Chapter 5 (Unicode)

97 5 0
                                    

ဖေဖေငိုသည်။ မမမင်္ဂလာဆောင်တစ်လျှောက်လုံး ပြုံးနေခဲ့သည်ဖေဖေသည် သားအဖနှစ်ယောက်အိမ်သို့ပြန်ရောက်သည်နှင့် ကုလားထိုင်ပေါ်ထိုင်ကာမျက်ရည်ကျနေသည်။ ယောက္ခမများနှင့် တစ်ပတ်နေပြီးကာမှ အိမ်ကိုပြန်လာမည့်သမီးအားလွမ်း၍လား နံရံပေါ်ရှိ ဓာတ်ပုံအတွင်းမှ မေမေ့အား လွမ်းလို့လားမသိ ငိုသည်။ဖေဖေ့ဘေး ကြမ်းပြင်ပေါ်ထိုင်ရင်း

"မေမေ့ကိုလွမ်းလို့လားဖေဖေ"

"လူတွေကရောက်လာရင်မသိသာပေမဲ့ တစ်ယောက်ထွက်သွားရင် တစ်ယောက်သိသာတယ်သားရယ်။ မင်းမေမေထွက်သွားတုန်းက ဖေဖေ့သားနဲ့သမီးအတွက် ဒီအိမ်ကလေးခြောက်ကပ်သွားမှာစိုးရိမ်နေတယ်။ မင်းမမမရှိတော့ ဖေဖေ့အိမ်ကလေး ခြောက်သွေ့နေသလိုခံစားလိုက်ရတယ်။ မင်းမေမေကိုတော့ လွမ်းတာပေါ့ အချိန်တိုင်း...နေ့တိုင်း ပေါ့။"

"သားလဲလွမ်းတယ်ဖေဖေ"

"မင်းမမကတော့ အိမ်ထောင်တစ်ခုတည်လို့ သူအသက်တွေကြီးတဲ့အခါ သူ့အိမ်ကလေး စိုပြေနေစေဖို့ ဖေဖေမျှော်လင့်တယ်၊ ငါ့သားအိမ်ကလေး မသွေ့ခြောက်စေဖို့လည်း ဖေဖေမျှော်လင့်တယ်"

ငါ့သားအိမ်ကလေး မသွေ့ခြောက်ဖို့ဖေဖေမျှော်လင့်တယ်တဲ့၊ အဖေ့သားအိမ်ဟာ တံခါးရွက်မရှိ ဓားလည်း မထောင်ထားတဲ့ အိမ်ပါဖေဖေရယ်။ ဒီအိမ်ကလေးကို လိုတဲ့အခါ လိုသလိုနားပြီး ပြန်ထွက်ချင်တဲ့အခါ ဒီအတိုင်း ထွက်သွားရုံ သားဆောက်လုပ်ပြီးပါပြီဖေဖေ။ မည့်သည့်စကားမျှမဆို ဖေဖေ့မျက်နှာအားလည်းမကြည့်မိပါဘဲ ဖေဖေ့ပေါင်ပေါ်သို့သာ ခေါင်းစောင်းချလိုက်မိသည်။ ဖေဖေ့လက်မှအနွေးဓာတ်သည် ခေါင်းပေါ်တွင် စုန်ချည်၊ ဆန်ချည်ပြေးလွှားနေခဲ့ပြီ...။

ပေါင်ပေါ်သို့ခေါင်းမှီနေသော ဖေ့သားရဲ့ ခေါင်းလုံးလုံးအား ပွတ်သပ်ပေးလိုက်သည်။ သားမေမေရဲ့ လက်ရာပေါ့၊ သားငယ် ခေါင်းကလေး ဝိုင်းနေအောင် သားမေမေက သူ့လက်ဖဝါးနဲ့ပြင်ပေးခဲ့တဲ့ သားမေမေရဲ့ လက်ရာပါဘဲ။ ဖေ့သားမှာအိမ်ကလေး ဆောက်နှင့်နေပြီးမှာသာ စိုးရိမ်မိတာပါကွယ်။ ညကြီးမိုးချုပ် လမ်းထိပ်ခဏဆို ထွက်သွားတဲ့သားနောက် လိုက်သွားမိတဲ့ ဒီအဖေ၊ မြင်ခဲ့ရတာက သားငယ်နဖူးပေါ်ငုံ့နမ်းနေတဲ့ ယောက်ျားတစ်ယောက်။ ဒီသားကိုမွေးထားလို့ ငယ်စဥ်ကတည်းက အရှက်မရခဲ့၊ မျက်နှာမငယ်ခဲ့ရ သိတတ်လွန်းပြီး အေးဆေးတဲ့သားငယ်ကို ဒီအဖေမြင်ခဲ့ရတာက ခြေပင်မခိုင်ချင်စရာ မြင်ကွင်းဖြစ်သည်။ မိုးပြိုသလို ရင်တွင်းမှပူပူတက်လာသောအပူအား အချိန်နှင့်တွေးတောခြင်းဟူသော ရေစင်ဖြင့် ငြှိမ်းခဲ့ရပါသည်။ သားငယ် ပထမနှစ်ကတည်းက အိမ်ကို လိုက်လိုက်လာတဲ့ ကလေးကို သားအရင်းလိုဘဲ စိတ်ထားခဲ့တယ်...၊ ဖေ့သားက ငယ်ကတည်းက ဘယ်အပေါင်းအသင်း အိမ်ခေါ်ဖူးလို့တုန်း။ ကောင်လေးကိုစာပြရင်းပြုံးနေတဲ့သားငယ်၊ သားငယ်ကို စာလာလာမေးရင် ငေးကြည့်နေတတ်တဲ့ ကလေးကြား ဒီအဖေက ခဏခဏ အကဲခတ်ခဲ့ပေမဲ့ ဘာဆိုဘာမှ မမြင်ခဲ့ရိုးအမှန်ပါကွယ်။ ငါ့ပတ်ဝန်းကျင်မှာ ငါအရှက်ရရမယ်ဆိုတာထက် ငါ့သားကလေး အထီးကျန်ရ၊နာကျင်ရမှာကို ဒီအဖေက ပိုစိုးရိမ်၊ ပိုတွေးနေမိတယ်။ အေးချမ်းချင်တဲ့ ငါ့သားဘဝထဲ အပူတွေမရောက်ပါစေနဲ့ဘဲ အဖေ့မှာ ဆုတောင်းပေးနိုင်တော့တယ်။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now