Chapter 7 (Unicode)

105 4 0
                                    

                        ဒီနှစ်မိုးသည် ခါတိုင်းနှစ်များထက် မိုးသည်း၏ ရာသီတုတ်ကွေး ဒဏ်အား ဖေဖေခံစားရတော့သည်။ အေးစက်စက်မိုးတွင်းတွင် ချောင်းသည်လည်း အဆက်မပျက်ဖြစ်လာခဲ့၏။ မိုးရေများနှင့် အတူ မမတွင်လည်း ပဋိသန္ဓေရှိနေကြောင်း ဝမ်းသာစွာသိရပါသည်။ မမတို့ အိမ်တွင်ရှိ၍သာ တော်တော့သည်။ ဖေဖေနေမကောင်းဖြစ်၏ အနီးကပ်ပြုစုသူမှာ မမပင်ဖြစ်သည်။ မောင်သည် ယခင်ကထက် ပိုကပ်လာ၏။ ကျောင်းသွား ကျောင်းပြန်ချိန်အပြင် အားရက်များတွင်ပါ အပြင်ခေါ်ခေါ်ထုတ်နေ၍ အတင်းငြင်းနေရသည်။ တစ်ရက် မောင့် အိမ်တွင် လူကြီးဆုံရာနှင့် ညစာစားပွဲဖြစ်သွားသည်ဟု သိရ၏။

ဒါဟာ အသိုင်းအဝိုင်းက ချီးမြှောက်ခြင်းမဟုတ်ပါလား။ နှစ်ဖက်မိဘ ရယ်လို့ မိတ်ဆုံစားကြသည်မှာ မောင့်အား တစ်ဝက် ဆုံးရှုံးရသကဲ့သို့ ခံစားလိုက်ရသည်။ မောင့်အား အသိုက်အမြုံဖန်တီးပေးနိုင်သူ၊ သူ့ပတ်ဝန်းကျင်မှာ ရွှေချင်းထပ်လို့ မြက်အောင် လုပ်ပေးနိုင်သည့် သူဖြစ်၍ မနာလိုတော့ မဖြစ်ပါ။ မောင့်အတွက် ပတ်ဝန်းကျင်မှ မျက်လုံးစိမ်းများ အကြဉ်းတန်စကားလုံးများသာ ပေးနိုင်သည့် ကိုယ်၌ကိုယ်သာ အပြစ်ဖို့လိုက်ချင်တော့သည်။ တစ်ရက်မောင့်ထံမှ ထူးထူးဆန်းဆန်းစကားအား ကြားရပြန်ပါသည်။ ရင်တစ်ခုလုံး မွကြေမတတ်ခံစားလိုက်ရ၏။

"စက်... မောင့်မေမေကိုလေ မောင်တို့အကြောင်းပြောလိုက်တယ်"

ထိုစကားမှစကာ တစ်ကိုယ်လုံးတောင့်တင်းသွားသည်ဟုပင်ထင်လိုက်၏။ လက်ဖျား ခြေဖျားများအေးစက်သွားသည်။ မောင့်မေမေက မောင့်ကိုဘယ်လိုစကားလုံးများဖြင့် ထိုးနှက်လိုက်ပြီလဲ? မောင့်ထံဘယ်လို ထိခိုက်မှုမျိုး ကြုံခဲ့ပြီပြီလဲ? ဟုပင် စိတ်၌ပြေးလွှားနေခဲ့သည်။

"အမှန်တော့ မောင်ပြောလိုက်တာကြာပြီ၊ အခုနောက်ပိုင်းမောင်နဲ့စေ့စပ်မဲ့ ကိစ္စကိုခဏခဏပြောလွန်းလို့ မောင်တို့ အိမ်တွင်းတိုက်ပွဲတော့ဖြစ်လိုက်ရတာပေါ့စက်ရယ်၊ စက်အရမ်းတွေးနေမှာ မောင်သိပါတယ်။ ဒါပေမဲ့ဘာမှမဖြစ်ဘူးသိလား မောင်မေမေနဲ့ နောက်ဆုံးညှိနှိုင်းခဲ့တယ်။ အခုက မောင့်မေမေအသိုင်းဝိုင်းမှာရော ဟိုဘက်မိန်းကလေးအသိုင်းအဝိုင်းမှာရော လူသိမခံပေမဲ့ သတင်းနည်းနည်းတော့ ကောလဟလလို ပြန့်နေတယ်တဲ့၊ မေမေက စကားတွေကျွံထားပြီး ဖျက်ရရင် မကောင်းတာကြောင့် မောင့်ကို နိုင်ငံခြားပညာတော်သင်လွှတ်မယ်တဲ့၊ ဒီဘက်က မေ့မေ့ပျောက်ပျောက်ဖြစ်အောင် မောင်ဟိုမှာဘဲ လေးငါးနှစ်ပညာသင်ရလိမ့်မယ်တဲ့ စက်ရယ်၊ တောင်ဆိုမှုကများပေမဲ့ မောင်ပြန်လာရင် စက်ကို မောင်နဲ့ ခွင့်ပြုပေးမယ်လို့မေမေကပြောတယ်"

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now