Episode - 21 ( Unicode )

1K 123 8
                                    

မြို့သူဌေးသားလေးနှင့် တောသူလေး အချစ်ဇာတ်လမ်းထဲမှ
ဒုတိယဇာတ်လိုက်အဖြစ်
Chapter - 5

" ဟော.. မောင်လေး နိုးပြီလား၊ လာ... မမ မနက်စာကို နန်းကြီးသုပ် သုပ်ထားတယ်၊ ပြီးတော့ အတူတွဲစားဖို့ ဒါက မုန့်ဟင်းခါး ဟင်းရည်၊ မုန့်ဟင်းခါး ဟင်းရည်ကတော့ ၀ယ်ထားတာ၊ မောင်လေးက နန်းကြီးသုပ်နဲ့ မုန့်ဟင်းခါး ဟင်းရည်တွဲစားရတာကို အကြိုက်ဆုံး မဟုတ်လား "

" အဟားဟား... အမှန်ပဲ အမရာ၊ ကျုပ်အမက အလိုက်သိလိုက်တာ "

စွဲ ထိုင်ခုံအား ဆွဲယူကာ ၀င်ထိုင်ရင်း အမဖြစ်သူအားလည်း ချီးကျူးဖို့ မမေ့။ သူ့အမလက်ရာ တွေကို လွမ်းနေရသည့် အလျောက် စားဖို့ ပြင်မိသည်။ ထုံးစံအတိုင်း စွဲက တူမကိုင်တတ်ပါ။ အလိုက်သိသည့် အမက ခက်ရင်း အစဉ်သင့် တပ်ပေးထားသဖြင့် ခေါင်းမော့ကာ သွားစိရယ်ပြလိုက်သေး၏။

အမက ငယ်ငယ်ကတည်းက စွဲအပေါ်လုပ်နေကျ အပြုအမူ‌ေလးဖြစ်သည့် စွဲ၏ နှာခေါင်းထိပ်လေးအား ဖွဖွဆွဲညစ်ကာ ချစ်စနိုး ပြုံးပြလာသည်။

" အမကော မစားဘူးလား "

" စားမှာ...၊ နောက်မှ၊ မောင်လေး ၀အောင်စားပါ၊ မမ စောင့်ပေးမယ် "

အပြုံးလေးဖြင့် ဖြေလာရင်း ဆံပင်ရှည်ကြီးတို့အား ပုခုံးရှေ့ဆွဲယူကာ ၀င်ထိုင်ရင်း ပြော၏။

အဲ့တော့မှ စွဲမှာ သူ့ယောက်ဖ မရောက်လာသေးခြင်းအား သတိပြုမိသည်။

ဟုတ်သားပဲ။ မိန်းကလေးဆန်လွန်းသည့် အမက ခင်ပွန်းဖြစ်သူ မစားရသေးခင် အရင်စားလိမ့်မည် မဟုတ်။

ရွာတုန်းကဆို မိုးမလင်းခင်ကတည်းက နှိုးနေပြီး ဟိုလုပ်ဒီလုပ် လုပ်ကာ အစောကြီး မနက်စား စားတတ်သည့် အမက အခုသေချာပေါက် ဗိုက်ဆာနေလိမ့်မည်။

စွဲ ခက်ရင်းကို ချလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး

" ကျုပ် ယောက်ဖကို သွားနှိုးလိုက်ဦးမယ်၊ အမ မနက်စာ ပြင်ထားရင်း စောင့်နေပါ "

" မောင်လေး! မနှိုးပါနဲ့၊ အရမ်းစောသေးတယ်၊ ကိုစေ ဒီအချိန်ကြီး မထတတ်ဘူး "

Supporter System Where stories live. Discover now