Chapter 10 (Unicode)

83 4 0
                                    

မိုးတွင်းသည် မှောင်၏ မှိုင်း၏ မောင်ထွက်သွားကတည်းက နေ့ရှိသရွေ့ စိတ်ဟာ မိုးနှင့်အပြိုင်မှိုင်းလာနေသည်။ ကားဂိတ်သွားရန် အိမ်ရှေ့ဆီသို့ မနက်တိုင်း မသိမသာ ရော သိသိသာသာပါ မျှော်နေတတ်ခဲ့ပြီ၊ အတွင်းလှိုက်နာနေသော လူအဖို့ ဘေးမှကြည့်လျှင် မသိသာစေရန် ဖုံးကွယ်ရသည်ကလည်း မလွယ်လှပါ။ ခန့်ပိုင်ပင် တမှိုင်မှိုင်တထွေထွေဖြစ်နေသည်ဟု ပြောသောကြောင့် ဆင်ခြင်ရပါသည်။ လွမ်းစိတ်နှင့် ရူးချင်သော်လည်း လွတ်လွတ်ကယ် ကင်းကင်း လွမ်းလို့မဖြစ်နိုင်သည့်အခြေအနေပင်။ ဖေဖေနှင့် မမတို့အမြင်တွင်လည်း အဆင်ပြေစေဖို့လိုသည်မဟုတ်ပါလား။ မိုးရောက်လျှင် ဘယ်နားကြည့်ကြည့်လွမ်းစရာအတိပင် အနောက်တောင်ဘက်ဆီမှ မှောင်ရိပ်ဖုံးလာလျှင် ယောက်ျားတန်မဲ့ မျက်ရည်ခိုးသုတ်ရသည်ကအခါခါ။ မောင်ပြောသွားခဲ့သည့်အတိုင်း စာလဲမလာပါ၊ သီတင်းလည်းမကြားပါ။

ညဘက်တွေမိုးရွာလာတိုင်း မောင့် လက်ကို တွဲလို့ မိုးရေထဲပြေးခဲ့ရသည့် ညများက မမေ့နိုင်စရာ။ ဒီပူပင်မှုတွေကဝေးအောင် စာအုပ်နှင့် မျက်နှာကိုသာ အတင်းကပ်ထားမိသည်။ စာထဲ အာရုံစိုက်နေလျှင် မောင့်ကိုမေ့နိုင်မည်ထင်သည်။ အချိန်ပိုကလေးရသည်နှင့် ကလေးများအား စာသင်ပေးဖြစ်သည်။ ဤသို့ ဤနှယ်ရိုးရိုးရှင်းရှင်း ဖြတ်သန်းရင်း လွမ်းစိတ်နှင့် တွေးတောစိတ်များကြား လူးကာလွန့်ကာ ဖြစ်နေသည်။

မိုးသည်းသည့်ရာသီရောက်လေ ဖေဖေ့ ချောင်းဆိုးခြင်းက ပြန်ပေါ်လာကာ ပိုစိတ်လာလေဖြစ်သည်။ ဖျားလိုက် ပျောက်သွားလိုက်နှင့် အခြေအနေအား ရင်တထိတ်ထိတ်ရှိလှသည်။ ဆေးခန်းသို့ သွားရန် ပြောတိုင်း နားမ​ထောင် ငြင်းတတ်သော ဖေဖေ့ကြောင့် ပိုစိတ်ညစ်ရတော့သည်။ ချောင်းဆိုးလျှင် မရပ်မနားဖြစ်လာ၏၊ တစ်ခါဆိုးပြီးတိုင်းဖေဖေ မောနေတတ်ပြီ။ အတော်အတိုက်အခံ လုပ်ကာ ဆေးခန်းသို့ ပြရ၏ ။

အဆုတ်နာ...။ ဖေဖေ့ဘက်သို့ မျက်နှာလှည့်ကာ ငေးလိုက်မိသည်။ နှုတ်မှ ထိုရောဂါအား ဖွဖွ ရွတ်မိသည်။ ဖေဖေက ညင်ညင်သာသာ ပြုံးပြပါသည်။ ထိန့်လန့်တုန်လှုပ်ခြင်း ကြီးစွာ ဖြင့် မျက်ရည် တောင်ကျမိသည်။ အရှင်းပျောက်ဖို့ မည်သူမျှ အာမမခံနိုင်။ ဆေးဖြင့် ထိန်းရင်း ကျန်သည်က လူ့နာ့ကံအတိုင်းဟု ဆို၏။ လွယ်လိုက်ကြတာ...ကံတဲ့လား။ လူကြီးဖြစ်သော ဖေဖေသည် ငြိမ်သက်နေ၏...။ စိုးရိမ်စရာကောင်းလောက်အောင် တိတ်ဆိတ်နေခြင်းဖြစ်သည်။ ဖေဖေကြောက်နေရော့သလား၊ လူငယ်တွေရှေ့မှာမို့ တိတ်တိတ် ဆိတ်ဆိတ် နေခြင်းလား...။ အတွေးနယ်များချဲ့ထွင်နေခြင်းပေလား မသိ။ "ထိုင်နေလျှင်အကောင်း ထသွားမှ အကျိုး" ဟူသည့်အဖြစ်နှင့် ဆင်ဆင်တူတော့သည်။ ရောဂါအား ကြားပြီးသည့်နောက် ဖေဖေယခင်ကကဲ့သို့ ရွှင်ရွှင်လန်းလန်းရှိမနေတော့ပါ...။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now