် ရေချိုးခြင်းအောက်တွင်နာကျင်မှုဝေဒနာခံစားနေရသည်။
ထောင်မုသည် သူ့အနာများကို သူကိုယ်တိုင် ဆေးလိမ်းထားသော်လည်း ကျန်အစိတ်အပိုင်းများ ကောင်းမွန်နေချိန်တွင် သူ့နောက်ကျောမှာ အနည်းငယ် ကျန်နေပါသည်။ ရုပ်ရှင်ရိုက်ကူးနေစဉ်အတွင်း ဝိုင်ယာကြိုးများ ချိတ်ထားရန် လိုအပ်ခြင်းကြောင့် ကျောနှင့်အတွင်းပေါင်များသည် မကြာခဏ ဒဏ်ရာအပြင်းထန်ဆုံးနေရာများ ဖြစ်ကြသည်။ ထောင်မုသည် အချိန်အတော်ကြာအောင် ရုန်းကန်ပြီး မှန်ဘက်သို့ လှည့်ကြည့်လိုက်သည်။ စကားမပြောနိုင်သော ဒေါသမီးတောက်သည် ရုတ်တရက် ပေါက်ကွဲသွားပြီး တရုတ်တိုင်းရင်းဆေးတွင် နှစ်မြှုပ်ထားသော ဆေးအရက်များနှင့် ဂွမ်းလုံးများကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ဖန်ပုလင်းသည် ကွဲအက်သွားကာ အညိုရောင်ဆေးရည်များသည် နေရာအနှံ့ ကွဲအက်နေသော ဖန်ပုလင်းများဖြင့် ကျနေသည်။ပျော့ပျောင်းသော ဂွမ်းလုံးသည် ကြမ်းပြင်ပေါ်တွင် တိတ်တဆိတ် လှိမ့်ဝင်သွား၏။ အမှုန်အမွှားများသည် နေရောင်ခြည်အောက်တွင် လေထဲတွင် ပျံဝဲနေပါသည်။
ထောင်မုသည် ကုတင်ဘေးတွင် ထိုင်ကာ အမူအရာများလျှော့၍ အခန်းထောင့်ကို ဗလာကျင်းသော မျက်လုံးများဖြင့်စိုက်ကြည့်နေသည်။ နေရောင်ခြည်များလေလေ သာမန်အားဖြင့် မမြင်နိုင်သော သို့မဟုတ် သတိမထားမိသောဖုန်မှုန့်များ ပိုများလေလေ- သာမန်မျက်စိဖြင့် ပို၍မြင်နိုင်လေလေဖြစ်ကြောင်း သူတွေ့ရှိခဲ့သည်။
သေးငယ်ပြီး အရေးမပါတာက အပြစ်မဟုတ်ပါဘူး။ အရည်အချင်းမရှိတာကိုပဲ။ ဒေါသဖြစ်ခြင်းသည် မိမိ၏အရည်အချင်းမရှိခြင်းကြောင့် ဒေါသအမျက်ထွက်ခြင်းမျှသာဖြစ်သည်။
ထောင်မုသည် သူ့ဒေါသဖြစ်ရသည့် အကြောင်းရင်းကို တိတ်တဆိတ် လေးလေးနက်နက် ရှုံ့ချလိုက်သည်။ ထို့နောက် စားပွဲပေါ်တွင် တိတ်တဆိတ်ထိုင်ကာ ကွန်ပျူတာဖွင့်ပြီး စတော့ဈေးကွက်ကို ဆက်လက်စောင့်ကြည့်နေခဲ့သည်။
စီးပွားရေး အကျပ်အတည်းမျ၊ ချဲ့ထွင်မှုများနှင့်အတူ ယခုနှစ် ဒုတိယနှစ်ဝက်မှ စတင်၍ နိုင်ငံခြားအရင်းအနှီးများသည် တရုတ်နိုင်ငံမှ ရူးမိုက်စွာ ဆုတ်ခွာသွားခဲ့သည်။ ဈေးကွက်သည်အမှတ် ၆,၀၀၀ ကျော်မှ အမှတ် ၂,၀၀၀ အောက်သို့ ကျဆင်းသွားခဲ့ပြီး စတော့ဈေးကွက်တစ်ခုလုံးသည် အလွန်ဆိုးရွားနေပါသည်။ သို့သော်လည်း ဈေးကွက်တစ်ခုလုံး မကောင်းလျှင်ပင် အစုရှယ်ယာ အနည်းငယ် တက်လာနေပေလိမ့်မည်။ သူ့အရင်ဘဝမှ ပုံရိပ်များရှိသည့် ထောင်မုသည် ဒီစတော့ရှယ်ယာတွေနှင့် အရမ်းရင်းနှီးပါသည်။ သူလုပ်ရမှာသည်သူ့ပိုက်ဆံတွေအားလုံးကို ဒီစတော့တွေထဲ ထည့်ပြီး စတော့တွေကျမသွားခင် အချိန်မီ ပြန်ထုတ်ဖို့ပင်။
***

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now