Chapter 1(Unicode)

736 13 0
                                    


       ကာလအားဖြင့် ဧပြီအကုန်၊ နွေရာသီ၏ ပူပူလောင်လောင်အချိန် ဖြစ်သည်။ ကံ့ကော်ပင်နှင့် စိန်ပန်း ငုပန်းများ ပွင့်နေသော ခြံကျယ်တစ်ခုအတွင်းသို့ ကားကလေးတစ်စီး မောင်းဝင်၍ အသာအယာရပ်လိုက်သည်။ ကားပေါ်မှ ဆင်းလာသည့် လူသည် မျက်ခုံးစပ်နှစ်ခု ထိလုမတတ် ချိုးထားသည်မှာ အလိုမကျမှုအပြည့်။

"လေးငယ်က ခြံတံခါးကို ဒီတိုင်းကြီးဖွင့်ထားပြန်ပြီ"

ကံ့ကော်ပင်အရိပ်အောက် စားပွဲခုံဘေး ကုလားထိုင်‌ပေါ်တွင် ထိုင်နေသော လေးငယ်ထံသို့ သူရိန်တစ်ယောက် ကြားအောင်ပြောလိုက်၏။ ဦးစက်ရှိန် တစ်ယောက် မိမိတူ၏ အလိုမကျသံအား ခပ်ပြုံးပြုံးသာတုန့်ပြန်မိသည်။ တူဆိုပေသိ သားအရင်းလိုစောင့်ရှောက်ခဲ့ရသည့်ကလေးသည် မိဘများဆုံးကတည်းက မိမိကိုယ်၌မိဘနေရာရောက်လာသဖြင့် မိဘမေတ္တာဖြင့်သာ စောင့်ရှောက်ခဲ့သည်။

"သားလာမယ်လို့ စိတ်ကထင်နေလို့"

လေးငယ်မှာထိုသို့ပင် သူစိတ်ထဲ ထင်နေလျှင် အမှန်ဖြစ်သည်ကများသည်။ သူ့ဘယ်ဆုတောင်းကြောင့်ရယ်မသိ အခုလည်း မြို့ထဲနေသည့် ကိုယ့်ကို ဖုန်းလည်းမဆက်ပါဘဲ လာမယ်ထင်လို့ ခြံထဲကဆင်းစောင့်နေခဲ့ခြင်းဖြစ်သည်။ စကားတပြောပြောနှင့် တူဝရီးနှစ်ယောက် အိမ်ထဲသို့သာဝင်ခဲ့သည်။ အခုတစ်လောလေးငယ်က သူ့ကို အိမ်ထောင်ရေးကိစ္စ သာအပြောများနေသလို ထင်မိ၏။ သူကိုယ်တိုင် အကြိုက်မတွေ့၍ မဟုတ် အခြေအနေအရပ်ရပ်ကြောင့် မပေါင်းဖက်ရဖို့ဖြစ်လာရသဖြင့် "လေးငယ်လိုဘဲ လူပျိုကြီး လုပ်မှာ" ဟုသာပြန် ပြောမိသည်။ ထိုအခါတော့ လေးငယ်သည် တွေးစစဖြင့် နှတ်ခမ်းများ ကော့ရုံပြုံး၏။

ပြောတော့သာ အသက်လေးဆယ်ကျော်နေတာ လေးငယ်က တကယ်နု၏ မေမေနှင့်လည်းဆင်သည်။ ကိုယ့်ကိုမွေးတော့ လေးငယ်က အသက်နှစ်ဆယ်သာရှိသေးသည်တဲ့ မောင်နှမနှစ်ယောက်တည်းရှိတာမို့ တစ်ယောက်ကိုယ်တစ်ယောက်အကြင်နာပိုရသည်။ လေးငယ် ၉ တန်းနှစ်မှာဘဲ ဖွားဖွားက ဆုံးသည်။ မကြာ နှစ်အနည်းငယ်လောက်မှာပါ ဖိုးဖိုးကလိုက်သွားတာ ဟုလေးငယ်ပြောပြနေကြ၊ ပြောပြတိုင်း အသံအနည်းငယ်တုန်ယင်သွားသည်မှ လွဲ၍ မျက်လုံးတို့က ငြိမ်သက်နေသည်။ မေမေနှင့် ဖေဖေက ကိုယ့်ကိုမွေးပြီး လေးနှစ်အကြာမှာ ကား မတော်တဆမှုကြောင့် ဆုံးသွားတော့သည်။ လေးငယ်စိတ်ထဲ ကိုယ်သာ တစ်လောကလုံးမှာ ကျန်တဲ့ဆွေမျိုးလို့ သတ်မှတ်ထားခဲ့တာဖြစ်မည်။ သူ့ကိုကြည့်ရတာအမြဲငြိမ်သက်နေတဲ့ ပုံစံ၊ အေးချမ်းနေတဲ့ပုံစံ ပေမဲ့ တစ်ခါတစ်လေ အထီးကျန်တယ်ထင်ရ၏။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now