Chapter 8 (Zawgyi)

24 1 0
                                    

သုံးကြိမ်မြောက်တံခါးခေါက်သံအဆုံး မောင့်သူငယ်ချင်းဆိုသူ တံခါးဖွင့်ပေးလာ၏။ စိုရွှဲနေသော မောင်နှင့် သူ့ကိုကြည့်ရင်း အံ့သြောနေသည်။ နောက်မှ

“ဟေ အာကာမောင် ဝင်ကြ၊ ဝင်ကြ၊ မင်းတို့က ညကြီးအချိန်မတော်ပါလားကွ”
“အချိန်မတော်တာနောက်ထား ငါတို့ဒီနားမှာကားပျက်သွားတာနဲ့ မင်းဆီမှာ တစ်ညလောက်တည်းလို့ရမလားလို့”
“ရပါ့ဗျာ၊ ရပါ့ ဝင်ကြစမ်းပါ အအေးပတ်ကုန်ကြလိမ့်မယ်”

မောင့်သူငယ်ချင်းထုတ်ပေးသော လုံချည်နှင့် အင်္ကျီအား လဲလိုက်ကြပြီး ကျေးဇူးတင်ရသေးသည်။

“ငါကစာကြည့်ပြီး အိပ်တော့မလို့ကွ တံခါးခေါက်သံကြားတာနဲ့ ချက်ချင်းဖွင့်လိုက်တာ”
“အေးကွာ ကျေးဇူးပါ။ ငါ့ကားကလဲဒီနားမှထိုးရပ်သွားတယ်၊ ဒါနဲ့ ဒါကငါ့ရဲ့...”
“အစ်ကိုပါ စက်ရှိန်လို့ခေါ်ပါတယ်”

မောင့်စကားမဆုံးခင် ဝင်ဖြတ်ပြောမိသည်။ မောင်က ဘယ်လိုမိတ်ဆက်ပေးမလဲ မသိရသည်က ပိုကောင်းပါသည်။ မောင်ကတော့ ငေးကြည့်နေလေရဲ့။ တစ်ညတာ တည်းခိုရတဲ့ အိမ်ရှင်ကို အနေမခတ်စေလို၍လည်း ပါပါသည်။ အိမ်ဆိုပေသည့် ငှားနေခြင်းဖြစ်မည်။ တစ်ထပ်တိုက်ပုလေးတွင်အိပ်ခန်းတစ်ခန်း ၊ ရေချိုးခန်း၊ အိမ်သာ မီးဖိုချောင်နှင့် ဘုရားခန်းဧည့်ခန်းတို့မှာ ဆက်လျက်ပါသည်။

“ဟုတ်ကဲ့အစ်ကို မိုးသူပါခဗျ၊ ဒါဆိုနားလိုက်ကြပါဦးနော် အိပ်ခန်းမှာ အိပ်ယာပြင်ထားပါတယ်ဗျ”
“မဟုတ်တာဘဲ အစ်ကိုတို့ ဘုရားခန်းမှာအိပ်ပါ့မယ်”
“အားမနာပါနဲ့ ကျွန်တော်က စာကျက်ရင်းလဲအိပ်ပျော်တက်တာမို့ ဘုရားခန်းမှာ အိမ်တာများပါတယ်၊ အားမနာဘဲ ကောင်းကောင်းအနားယူကြပါ”
“ကျေးဇူးမိုးသူရေ အဲ့တာဆိုငါတို့သွားနားပြီ”

သင်ဖြူးဖျာ နှစ်ယောက်အိပ်ပေါ်တွင် ဖက်ခေါင်းအုံးတစ်လုံးနှင့် စောင်တစ်ထည်သာရှိနေသည်။ တစ်ကိုယ်တည်းသမားအိမ်ကိုမှ လာတည်းမိတာ အားနာစရာပင်ကောင်းလှသည်။ စောင်နှင့် ခေါင်းအုံးပိုက်၍ ဘုရားခန်းတွင် အိမ်ရှင်းဖြစ်သူမှာ အိပ်နေတော့သည်။ တိတ်ဆိတ်နေသော အခန်းအတွင်း မီးကလေးတစ်လုံးထွန်းထားသည်၊ မိုးသံလေသံတို့နှင့် လူနှစ်ယောက်၏ နှလုံးခုန်သံတို့မှအပ ဆူညံခြင်းဟူ၍ မရှိပါ။ ဖက်ခေါင်းအုံးကလေးအား မောင်က အလျားလိုက်ချကာ ခေါင်းအုံးဖို့ပြင်သည်။ သူ့ဘေးတွင်လာအိပ်ရန်လည်း ပြော၏။ ခက်တာက နှလုံးအရမ်းခုန်နေ၍ အိပ်ချင်စိတ် တစ်စက်ကလေးမှရှိမနေခြင်းဖြစ်သည်။
“စက်....”
မောင့်ခေါ်သံအဆုံး ဆက်ကနည်းတုန်သွား၏။
“စက်ဘာဖြစ်နေသလဲဟင် မောင့်ကိုစိတ်ဆိုးနေသလား”
“မဟုတ်ပါဘူး၊ ဒီတိုင်း အိပ်ချင်စိတ်မရှိနေလို့ပါ”
“မောင်ရောဘဲ၊ မောင်လည်း ဒီလိုစက်နဲ့ရှိနေရတဲ့ညကို ရပ်ထားလိုက်ချင်တယ်၊ တစ်သက်လုံး မအိပ်နဲ့ဆိုရင်တောင် မောင်က စက်ဘေးနားနေရရင် သန်းမိမယ်တောင်မထင်ပါဘူးဗျာ”

ကလန့်ကလားအရပ်ကြီးနှင့် ပခုံးအား ခေါင်းဖြင့်ဝှေ့ကာပြောနေသော မောင့်အား ရယ်မိသည်။ ရယ်သံကြား၍ထင်သည် နှုတ်ခမ်းဆူကာမော့ကြည့်၏။ ဤသည်ကပင် တစ်ခြားလူတွေမမြင်နိုင်တဲ့ မောင့်ရဲ့ မြတ်နိုးစရာမဟုတ်ပါလား။
“စက်ကမောင်ပြောတာကိုမယုံတာပေါ့”
“မဟုတ်ပါဘူးကွာ၊ မောင်က ဒီလိုပြောတော့ ငါတင်မဟုတ်ဘူး ဘယ်သူကခံနိုင်ရိုးရှိမလဲကွ”
မောင်ကမော့ကြည့်နေရင်း နှုတ်ခမ်းအား ဖြတ်ကနည်း နမ်းလိုက်၏။ ဆက်ပြောစရာစကားများပျောက်သွားသည်။
“မောင်တောင်းပန်တယ်နော်၊ စိတ်မထိန်းလိုက်နိုင်ဖြစ်သွားတယ်”
“မလိုပါဘူးမောင်ရယ် ငါတို့ကချစ်သူတွေမဟုတ်လား၊ သာမန်အတွဲတွေ နှစ်ယောက်ထဲရှိကြချိန်ကို ငါမသိဘူးမောင်၊ ဒါပေမဲ့ ငါတို့နှစ်ယောက်ကြားကကိစ္စအဝဝကို မောင်တောင်းပန်စရာမှမလိုတာ”
“မောင်တို့လဲ သာမန်အတွဲဘဲမဟုတ်လားစက်ရယ် မောင်ကစက်ကိုချစ်တာ ဆန်းဆန်းပြားပြားမပါနေသလို စက်ကရောမောင့်အပေါ် ဆန်းဆန်းပြားပြားခံစားခဲ့ဘူးသလားဟင်”
“စောစောအိပ်ကြစို့မောင်...၊ ငါမနက်စောစောထပြီးပြန်ချင်တယ်”

ပြောလိုက်လျှင်ပင် မောင်သည်ဖျာ၏ ဘယ်ဖက်သို့ တိုးသွားကာ ဖက်ခေါင်းအုံးအားခေါင်းအုံးရင်း ညာလက်ကို ဆန့်တန်းထားသည်။ မောင့်ညာလက်မောင်းပေါ် ခေါင်းတင်ရင်း မောင့်ရင်ငွေ့နွေးနွေးတွင် ခိုမိသည်နှင့် သူစိမ်းအိမ်ဟူသော အသိပင် ဘယ်ဆီသို့ လွင့်ပြယ်သွားမှန်းမသိ။ ဘုန်းလက်ျာပေါ်သို့ ယောက်ကျားတစ်ယောက်၏ ပါးပြင်အပ်ကာ အိပ်စက်ခြင်းသည် မောင့်အတွက် မည်သည့် ယုတ်လျော့မှုများ မရှိစေရန် စိတ်၌ ရည်ရွယ်မိသည်။

နေရောင်းပြေပြေကလေး ပြတင်းမှဝင်ရုံ၊ ငှက်ကလေးတစ်ကောင်စနှစ်ကောင်စ အသံပြုလိုက်ရုံနှင့် အိပ်ယာမှနိုးလာခဲ့သည်။ ညတုန်းကအတိုင်း မောင့်လက်မောင်းတို့သည် ပါးပြင်အောက်တွင်ရှိနေသေးသည်။ မောင့်ရင်ခွင်မှတဖြည်းဖြည်းအပေါ်သို့ မျက်လုံးများပို့လိုက်လျှင် နံ့သာဖြူနှစ်ရောင် မောင့်လည်ချောင်းပေါ်ရှိ မို့မောက်နေသော တောင်တစ်လုံး၊ ထိုအထက်တွင် စိမ်းညိုရောင်သန်းနေပြီး ရိတ်သင်ထားခါစ အမွေးအမျှင်တို့ကင်းသော မေးရိုးတစ်စုံတို့အားတွေ့ရသည်။ မောင်နဲ့ နိုးထရတဲ့ နံနက်ခင်းဟာ ဤသို့ ဤနှယ် ကဗျာဆန်သည်တဲ့လား။ တွေးတောနေရင်း မောင့်မေးဖျာဆီသို့ တိုးကပ်မိသွားသည်။

“ပေါ်တင်နမ်းလဲရတာကိုဗျာ”
“မောင်နိုးနေတာလား၊ နိုးနေရင် ပေါ်တင်နမ်းတယ်ဘဲမှတ်လိုက် ငါတို့အိမ်ရှင်ကိုနှုတ်ဆက်ပြီးပြန်ရဦးမှာ”

ရှက်ရှက်နှင့်ပြောချင်ရာ ပြောခဲ့ပြီး အခန်းတွင်းမှထွက်ခဲ့သည် မောင်ရယ်သံသည်လည်း ကပ်ပါလာ၏။ အိမ်ကိုပြန်ရောက်တော့ ဖေဖေမျက်နှာမကောင်းပါ။ ညကလည်း အိပ်မရဟုဆို၏။ ဖြစ်ကြောင်းကုန်စင်အား ရှင်းပြရသေး၏။ တစ်သက်နဲ့တစ်ကိုယ်မိဘအား စိတ်ပူအောင်လုပ်လိုက်မိပါတော့သည်။ ထိုရက်များအပြီးမကြာမီပင်မောင့်အား နိုင်ငံရပ်ခြားပို့ကြတော့သည်။ ပို့ကြသည်ထက် ဦးဆောင်တိုက်တွန်းသူများထဲတွင် ကိုယ်ပါ ထိပ်ဆုံးကပါခဲ့ရသေးသည်။
မောင်နှင့်အပြင်ထွက်လည်ပြီး နှစ်ရက်လောက်အကြာမောင့်မေမေနှင့်တွေ့ရသည်။ အိမ်သို့ ကားဖြင့်အခေါ်တော်လွှတ်လိုက်ခြင်းပင်ဖြစ်သည်။ ဖေဖေကတော့ အကြောင်းကိစ္စထွေထွေထူးထူး မေးမနေခဲ့ပါ သို့သော် စိတ်ထဲထင်နေ၍လားမသိ ဖေဖေမျက်နှာမကောင်းပါ။ ကရဝိတ်ဟော်တယ် သည် သည်ခေတ်သည်ကာလ တော်ရုံလူတို့ခြေပင်မချဝံ့သည် နေရာဖြစ်သည်။ မောင့်မေမေရှိရာဆီသို့ ကားမောင်းသည့်အစ်ကိုပို့ပေး၍ ရောက်ရပါသည်။ တွေ့သည်နှင့်အပြုံးနှင့်ပင်ကြို၏ အဓိပ္ပါယ်ပါသောအပြုံဖြစ်၏ ကျောများပင်စိမ့်ကနည်းခံစားလိုက်ရသည်။

“သားနာမည် စက်ရှိန်မဟုတ်လား၊ သားငယ်ကပြောပြောနေလို့အန်တီသိရပါတယ်”
“ဟုတ်ကဲ့ပါအန်တီ ဟို၊ ဒီနေ့တွေ့ချင်တာကလေ ဘာများ ပြောစရာရှိလို့လဲမသိဘူးဗျ”
“အို... မလောပါနဲ့သားရယ်၊ ထိုင်ပါအုံး တစ်ခုခုလေးစားရင်း ပြောကြရအောင်လေ”
အခြေအနေကောင်းသည်လား ဆိုးသည်လား မပြောတက်၊ ထိုင်ဆိုထိုင်လိုက်ရုံပင်၊ မောင်ရှိနေလျှင်ပိုကောင်းမည်ဟု စိတ်ထဲပြောလိုက်မိသေးသည်။
“သားရဲ့သူငယ်ချင်းလေ သားရယ် သူ့ကိုပညာတော်သင်လွှတ်နေတာကို နေ့ရွှေ့၊ ညရွှေ့ အချိန်တွေ ဆိုင်းနေလို့သားရယ်”

သူငယ်ချင်းဟုဆို၏၊ မောင်ပြောထားသည်က သူ့မေမေနှင့် ချစ်သူရယ်လို့မိတ်ဆက်ပေးထားသည်ပြော၏။ ယခုစကားစလိုက်သည်နှင့်ခန့်မှန်းမိပါပြီ၊ မောင့်ကိုမနိုင်လို့ မသိချင်ယောင်ဆောင်ကာ စစ်ကူတောင်းခြင်းဖြစ်သည်။ သူငယ်ချင်းတဲ့မောင်ရေ၊ မောင့်မေမေရဲ့တစ်ဝက်လောက် မောင်သာ ဉာဏ်ပြေးရင် ကောင်းမှာဘဲကွယ်။
“စိတ်ချပါအန်တီ ကျွန်တော်အစွမ်းရှိသလောက် မောင့်... အာကာ့ကိုပြောပေးပါမယ်အန်တီ”

အစွမ်းရှိသလောက်တဲ့၊ သိပ်အစွမ်းရှိတာပေါ့ကွယ် အန်တီကမစွမ်းသာလို့ မင်းကို လာပြီး ကိုးရတာဘဲကြည့်လေ။ လေပြေကလေးသွေးရတာ သိပ်ထိရောက်တာဘဲ၊ ဒီအမေက ဘီလူးဆိုင်းထတီးရင် သူတို့ကိုပြည်တော်ဝင်ဖို့ နရီတီးပေးသလိုတောင်ဖြစ်နေမှာပေါ့။ ဒီတော့လေပြေကလေးနဲ့ ကျောသပ်ရင်သပ်လုပ်ထားမှ ကိုယ့်သားလဲ ကိုယ့်နားမြဲမှာသိတာပေါ့။ မောင်...တဲ့ မေ့သားကိုခေါ်တဲ့နာမ်စားက မောင်ပေါ့။ အာကာမောင်၊ အာကာမောင် အတုန်းအရုံးတိုက်ပွဲကျတော့လဲ ယောက်ျားတစ်ယောက်ရဲ့ အသံလှိုင်းကလေးအဆုံးမှာတဲ့လား သားရယ်။
မောင့်မေမေနဲ့စကားပြောအပြီး မောင့်ကို တက်စွမ်းနိုင်သလောက်တိုက်တွန်းရပါသည်။ မောင့်ရဲ့မျှော်လင့်ချက်တစ်လှေကြီးကတော့ မောင့်မေမေမျက်ဝန်းတွေကြည့်ကတည်းက မြုပ်သွားခဲ့မှန်းသိရပါသည်။ သားနဲ့တွဲနေတဲ့ ယောက်ျားတစ်ယောက်ကို သားလို့ခေါ်ပြီးလေပြေကလေးသွေးကတည်းက မောင့်မေမေရဲ့ လမ်းဟာ ဖြောင့်ဖြောင့်ကြီးပေါ်နေခဲ့ပြီ။ တမင်ကို သူငယ်ချင်းခေါင်းစဉ်အောက် ထိုးသွင်းသွားပုံက သေသေသပ်သပ်ကလေးပါ။ မောင်ကဒီမျှော်လင့်ချက်လှိုင်းလုံးတွေကြား ကူးခတ်နေရင်း မဆုံးနိုင်တော့မှာ မြင်ယောင်နေတယ်မောင်။

-----------------------------------------------------------------------------------------------------------------------------------
“စက်ကမောင့်ကိုသွားစေချင်နေပြီပေါ့”
“ချစ်ရတဲ့လူနဲ့ကွေကွင်းရခြင်းကလဲ ဒုက္ခပါဘဲကွာ”
“ကျောင်းမတက်ခင်အသားကျဖို့မောင် ပြင်ဆင်ရမှာတွေလည်းရှိသေးတယ်”
“မောင့်ကိုတိုက်တွန်းတယ်တော့မဟုတ်ပါဘူး မောင့်မေမေအခြေအနေကိုကြည့်ပြီး မောင်သွားဖို့လာဖို့ လုပ်သင့်တယ်ထင်တယ်”

ဤသည်မှာ မောင့်အပေါ် နောက်ဆုံးအရိပ်ပြလိုက်ခြင်းနှင့် မောင်မေမေနဲ့ တွေ့ခဲ့ခြင်းကို မောင်ရိပ်မမိလိုက်တဲ့အပိုင်းအစများဖြစ်ပါသည်။
နောက်နှစ်စာသင်နှစ်မစခင်အချိန်ကလေးတွင် မမထံမှ သူ့ကိုယ်ပွားကလေး မွေးဖွားခဲ့ပါသည်။ ကလေးချစ်တက်သော မောင်သည်ပင် အိမ်သို့ အလည်ရောက်၍ ပိုက်ပိုက်ပွေ့ပွေ့ရှိလှသည်။ ကျောင်းပိတ်ရက်ရှည်အချိန်ဖြစ်၍ အလုပ်ရှာရင်း အားလပ်နေသော ကာလများဖြစ်သည်။ နေ့လည်ဘက်နေပူပူတွင်တော့ ကရမက်ကလေး လိမ်းရင်း အိမ်အရှေ့ထိုင်မိသည်။ မမ၏ကလေးချော့သံမှာလည်း လေတစ်ချက်အဝှေ့ တွင်ထွက်ပေါ်လာသည်။

“နွဲ့နွဲ့မာန်ကိုးငယ်နဲ့....နွဲ့နွဲ့မာန်ကိုးငယ်နဲ့....အို ဆိုး...ဆိုးလိုက်တာ.... မြမျက်ရည်ဂေါ်ဇင်ငြှာကငိုရှာလုနီး.... မေ့မောင်ကြီးရယ်တဲ့ စိန်ကြိုးသွယ်... ဪ...တိတ်ပါ့ကွယ်... ကြောင်ညိုဖားငယ်လေး... စားတက်လှတယ်... ကျွတ်.ကျွတ်..ကျွတ်~~~”

ကလေးချော့သံစွဲစွဲငင်ငင်ကပင် လွမ်းစရာကောင်းနေသလိုရှိ၏။ နွေဦးတွင်မွေးသောကလေးအား နွေဦးဟု မှည့်လိုက်ကြသည်ကို တစ်ညီတစ်ညွတ်တည်း ဖေဖေရော မမနှင့် မမအမျိုးသားပါ လက်ခံလိုက်ကြပါသည်။ အဆီကိုစားလို့ အသားကိုမျိုမဲ့ကြောင်ဖားကြီးအား မိခင်တို့ ကြောက်ကြသည်၊ ကလေးငယ်အား သတိပေးကြသည်။ ပက်လက်ကုလားထိုင်ပေါ်ထိုင်နေသောဖေဖေသည် မမကလေးချော့သံအား ကြားတော့ပြုံး၏။

“မောင်လေးငယ်ငယ်ကလေ မေမေက ဒီလိုချောတာ”
“သမီးငယ်ငယ်တုန်းကလည်း သမီးမေမေက ဒီလိုချော့ခဲ့ပါတယ်ကွယ်”

မမလှမ်းအပြော ဖေဖေကပါလှမ်းထောက်၏။ မန္တလေးသူကြီးမေမေက အသံသိပ်သာပြီး အနေအထိုင်း သိမ်မွေ့လွန်းသည်။ ဖေဖေသည် သူ့လက်ထပ်ရောက်ပါမှ မေမေ့ခြေချင်းဝတ်တွင် ခေါင်းပွခြေချင်းတုတ်ထုတ်ကြီးများ မဆင်ပေးနိုင်ခြင်းအပေါ် တခုတ်တရပြောတက်သည်။ ပြောတိုင်းမေမေကပြုံးနေမြဲသာ။

“ဒီသားချော့တေးကလေ လှိုင်ထိပ်ခေါင်တင်မင်းသမီးက သူ့သားတော်ကလေး ထန်းတပင်မင်းသား မြပုခတ်တင်မင်္ဂလာမှာ နားတော်သွင်းခဲ့တဲ့သားချော့တေးလေး သိပ်သာယာ သိပ်နားဝင်ချိုလွန်းတယ်၊ သားတို့မေမေက အရပ်သုံးသားချော့တေးထက် ပိုနူးညံ့တဲ့ ဒီသားချော့တေးနဲ့ သားတို့မောင်နှမကို သူထွေးပွေ့သွားခဲ့ပါတယ်ကွယ်”

“သားလေးရလာတော့ သမီးဖြင့် စိတ်ထဲ တွေးပူတက်လာပြီ၊ မေမေတို့ ဖေဖေတို့လဲဒိလိုဘဲနေမှာလို့ ကိုယ်ချင်းစာတက်လာသလိုဘဲ ဖေဖေရယ်၊ ငါ့သားကလေးကြီးလာလို့ အိမ်ထောင်ရက်သားကျတဲ့အရွယ်ရောက်ရင် လူကောင်းသူကောင်းနဲ့မှတွေ့ပါ့မလား အို... စုံနေတာပါဘဲဖေဖေရယ် တွေးရင်လည်း တစ်ဆုံးဆိုသလိုဖြစ်နေတာ”
“သားဦး(သဦး)အရူးကို သမီးရဲ့”
ဖေဖေနှင့်မမတို့ အပြန်အလှန်ပြောရင်း ရယ်နေကြသည်။ မောင့်မေမေဟာလည်း မောင့်ကို ချစ်ရှာမှာပါ။ မောင့်မျက်နှာကို ပတ်ဝန်းကျင်အလည် မော်နေစေချင်လို့ မောင်နဲ့ သဘောမတူနိုင်တာ ဖြစ်သင့်ပါရဲ့။

“မမ၊ နင့်သားကလေးများ မတော်တဲ့လူနဲ့ အိမ်ထောင်ရက်သားကျမယ်ဆို နင်ဘယ်လိုလုပ်မလဲ”
“ဪ ငါ့မောင်ရယ် ကိုယ့်သားသမီး ဒုက္ခရောက်မဲ့ ကိစ္စဘဲ မရရအောင် ခွဲမှာပေါ့”
“ဟုတ်သားဘဲ၊ ကိုယ့်သားသမီး ဒုက္ခရောက်မှာကို...”
“သားသမီးကို ဒုက္ခမရောက်စေချင်ရင် အဖက်ဖက်ကမျှတွေးပေးလိုက်ပါသမီးရယ်၊ ဒီကလေးက ဘယ်လိုလူကို နှစ်သက်လို့လဲ၊ ဒီကလေးဘဝဘယ်လောက်နစ်မွန်းမလဲ၊ ပတ်ဝန်းကျင်အမြင်မှာဘဲ၊ ပတ်ဝန်းကျင်ပါးစပ်မှာဘဲ ကိုယ့်သားသမီးဘဝကို လမ်းမဆုံးစေမှ သားသမီး ဒုက္ခမရောက်မှာ မဟုတ်ရင်တော့ သားသမီးဟာ ကိုယ့်ဖာသာ ဒုက္ခပေးသွားတက်ကြတယ်”

ဖေဖေ့အား အလန့်တကြားမော့ကြည့်မိသည်။ ဖေဖေကပြုံးပြပါ၏။ ကြောက်မိပါသည်၊ မွေးထားသော အဖေရှေ့ အခြားယောက်ျားအား သားဖြစ်သူမှသဘောကျနေမိခြင်းအား သိနေမှာ ကြောက်မိပါသည်။

------------------------------------------------------------
မောင်ကံ

အမှောင်ထုမှလွတ်ကင်းရန် ရုန်းကန်နိုင်ကြပါစေ။
အေးချမ်းစွာအသက်မွေးမြူနိုင်ပါစေ။


ပိုးမကူ ဝါချည်ဖြူတပင်ရစ်ကယ်နှင့် (Uni + Zaw) CompleteWhere stories live. Discover now