အမြင်အာရုံချို့ယွင်းခြင်း

2.7K 372 3
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး

အပိုင်း ၀၁၁ ။ အမြင်အာရုံချို့ယွင်းခြင်း

ဝမ်ရှီကျင်းရဲ့ အဆိုပြုချက်ကိုငြင်းပြီးနောက် ထောင်မုက အဝတ်လဲခန်းထဲ သူဝတ်ရမည့်ဝတ်စုံကို လဲလိုက်သည် ။ ထို့နောက် ဆံပင်စုတင်ဖို့ စတိုင်လစ်ကို စောင့်နေလိုက်သည်။ ထောင်မုက အမျိုးသားဇာတ်လိုက်၏ လူစားထိုးဖြစ်သည်မို့ သူ့မျက်နှာကိုပြမည်မဟုတ်။ အဖွဲ့ကသုံးသည့် အလှကုန်များ၏အရည်အသွေးမကောင်းသည်ကို ထပ်ထည့်ပေါင်းတော့ ထောင်မုက မကြာခဏ မိတ်ကပ်ပင်မတင်တတ်ပေ။ မနာလိုဖြစ်စရာအကောင်းဆုံးကတော့ မိတ်ကပ်မလိမ်း၊ နေလောင်ခံခရင်မ်၏ကာကွယ်မှုမရှိဘူးဆိုလျှင်တောင် သူက အသားပင်ညိုခြောက်မသွား နေအပူဆုံးအချိန်ဆို သူ့အသားက အများဆုံးနီရုံသာနီလာလိမ့်မည်။ သို့ပေမဲ့ နေလောင်ခဲ့လျှင်တောင် ထိုအရာက ဆွဲဆောင်မှုရှိသည့် ရှက်သွေးဖြာမှုမျိုးသာ ဖြစ်နေမှာဖြစ်သည်။ ချွေးရွှဲလျက် ရမ္မက်ကြွဖွယ်ပုံစံက သူ့ကိုပိုလို့သာ ဆွဲဆောင်မှုရှိစေလေသည်။
သူ့ကို ပြင်ဆင်ပေးရသည့် ယန်မိန် က ဘယ်နှကြိမ်မြောက်မှန်းမသိ ပြောလာခဲ့ပြန်သည် "မင်းအသားအရည်က ကောင်းလွန်းနေတာမဟုတ်ဘူးလား? မင်းဘယ်လိုမှ နေမလောင်မှတော့ ဒီနှစ်အတွက် နေလောင်ကာခရင်မ် ဘယ်လောက်တောင်သက်သာသွားမလဲ။ ငါထင်တာတော့ အဲ့ဒီနာမည်ကြီးအလှကုန်တွေအနေနဲ့ မင်းကိုကြော်ငြာခိုင်းသင့်တယ်ထင်တာပဲ....."
ထောင်မုက တိတ်ဆိတ်နေသည်။ ရုတ်တရက် ယန်မိန်က ရေးကြီးခွင်ကျယ်ဖြစ်ကာ ထအော်တော့သည် "အာ့ ထောင်မု ဘာလို့ မင်းလက်က သွေးထွက်နေတာလဲ?"
ထောင်မု သတိပြန်ဝင်လာပြီး လက်ဖဝါးတွေကို ဖြန့်လိုက်သည်။ သူ့လက်ဖဝါးတွေကြည့်ရတာ သူ့လက်သည်းတွေနှင့် ထိုးဖောက်ခံထားရသလိုပင်။ သွေးစက်အနည်းငယ်က လက်ချောင်းတွေကြားကနေ စီးကျနေပြီး ဝတ်ဆုံကို စွန်းမိတော့မည့်နီးပါးဖြစ်နေသည်။
ထောင်မုက စားပွဲပေါ်က တစ်ရှူးဘူးကနေ တစ်ရှူးထုတ်လိုက်ပြီး သူ့ လက်ဖဝါးကို သုတ်လိုက်သည်။ သူ့လှုပ်ရှားမှုတွေက အတော်လေးဂရုမစိုက်ဘဲ ကြမ်းတမ်းလှသည်။ ယန်မိန်မှာ မျက်မှောင်ကြုံ့မိတော့သည် "အဲ့တာ နာလားဟင်?"
"ဘာမှမဖြစ်ပါဘူး" ထောင်မုက ပြန်မော့လာပြီး ပြုံးပြလိုက်ကာ ပြောသည် "ကျွန်တော် အခုလေးတင် မုဟွားထင်ကို မြင်လိုက်တာလေ။ သူ့ကိုဆွဲထိုးချင်နေတဲ့ စိတ်ကို ထိန်းရင်း မတော်တဆကိုယ့်ကိုယ်ကိုယ် ထိခိုက်မိသွားတာ"
ပြောနေရင်းနှင့် ထောင်မုသည် ရည်ရွယ်ချက်ရှိရှိပင် သူ့အသံကိုနိမ့်လိုက်သည်။ ယန်မိန်နား တိုးကပ်သွားရင်း မြူးရွှင်စွာ မျက်တောင်ခတ်လိုက်သည် "ဒါက ကျွန်တော်တို့ နှစ်ယောက်ကြားက လျှို့ဝှက်ချက်နော်။ ဘယ်သူ့ကိုမှမပြောနဲ့"
ထိုအပြုံးတွင် ယန်မိန် မျက်နှာက ရဲသွေးဖြာသွားသည်။ နောက် သူက မှင်သက်စွာနှင့်ခေါင်းညိတ်လိုက်သည်။ မနေ့က မုဟွားထင်သည် ရင်းနှီးမြှုပ်နှံသူနှင့် တစ်ဖွဲ့လုံးရှေ့ မဟုတ်မမှန်အလိမ်အညာတွေလုပ်ကြံပြောခဲ့ပြီး ထိုအရာက ထောင်မုကို သူမခံစားသင့်သည့်အရာကို ခံစားစေခဲ့ရသည်။ အကုန်လုံးက နောက်ကွယ်မှာ ထိုအကြောင်းကိုပြောကြသည်။ ယန်မိန်က သူ့အနေနှင့် ထောင်မု၏ စိတ်အခြေအနေကို နားလည်နိုင်သည်ဟုခံစားရသည်။ သူသာဆိုလည်း မုဟွားထင်ကို ဆွဲထိုးချင်မိမှာပဲ။
"မပူပါနဲ့။ ငါတကယ် ဘာမှပြန်မပြောပါဘူး" ခဏလောက်စဉ်းစားပြီး ယန်မိန်က နှစ်သိမ့်လိုက်သည်။ "ထောင်မု၊ ငါကတော့ မင်းနာမည်ကြီးလာမယ်လို့ထင်တယ်။ အရမ်းနာမည်ကြီးလာမှာ။ အဲ့အခါကျ မင်းအနေနဲ့ မုဟွားထင်လိုလူမျိုးကို အရေးလုပ်စရာမလိုတော့ဘူးပေါ့"
ထောင်မုက တည်ကြည်လေးနက်သည့်အမူအရာရှိနေသည့် အမျိုးသမီးငယ်လေးကို ကြည့်ကာ ပြုံးပြလိုက်သည်။
အဝတ်လဲခန်းထဲက ထွက်ပြီး ရိုက်ကွင်းကို ထောင်မု ပြန်ရောက်သည့်အချိန် ရှန်းမိသားစုကလူများ ပြန်သွားခဲ့နှင့်နေပြီ။
ဒါရိုက်တာချန်ဘေးက ပစ္စည်းသေတ္တာပေါ်ထိုင်နေသည့် ရှန်းယွီက မော်နီတာကို ကျယ်ပြန့်သည့်အပြုံးပွင့်များနှင့်ကြည့်ရင်း ခေါင်းကိုစောင်းလိုက်သည်။ ထောင်မုကိုမြင်လိုက်ပြီးနောက် သူ့မျက်ဝန်းတွေ တောက်ပသွားသည်။ မျက်ဝန်းထဲ အံ့အားသင့်သည့်အရိပ်အယောင်နှင့် ထောင်မုကို လက်ယမ်းပြလိုက်သည် "ဝိုး... ထောင်ထောင်၊ မင်းအရမ်းချောတာပဲ! လုံး၀နောက်ထပ်တစ်ဆင့်ရောက်နေတဲ့ ချောမောမှုမျိုး! "
ရိုက်ကွင်းရှိဝန်ထမ်းများကလည်း ထောင်မုကို ကြည့်လိုက်ကြသည်။ ရှန်းယွီ၏စကားကိုကြားလိုက်သည့်အခါတွင် အတင်းကာရော လိုက်ခေါင်းညိတ်ကြသည်။
စကားကတော့ မမှားပေ။ လွန်ခဲ့သည့်အပတ်ကစ ရိုက်ကူးရေးလုပ်ငန်းစဉ်၊ ရှေးခေတ်ဝတ်စုံပုံစံနှင့် ရင်းနှီးလာတာကြောင့်ဖြစ်မည်။ အခြားသူတွေအား ထောင်မု ပေးစွမ်းသည့် ခံစားမှုက တစ်ရက်ပြီးတစ်ရက် ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် ကင်မရာရှေ့၌ ကိုယ်နေဟန်ထားက ပိုမို ရှင်းလင်းတိကျလာပြီး လှုပ်ရှားမှုများက ပိုမို ချောမွေ့လာကာ အသွင်အပြင်မှာလည်း ယုံကြည်ချက်ရှိပြီး ကြော့ရှင်းလှသည်။ သည်ပြောင်းလဲမှုများက ထောင်မု သရုပ်ဆောင်သည့် ဇာတ်ရုပ်ကို ကင်မရာကဖမ်းယူရိုက်ကူးသောအခါ ပို၍အလွှာအထပ်ရှိသလို ပုံပေါ်စေသည်။ အကြိမ်ရေများများမှာ ကင်မရာက ထောင်မု၏မျက်နှာကို မတော်တဆ ရိုက်ကူးမိသည့်အခါ ပြည့်စုံသည့်ထိုသဘာ၀ အရှိန်ရောင်ဝါက ဒါရိုက်တာချန်ကိုတောင် မှင်သက်စေခဲ့သည်။ ကင်မရာရှေ့က သရုပ်ဆောင်က သရုပ်ဆောင်ပဲမဟုတ်ဘဲ အဓိကဇာတ်ကောင်တစ်ခုဟု သူတကယ်တွေးမိသည်။ ထောင်မုက လူစားထိုးတစ်ယောက်တင်ဖြစ်သည်ဆိုတာကို သူလုံး၀မေ့ပျောက်သွားသည်။
ပြီးတော့ ရိုးရိုးသားသားပြောရလျှင် ထောင်မုရဲ့သရုပ်ဆောင်ဖော်ပြခြင်းက အလားတူသရုပ်ဆောင်ခြင်းမှာလုံးဝအတွေ့အကြုံမရှိသည့် ရှန်းယွီထက် အတော်လေးပိုကောင်းသည်။ မြင်ရသည့် ပုံပန်းသွင်ပြင်မှာပဲဖြစ်ဖြစ် သရုပ်ဆောင်စွမ်းရည်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဒိုင်ယာလော့တွေပြောတာပဲဖြစ်ဖြစ် ထောင်မုက ပိုမြင့်သည့် အဆင့်တစ်ခုတွင် ရှိနေသည်။
ထိုအရာတွေအကုန်လုံးက ဒါရိုက်တာချန်ကို တိတ်တိတ်လေး သက်ပြင်းချမိစေသည်။ ထောင်မုက ဒီထမင်းတစ်ပန်းကန်စားဖို့ မွေးဖွားလာတာပဲ။*
(ဤအတတ်ပညာအတွက် မွေးဖွားလာခြင်းကို ဆိုလို)
နှစ်စဉ် ဖျော်ဖြေရေးလုပ်ငန်းထဲ ဝင်လာကြသည့် လူသစ်များမှာ မြစ်ကိုဖြတ်ကူးနေကြသည့် ငါးကြင်းများလို အမြောက်အများပင်။သို့ပေမဲ့ အမှန်တကယ်ဖြစ်မြောက်အောင်လုပ်နိုင်သည့် ကံကောင်းသူကလေး်များကတော့ အများကြီးမရှိလှ။ အလွန့်အလွန်ချောမောကြည့်ကောင်းသည့် သွင်ပြင်၊ အံ့အားသင့်စရာကောင်းသည့် ကိုယ်ခံပညာ၊ အပြစ်အနာအဆာပင်မရှိသည့် ဇာတ်ညွှန်းပြောဆိုခြင်းနှင့် ထောင်မုကဲ့သို့ လူသစ်ကတော့ အတော်ရှားပါးသည်။
ပြီးတော့ ထောင်မုက ပေကျင်းရုပ်ရှင်အကယ်ဒမီကို ဝင်ခွင့်ရထားသည်ကိုလည်း မမေ့နှင့်။ ပညာရှင်အဆင့်လေ့ကျင့်ရေးနှင့် အထောက်အထားလက်မှတ်ကိုလည်း ရရှိဦးမှာပင်။ ကံကောင်းဦးမယ်ဆို သူ့အနေနှင့် ပေကျင်းလူမှုအဝန်းအဝိုင်းထဲသို့လည်း ဝင်ရောက်နိုင်သေးသည်။ ထိုသို့စဉ်းစားမိတော့ ချန်ယိချမ်၏နှလုံးက အနည်းငယ်ခုန်သွားသည်။ သူ၏ စိတ်ကောင်းစေတနာကိုဖော်ပြလိုသည့် ရည်ရွယ်ချက်များက ပို၍သိသာထင်ရှားလာသည်။
"ရှောင်မု၊ မနေ့က ဇာတ်ဝင်ခန်းအတွက် အနီးကပ်ရိုက်ချက်တွေ ရိုက်ရအောင်။ နေ့ခင်းကျ မင်းနဲ့ တတိယအမျိုးသားသရုပ်ဆောင်နဲ့ တိုက်ခိုက်ခန်းတစ်ခုရှိမယ်။ ငါတို့ရိုက်ကူးရေးပြီးရင် မင်းပြန်ပြီးနားလို့ရပြီ"
နာမည်မရှိသည့် လူစားထိုးကနေ ရင်းနှီးသည့် ရှောင်မု ဖြစ်သွားသည်က ဒါရိုက်တာချန် ဘာကို သိရှိစေချင်သည်လည်းဆိုသည်ကို တစ်ဖွဲ့သားလုံး နားလည်လိုက်ကြသည်။ ထို့ကြောင့် ထောင်မု နှင့်ဆက်ဆံရာတွင် သူတို့လည်း အနည်းငယ်ပြောင်းလဲလာခဲ့သည်။
ထောင်မုကတော့ အမြဲတမ်းရှိခဲ့သလို သူ့ပုံစံအတိုင်းပင်။ ထိုကဲ့သို့ တည်ငြိမ်ပြီး ဣန္ဒြေရသည့်သွင်ပြင်က အဖွဲ့ဆီကနေ အမြင်ကြည်မှုပိုရရှိဖို့ လှုံ့ဆော်ပေးနေသည်။
ရှန်းယွီ က သူ့ခေါင်းကိုစောင်းကာ မေးလာသည် "ထောင်ထောင်၊ မင်းရဲ့အက်ရှင်ခန်းတွေက အရမ်းကောင်းတယ်။ ငါ့ကိုသင်ပေးပါလား? တကယ်တော့ ငါလည်း ကင်မရာရှေ့ လုံးဝမိုက်တဲ့ကိုယ်ခံပညာအကွက်တွေအစုံလုပ်ချင်တယ်" ကံမကောင်းစွာနှင့် ရှန်းမိသားစုက သူ့ကို ခွင့်ပြုမည်မဟုတ်ပေ။ ရှန်းယွီက ဂရုတစိုက်နှင့် အလိုလိုက်ခံရပြီး ကြီးပြင်းလာခဲ့တာဖြစ်သည်။ ပထမဆုံး သူဝိုင်ယာပေါ်တက်တုန်းက သူ့ ပေါင်တွေနှင့်ကျောနှစ်ခုလုံး ပွန်းပဲ့ဒဏ်ရာတွေရကုန်သည်။ ရိုက်ကွင်းကို ရှန်းမိသားစုလာလည်ပြီး ရှန်းယွီ ထိခိုက်ထားကာ ဖူးရောင်နေသည်ကိုတွေ့တော့ ချက်ချင်း ရှန်းယွီ၏ "ကိုယ့်ကိုယ့်ကိုယ်ထိခိုက်အောင်လုပ်ခြင်း" အပြုအမူကို တားမြစ်လိုက်ကြသည်။
သရုပ်ဆောင်ခြင်းအတွက် မဆုတ်မနစ်သည့် စိတ်ထားမျိုး မဖြစ်ပေါ်သေးသည့် ရှန်းယွီက မိသားစုကိုလည်း စိတ်မပူစေချင်သည့်အတွက် ချက်ချင်းမဆိုင်း ရှန်းမိသားစု၏ တောင်းဆိုမှုကို လိုက်လျောခဲ့သည်။ ထိုသို့ကတိပြုထားခဲ့တယ်ဆိုပေမဲ့လည်း လူငယ်တွေက လူငယ်တွေပဲဖြစ်သည်လေ။ ချောမောကြည့်ကောင်းပြီး ခပ်မိုက်မိုက်ဖြစ်ချင်ကြသည်။ ကင်မရာရှေ့က ထောင်မု၏ ဖျော်ဖြေမှုက ချန်ယိချမ်နှင့် အခြားကျွမ်းကျင်ကိုယ်ခံပညာသရုပ်ဆောင်တွေကိုတောင် သိမ်းသွင်းနိုင်မှတော့ ရှန်းယွီသည်လည်း ချွင်းချက်မဟုတ်ပေ။
အရင်ဘဝတွင်လည်း ထောင်မုက လှပသည့်အက်ရှင်အခန်းတွေ ဖျော်ဖြေပြီးသည့်နောက် ရှန်းယွီသည် ဝိုင်ယာနှင့်ကိုယ်ခံပညာပြုလုပ်ပြသဖို့ တောင့်တခဲ့သည်။ လော့ယန်၏ အခက်အခဲတွေနှင့် ထောင်မု ကြုံတွေ့ရပြီးနောက် သူပျော်ရွှင်အောင်ဆိုပြီး ရှန်းယွီက အင်တာဗျူးအတွင်း ထောင်မုက သူ့ရဲ့အက်ရှင်အခန်းတွေအတွက် လူစားထိုးဖြစ်ကြောင်း ဦးဆုံးဖော်ထုတ်ခဲ့သည်။ အင်တာဗျူးပြီးသည့်နောက် ရှန်းယွီက ဝိုင်ယာပေါ်ဆွဲထားရင်း ဘယ်လိုခပ်မိုက်မိုက်အကွက်တွေ လုပ်ရမလဲကို သင်ပေးဖို့ ထောင်မုအား သီးသန့် တောင်းဆိုခဲ့ဖူးသည်။
ထိုအချိန်တုန်းက ထောင်မုသည် ရှန်းယွီကို အရမ်းကျေးဇူးတင်နေခဲ့သည်ကြောင့် တိတ်တိတ်ကလေး ရှန်းယွီကို သင်ပေးခဲ့ပြီး နည်းပေမဲ့ အသုံးဝင်သည့် လှည့်ကွက်တချို့ကိုတောင် ပြခဲ့သေးသည်။ သို့ပေမဲ့ မမျှော်လင့်ထားစွာ သူတို့ရဲ့ သီးသန့်ရီဟာဇယ်အတွင်း မတော်တဆတစ်ခုဖြစ်ခဲ့ပြီး နှစ်ယောက်သား ဆေးရုံအတူရောက်ခဲ့ကြသည်။
ထောင်မုသည် ဤဘဝတွင်တော့ ရှန်းမိသားစုနှင့် မပတ်သက်ချင်တော့သည့်အတွက်ကြောင့် ရှန်းယွီ၏တောင်းဆိုချက်ကို ငြင်းလိုက်သည် "ငါမသင်ပေးနိုင်ဘူး။ ဒါက သေချာသလောက် မွေးရာပါအရည်အချင်းမျိုးမို့လို့လေ"
ရှန်းယွီ : “……”
ဆက်တင်ချိန်ပြီး မီးထိုးသည့်ကိရိယာအစုံလည်း အဆင်သင့်ဖြစ်နေပြီမို့ ထောင်မု နေရာကထလိုက်ကာ ရိုက်ကွင်းထဲဝင်လိုက်သည်။ သူ့ရဲ့ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးဖို့ အသင့်ဖြစ်နေသည် ။
ဖျော်ဖြေရေးရပ်ဝန်းပြင်ပက ပရိသတ်နှင့် ဖရဲသီးစားသူများ၏ စိတ်ကူးယဉ်များမှအပ တကယ်တမ်းတွင် ရိုက်ကူးရေးဆိုသည်မှာ အတော့်ကိုပျင်းစရာကောင်းသည့်အရာတစ်ခုဖြစ်သည်။ တစ်နေ့မှာ သရုပ်ဆောင်တွေအများဆုံးလုပ်ရသည်က စောင့်ဆိုင်းခြင်းပင်။ မိတ်ကပ်အတွက် စောင့် ။ စက်အဖွဲ့ ရိုက်ကွင်းဆင်တာပြီးအောင် စောင့်၊ ကင်မရာအဖွဲ့ နှင့် မီးအလင်းအဖွဲ့ နေရာချသည်ကို စောင့်ရသည်။ ဒါရိုက်တာမှ အက်ရှင်အော်လို့ သရုပ်ဆောင်တွေနေရာယူပြီး အကယ်၍များ အရာအားလုံးချောချောမွေ့မွေ့ရှိမည်ဆို ဆယ်မိနစ်အတွင်းပြီးမည်ဖြစ်သည်။ ထို့နောက် နောက်ဇာတ်ဝင်ခန်းအတွက် မီးအလင်းချိန်ညှိခြင်းနေရာကျဖို့ ထပ်စောင့်ရမည်။ အကယ်၍ အဆင်ပြေပြေမဖြစ်ဘူးဆိုလျှင် သူတို့ ငြီးငွေ့ဖွယ်ကောင်းလှသည့်စကားတွေကို ဆက်ပြောနေရမှာဖြစ်သည်။ တီဗီစီးရီးအတွင်းက တိုတောင်းသော ၂မိနစ် ၃မိနစ် အပိုင်းလေးက ရိုက်ကွင်းတွင် ရိုက်ကူးဖို့ နာရီပေါင်းမြောက်များစွာ သို့မဟုတ် လပင်ကြာသည်အထိ အချိန်ယူနိုင်သည်။
အချိန်အများစုက စောင့်ဆိုင်းရခြင်းနှင့် ကုန်ရသည်ကြောင့် အနည်းငယ်နာမည်ရှိသည့် အနုပညာရှင်များက အဖွဲ့ထဲ RV မောင်းပြီး လာတတ်ကြသည်။ အထူးသဖြင့် စမတ်ဖုန်းများပေါ်ပေါက်လာပြီးနောက် အနုပညာရှင်တွေက RV ထဲ ဖုန်းသုံးရင်း သူတို့၏ ဇာတ်ဝင်ခန်းများကို စောင့်နေကြလိမ့်မည်။ Weibo ကို အပေါ်အောက်ဆွဲကြည့်၊ Selfies ရိုက်ရင်း၊ ချစ်စရာကောင်းသည့် edit ကလေးနှင့် ပုံကိုးပုံပြုလုပ်လိမ့်မည်။ သို့ပေမဲ့ အခုအချိန်ရှိ ဖျော်ဖြေရေးလုပ်ငန်းအနေနှင့် စမတ်ဖုန်းထဲနစ်မြှုပ်ပြီး ဦးညွှတ်အသိအမှတ်ပြုခြင်းရဲ့ဘုရင်ဖြစ်ဖို့ ကြိုးပမ်းကြသည့် စတူဒီယိုလေထုအငွေ့အသက်မျိုးပုံစံ မဟုတ်သေးသည့် အချိန်မို့ ဇာတ်ဝင်ခန်းအတွက် စောင့်ဆိုင်းနေစဉ် ပုံမှန်မြင်ရသည်က သူတို့ရဲ့ ဇာတ်ညွှန်းကော်ပီကို ကိုင်ပြီး စာသားတွေကို ကိုယ်တိုင်ရွတ်နေကြသည့်ပုံစံ သို့မဟုတ် တစ်ယောက်နှင့်တစ်ယောက် စာသားတွေ အတွဲညီနေကြသည့် သရုပ်ဆောင်အုပ်စုသာ ဖြစ်လိမ့်မည်။ နောက်ခံလူအုပ်စုတွေကတော့ မထင်ရှားသည့် ထောင့်တွေမှာ နှစ်ယောက်တစ်စု သုံးယောက်တစ်စုနှင့် လှုပ်ရှားမှုတွေ အရှိန်လျှော့ချထားကာ ပုန်းနေလိမ့်မည်။
ထောင်မုက ရိုက်ကွင်းရှေ့ရပ်လိုက်သည်။ ဝိုင်ယာဆင်ပေးသည့် စက်ဆရာက ဝိုင်ယာဝတ်ဖို့ ကူညီပေးနေပြီး ကိုယ်ခံပညာနည်းပြကလည်း သူ့ဘေးနားမှာ လှုပ်ရှားမှုတွေအကြောင်းပြောပြနေသည်။ တတိယအမျိုးသားသရုပ်ဆောင် မုဟွားထင်က သံသယရှိနေပုံ ပေါ်နေသည်။ ဖြစ်နိုင်သည်က မနေ့နေ့ခင်းက သူ့ရဲ့အမှားတွေကို နှစ်ယောက်သားထိပ်တိုက်ရင်ဆိုင်သည့်အခန်း ရိုက်နေစဉ်အတွင်း ထောင်မုမှ လက်စားချေလာမည်ကို စိုးရိမ်နေလို့ဖြစ်မည်။ သူက ဒါရိုက်တာချန်ဆီသွားပြီး နေ့လည်ဇာတ်ဝင်ခန်းအတွက် လူစားထိုးသုံးဖို့ ဆွေးနွေးလေသည်။
ထောင်မုဘက် အားလုံးက တိုးကပ်ကာ မရပ်မနားတတွတ်တွတ်ပြောနေရင်းနှင့် သူက လူတိုင်းအလိုရှိကြသည့် သခင်ငယ်လေးတစ်ယောက်ဖြစ်လာသည်။ ထောင်မုက မျက်လုံးပိတ်ထားရင်း သူ့ကို အာရုံမစိုက်ချင်နေပေ။ ရှန်းယွီက ထောင်မု ဘေးနားရပ်ရင်း အလစ်ရိုက်ချက်တစ်ခုယူဖို့ ဖုန်းကိုမြှောက်လိုက်သည်။ ပိုင်ရှင်က ကင်မရာရှေ့ သူ့မျက်နှာတစ်ဝက်ကိုပြပြီး အဲ့ဒါက သူ့နောက်က ဝိုင်ယာပေါ်တွင်ရှိနေသည့် ထောင်မုကိုလည်း ဖော်ပြလာသည်။ ဤသည်နှင့်ပင် မကျေနပ်သေးဘဲ သူက Weibo ပေါ် တိတ်တိတ်ကလေးတင်လိုက်သေးသည်။ ဤကဲ့သို့ မက်ဆေ့ချ်နှင့်ပင်.."ငါ့ရဲ့ လူစားထိုးဖြစ်တဲ့ အစ်ကိုသေးသေးလေး။ သူက ကြည့်ကောင်းတယ်မလား?"
၂၀၀၈ ခုနှစ်တွင် Weibo က အသစ်အဆန်းတစ်ခုဖြစ်နေသေးသည်။ ငယ်ရွယ်ပြီး ဖက်ရှင်ကျကြသည့် အနုပညာရှင်အသစ်ကလေးတွေက ပရိသတ်တွေနှင့် ထိတွေ့ဖို့ Weibo မှာ အကောင့်ဖွင့်ကြလိမ့်မည်။ အနည်းငယ်ပိုဝါကြီးသည့် အနုပညာရှင်များကတော့ ယခုထိ ရိုးရာအတိုင်း လျှို့ဝှက်ဆန်းကြယ်သည့်လမ်းစဉ်ကို ကျင့်သားရနေကြဆဲပင်။ ပြီးတော့ သူတို့က လက်လှမ်းမမီနိုင်သည့် ဆွဲဆောင်မှုမျိုနှင့် အဝေးကနေဆို ပို၍တပ်မက်ဖွယ်ဖြစ်သည့် အလှတရားမျိုးမှာ ကောင်းကောင်းကျွမ်းကျင်ပိုင်နိုင်ကြသည် ။
အလွန်ကြည့်ကောင်းသည့် ချမ်းသာသော သခင်လေးတစ်ယောက်အနေနှင့် ကောင်းမွန်သည့်အကျင့်စရိုက်ရှိပြီး ဖျော်ဖြေရေးရပ်ဝန်းထဲ အပျော်အနေနှင့် ဝင်လာသူ ရှန်းယွီက Weibo ပေါ် follower ၁၀၀,၀၀၀ နီးပါး စုဆောင်းမိနေပြီဖြစ်သည် ။ အရေးအကြီးဆုံးအချက်မှာ ဤ ပရိသတ် ၁၀၀,၀၀၀ လုံးက "အသက်ရှင်နေသည့်လူများ"ဖြစ်ကြပြီး နိုးကြားတက်ကြွကြကာ ရင်းရင်းနှီးနှီးပေါင်းသင်းဖို့ စိတ်ဝင်စားကြသူများဖြစ်သည်။ ရှန်းယွီ ပုံတင်လိုက်ပြီးနောက် like နှင့် မှတ်ချက်မျိုးစုံဝင်လာလေတော့သည်။ တချို့က ထောင်မုထက် ရှန်းယွီက ပိုချောကြောင်း၊ တချို့ကျ ထောင်မုက အမှန်တကယ်ချောမောကြောင်း သဘောတူပြီး ထောင်မု၏ ကိုယ်ရေးအချက်အလက်နှင့် Weibo အကောင့်ကို တောင်းကြလေသည်။ ဒေတာအချက်အလက်ကိုသာမကြည့်လျှင် လှုပ်ရှားမှုအဆင့်က နောင်နှစ်များအတွင်း ပရိသတ်နှင့် follower သန်းနှင့်ချီရှိသည့် အနုပညာရှင်များထက် မလျော့ကျပေ။
ထောင်မုက ကင်မရာရှေ့လာဖို့ အခေါ်ခံရချိန်တွင် ရှန်းယွီသည် သူ့ကိုယ်သူ ဆိုရှယ်မီဒီယာမှာ မွေ့လျော်နစ်မြုပ်နေစေသည်။
"တိမ်စိုင်ခရမ်းပြာ" အဖွဲ့က ထောင်မု၏ ဇာတ်ဝင်ခန်းတွေရိုက်ကူးဖို့ အတော်လေးလိုလားကြသည်။ အထူးသဖြင့် ပြီးခဲ့သည့်အပတ်ထဲမှာပေါ့။ ထိုလူငယ်လေးက လက်ထဲ လှည့်ကွက်အပြားကလေးရှိနေသလိုပင်။ ဘယ် NGကမှ သူ့ကိုယ်ပိုင်အကြောင်းပြချက်ကြောင့်မဟုတ်ပေ။ ဒါက ဒရာမာတစ်ခုလုံးရဲ့ ရှုတင်အခြေအနေတိုးတက်မှုကို တိုက်ရိုက်ချောမွေ့လျင်မြန်စေလေသည်။ မူလအစီအစဉ်မှာ အက်ရှင်ခန်းများကို ၂လခွဲရိုက်ကူးမည်ဖြစ်သော်လည်း လက်ရှိတိုးတက်မှုအခြေအနေအရ ခန့်မှန်းချက်အနေနှင့် ရိုက်ကူးရေးမှာ ၂လမတိုင်ခင်ပင် ပြီးလောက်နိုင်သည်။
နေ့လည်စားနားချိန်တွင် ယဲ့ယောင်၏ အေးဂျင့်နှင့် မုဟွားထင်၏ အေးဂျင့်တို့က သူ့ကိုရှာတွေ့ပြန်သည်။ ထောင်မုကို သိမ်းသွင်းစည်းရုံးဖို့ မုဟွားထင်၏ အေးဂျင့်က သူ့အား ရှကျီးရှင်းနှင့် စာချုပ်မချုပ်ရသေးသည်တောင် လူရွေးပွဲအခွင့်အရေးတစ်ခုကမ်းလှမ်းပေးလာလေသည်..လူရွေးပွဲက မော်ဒန်ခေတ် ကျောင်းအိုင်ဒေါဒရာမာအတွက်ဖြစ်ပြီး H စတူဒီယိုမြို့တော်မှာ ရိုက်ကူးရေးစတင်တော့မှာဖြစ်သည်။ ထောင်မုက ထိုဒရာမာထဲ စတုတ္ထအမျိုးသားသရုပ်ဆောင်အနေနှင့် ပါဝင်နိုင်သည်။
"ငါမင်းကို ဒုတိယဇာတ်လိုက်နေရာရအောင် ကူညီပေးချင်ပါတယ်။ ကံမကောင်းစွာနဲ့ မင်းက ကုမ္ပဏီရဲ့ အနုပညာရှင်မဟုတ်နေဘူးလေ။ ဒီတော့ ငါဘာမှမတတ်နိုင်ဘူး" မုဟွားထင်၏ အေးဂျင့်က ထောင်မုကို မဲဆွယ်စည်းရုံးဖို့မမေ့ ။ "ဒါပေမဲ့ နောက်မင်းသာ ကုမ္ပဏီကို ဝင်ချင်ရင် ဒုတိယအမျိုးသားနေရာမပြောနဲ့။ အမျိုးသားဇာတ်လိုက်နေရာဆိုရင်တောင် မင်းအဲ့ဒါအတွက် ကြိုးစားတဲ့နေရာ ငါကူညီပေးနိုင်တယ်"
ထောင်မုက တစ်ခါ အလေးပေးပြောပြန်သည် "အစ်ကိုကျောက်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ပြောခဲ့ပြီးသလို ကျွန်တော် ပေကျင်းရုပ်ရှင်အကယ်ဒမီကို ဝင်ခွင့်ရထားတယ်။ ဂျူနီယာစာသင်နှစ်မတိုင်ခင်ထိ ကျောင်းက ရိုက်ကူးရေးခွင့်မပြုဘူးလို့ သတ်မှတ်ထားတယ်" အခုက ဇူလိုင်လလယ်ရောက်နေပြီမို့ ဩဂုတ်လ ၂၆ရက်နေ့မှာ သူကျောင်းကို သတင်းပို့ရလိမ့်မည်။ တကယ်လို့ ကျောက်ခယ်ပင်း မိတ်ဆက်ပေးသည့် ဇာတ်ကောင်ကို ထောင်မု လက်ခံလိုက်မည်ဆိုလျှင် အချိန်ဇယားကြောင့် သူအချိန်မီသတင်းမပို့နိုင်လောက်ပေ။ ဤအရာက ထောင်မု၏ အနာဂတ်အစီအစဉ်တွေနှင့် မကိုက်ညီလှ။
"အဲ့လောက်လည်း မတင်းကြပ်ပါဘူး" ကျောက်ခယ်ပင်းက ပြောသည်။ "ငါတို့ကုမ္ပဏီက ပေကျင်းရုပ်ရှင်က ကျောင်းသားတစ်ယောက်နဲ့လည်း လက်မှတ်ထိုးထားတယ်။ မင်းကုမ္ပဏီဝင်ဖို့ စိတ်ဝင်စားရင် ငါတို့ ရှုတင်အချိန်စာရင်းကို ကျောင်းနဲ့ ဆွေးနွေးလို့ရပါတယ်"
ထောင်မု: "ကျွန်တော်ကတော့ ကျောင်းစည်းမျဉ်းတွေက အတော်လေးကောင်းတယ်လို့ထင်တယ်။ လူသစ်တွေ ပြီးတော့ ဒုတိယနှစ်တွေအနေနဲ့ သူတို့ရဲ့ အခြေခံအုတ်မြစ်ချဖို့ ကျောင်းစာမှာပဲ အာရုံစိုက်နိုင်တာပေါ့။ ကျွန်တော်တော့ ကျောင်းစည်းမျဉ်းတွေ မချိုးဖောက်ချင်ဘူး"
ဒါက နည်းနည်းတုံးအလွန်းတာပင်။
ကျောက်ခယ်ပင်း၏အပြုံးက နစ်မြုပ်သွားသည်။ ထောင်မုက သူ့ကိုကမ်းလာသည့် အခွင့်အရေးတွေကို လျစ်လျူရှူလွန်းသည်ဟု သူခံစားရသည် "လူငယ်တွေက ရိုးရိုးရှင်းရှင်းပဲတွေးကြတယ်။ မင်းအနေနဲ့ အခွင့်အရေးတွေအများကြီးက အမြဲတမ်းမရှိနေဘူးဆိုတာ သိထားရမယ်။ ဆိုရိုးအတိုင်း မင်းအနေနဲ့ စောစောနာမည်ကြီးလာရမယ်။ ဒါက ဖျော်ဖြေရေးလုပ်ငန်းထဲမှာလည်း မှန်တယ်။ စဉ်းစားကြည့်၊ မင်း ကျောင်းစည်းကမ်းတကယ်လိုက်နာမယ်ဆို နောက်ဆုံး သရုပ်ဆောင်အလုပ်တွေလက်ခံနိုင်ပြီဆိုတဲ့အချိန်ကျ မင်းက မင်းရဲ့ ၂၀အပိုင်းအခြားထဲရောက်နေပြီလေ။ မင်းအောင်မြင်လာလိမ့်မယ်လို့ ဘာ်လိုအာမခံနိုင်မှာလဲ?"
ထောင်မု တိတ်ဆိတ်နေမြဲဖြစ်သော်လည်း ပြုံးနေခဲ့သည်။
ကျောက်ခယ်ပင်းမှာ ဒေါသအပြည့်ဖြစ်လာရသော်လည်း ထောင်မုရဲ့ မျက်နှာကိုကြည့်ရင်း သူတကယ် ဤသို့အလားအလာရှိသည့် ကြယ်ပွင့်တစ်ပွင့်ကို လက်မလွှတ်နိုင်ပေ။ ဒါကြောင့် သူ့အနေနှင့် တပ်ခေါက်ဖို့သာလုပ်နိုင်လေသည် "မင်းဒါကို ထပ်တောင်းဆိုဖို့ကတော့ မဖြစ်နိုင်ဘူး။ ကုမ္ပဏီက ကျောင်းနဲ့ ညှိနှိုင်းပြီး အကြောင်းကြားစာတွေလည်း စီမံပေးနိုင်ပြီးတော့ ဆောင်းရာသီနဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ ဇာတ်ညွှန်းတွေလည်း စီစဉ်ပေးနိုင်တယ်။ နှစ်ဖက်လုံးအတွက် အကောင်းဆုံးပေါ့"
ကျောက်ခယ်ပင်းက ထောင်မုကို အမှန်တကယ် အကောင်းမြင်နေပြီး သူ့ရဲ့ စစ်မှန်မှုက အတော်လေးသိသာနေသည်။ ထောင်မုအနေနှင့် စီမံခန့်ခွဲမှုကုမ္ပဏီတွေထဲ မဝင်ဖို့ စိတ်ဆုံးဖြတ်ပြီးသားဖြစ်နေတာတောင် ထိုအခိုက်အတန့်မှာ ကျောက်ခယ်ပင်း ၏ ကြင်နာမှုကို ငြင်းဖို့ အနည်းငယ်အပြစ်ရှိသလို ခံစားခဲ့ရသေးသည်။ သူ အလိမ္မာသုံးကာသာ ပြောနိုင်လေသည် ""ဒါဆို ကျွန်တော် ထပ်စဉ်းစားကြည့်လိုက်ပါ့မယ်" ဂရုတစိုက်ရှိလှသည့် ထောက်ထားတွေးပေးမှုနောက် ငြင်းပယ်မှုသာပြန်လာသည်ဆို ကျောက်ခယ်ပင်း အနေနှင့် ထပ်တိုက်တွန်းတော့မှာမဟုတ်ဘူးဟု သူပုံဖော်မိသည်။
ထောင်မု၏ အခြေခံငြင်းပယ်မှုကို ကြားရတော့ ကျောက်ခယ်ပင်းက မျက်မှောင်ကြုံ့သွားသည်။ ဘာလို့ ထောင်မု ဒီလောက်ထိ တင်းခံနေမှန်း သူနားမလည်နိုင် "အဲ့ဒါက မုဟွားထင် ကြောင့်မို့လို့လား?"
သတိလက်လွတ်ဖြစ်နေသည့် မုဟွားထင်သည် ရုတ်တရက် ခေါ်ထုတ်ခံလိုက်ရချိန်တွင် သူ့ရင်ဘတ်ကို ဖိညစ်ခံလိုက်သလိုခံစားရပြီး အမူအရာကင်းမဲ့စွာနှင့် ထောင်မုကို ကြည့်လိုက်သည်
ထောင်မုက မုဟွားထင်၏ နည်းစနစ်တွေကို စိတ်ကုန်နေလင့်ကစား သူ့ကိုတော့ အပြစ်မဖို့ပေ။ သူခေါင်းကို ယမ်းလိုက်သည် "သူ့ကြောင့် မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ကုမ္ပဏီတစ်ခုကို လက်မှတ်ထိုးဖို့ အဆင်သင့်မဖြစ်သေးလို့ပါ"
တခဏတန့်သွားပြီးနောက် ထောင်မုက ရှင်းပြလာသည် "ကျွန်တော် တကယ် အိုင်ဒေါတစ်ယောက် မဖြစ်ချင်ဘူး" ကျွန်တော့်ကိုယ်ပိုင် သူဌေးတစ်ယောက်ပဲဖြစ်ချင်တာ
ဆိုလိုတာက သူက သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တာလား? ရုတ်တရက် ကျောက်ခယ်ပင်း  သဘောပေါက်သွားသည်။ မြင့်မားသည့်ရည်မှန်းချက်တွေနှင့် များပြားလှသော လူသစ်တွေကို သူမြင်ခဲ့ဖူးပါသည်။ ထောင်မုက ပထမဆုံးလည်းမဟုတ်။ နောက်ဆုံးလည်းမဟုတ်သူပေါ့။
"ရှကျီးရှင်းအင်တာတိန်းမန့်က ရိကောနဲ့ ရိကျဲ* နှစ်ယောက်လုံးက ဆုရထားတဲ့ မင်းသား မင်းသမီးတွေ။ ငါမင်းကိုပြောပြမယ်။ မင်း သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တောင် မင်း သရုပ်ဆောင်တာသက်သက်ပဲလုပ်လို့မရဘူး။ အကောင်းဆုံးမင်းသားဆုအတွက်လိုမျိုး ယှဉ်ပြိုင်မယ်ဆို မင်းအနေနဲ့ လူထုဆက်ဆံရေးတွေလုပ်ဖို့ ကုမ္ပဏီရဲ့ အကူအညီလိုလာမှာ။ မင်းမှာ ရည်မှန်းချက်ရှိတာ ကောင်းတဲ့အရာပါ။ ဒါပေမဲ့ မင်းတစ်ယောက်တည်းလုပ်လို့မရဘူး။ ဒီလိုစဉ်းစားကြည့်၊ မင်းကုမ္ပဏီနဲ့လက်မှတ်ထိုးပြီးရင် ကုမ္ပဏီက ဇာတ်ညွှန်းကူစိစစ်ရွေးပေးပြီး အချိန်ဇယားလည်း စီစဉ်ပေးမယ်။ မင်းကတော့ ဇာတ်ညွှန်းကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး ဇာတ်ကောင်ကိုကောင်းကောင်းသရုပ်ဆောင်နိုင်အောင် ကြိုးကြိုးစားစားအလုပ်လုပ်ရုံပဲ။ ကျန်တာ ငါဂရုစိုက်လိုက်မယ်။ ဒီနည်းလမ်းက ပိုမကောင်းဘူးလား?"
(*နံပါတ် ၁ အစ်ကို နှင့် နံပါတ် ၁ အစ်မ ဟု ဆိုလို ။ အေဂျင်စီတစ်ခုက အနုပညာရှင်တွေအထဲမှ ခေါင်းဆောင်များကို ရည်ညွှန်း။ ထိုသူများက အရင်းအမြစ်အများဆုံးရရှိပြီး စီနီယာအကျဆုံးအဆင့်ကို ရရှိသည်)
ကျောက်ခယ်ပင်းက ကျွမ်းကျင်စွာ အကွက်ကြီးကြီးဖော်လိုက်သည်။ တကယ်လို့ ထောင်မုက အမှန်တကယ်ကို အပျံသင်စလူသစ်ကလေးဆိုလျှင် သူနှင့်ဖက်ပြိုင်ပြီး. ကြန့်ကြာနေစေမည်မဟုတ်။
ခြေတစ်လှမ်းနောက်ကျသွားသည့် ဝမ်မေ့ဟုန်က စိုးရိမ်လာကာ အခြေအနေကို ဝင်နှောင့်ယှက်ဖို့ အလျင်လိုလိုက်သည်။ "ရှကျီးရှင်းအင်တာတိန်းမန့်မှာ ရုပ်ရှင်ဘုရင်နဲ့ ဘုရင်မ ရှိတာမှန်ပေမဲ့။ ပြတ်ပြတ်သားသားပြောရရင် အဲ့ဒါက သူတို့ ရိကောနဲ့ ရိကျဲက အခုအချိန်မှာ အရမ်းလူကြိုက်များနေလို့လေ။ ကုမ္ပဏီရဲ့ အကောင်းဆုံးအရင်းအမြစ်တွေက သူတို့ကို အရင်ပေးရမှာ။ အဲ့ဒါပြီးတော့ ကျန်တဲ့ဟာတွေပဲ ကောက်ပြီး မင်းကိုပေးမှာ။ ဒါပေမဲ့ အဲ့ဒါက ကျန်တဲ့အရင်းအမြစ်တွေ မင်းရနိုင်တယ်လို့မဆိုလိုဘူးနော်။ ပြောရရင် ရှကျီးရှင်းနဲ့ လက်မှတ်ထိုးထားတဲ့ Aအဆင့် နဲ့ Bအဆင့် အမျိုးသားကြယ်ပွင့်တွေက အများကြီး။ အဲ့လူတွေရဲ့ အေးဂျင့်တွေကလည်း သူတို့အနုပညာရှင် အရင်းအမြစ်အတွက် တိုက်ခိုက်ရာမှာ ကူညီရဦးမှာပဲ။ မင်းက နောက်ခံရော ပရိသတ်အင်အားရော မရှိသေးတဲ့ လူသစ်ကလေး။ ဒီလိုကုမ္ပဏီမျိုးမှာ နစ်မြုပ်ခံရဖို့လွယ်တယ်။ ဒီတော့ ချင်မင်းဆက် အင်တာတိန်းမန့်နဲ့လက်တွဲတာက ပိုကောင်းတယ်။ အနည်းဆုံးတော့ ချင်မင်းဆက် အင်တာတိန်းမန့် မှာက ရိကျဲပဲ ရှိတာ။ ရိကောမဟုတ်ဘူး။ မင်းသာ ချင်မင်းဆက်နဲ့ လက်တွဲဖို့ ဆန္ဒရှိတယ်ဆို မင်းအခြေအနေနဲ့ ကိုယ်သေချာပေါက် မင်းကို ရိကောလုပ်ပေးဖို့ ကုမ္ပဏီကို ဖျောင်းဖျနိုင်တယ်"
ကျောက်ခယ်ပင်းက ဒါကိုကြားချိန် နှာမှုတ်လိုက်သည် "မင်းတို့ ချင်မင်းဆက်အင်တာတိန်းမန့်က ထုတ်တဲ့ တီဗီဒရာမာတွေအကုန်လုံးက အဓိကအမျိုးသမီးဇာတ်လိုက်ဗဟိုပြုဒရာမာတွေချည်းပဲဆိုတာ ဘယ်သူက မသိလို့လဲ။ ချင်မင်းဆက် အင်တာတိန်းမန့်ကနေ ဘာလို့ ဝမ်မြောင်ထွက်သွားတာလဲ? အဲ့ဒါက သူ့လမ်းကြောင်းအတွက် အခွင့်အရေးနည်းလို့မဟုတ်ဘူးလား? အခု မင်းက ထောင်မုကို ရေအောက်ထဲဆွဲနှစ်ချင်သေးတယ်။ မင်းမှာ လူသစ်တွေရဲ့အနာဂတ်အတွက် စဉ်းစားပေးတာလေးတောင် မရှိဘူး"
ခေါင်းကိုက်နေရင်းနှင့် ထောင်မုသည် လက်ရှိတွင် ရက်စက်ကြမ်းတမ်းစွာ တိုက်ပွဲဝင်နေသည့် အေးဂျင့်နှစ်ယောက်ကို ကြည့်လိုက်ပြီး အိမ်သာသွားချင်သည်ဟုဟန်ဆောင်ကာ လစ်ထွက်လာခဲ့လိုက်သည်။
"ထောင်မု နေပါဦး။ ငါပြောစရာရှိလို့"
ထောင်မု တန့်သွားပြီး အိမ်သာထဲထိလိုက်လာသည့် ယဲ့ယောင်ကို ကြည့်လိုက်သည်။ မျက်ခုံးပင့်လိုက်ကာ တစ်ယောက်ကို မြန်မြန်ပြောဖို့ အမူအရာပြလိုက်သည်။
ယဲ့ယောင်က ရှက်သွေးဖြာနေသည် "မင်း.. မင်း ငါ့ကိုသဘောကျလား?"
ထောင်မု : “……???”
ယဲ့ယောင်က ရှက်ရွံ့နေပြီး တစ်ဖက်ကလည်း ပျော်ရွှင်ကြည်နူးနေသည်။ "ငါအခုလေးတင် သိလိုက်တာ။ မနေ့တုန်းက တို့အတွက် လော့ယန် ကို ရင်ဆိုင်ပေးဖို့ ဆန္ဒရှိခဲ့တယ်လေ။ မင်း ငါ့ကို ကြိုက်နေတာဖြစ်ရမယ် ။ မင်းကတော့ နှုတ်ကနေ မပြောပေမဲ့ပေါ့...."
"ရပ်! ရပ်!" ထောင်မုက အလောတကြီး တစ်ယောက်ရဲ့စကားလုံးတွေကို နှောင့်ယှက်လိုက်သည် "ကျွန်တော်ပြောမယ်။ ခင်ဗျား ကျွန်တော့်ကို တစ်ခါလောက် ကောင်းစေချင်တဲ့ဆန္ဒမရှိဘူးလား?"
ယဲ့ယောင်မှာ လက်မခံနိုင် "မင်းဘယ်လိုများပြောနိုင်ရတာလဲ။ ငါ့ကိုသဘောကျရတာ ဆိုးရွားတဲ့အရာမို့လို့လား?"
"ခင်ဗျားဘယ်လိုထင်လဲ?" ထောင်မုက သရော်လိုက်ပြီး သူ့ကိုနှင်ထုတ်ဖို့ လက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်သည်။ "ကျွန်တော့်ကို ပြဿနာမရှာဘဲနဲ့ လော့ယန် ဆီသာ ပြန်သွားပါ။ ခင်ဗျား ဆက်တိုက်ခိုက်နေဦးမယ်ဆို ခင်ဗျားတို့နှစ်ယောက် တကယ်လမ်းခွဲရလိမ့်မယ်" ဘယ်သူမှ ခင်ဗျားကို ကာကွယ်ဖို့မရှိဘူးဆိုရင် ခင်ဗျားအများကြီး ခံစားရလိမ့်မယ်။ နောက် အမှောင်ခြမ်းကိုထုတ်ပြဖို့ တွန်းပို့ခံရလိမ့်မယ်။
"လမ်းခွဲတော့ရော ဘာဖြစ်လဲ!" ယဲ့ယောင်က မိုက်ရူးရဲဆန်စွာပြောသည် "ငါ သူနဲ့အစောကြီးကတည်းက လမ်းခွဲချင်ခဲ့တာ။ မနေ့က သူပြောတာနားထောင်လိုက်တော့ ငါကတော့ သူ့ကို ချစ်သူလိုသဘောထားထားတာလေ။ သူကတော့ ငါ့ကို ကစားစရာလေးတစ်ခုလိုသဘောထားနေတာ။ ဒီလိုလူမျိုးကိုသာ ငါဆက်ကြိုက်နေရင် ။ အဲ့ဒါက ငါ့ကို အမြင်မကောင်းတဲ့လူဖြစ်အောင် လုပ်မနေဘူးလား?"
ထောင်မု တစ်ယောက်တည်းတွေးလိုက်သည်။ ခင်ဗျားက အမြင်မကောင်းတာတင်မဟုတ်ဘူး ။ ခင်ဗျားသဘောကျတဲ့သူကလည်း ဆန်ကုန်မြေလေးစက်ဆုပ်ဖွယ်လူမဟုတ်ရင် ဂေးပါဖြစ်နေသေးတာ။ ဒါနဲ့တင် ဘယ်လောက် အမြင်အာရုံချို့ယွင်းနေမလဲ!
"ကောင်းပြီ ကောင်းပြီ ကောင်းပြီ။ ကျွန်တော့်မှာ ခင်ဗျားဘယ်သူ့ကိုကြိုက်လဲ လိုက်ဂရုစိုက်ဖို့ အားမရှိဘူး။ ဒါပေမဲ့ ဒီအတိုင်း ကျွန်တော့်ကိုသာ သဘောမကျနဲ့"
ထောင်မုမှာ ခေါင်းကိုက်ဝေဒနာနှင့် ဗိုက်အောင့်သည့်ဝေဒနာရှိနေသည်။ ထိုအပိုင်းငယ်လေးက သူ့အရင်ဘဝမှာမဖြစ်ခဲ့ဖူးဘူးဆိုတာကိုလည်း ကိုယ့်ဟာကိုယ် တွေးမိသည်။ သို့သော်ငြား အဖြစ်အပျက်တွေပြောင်းလဲခြင်းကနေ မတူညီခြင်းတွေဖြစ်လာလိမ့်မယ်ဟု ထောင်မုပင် မမျှော်လင့်ထားခဲ့ပေ။ သူ့ယခင်ဘဝတွင် ထောင်မုက ရေပိုက်အောက် သူ့ဖျော်ဖြေမှုကိုကောင်းသွာမလုပ်ဆောင်နိုင်ခဲ့ဘဲ ရိုက်ကွင်းပေါ် ခွေးသေတစ်ကောင်လို အပစ်ခံရခြင်းနှင့် အဆုံးသတ်ခဲ့ရသည်။ နောက်တော့ သူက လူအားလုံးရဲ့ ပြက်ရယ်ပြုစရာအရာတစ်ခုဖြစ်လာခဲ့သည်။ ငယ်ရွယ်သည့် မိန်းမပျိုလေးယဲ့ယောင်က သူ၏ ပထမဆုံး crush ကို တွေ့နေရတာဖြစ်သည်။ သူ့အနေနှင့် ရှက်ကိုးရှက်ကန်းဖြစ်နေခြင်းကို ခံစားနေရရင်းအလုပ်ရှုပ်နေလိမ့်မည်။ သူ ထောင်မုကို သဘောကျတယ်ဆိုတာကို ဝန်ခံဖို့ နေနေသာသာပေါ့။
သို့ပေမဲ့ ထပ်ရပ်မကြည့်နိုင်တော့သည့် ရှန်းယွီက သူ့အတွက် ရပ်တည်ပေးခဲ့သည်။ ရလဒ်အနေနှင့် သူတို့ရဲ့ မွေးဖွားမှု ဖြစ်စဉ်ပေါ်သွားပြီးသည့်နောက် ထောင်မုက ရှန်းယွီကို ရှန်းမိသားစုထဲက ထွက်ခွာဖို့ အတင်းအကျပ်တိုက်တွန်းတောင်းဆိုကာ ဖိအားပေးခဲ့သည်။ ထိုကိစ္စကြောင့် ရှန်းမိသားစုက သူ့ကို ဘယ်တော့မှ လက်မခံခဲ့ပေ။ သေချာပြန်စဉ်းစားကြည့်လျှင် အရင်ဘဝမှ သူရဲ့တချို့အပြုအမူတွေက အတော့်ကို ရှင်းပြနိုင်ဖွယ်မရှိဘဲ ပိုင်စိုးပိုင်နင်းရှိလှသည်။
လုံလောက်စွာပဲ ဤဘဝတွင်တော့ သူတို့နှင့် အဝေးဆုံးမှာနေတာက အကောင်းဆုံးအကြံဖြစ်လိမ့်မည်။ သူတို့က သဘောကောင်းချိုသာပြီး ပျော်ရွှင်စရာ အတူတကွရှိကြသည့် မိသားစုလေးဖြစ်သည်။ ပြီးတော့ သူ့လိုအပြင်လူအနေနှင့် ဝင်ပါစရာ အကြောင်းကိစ္စကို မရှိပေ။
***

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now