Chapter 9 (Unicode)

82 5 0
                                    

"နှစ်ဆန်းငယ်သင်္ကြန်

သစ်သစ်သာဖန်တော့တယ်
နိုင်ငံကြော့ပြည်သူမှာ
ပန်ဆုယူ တာရေသွန်းချိန်မို့
လွမ်းလှတယ်လေး။"

မဟာအတုလမင်းကြီး၏ တန်ခူးလ လွမ်းချင်းထဲမှအတိုင်းပင် ပရစ်ဖူတို့သစ်သော၊ ပြာသော၊ လင်းသော ကောင်းကင်၊ ပူအိုက် အေးမြသော တန်ခူးသည် ဥသြောငယ်၏ ဟိုမှသည်မှ တွန်လိုက်သံနှင့် စတင်ပါပြီ။ သင်္ကြန်ချိန်တွင် အပြင်ထွက်မလည်ဖြစ်၊ ရေမဆော့ဖြစ်သည်မှာကြာခဲ့ပါပြီ။ ရပ်ကွက်ထိပ် မုန့်လုံးရေပေါ်လုံးမှသာ တတတ်တအား သွားကူရသည်။ သည်နှစ်သင်္ကြန်တွင်လည်း အိမ်တွင် စာအုပ်တစ်အုပ်နှင့် နေဖြစ်မည်ထင်သည်။ ငုပန်းဝါဝါ မြင်ရသည်နှင့် တန်ခူးလေတို့ တိုက်ခတ်သွားသည်နှင့် အိပ်ချင်စိတ်ကို ဖြစ်စေသည်။

"စက်ရေ...စက်"

အိမ်ရှေ့မှမောင့်ခေါ်သံကြား၍ ထွက်လာသော်လည်း မတွေ့၊ ဖေဖေ့ကတော့ ဥပုသ်ကျောင်းသွားရန် ပြင်ဆင်နေလေပြီ။

"လေးလေးသားစက်ကိုရေလောင်းမယ်နော်"

"လောင်းပါဗျာ လောင်းပါ"

ဖေဖေ့အား ခွင့်တောင်းသံ ခွင့်ပြု့သံအဆုံး ကျောပြင်တစ်ခုလုံး အေးစိမ့်သွားသည်။မမဘေးထိုင်နေသော နွေဦးကလေးကပါ တခစ်ခစ်ထရယ်သည်။ သမီးမိန်းကလေးကို ရေလောင်းတာလဲမဟုတ်ပါဘဲ ဖေဖေ့အား တကူးတက ခွင့်တောင်းသေးသည်။ ဖေဖေကပါပြုံး၍ ကြည့်နေသည်။

"ဖေဖေ ဘုန်းကြီးကျောင်းသွားမှာမဟုတ်လား သားလိုက်ပို့မယ်နော်"

ဖေဖေ့လက်တွင်းမှ ဖျာလိပ်အား ဦးစွာ ဆွဲသွားသူကမောင်ပင်ဖြစ်သည်။

"သားလဲလိုက်ခဲ့မယ် ကုသိုလ်လေးရအောင်"

ဖေဖေဘာမှမပြောသာပါ ခေါင်းသာငြှိမ့်ပြ၍ အရှေ့မှ ထွက်သည်။ မမလှမ်းပေးသော ဆွမ်းချိုင့်အား လှမ်းယူကာ ကိုယ်၌ကလည်း နောက်ကလိုက်ရပါ၏။ ဖေဖေ့နောက် မောင်နှင့်နှစ်ယောက်ယှဉ်ကာဘုန်းကြီးကျောင်းသို့ လိုက်သွားခဲ့သည်။ ကျောင်းဝန်းရှေ့တွင်တော့ ရပ်၍မပြန်ပါ၊ ဗမာပီပီ ဘုန်းကြီးကျောင်းပေါ်တက် ဂန္ဓကုဋီတိုက်တွင်းမှ ရွှေရောင်ဝင်းဝင်းဆင်းတုအား ဝတ်ဖြည့်ကြ၊ ဆရာတော်ဘုရားကြီးအား ဦးချကာ ဖေဖေနှင့် သုံးယောက်သား ဆွမ်းချိုင့်ကပ်ရပါသည်။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now