Chapter 3 (Zawgyi)

35 2 0
                                    

ဒီကနေ့ ကျောင်းပိတ်သော်လည်း အထက်တန်းတုန်းက သူငယ်ချင်း၏ မင်္ဂလာဆောင်သို့ သွားရမည်။ မောင်တို့နှင့်လည်း မျက်မှန်းတန်းမိနေသူမို့ သူလာခေါ်မယ်ပြော၍ စောင့်နေလိုက်၏။ ရှပ်အင်္ကျီအဖြူနှင့် ချည်ချောလုံချည်သာ ဝတ်မိသည် ပိုးအရောများရှိပေမဲ့ မကြိုက်ပါ မဝတ်ချင်ပါ၊ နွေ၊မိုး၊ဆောင်း အမြဲအေးသည့် ချည်ကိုသာ ပေါ့ပေါ့ပါးပါး ဝတ်ရတာ နှစ်ချိုက်၏။ ဆောင်းတွင်းမဝင့်တဝင်ဖြစ်၍ အိမ်အရှေ့ရှိ ဆိတ်ဖလူးပန်းများသည် လေယူရာမွှေးနေသည်။ ဆိတ်ဖလူးပင်ပေါ် နွယ်တက်နေသော ဆောင်တော်ကူးပန်းတို့သည်လည်း မပွင့်သေးသော်ငြား အဖူးများဝေနေ၏။ ဆောင်းတွင်းသို့ လုံးလုံးလျားလျားရောက်လျှင် လေယူရာ ရနံ့တို့ကူးကြလိမ့်ဦးမည်။ ငေးနေရင်း သစ်ပင်အောက်တွင် လူရိမ်မြင်မှ မောင်ရောက်နေမှန်းသိလိုက်သည်။ ချည်သားရှပ်အဖြူအား ပိုးပုဆိုးအပြာဖြင့် တွဲဝတ်ထား၏။ ကတီပါဖိနပ်ပေါ်ရှိ ခြေဖမိုးဖွေးဖွေးသည် အလုပ်ကြမ်း၊လေကြမ်း၊မြေကြမ်း မခဘူးမှန်းသိသာစွာ ဖွေးနေ၏။ သွားရန် အမြန်ထကာ မီးဖိုချောင်ရှိ မမအား လှမ်းပြောခဲ့သည်။

“အာကာ.......”

“မောင် လို့ဆိုနေ”

“တော်စမ်းကွာ စကားတောင်ကောင်းကောင်းပြောမရဘူး၊ ရောက်နေတာအသံလှမ်းပေးလိုက်ပေါ့ကွ”

“အရင်နေ့ကကျောင်းကကောင်မလေးအကြောင်းတွေးနေတာမဟုတ်လား၊ ကျွန့်တော့ကြောင့် အတွေးတွေပျက်သွားမှာ  စိုးရိမ်လို့လေ”

ကာယကံ့ရှင်မိန်းကလေးတော့မသိ သူ့ကြောင့်အတော်နားပူနေရသည် ကြုံတိုင်း ဒီစက္ကူပုံးသယ်ပေးမိတဲ့အကြောင်းသာ ခလုတ်တိုက်၍ပြောပြောနေသည်။ အာကာမောင်ဟာ တကယ် အဒေါ်ကြီးဆန်သည်။

“မဟုတ်တာတွေပြောမနေနဲ့ နောက်ကျနေမှာစိုးလို့ အမြန်သွားရအောင်”

ကျောကုန်းကိုပုတ်၍ အမြန်ဆော်သြောလိုက်မှ သွားသည်။ မင်္ဂလာဆောင်သည် အရမ်းကြီးကြယ်သည်လည်းမဟုတ် သတို့သားအိမ်တွင် မဏ္ဍပ်ထိုး၍ ဧည့်ခံပွဲလုပ်သည့်ပုံဖြစ်သည်။ ဘုရားခန်းတွင် ဘိတ်သိတ်ခန်းပြင်ထားသောကြောင့် သူငယ်ချင်းဖြစ်သူခေါ်၍ မောင်နှင့်နှစ်ယောက် အတူလိုက်သွားမိ၏။

“သြောင်နမော ဗုဒ္ဓာနုဘာဝေန၊ သြောင် နမောဓမ္မာနုဘာဝေန၊ သြောင်နမောသံဃာနုဘာဝေန...”

ဘုရားကျောင်းဆောင်အရှေ့ နှစ်ဖက်မိဘများအလယ်တွင် ကန်တော့ပွဲစုံလင်စွာဖြင့် ထိုင်နေကြသော မင်္ဂလာမောင်နှံသည် လက်အုပ်ကိုယ်စီချီထားကြသည်။ အစိန္တေယျစသော ဘုရားရှိခိုးအား အသံထည့်ဆိုကာဖြင့် ဘုရားကန်တော့ခြင်းအမှုပြီးကြလေသည်။ နှစ်ဖက်မိဘများအား ဂုဏ်ကျေးဇူးဖွဲ့သော အလင်္ကာများဖြင့် ကန်တော့ခြင်းအမှုပြီးသည့်အခါ လောကီလောကုတ္တရာမင်္ဂလာများအကြောင်းရှင်းပြ၏။

“တို့ ဘုန်းတော်ကြီးတော်မူသော၊ မြတ်စွာဘုရားဟာ လောကီလောကုတ္တရာ နှစ်ဖြာအကျိုးများအောင်လို့ မင်္ဂလာ့သုတ်ကိုဟောတော်မူခဲ့ပြီး ပညာရှိအားမှီဝဲခြင်း၊ လူမိုက်အားရှောင်ကျဉ်ခြင်း၊ ကြီးသူကိုရိုသေခြင်း၊ ကောင်းမွန်စွာအသက်မွေးခြင်းစတဲ့ ၃၈ သွယ်သောမင်္ဂလာတရားတော်များကို ဟောဖော်သွားပါတယ်။ ရှေးရှေ့ပညာရှိကြီးများကတော့ လူ့လောကီရေးရာတွေမှာ လုပ်ဆောင်ရမဲ့ မင်္ဂလာရယ်လို့ ၁၂ ပါးထုတ်ဖော်ခဲ့ကြပါတယ်၊ မွေးဖွားချိန်ကစလို့ ဝိဇာတမင်္ဂလာ၊ နန္ဒိမုခဒဿနဆိုတဲ့ နှစ်ဖက်အဆွေအမျိုးများကို မျက်နှာပြတဲ့မင်္ဂလာ၊ ရဝိန္ဒုဒဿန နေလပြတဲ့ မင်္ဂလာ စတဲ့ မင်္ဂလာတွေအပြင် ယနေ့တော့ နှစ်ဖက်သော အမိအဖများမှ ဝတ္တရားရှိတဲ့အတိုင်း အာဝါဟခေါ် သတို့သမီးအိမ်တွင်ဆောင်နှင်းရသောမင်္ဂလာ၊ ဝိဝါဟခေါ် သတို့သားအိမ်တွင်ဆောင်နှင်းရတဲ့မင်္ဂလာတွေကို ပြုကြပါပြီ...။ ဒီမင်္ဂလာပွဲမှာ စုလျားရစ်ပါတ်လို့ မင်္ဂလာသတို့သမီးသတို့သား တို့ရွှေလက်တော်နှစ်ဖက်အား ပိတ်ဖြူဖြင့်ရစ်ပါတ်ကာ အလွန်တရာအေးမြကြည်လင်သော ရေစင်တော်သွန်း၍ မင်္ဂလာမောင်နှံအရာမြောက်စေမှာမို့ ရွာစားရေ အတိုင်းမသိနဲ့ဖွင့်စေ....”

အတိုင်းမသိ၏ ကြည်နူးဖွယ်၊အံ့ချီးဖွယ် တေးသံကြား မောင့်ဘက်ငဲ့ကြည့်မိသည်။ သူလည်းပြန်ကြည့်နေ၏။ မောင်ဟာပြုံးနေတယ်၊ သူ့အပြုံးကို အဓိပ္ပါယ်ဖော်လို့မရ တစ်နေ့နေ့တစ်ချိန်ချိန်မှာ မောင်ဟာလဲ အတိုင်းမသိမင်္ဂလာသြောဘာဘွဲ့နဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဘိသိခန်းဝင်နေမယ်လို့ တွေးမိလိုက်သည်နှင့် ရင်ဘက်ထဲအောင့်မျက်လာခဲ့သည်။ အပြန်လမ်းတွင်မောင်နဲ့စကားမပြောမိသလို မောင်ဟာလဲမျက်နှာရိပ်ကိုဖမ်းရင်း တိတ်ဆိတ်နေ၏။ ကားဂိတ်မှအဆင်း လမ်းလျှောက်နေရင်း မောင်သည် လမ်းဘေးအုတ်ခုံလေးပေါ်သို့ လက်အားအသာဆွဲ၍ ထိုင်စေသည်။

“မောင်မင်္ဂလာဆောင်မှာထဲကကြည့်နေတာ စက် ဘာတွေတွေးနေတာလဲဗျာ၊ မျက်နှာလဲမကောင်းဘူး မောင့်ကိုလဲဘာမှမပြောဘူး”

“မတွေးပါဘူးကွာ မင်းစိတ်ထင်နေလို့ပါ”

“စက်ကမောင့်ကို ဘယ်နှနှစ်သားလေးထင်နေတာလဲ၊ ဒီဘေးက အင်ဂျင်နီယာကျောင်းသားကြီးကို လိုက်ကြိုက်နေတဲ့ ဆေးကျောင်းသား အရွယ်တောင်ရောက်နေပါပြီဗျာ”

နှာခေါင်းရှုံ့ကာအငေါ်တူးသောမောင့်အသံအား မျက်စောင်းထိုးကာ ဘေးဘီဝဲယာ ကြည့်လိုက်မိသည်။ ဆင်ခြင်ခြင်းအမှုအား ငယ်သူထက် သူက ပိုလို့ပြုသင့်သည်။ အမြင်မတင့်တယ် နှာခေါင်းရှုံ့ကြမှုမျိုး မောင့်အပေါ် ဘယ်သူမှမပြုစေချင်ပါ။

“တစ်ချိန်ချိန်ကြရင် တို့တွေ ဘယ်သူနဲ့ ဘိသိက်ခန်းဝင်ကြမလဲလို့ တွေးမိနေတာ”

မောင်က မျက်မှောင်ကုတ်၏ ချက်ချင်းတည်ပြစ်လိုက်၏ မျက်စိစိမ်းစိမ်းဖြင့်ကြည့်ရင်း စကားတစ်ခွန်းအားပြောကာ နောက်သို့ပင်လှည့်မကြည့်ပါဘဲ ထွက်သွားလေသည်။

“စက်က မောင့်အချစ်ကို ဘယ်တုန်းကမှအယုံအကြည်မရှိခဲ့ဘူးကို...”

                               *****

နောက်နေ့မနက်စောစောတွင်တော့ မောင်အိမ်ရှေ့သို့ရောက်လာခဲ့ပါသည်။ ကားဂိတ်သို့ အသွားမည်သည့်စကားမျှမပြောသလို၊ ကားဂိတ်အရောက် ခန့်ပိုင်သည်ပင်လျှင် ဘာစကားမှမဟဘဲ လိုက်ပါလာခဲ့သည်။ ဆယ်ကျော်သက်အရွယ် ကောင်လေး၏ ချစ်ခြင်းအား ယောက်ျားတစ်ယောက်အနေနှင့် အကြိမ်ကြိမ်ဆုံးဖြတ်ခဲ့ပြီးပါပြီ၊ အကြိမ်ကြိမ်တွေးတောခဲ့ပြီးပါပြီ။ မှားယွင်းခဲ့တယ်လို့မဆိုချင်ပေမဲ့ ဒီချစ်ခြင်းကို မောင့်လိုတော့ လွယ်လွယ် ဝန်မခံရဲခဲ့ပါ။ တစ်ရက်မှသည် နှစ်ရက် မောင်ဟာ စကားမပြောဘဲ အနားမှနေမြဲအတိုင်း နေဆဲဖြစ်သည်။ တစ်ခါတစ်ခါ ဆေးလိပ်နံ့ရသလိုရှိ၏။ မောင်နဲ့ စကားပြောဖို့လိုနေပြီ...။ ကားဂိတ်မှဆင်းဆင်းချင်း “ဒီညနေ လမ်းထိပ်ကစောင့်” ဟုဆိုကာ အိမ်သို့ပြန်လာခဲ့တော့၏။ ခုနှစ်နာရီအချိန်သည် ဆောင်းတွင်းဖြစ်၍ မှောင်နေသည်။ လမ်းထိပ်ခဏဟုမမအားပြောကာ ထွက်လာခဲ့သည်။ မီးမမှန်သော ရန်ကုန်မြို့တွင်နေထိုင်သူလက်ထဲ မမက ဓာတ်မီးထည့်ပေး၏။

လမ်းထိပ်အုတ်ခုံပေါ်တွင် စီးကရက်မီးရဲရဲကိုသာမြင်ရ၍ တစ်လမ်းလုံးမှောင်နေသည်။ အနားရောက်ကာမှ မောင့်အား ညနေမှအဝတ်အစားအတိုင်းပင်တွေ့မြင်ရသည်။

“အာကာ မင်းအိမ်မပြန်ဘူးလား”

သောက်လက်စစီးကရက်အား အုတ်ခုံပေါ်ထိုးစိုက်ရင်း ပြန်မော့ကြည့်လာသည်။ ခြင်ပေါသော မှောင်မိုက်သော သည်နေရာတွင် ဘာကြောင့် စောင့်နေသည်လည်း မေးမိကာမှ

“မင်းကမောင့်ကို အချိန်ပြောခဲ့လို့လား စက်ရယ်”

ရယ်ရခက်ငိုရခက်အမှန်ပင် အချိန်ပြောခဲ့ဖို့ မေးသွားခြင်းဖြစ်ပေသည်။ သူလှမ်းမေးလိုက်ရင်ရသားကို မမေးဘဲစောင့်သည်က မောင်တုန်းအလွန်းသည်။ “ဟိုဘက်တိုး ” ဟုဆိုကာ အနားဝင်ထိုင်ရင်းစကားစဆွဲထုတ်ရန် ကြိုးစားမိသည်။

“အာကာ မင်းအခုတစ်လောဘာတွေများဖြစ်နေတာလဲ၊ ဆေးလိပ်တွေပြန်သောက်နေတာရော ဘာလို့လဲ”

“နှစ်ယောက်ထဲရှိချိန်တောင် စက်က မောင့်ကိုမောင်လို့မခေါ်တော့ဘူးနော်၊ စက်တကယ်မသိတာလားစက်ရယ် မောင်ဘာဖြစ်နေတယ်ဆိုတာကိုလေ၊ မောင်.... မောင် စက်ကိုချစ်ရတာသေတော့မလိုဘဲကွ”

ပြောနေရင်းမောင့်အသံသြောသြောမှာ တုန်လာသလို မျက်ဝန်းတွင် အရည်ကြည်ကြည်တို့ လက်နေသည်ထင်၏။

“ပြီးတော့ စက်က မောင့်အချစ်ကို စတွေ့ကတည်းက အခုချိန်ထိ ယုံကြည်မပေးနေဘူးလို့မောင်ခံစားနေရတယ်၊ မောင်ကလေ မင်းကလွဲလို့ ဘယ်သူ့လက်ကို စွဲပြီး ဘိသိက်ခန်းထဲဝင်ရမှာလဲစက်ရယ်”

မောင့်စကားအဆုံး အထိတ်ထိတ်အပြာပြာ ငေးကြည့်မိသည် ဟိုနေ့ကစကားကို မောင်ဟာ ဒီလောက် တွေးနေသည်တဲ့လား။ ဘိသိက်ခန်းဟာ အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးဝင်ပါမှ တင့်တယ်တော့မပေါ့မောင်ရယ်။ ဘယ်ယောက်ျားနှစ်ယောက်က စုလျားရစ်ပတ် လက်ထပ်တာမျိုးမောင်မြင်ဖူးလို့လဲ။

“မင်းကြောက်နေတာကို မောင်သိပါတယ်စက်ရယ်၊ ဟိုအရင်ကလေ မောင်နဲ့မင်းကျောင်းကအပြန် နတ်ကနားပွဲက နတ်ကတော်ကို သူ့သားနဲ့ကြိုက်နေလို့ ဆိုပြီး အဒေါ်ကြီးတစ်ယောက်လာရန်တွေ့တာ မြင်တုန်းကြားတုန်းက သူ့စကားကြမ်းကြမ်းတွေဟာ မင်းနဲ့မဆိုင်ပါဘဲ မောင်ကိုလည်ပြန်ကြည့် ခေါင်းငုံ့သွားကတည်းက မောင်သိတာပေါ့ စက်ရယ် မင်းမောင့်အပေါ် ဘယ်လို စိတ်ရှိနေမလဲဆိုတာ”

နတ်တော်လထဲ ရွာတော်ရှင်နတ်နန်းတွင် ကနားပေးနေကြတုန်း အဒေါ်ကြီးတစ်ယောက်သည် ကနားစီးထင်ရသော နတ်ကတော်အား သူ့သားအား နတ်နှင့်တိုက်ကာ ပေါင်းဖို့ကြံသည်။ အောက်တန်းကျတဲ့မိန်းမလျှာ အခြောက် ဆိုတာမျိုးအား လူပုံအလယ် အော်ကာဟစ်ကာ ပြောခဲ့ပြီး လူတွေရဲ့အကြည့်ကြား နတ်ကတော်ခမျာမှာ ခွန်းတုန့်ပင်မပြန်နိုင်ပါဘဲ မေ့လဲသွားခဲ့သည်။ ထိုအဒေါ်ကြီးပြောသော “နင်ယောက်ျားခြင်းကြိုက်တာ အကြောင်းမရှိဘူး၊ နုနုထွဋ်ထွဋ်ငါ့သားကို နတ်နဲ့တိုက်ပြီး ဘယ်လိုလုပ်လို့ ငါ့သားက နင်မှနင်ဖြစ်နေရတာလဲ အောက်တန်းစား အခြောက်ရဲ့” ဟူသည့် စကားများ အောက် ကိုယ်နှင့် မဆိုင်မှန်းသိသိနှင့် မောင့် မျက်နှာအား လှည့်ငေးကာ ခေါင်းငုံ့မိပါသည်။ မောင့်အသိုင်းအဝိုင်းဟာ ဘယ်လက်ခံနိုင်လိမ့်မလဲ မောင်ဟာ သူ့ထက်ပိုတော်၊ ပိုလှတဲ့ အမျိုးကောင်းသမီးနဲ့သာ ထိုက်တန်မှာပေါ့။

“တော်ပါတော့စက်ရယ် တော်ပါတော့ မဟုတ်တဲ့အတွေးတွေနဲ့ မောင်အနှစ်နှစ်အလလ စောင့်ခဲ့ရတဲ့မောင့်အချစ်တွေကိုတော့ မရောထွေးပြစ်ပါနဲ့။ မောင်ကို ဘယ်သူတွေဘယ်လိုကြည့်ကြည့် ဘယ်လိုပြောပြော စက်သာမောင့်ဘေးနားရှိရင်လေ မောင်အဆင်ပြေနိုင်ပါတယ်ကွာ၊ စက်ရှက်ရင်လေ မောင်တို့... မောင်တို့ ဒီလူတွေနဲ့အဝေးထွက်သွား နိုင်အောင်ကြိုးစားလို့ရပါတယ်စက်ရယ်။ မောင့်ချစ်တာကိုတော့ဖြင့် စက်ကိုယုံစေချင်တယ်”

အင်မတန်တက်နိုင်သည့် မောင်ပါဘဲ ဘယ်သူက ဒီအမျိုးကောင်းသားကလေးက ကျွန်တော့ချစ်သူပါလို့ပြောရတာရှက်ရမလဲ။ စက်ရှက်ရင် မောင်တို့ထွက်ပြေးလို့ရကြောင်းပြောနေသော မောင့်အား ကျွန်တော်ဖတ်လိုက်မိပါသည်။ မောင့် ထံမှဘာစကားမျှထပ်ထွက်မလာတော့သလို ကျွန်တော့ရှိုက်သံထွက်မည်စိုး၍ မောင့်ပခုံးပေါ်သို့ အတင်းစိုက်ကာငိုမိတော့သည်။ အတန်ကြာအောင် ငိုအပြီး မောင့် စတစ်ကော်လာဖြူဖြူလေးတွင် မျက်ရည်များဖြင့် ကွက်နေလေသည်။ မောင့်ပခုံးတွေပေါ်မှခွာကာ မောင့်ဘေးနားအရင်လိုပြန်ထိုင်နေလိုက်သည်။

ဆောင်းလေ၏ အဝှေ့တွင် လမ်းထိပ်နှင့် မနီးမဝေးဆီမှ ကလေးတစ်ယောက်၏ စာဆိုသံအား တိုးလိုက်ကျယ်လိုက်ကြားနေရသည်။ မယ်ခွေ၏ လေးချိုးကဗျာကလေး ဆေးလိပ်လက်ဆောင်ပင်ဖြစ်သည်။ မောင်က ပြောစရာစကားကုန်သည့်နှယ် ကောင်းကင်သို့မော့ကြည့်သည်။ အိပ်ထောင်တွင်းမှ စီးကရက်ကလေး ထုတ်ယူသည်၊ ကျွန်တော်လျှင်မြန်စွာပင် ဝတ်လားသောရှပ်အင်္ကျီအဖြူလေး၏ ညာဘက်လက်ဆီမှ ထွက်နေသော ချည်အဖြူစကလေးအား ဆွဲထုတ်ကာ မောင့်နှုတ်ခမ်းပေါ်ရှိ ဆေးလိပ်ပေါ်တွင် တစ်ပတ်ပတ်ကာချည်ပေးလိုက်၏။

“ဆေးလိပ်တွေသောက်မလို့လားမောင်ရယ်”

မောင်သည် မယုံနိုင်ခြင်းကြီးစွာဖြင့် ကျွန်တော့ဘက်ကို လှည့်ငေး၏။ သူသည်အဓိပ္ပါယ်အား သိသည်ထင်၏။

--------------------------------------------------------------

အမှောင်ထုမှလွတ်ကင်းရန်ရုန်းကန်နိုင်ကြပါစေ။ အေးချမ်းစွားအသက်မွေးမြူနိုင်ပါစေ။

မောင်ကံ

A/N Unicode နဲ့ Zawgyi ကလေ အဆင်ပြေသလိုပြောင်းထားတာဘဲ အဆင်မပြေရင်တော့ပြောကြည့်ပါနော်။ အချိန်ပေးပြီးဖတ်ပေးကြသူအယောက်ချင်းစီတိုင်းတို ကျေးဇူးအရမ်းတင်ပါတယ်။

ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteOpowieści tętniące życiem. Odkryj je teraz