Chapter 7 (Zawgyi)

28 1 0
                                    

ဒီနှစ်မိုးသည် ခါတိုင်းနှစ်များထက် မိုးသည်း၏ ရာသီတုတ်ကွေး ဒဏ်အား ဖေဖေခံစားရတော့သည်။ အေးစက်စက်မိုးတွင်းတွင် ချောင်းသည်လည်း အဆက်မပျက်ဖြစ်လာခဲ့၏။ မိုးရေများနှင့် အတူ မမတွင်လည်း ပဋိသန္ဓေရှိနေကြောင်း ဝမ်းသာစွာသိရပါသည်။ မမတို့ အိမ်တွင်ရှိ၍သာ တော်တော့သည်။ ဖေဖေနေမကောင်းဖြစ်၏ အနီးကပ်ပြုစုသူမှာ မမပင်ဖြစ်သည်။ မောင်သည် ယခင်ကထက် ပိုကပ်လာ၏။ ကျောင်းသွား ကျောင်းပြန်ချိန်အပြင် အားရက်များတွင်ပါ အပြင်ခေါ်ခေါ်ထုတ်နေ၍ အတင်းငြင်းနေရသည်။ တစ်ရက် မောင့် အိမ်တွင် လူကြီးဆုံရာနှင့် ညစာစားပွဲဖြစ်သွားသည်ဟု သိရ၏။

ဒါဟာ အသိုင်းအဝိုင်းက ချီးမြှောက်ခြင်းမဟုတ်ပါလား။ နှစ်ဖက်မိဘ ရယ်လို့ မိတ်ဆုံစားကြသည်မှာ မောင့်အား တစ်ဝက် ဆုံးရှုံးရသကဲ့သို့ ခံစားလိုက်ရသည်။ မောင့်အား အသိုက်အမြုံဖန်တီးပေးနိုင်သူ၊ သူ့ပတ်ဝန်းကျင်မှာ ရွှေချင်းထပ်လို့ မြက်အောင် လုပ်ပေးနိုင်သည့် သူဖြစ်၍ မနာလိုတော့ မဖြစ်ပါ။ မောင့်အတွက် ပတ်ဝန်းကျင်မှ မျက်လုံးစိမ်းများ အကြဉ်းတန်စကားလုံးများသာ ပေးနိုင်သည့် ကိုယ်၌ကိုယ်သာ အပြစ်ဖို့လိုက်ချင်တော့သည်။ တစ်ရက်မောင့်ထံမှ ထူးထူးဆန်းဆန်းစကားအား ကြားရပြန်ပါသည်။ ရင်တစ်ခုလုံး မွကြေမတက်ခံစားလိုက်ရ၏။

“စက်... မောင့်မေမေကိုလေ မောင်တို့အကြောင်းပြောလိုက်တယ်”

ထိုစကားမှစကာ တစ်ကိုယ်လုံးတောင့်တင်းသွားသည်ဟုပင်ထင်လိုက်၏။ လက်ဖျား ခြေဖျားများအေးစက်သွားသည်။ မောင့်မေမေက မောင့်ကိုဘယ်လိုစကားလုံးများဖြင့် ထိုးနှက်လိုက်ပြီလဲ? မောင့်ထံဘယ်လို ထိခိုက်မှုမျိုး ကြံခဲ့ပြီပြီလဲ? ဟုပင် စိတ်၌ပြေးလွှားနေခဲ့သည်။

“အမှန်တော့ မောင်ပြောလိုက်တာကြာပြီ၊ အခုနောက်ပိုင်းမောင်နဲ့စေ့စပ်မဲ့ ကိစ္စကိုခဏခဏပြောလွန်းလို့ မောင်တို့ အိမ်တွင်းတိုက်ပွဲတော့ဖြစ်လိုက်ရတာပေါ့စက်ရယ်၊ စက်အရမ်းတွေးနေမှာ မောင်သိပါတယ်။ ဒါပေမဲ့ဘာမှမဖြစ်ဖူးသိလား မောင်မေမေနဲ့ နောက်ဆုံးညှိနှိုင်းခဲ့တယ်။ အခုက မောင့်မေမေအသိုင်းဝိုင်းမှာရော ဟိုဘက်မိန်းကလေးအသိုင်းအဝိုင်းမှာရော လူသိမခံပေမဲ့ သတင်းနည်းနည်းတော့ ကောလဟလလို ပြန့်နေတယ်တဲ့၊ မေမေက စကားတွေကျွံထားပြီး ဖျက်ရရင် မကောင်းတာကြောင့် မောင့်ကို နိုင်ငံခြားပညာတော်သင်လွှတ်မယ်တဲ့၊ ဒီဘက်က မေ့မေ့ပျောက်ပျောက်ဖြစ်အောင် မောင်ဟိုမှာဘဲ လေးငါးနှစ်ပညာသင်ရလိမ့်မယ်တဲ့ စက်ရယ်၊ တောင်ဆိုမှုကများပေမဲ့ မောင်ပြန်လာရင် စက်ကို မောင်နဲ့ ခွင့်ပြုပေးမယ်လို့မေမေကပြောတယ်”

စက်ကိုခွင့်ပြုပေးမယ်တဲ့လား မောင့်မေမေအစီအစဉ်ကဖြင့် မောင်နဲ့ဟိုမိန်းကလေးအပြင် စက်နဲ့ပါ အဆက်သွယ်ဖျက်ပြစ်မှာ မောင်လဲသိနေရဲ့ မဟုတ်လား။ နိုင်ငံခြားကို စက်က ဘယ်လိုဆက်သွယ်ရမလဲ ကွန်ပျူတာဆိုလို့ စက်တို့ကျောင်းမှာဘဲလက်ချိုးရေလို့ရသလောက်ရှိတဲ့ ဒီနိုင်ငံကနေ မောင့်ရဲ့ အနောက်နိုင်ငံတွေဆီ စက်ကဘယ်လိုဆက်သွယ်ရမလဲ၊ ငတုံးကလေးမောင်က ဒီရှုပ်ထွေးပွေလီနေတဲ့ ကာလကလဲလွတ်၊ စက်နဲ့ပါ လူကြီးတွေကသဘောတူပေးမယ်ဆိုတော့ ဘာကိုမဆို လုပ်ဖို့ အသင့်ရှိနေသလိုပင်။ အတွေးဖြင့်သာပြောရ၏ နှုတ်တွင်တော့

“ကောင်းတာပေါ့ မောင်ရယ် အဆင်ပြေတာပေါ့ မောင်ဘယ်တော့သွားဖြစ်မယ်ထင်လဲဟင်”
“နောက်စာသင်နှစ်မစခင်သွားဖြစ်မယ်ထင်တယ်၊ မောင်က စက်နဲ့အကြာကြီး မခွဲနိုင်ပေမဲ့ တစ်သက်လုံးနီးဖို့ မောင်ခွဲရတော့မယ်ထင်တယ်ကွာ”

မောင်ပြောသော စသင်နှစ်မစခင် အချိန်သို့ တဖြည်းဖြည်း နီးလာခဲ့သည်။ တစ်ရက်တော့ တနင်္ဂနွေနေ့ ညဘက် ရုပ်ရှင်ကြည့်ရန် မောင်ချိန်းတော့သည်။ အပြင်ထွက်ဖို့ခေါ်တိုင်း ငြင်းနေသည်မှာ တစ်ခေါက်နှစ်ခေါက်မကပါ၊ “ဒီတစ်ခါတော့ စက်လိုက်ကြည့်ဖို့ကောင်းပါတယ်ကွာ” ဆိုသော အပြောအား လက်ခံလိုက်ရတော့သည်။

“ဖေဖေ ညကျ အာကာနဲ့ ရုပ်ရှင်ရုံလိုက်သွားမယ်နော်”
“ညကြီး မိုးချုပ်နေပါဦးမယ်သားရယ်”

ထူးဆန်းသလိုခံစားရ၏၊ ဖေဖေခွင့်ပြုမယ်ထင်ခဲ့သည်မှာ အခုငြင်းဖို့ စကားပလ္လင်ခံနေတော့ အတော့်ကိုထူးဆန်းသည်ဟု ထင်မိသည်။ ခါတိုင်းတောင်းဆိုသမျှ ယောက်ျားလေးဖြစ်နေသောကြောင့် အပြင်ထွက်ဖို့ မလိုက်လျောတာ ရှားလွန်းသည်။

“ယောက်ျားလေးနှစ်ယောက်သွားမှာဘဲဖေဖေရယ်၊ အရမ်းတော့နောက်မကျပါဘူး သားကို အာကာက သူ့အိမ်ကကားနဲ့အကြိုပို့ လုပ်ပေးမယ်ပြောထားတယ်...။”
“အေး ဒီလိုဆိုလဲသွားကြပေါ့ ညမနက်စေနဲ့သားငယ်”

ဖေဖေ့ခွင့်ပြုချက်ရသည်နှင့် ရေမိုးချိုးအဝတ်စားလဲ၍ မောင့်အား ထိုင်စောင့်နေလိုက်သည်။ ရောက်လာပါပြီ။ မောင်ကပုဆိုးအပြာကွက်စိတ်ကလေးနှင့် ရှပ်အဖြူအား ရိုးရိုးသာဝတ်ထားသည်။ ကားမောင်းသူနေရာမှ ဆင်းလာကာ အိမ်ထဲဝင်လာ၏။ ဖေဖေနှင့် ကျန်းမာရေးအကြောင်းပင်ပြောလိုက်သေးသည်။

“မောင် ဘယ်တုန်းက ကားမောင်းတက်သွားတာတုန်း၊ မင်းငါ့နား တစ်ချိန်လုံးကပ်နေပြီးတော့”

ဘေးခုံတွင်ဝင်ထိုင်ရင်း ပြောတော့ ကျွန်တော့ရှေ့ရောက်လာသည့် လိုင်စင် စာအုပ်ကလေး။

“မောင် ၁၀ တန်းပြီးကတည်းက သင်ထားတာလေစက်ရဲ့ လိုင်စင်လဲရတာကြာပြီ၊ နေ့တိုင်းစက်နဲ့ မတွေ့ရမှာစိုးလို့ မောင်က မနက်တိုင်း စက်နဲ့ ကားလာစီးတာ”

ဟုတ်ပါရဲ့ ဆေးကျောင်းဆိုလျှင် ကားနဲ့ ဝင်ထွက်နေတဲ့ဒီခေတ်ကြီးထဲ မောင့်အိမ်ကလဲ ကားတစ်စီး ဝယ်ပေးနိုင်ပါရက်နဲ့ မောင်ဟာ ဒီနှစ်တွေအတွင်း သူနဲ့အတူ Bus လိုက်စီးနေခဲ့သည်။ လူကြပ်တိုင်း မျက်မှောင်ကျုံ့နေတဲ့ မောင်က ဒုက္ခသိပ်ရှာရန်ကော။ သူရှာနေတဲ့ ဒုက္ခဟာ ကိုယ့်ကြောင့် ရလာတာပေါ့။ မောင့်အကြောင်း သိလှပြီမှတ်တယ် လိုင်စင်စာအုပ်ရှေ့ရောက်မှ မောင်ကားမောင်းတက်မှန်းသိရတယ်လို့....။ ဖြစ်သင့်ပါသည် မောင့်ကလဲမပြော၊ သူကလဲမမေး၊ အနားရှိနေလျှင် ထွေးပွေ့လိုက်မည် အဝေးမှဆိုလျှင် လွမ်းလိုက်ရုံပင်၊ ဤသည်ကပင် မောင့်အကြောင်း အလုံးစုံပါပြီ။

ညစာအား ထွေထွေထူးထူးမဟုတ် ကြည့်မြင့်တိုင် ညဈေးတွင် ဝင်စားလိုက်သည်။ ရုပ်ရှင်အပြီး ညပင် ၁၀ နာရီထိုးနေ၏။ ဆူးလေမှ အင်းစိန်သို့ပြန်ရမည်ဖြစ်၍ ဘယ်မှမဝင်ဘဲ မောင်းလာခဲ့သည်။ ကားပေါ်တွင် သိပ်မမောင်ရသေးအသံမပေး လေမပါဘဲ ရန်ကုန်မိုးသည် သည်းသည်းကြီးရွာချပါတော့သည်။ မိုးရွာသည်ထက် မောင့် ကားအခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်လာသည်။ အသံမမှန်ချင်တော့ လှည်းတန်းနားအရောက် မောင့်ကားကလေး ထိုးရပ်သွားသည်။ မိုးထဲရေထဲ မောင်ကဆင်းကြည့်သေးသည်။ သူလည်းမတက်နိုင်ခဲ့ပါ။

“စက်ရေမောင်တို့ ဘယ်နှယ့်လုပ်ကြမလဲကွာ”

မောင်တောင်မစဉ်းစားတက်လျှင် ပို၍မစဉ်းစားတက်ပါ ပြည်လမ်းမကြီးတစ်လျှောက်ကားများ ရှင်နေသည်။ မောင်နှင်နေသည့်ကားတို့မှာလည်း သည်းသည်းမည်းမည်းရွာနေသော မိုးကြောင့် မြင်ရမည်မထင်ပါ၊ ထွက်တားရန် အန္တရာယ်အလွန်များ၏။

“ဒီနားမှာလေ မောင့် ဆေးကျောင်းက သူငယ်ချင်းတစ်ယောက် နေတဲ့နေရာရှိတယ်၊ သူကလဲ အိမ်မှာတစ်ယောက်ထဲသမားမို့ မောင်တို့ ဒီည သူ့ဆီမှာဘဲ မိုးခိုလိုက်ကြမလားဟင် စက်”

မိုးရေထဲ ရပ်နေသော မောင်က ကားပေါ်ရှိသူ့အား လှမ်းပြော၏။ မောင်ချမ်းနေရှာရော့မယ်၊ စိတ်ထက် ကိုယ်သည်ပိုမြန်သည်လားမသိ ကားတံခါးအားဖွင့်ကာ အပြင်သို့ ထွက်လိုက်သည်။ အေးစက်နေသော မိုးရေများသည် သူ့အပေါ်ကျရောက်လာ၏ အနောက်လေသည်လည်း တစ်ချက်ဝှေ့သွား၍ အေးကနည်းခံစားလိုက်မိသည်။ မောင့်ဘေးသွားရပ်ရင်း ခေါင်းငြှိမ့်ပြလိုက်သည်။

“မောင်ချမ်းနေရော့မယ်”
“လမ်းတော့လျှောက်ရလိမ့်မယ်နော်စက်၊ မောင်က စက်ကိုတောင်းပန်းတယ်၊ အိမ်ကိုအချိန်မှီမပို့နိုင်ခဲ့လို့”
“မလိုပါဘူးကွာ”

ပြောရင်းနှင့်ပင်မောင့်လက်အား ဆုပ်ကိုင်လိုက်သည်။ “သွားရအောင်မောင်” ဟုဆိုလျှင် မောင်ကဆုပ်ကိုင်ထားသော လက်အား ငုံ့ကြည့်လာ၏၊ မိုးရေထဲ၌ ပင် မောင်ကအရှေ့မှနေကာ လက်ကိုဆွဲ၍ ပြေးတော့သည်။ မိုးသည် သည်းသည်ထက် ပိုသည်းလာ၏ လှည်းတန်းလမ်းဆုံမှ ဂိုးရှိုးစတိုးနား နီယွန်မီးရောင် ဝါကျင်ကျင်အောက် မောင့်အပြုံအား အတိုင်းသားမြင်နေရသည်။ လူတွေဟာ ချစ်မိသွားကြရင် အဓိပ္ပါယ်မရှိတာကို လုပ်တက်ကြသလား? လုပ်သမျှတိုင်းသည် အဓိပ္ပါယ်ရှိနေသလား? မပြောတက်တော့ပါ...။ မောင်သာပျော်မယ်ဆို ဒီတစ်ညလုံး မိုးရေထဲလည်း အတူပြေးနိုင်မယ်ထင်သည်။

**************************************

အမှောင်ထုမှလွတ်ကင်းရန်ရုန်းကန်နိုင်ကြပါစေ။
ချမ်းသာစွာအသက်မွေးမြူနိုင်ပါစေ။

မောင်ကံ

AN/ ဂိုးရှိုးဆိုတာ အခုလှည်းတန်းစင်တာနေရာနားက ဖက်ရှင်ဆိုင်ပါတဲ့၊ မေမေတို့ မိန်းထဲမှာ ကျောင်းတက်တုန်းကရှိခဲ့တဲ့နေရာတွေပါ။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now