Chapter 12 (Zawgyi)

34 2 0
                                    

“စက်ရှိန် စက်ရှိန်”
ခန့်ပိုင်အသံအား ကြားရသည်၊ နှာခေါင်းဝ၌ပရုပ်နံ့အားလည်း ရနေ၏။ အာခေါင်၌ခေါက်သွေ့နေကာ မိုင်ချီ၍ပြေးလာရသောလူတစ်ယောက်ကဲ့သို့ ရဘက်ထဲမှပူကာ ဟိုက်နေသည်။ မျက်လုံးများပြန်မဖွင့်နိုင်သေး အာယူကာဖွင့်ကြည့်မှ ဘေးတွင် ခန့်ပိုင်နှင့် ဖုန်းအိမ်မှ လူများတွေ့ရသည်။ ခန့်ပိုင်က ရေခွက်ကလေးဖြင့် ရေလှမ်းပေးလာပါသည်။ အငမ်းမရဆိုသလိုသောက်သုံးမိ၏။ မမတို့ နွေဦးလေးတို့ မဖြစ်ပါဘူး အခုသွားရမှဖြစ်မှာပါ။ ကမန်းကတန်းဆိုသလိုရုန်းထတော့ ခန့်ပိုင်က ဆွဲထား၏။
“ဘယ်သွားမလို့လဲစက်ရှိန်၊ မင်းခဏနားဖို့လိုသေးတယ်လေ”
“မမတို့ဆီသွားရမှာပေါ့၊ မမတို့က ငါ့ကိုမျှော်နေမှာလေ”
“မန္တလေးအထိသွားရမှာကွ၊ ငါပါလိုက်ပါ့မယ်ကွာ အခုဘဲ ကားလက်မှတ်သွားဖြတ်ပေးပါ့မယ် မင်းအိမ်မှာခဏနားပါလား”
“နားလို့မရဘူး အခုဘဲ ငါအိမ်မှာ ပိုက်ဆံပြန်ယူပြီး ဂိတ်သွားမယ် ရတဲ့ကားနဲ့သွားမယ် အခုဘဲခန့်ပိုင်”
ခန့်ပိုင်က သူ့အိမ်ဘက်ကို ဖုန်းပြန်ဆက်ပါသည်။ တော်သေးတာပေါ့ ဒီသူငယ်ချင်းရှိနေလို့။ ကားဂိတ်ရောက်ပြန်တော့လည်း စောင့်ရပါသည် ညနေ ၃:၀၀ ထွက်မဲ့ကားနှင့်လိုက်ရမည်။ နှုတ်မှ ဘုရားဂုဏ်တော်အား အဆက်မပြတ်ပွားကာ မမတို့အတွက်ဆုတောင်းရင်း မျက်ရည်မထိန်းနိုင်စွာ ကျမိပြန်သည်။ မန္တလေး... မေမေ့ကိုမွေးထုတ်ပေးလိုက်တဲ့မြို့သို့ အပူတပြင်း ခရီးနှင်ရတော့သည်။
“မန္တလေးက အထွက်မှာဘဲ ကားကမှောက်တာလို့ပြောတယ် စက်ရှိန် သူတို့ မန္တလေး ဆေးရုံကြီးကိုဘဲ တင်ထားကြတယ်တဲ့”
ခန့်ပိုင်ပြောသံများသည် ကြားရတစ်ချက်မကြားရတစ်ချက်ပါ နားတွင်းမှ လေများ အပြင်သို့ ပြန်ကန်ထွက်နေ၏။ နွေဦးလေး ဘေးမှကင်းရဲ့လား တစ်လောကလုံးမှာ လက်ညှိုးထိုးပြစရာ အသွေးအသားအရင်းဆိုလို့ ဒီမောင်နှစ်မနှစ်ယောက်ဘဲ ကျန်တော့တာပါ။ မမတို့များ တစ်ခုခု... မဟုတ်တာပါ မမတို့ဘာမှမဖြစ်ပါဘူး မမတို့က ကျန်းကျန်းမာမာနဲ့နေရဦးမှာပါ။ မကောင်းတဲ့အတွေးများ တွေးတက်သော ဦးခေါင်းအား အမြန်အမြန်ခါချလိုက်သည်။

မန္တလေးဆေးရုံကြီးဝန်းအတွင်း ပြေးလွားနေရကာ အရေးပေါ်လူနာဌာနသို့ ရောက်ရတော့သည်။ နွေဦးလေးရဲ့ အဖွားဟာ ကုတင်နှစ်ခုဘေးမှာထိုင်ရင်း ငိုနေသည်။ နွေဦးလေးရဲ့အဖိုးကတော့ အမျိုးသမီးကြီးရဲ့ပခုံးအား ခပ်ဖွဖွထိန်းထားပေးသည်။ ရပ်ဆွေရပ်မျိုးဟုယူဆရသော အမျိုးသမီးတစ်ယောက်လက်ထဲတွင်တော့ နွေဦးကလေးက နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေပါသည်။ မျက်ခွံကလေးတွေဖောင်းပြီးရဲနေကာ မျက်ရည်စီးကြောင်းတို့ ခြောက်နေသောကလေးလေးသည် ဘယ်လောက်များ ငိုကြွေးထားခဲ့ပါလိမ့်၊ ဘယ်လောက်များ ထိတ်လန့်သွားခဲ့ပါလိမ့်။ နွေဦးလေးရဲ့အဖိုးက ကျွန်တော်တို့အားတွေ့သည်နှင့် ခပ်ဖြည်းဖြည်း လမ်းလျှောက်လာ၏။
“ဦး...မမတို့ရော၊ မမတို့ရောဟင်”
ပိတ်ဖြူဖုံးထားသောကုတင်နှစ်ခု၏ ဘက်သို့ လက်ညှိုးထိုးပြ၏။ မဟုတ်နိုင်တာတွေ မမတို့မဟုတ်နိုင်ပါဘူး စိတ်ထဲမှ ရေရွတ်ရင်း ပိတ်ဖြူဖုံးထားသော ကုတင်တစ်ခုအားဖွင့်ကြည့်တော့ သွေးပျက်စရာ မမ၏ရုပ်အလောင်းအားတွေ့ရသည်။ ဖေဖေဆုံးတုန်းက ခံစားမှု၊ မေမေဆုံးတုန်းက ခံစားမှု၊ ဒီခံစားမှုဟာ ဘယ်အချိန်မှ ရပ်တန့်နိုင်မှာပါလည်း၊ ဘယ်ဘက်ရင်အုံမှ စူးစူးရွားရွား ထိုးအောင့်ကာ ငိုလို့လည်းမျက်ရည်မထွက် တင်းတင်းကျပ်ကျပ်ကြီးဖြစ်နေပြန်ပါပြီ။
“သားကိုစောင့်နေတာပါသားရယ်၊ ဦးတို့က ဒီအလောင်းတွေကိုအရပ်ထဲပြန်သယ်သွားလို့မရနိုင်တာကြောင့် မန္တလေးမှာဘဲ သင်္ဂြိုဟ်ကြရလိမ့်မယ်၊ အရိုးပြတွေကိုတော့ ဦးတို့ရွာမှာ ဂူသွင်းဖို့ပါဘဲ”
“ဦးတို့ကောင်းသလိုသာ စီမံကြပါတော့”

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now