အိမ်ပြန်ခြင်း

1.8K 256 2
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၂၉ ။ အိမ်ပြန်ခြင်း

နောက်နေ့မွန်းလွဲချိန်အထိ စောင့်ဆိုင်းပြီးနောက် အစ်ကိုယောင်ထံမှ နောက်ထပ်ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသည့် ထောင်မုသည် ကျန်းဟန့်ယာ၏ ဦးလေး ကျန်းသယ့်လုထံသို့ ချဉ်းကပ်ခဲ့သည်။ သူသည် ကျန်းမိသားစုတွင် ပြဿနာအရှာဆုံးနှင့် အကြံမျိုးစုံရှိသည့် အမျိုးသားမိသားစုဝင်လည်း ဖြစ်သည်။
"......ဒီလိပ်စာက ဦးလေးရဲ့အိမ်နံပါတ် မဟုတ်လား!" ကျန်းသယ့်လု ရှေ့တွင် ထောင်မုသည် လိပ်စာနံပါတ်ကို လှမ်းပြောပြီး "ဦးလေး လောင်းကစားနဲ့ အတိုးငွေတွေအများကြီးပေးရမယ်လို့ ကျွန်တော်ကြားတယ်။ အကိုသုန့်ကို အကြွေးမဆပ်ပဲ ရှောင်ပြေးနေတာဆိုတော့ ဦးလေးတော်တော်သတ္တိကောင်း‌နေတာပဲ။ ကျွန်တော်ပြောမယ် အစ်ကိုသုန့်က အကြွေးမဆပ်တဲ့သူတွေကို အရက်စက်ဆုံးနဲ့ တရားမ၀င်နည်းလမ်းတွေ သုံးတယ်ဆိုတာမင်းမသိဘူးလား?"
ရက်အနည်းငယ်အကြာတွင် သူ၏ဆက်သွယ်မှုများအားလုံးကို ထောင်မုမှ တွေ့ရှိလိမ့်မည်ဟု ကျန်းသယ့်လု မထင်ထားခဲ့ပေ။ ချက်ခြင်းပင် အံ့သြထိတ်လန့်သွားသည်- "ဒါက ဘာကိုဆိုလိုတာလဲ?"
"ကျွန်တော် ဘာမှ မဆိုလိုပါဘူး။" ထောင်မုသည် "ဦးလေး မိသားစုကိစ္စကို ကျွန်တော်ဂရုမစိုက်ဘူးလို့ပဲ ပြောချင်တယ်၊ ဒါပေမယ့် ဦးလေး ကျွန်တော့်ကိစ္စတွေကိုတော့ ရှုပ်အောင်လုပ်လို့မရဘူး"
"ဦးလေးတို့မိသားစုမှာ လွယ်လွယ်နဲ့ရနိုင်တဲ့အရာ ဘာမှရှိတာမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ မိသားစုဝင်တွေမှာ ရေရေရာရာအလုပ်မရှိဘူး၊ မိသားစုမှာရှိတဲ့ ယောက်ျားကမစွမ်းဆောင်နိုင်ဘဲ လောင်းကစားနဲ့ အတိုးချေးငှားတယ်။ ပြီးတော့ ဦးလေးမိန်းမကို နှစ်အတော်ကြာမှီခိုခဲ့ရပြီး မိန်းမက မိသားစုကို ထောက်ပံ့ဖို့အပြင်မှာ အလုပ်ကြမ်းတွေ လုပ်ရတာ တကယ်ကို စိတ်မကောင်းစရာပါပဲ။ ဒါနဲ့ မနေ့က ဦးလေးအိမ်ကို ကျွန်တော် တစ်ယောက်ယောက်ကို အလည်သွားဖို့ ပို့လိုက်သေးတယ်။ သက်ကြီးရွယ်အိုတွေအတွက် သစ်သီးနဲ့ စည်သွပ်ဘူးတွေ ဝယ်ပြီး ကလေးတွေအတွက် အဆာပြေမုန့်နဲ့ အရုပ်ကားလေးတွေ ဝယ်ပေးလိုက်တယ်။ ဦးလေးမိန်းမက ဒီအကြောင်းပြောပြတယ်မဟုတ်လား?"
ကျန်းသယ့်လု၏နှလုံးသည် တစ်ဖန်တုန်လှုပ်လာတော့သည်။
ထောင်မုသည် နူးညံ့စွာပြောဆိုနေသော်လည်း သူသည် လွယ်လွယ်ကူကူဖြင့် သူတို့အိမ်လိပ်စာကို သိသွားပြီး တက်တူးထိုးထားသည့် ရွှေဆွဲကြိုးများနှင့် ထိပ်ပြောင်သော အမျိုးသားတစ်ဦးကို ၎င်းတို့၏အိမ်သို့ သစ်သီးများပို့ပေးရန် စေလွှတ်လိုက်သည်။ သူပြောသောစကားများသည် မရှင်းလင်းသည့်အပြင် ဒွိဟဖြစ်စေသည်။ ထိုထဲတွင် ခြိမ်းခြောက်မှုပါ၀င်သည်မှာ အလွန်ထင်ရှားလှသည်။
ကျန်းသယ့်လုသည် ပြင်ပတွင် လောင်းကစား အတိုးများအကြွေးတင်နေသူတစ်ဦးဖြစ်သောကြောင့် ဤနေရာတွင်အမှန်တရားကို သဘာဝကျကျ ဖော်ထုတ်နိုင်ခဲ့သည်။
သူ့လိုလူများသည် လက်ကြောမတင်းကြဘဲပိုက်ဆံအတွက် ဘာမဆို လုပ်နိုင်သည်။ သို့သော် သူသည် အန္တရာယ်ရှိနိုင်သည့်အရာကို အတိအကျသိသော သူမျိုးပင်။ ဘယ်သူ့ကို နှိုးဆွနိုင်ပြီး ဘယ်သူ့ကိုဘယ်တော့မှ မနှိုးဆွသင့်ဘူးဆိုသည့်အကြောင်းကိုသိသည်။ ရှင်းလင်းစွာပြောရလျှင် သူတို့သည်အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကိုကြောက်သည်။
လက်ရှိအချိန်တွင် သူမြင်‌နေရသော ထောင်မုသည် ခက်ခဲမာ‌ကြောသည့် လူတစ်ယောက်ဖြစ်ပြီး ဘယ်တော့မှ မနှိုးဆော်သင့်သည့်လူဖြစ်သည်။
"မင်း ဘာလုပ်ချင်တာလဲ?" ကျန်းသယ့်လုသည် ထောင်မုကို မျက်လုံးဖြင့် စိုက်ကြည့်ကာ "ငါပြောမယ် မင်းကြယ်ပွင့်ကြီးတစ်ယောက်ဖြစ်ချင်ရင် ဒီလို မိုက်မဲတဲ့လုပ်ရပ်တွေ မလုပ်ရင် ပိုကောင်းမယ်။"
"ဦးလေး ကျွန်တော့်လမ်းကို လာမရှုပ်ရင်ပေါ့" ထောင်မုသည် ကျန်းသယ့်လုကို အမူအယာလျှော့ပြီး တစ်ချက် ရယ်ပြလိုက်သည် "မစ္စတာကျန်းက ထက်မြက်တဲ့လူပါ။ ဦးလေးဘာလိုချင်လဲဆိုတာကို ကျွန်တော်သိတယ်၊ ဆေးဖိုးဝါးခပဲ မဟုတ်လား? ကျွန်တော် မင်းကျေနပ်လောက်တဲ့ ပမာဏတစ်ခု ပေးနိုင်ပေမယ့် နောက်တစ်ကြိမ်မဖြစ်တော့ဘူးလို့ မင်းကအာမခံရမယ်။ နောက်ကျ အဖွဲ့သား ဒါမှမဟုတ် ယွင်မိသားစုကို ဒုက္ခပေးဖို့လုပ်ခဲ့ရင် ကြိုပြီး သတိမပေးဖူးလို့‌တော့ကျွန်တော့်ကိုအပြစ်မတင်နဲ့နော်။"
ကျန်းသယ့်လု၏ နှလုံးသားသည် ရိုလာကိုစတာစီးနေရသလိုခံစားရသည်။ သူသည် ထောင်မု၏ အကြံအစည်ကို သိချင်နေပြီး နောက်ပိုင်းတွင် ထောင်မု မည်သို့ ပြုလုပ်မည်ကို ကြောက်ရွံ့နေမိသည်- "မင်းဘာလိုချင်လို့လဲ?"
ထောင်မု အော်ရယ်လိုက်ပြီး ကျန်းသယ့်လုကိုလျစ်လျူရှုခဲ့သည်။ ဒီလိုလူမျိုးကို ဆက်ဆံဖို့ အကောင်းဆုံးနည်းလမ်းသည် ပါးမရိုက်ပဲအချိုကျွေးမည် အချိုကျွေးပြီးလျှင် သူ၏ ခြေထောက်များကို ပြင်းပြင်းထန်ထန် ရိုက်ချိုးပေးခြင်းဖြစ်သည်။ ဒါမှ သူဘယ်လောက်နာကျင်ရမှန်းသိပြီး ဘယ်လောက်ကြောက်ဖို့ကောင်းမှန်းသိလိမ့်မည်။ ဤနည်းအားဖြင့် သူသည် အချိုအကြောင်းကို မတွေးနိုင်တော့ဘဲ မင်းဆီမှ အချိန်တိုင်း ရှောင်ပြေးနေမည်ဖြစ်ပြီး ထိုအရာသည် သူ့ကို ခြောက်လှန့်နေလိမ့်မည်။
ထောင်မုသည် ကျန်းသယ့်လုကို ဘေးဖယ်ထားပြီး ‘ကျန်းဟူဆီသို့’ ၏ ရိုက်ကွင်းနေရာသို့ ပထမဦးစွာ ပြန်သွားခဲ့သည်။ အဖွဲ့ထဲသို့ ဝင်လိုက်သည်နှင့် လူတိုင်းကိုတောင်းပန်ပြီး H မြို့တွင် နာမည်အကြီးဆုံး သရေစာအချို့ကို ယူလာပြီး တစ်ယောက်ပြီးတစ်ယောက် ပေးလိုက်ပါသည်။ ထို့နောက် ခေတ္တအနားယူနေသည့် အချိန်တွင်ဒါရိုက်တာ၏နားနေခန်းသို့ ၀င်၍ ချန်းပေါင်သုန့်၊ နာမည်ကြီးအဖွဲ့သားများနှင့်အတူ အလှူငွေများအကြောင်း ဆွေးနွေးခဲ့ပါသည်။
ပြီးလျှင် ကျန်းမိသားစုအကြောင်းကို မီဒီယာကို တင်ပေးရပေမည်။ သူတို့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ရှင်းလင်းချက်မပေးပါက ဤကိစ္စသည် ပြီးပြတ်လိမ့်မည်မဟုတ်ပေ။
"တကယ်တော့၊ တခြားရှုထောင့်ကနေ စဉ်းစားကြည့်သင့်တယ်။ အလှူငွေ ယွမ်တစ်သောင်းလောက်ဖြုန်းလိုက်ရုံနဲ့ ‘ကျန်းဟူဆီသို့’အတွက် လူမှုဆက်ဆံရေး ဟော့စပေါ့တစ်ခု ဖန်တီးပေးနိုင်တာက တမင်တကာ ပိုက်ဆံသုံးတာထက် ပိုထိရောက်နိုင်တယ်။ မားကတ်တင်းအတွက် ကြော်ငြာတွေဝယ်ရတယ် မဟုတ်လား? ပြီးတော့ ဒီလိုလူမှုရေးဟော့စတန်းမျိုးက အချိန်ဘယ်‌လောက်ပဲသွားပါစေ ပြောနေသမျှ ကာလပတ်လုံး အဲ့ဒီအကြောင်းကို ဆွေးနွေးနေတဲ့လူတွေ ရှိနေမှာပါ။"
လူအုပ်ကြီးသည် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး စကားမပြောခဲ့ပေ။ ချန်းပေါင်သုန့်သည် ကဲ့ရဲ့ပြီး ဖြည်းညှင်းစွာ ပြန်ပြောသည်- "မင်းအပြောကတော့ လွယ်နေတာပဲ။ ဘာတဲ ဆိုရှယ်ဟော့စပေါ့တစ်ခုဖန်တီးမယ်။ အဲ့လိုလုပ်ရအောင် ပင်မမီဒီယာက မင်းပိုင်တယ်လို့များ ထင်နေတာလား? မင်းလုပ်ချင်သလို့ ဖန်တီးလို့ရတယ် များထင်နေလား?"
ချန်းပေါင်သုန့်ကဲ့သို့သော လူများနှင့်စကားပြောသောအခါတွင် သူတို့သည်အသေးအဖွဲကိစ္စများနှင့်ပတ်သတ်၍ ကပ်သီးကပ်ဖဲ့ပြောကြပြီး အကြောင်းအရာ၏ အဓိကအချက်ကို ဆွေးနွေးရမည့်အစား စိတ်အနှောက်အယှက်ဖြစ်စေသော စကားလုံးများဖြင့်သာ အာရုံနောက်စေသည်။ ခေါင်းစဉ်၏ အဓိကအချက်ကိုဘယ်ခုနှစ်မှ ပြန်ရောက်နိုင်မည်ဆိုသည်ကို ဘယ်သူများ သိနိုင်ပါ့မလဲ?
ထို့ကြောင့် ထောင်မုသည် ချန်းပေါင်သုန့် ၏ရန်လိုမှုကို လျစ်လျူရှုပြီး စိတ်ရှည်စွာဖြင့်ခွဲခြမ်းစိပ်ဖြာခဲ့သည်- "MLM၊ ပြန်ပေးဆွဲမှု၊ အမျိုးသမီးအခွင့်အရေးနှင့် ဆရာဝန်-လူနာကြားမှဆက်ဆံရေး ဒီအကြောင်းတွေက နိုင်ငံနဲ့ ပြည်သူတွေအတွက် အရေးကြီးဆုံး အကြောင်းအရာတွေဖြစ်တယ်။ အထူးသဖြင့် အလယ်ကအချက် နှစ်ခုပဲ။ လူကုန်ကူးမှုနဲ့ အမျိုးသမီးအခွင့်အရေး ခေါင်းစဉ်ကနေစပြီး ဒီအမှုကို လိုက်ကြည့်ဖို့ မီဒီယာတချို့ကို လာဘ်ထိုးနိုင်တယ်။ အင်တာနက်ပေါ်မှာ တချို့အကြောင်းအရာတွေဖြစ်တဲ့ ပြန်ပေးဆွဲမှုနဲ့ မုဒိမ်းမှုဆိုင်ရာ ရာဇ၀တ်မှုတွေ၊ အိမ်တွင်းအကြမ်းဖက်မှု တွေ နောက်ပြီး ဘာကြောင့် အဲ့လိုဖြစ်ပေါ်ရတာလဲဆိုတဲ့ နည်းလမ်းကို ဆွေးနွေးရမယ်။"
"ဆေးရုံရောက်ပြီးတဲ့နောက်မှာ ကျန်းမိသားစုက ရဲနဲ့ ဆေးရုံကို သူတို့ရဲ့ 'ခွင့်ပြုချက်' မပါဘဲ ခွဲစိတ်မှုမလုပ်သင့်ဘူးဆိုတဲ့ သတင်းကို သတင်းထောက်ကို ရေးခိုင်းရမယ်၊ အဲဒီခါကျ ဆေးရုံက အဲ့ဒါနဲ့ပတ်သတ်ပြီး ဖြေရှင်းလိမ့်မယ်။ အင်တာနက်သုံးစွဲသူတွေကတော့ ဆရာဝန်နဲ့ လူနာတွေကြားက ဆက်ဆံရေးအပြင် "ကမ္ဘာကြီးကို မိဘများနဲ့ ဖွဲ့စည်းထားတယ်" ဒါမှမဟုတ် "ငါ့မိဘများရဲ့ ထူးခြားမှု" ဆိုပြီး ဆွေးနွေးကြလိမ့်မယ်။ ‘ကျန်းဟူဆီသို့’ အဖွဲ့သားတွေကတော့ ဒီကိစ္စမှာ ကျန်းဟန့်ယာအတွက် တကယ်ကို စာနာသနားတဲ့ကြောင်း ဖော်ပြပြီး ရဲနဲ့ ဆရာ၀န်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ကူဖြေ‌ရှင်းပေးမယ်။ ဒါကြောင့်မို့ အဖွဲ့သားတွေက အလှူငွေတွေစုစည်းပြီး ဟန့်ယာရဲ့ ဆေးဖိုးဝါးခ အနည်းငယ်ကိုတာဝန်ယူပြီး ရဲနဲ့ ဆရာဝန်များရဲ့ နှလုံးသားကို မထိခိုက်စေဖို့ ဟန့်ယာရဲ့ ဆွေမျိုးသားချင်းတွေကို မေတ္တာရပ်ခံကြမယ်။ နောက်ဆုံးမှာ ကျွန်တော်တို့က သူရဲကောင်းရဲ့ သွေးနဲ့ ချွေးတွေပေါ်မှာ မျက်ရည်ကျအောင် ခွင့်မပြုနိုင်ဘူး! အဖွဲ့သားတွေဆီက ရလာတဲ့ ယွမ်ငွေ 100,000 ကို လှူဖို့ ဆန္ဒရှိပါတယ်ဆိုတဲ့အကြောင်းကို ပထမဆုံး ကြေငြာချက်ထုတ်မယ်။ ပိုက်ဆံက များများစားစားမဟုတ်ပေမယ့် စာနာမှုနဲ့ ပါ၀င်ကူညီတာဖြစ်ပါတယ်။"
ထောင်မုသည် ပိုက်ဆံနှင့် ပတ်သတ်ပြီး ဂရုစိုက်နေတာလား? သေချာသည်မှာ သူ ဂရုစိုက်ပါသည်။ သို့သော် ထောင်မုသည် ပိုက်ဆံနှင့် မည်မျှအထိလုပ်လို့ရသည် ဆိုသည့်အချက်ကို ပိုပြီးဂရုစိုက်ပါသည်။
ဒီလိုရိုးရှင်းပေါ့ပါးစွာဖြင့် သဘောထားကို တင်ပြသွားသည့် ထောင်မု၏ စိတ်ကူးကို လူတိုင်းကြားလိုက်ရသည့်အခါ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ထောင်မု၏ လုပ်ရပ်သည် ကျန့်မိသားစုကို ဖျက်ဆီးရန် စီစဉ်ထားကြောင်း ထင်ရှားစေသည်။ "ငါတို့သူရဲကောင်းရဲ့ သွေးနဲ့ ချွေးတွေပေါ်မှာ မျက်ရည်ကျအောင် ခွင့်မပြုနိုင်ပါဘူး" ဆိုသည့် စကားစုသည် ကျန့်မိသားစုကို ကျေးဇူးကန်းသည့် ဗီလိန်အဖြစ်သို့တိုက်ရိုက် သက်ရောက်စေသည်။
သတင်းမီဒီယာများမှ အဆိုပါဆောင်းပါးများကို ပုံနှိပ်ထုတ်ဝေသောအခါ ကျန်းမိသားစုမှလူတိုင်းသည် ၎င်းတို့၏ ဆွေမျိုးများနှင့် သူငယ်ချင်းများရှေ့တွင် ခေါင်းမထောင်နိုင်ကြတော့ပေ။ ပိုအရေးကြီးသည့်အချက်မှာ ထောင်မုသည် ဤ အရှိန်အဟုန်လှိုင်းအား လူမှုရေးဟော့စပေါ့အဖြစ် မပြောင်းမချင်းရပ်တန့်သွားမည် မဟုတ်ပါ။ ပြီးလျှင် ဤအမှုသည် တရားဝင် မပိတ်သေးပါ။ အမှုပြီးသွားလျှင် အဖွဲ့သားများသည် အခြေအနေကို အခွင့်ကောင်းယူကာ ဆွေးနွေးမှုတစ်ခုပြုလုပ်ပြီး နောက်ထပ်လှိုင်းတစ်ခုကို လှုံ့ဆော်နိုင်သည်။
နောက်သိသာထင်ရှားသောအချက်မှာ ထောင်မု၏ နည်းလမ်းသည် နိုင်ငံတစ်ဝန်းလုံးမှ ဤကိစ္စနှင့် ပတ်သတ်၍ ဆွေးနွေးကြလိမ့်မည်ဖြစ်သည်။ တစ်ကြိမ်တစ်ခါအတွက် မဟုတ်ပါ။ အနာဂတ်မှာတောင် လိုအပ်လျှင် အချိန်မရွေး ပြန်ဆွဲထုတ်နိုင်ပြီး ဆွေးနွေးမှုကို နောက်တစ်ကြိမ် ပြုလုပ်နိုင်ပါသည်။
ခေါင်းစဉ်ထွက်လာသည့်အချိန်တိုင်း မီဒီယာမျိုးစုံသည် ကျန်းမိသားစုကို လက်ညိုးထိုးခံရမည့်အဖြစ်သို့ နောက်တစ်ကြိမ် ဆွဲလိမ့်မည်။ ကျန်းမိသားစုအတွက် ထိုဦးထုပ်ကို ဆောင်းထားပြီးလျှင် ပြန်ချွတ်ရန် ခက်ခဲလိမ့်မည်။
အရမ်း ရက်စက်လွန်းလှသည်!
ထောင်မုသည် နာမည်ကြီးအဖွဲ့သားများအားမျက်ကွယ်ပြုကာ ပြုံးလျက်ပင် "နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ အဖွဲ့သားတွေက ငယ်ငယ်ရွယ်ရွယ်နဲ့တစ်ခါမှ အတွေ့ကြုံမရှိသေးတဲ့ လူငယ်တွေကို မရင်းနှီးတဲ့ နေရာတွေမှာရှိတဲ့နာမည်ကြီးတွေဆီ မသွားဖို့ လူ့အဖွဲ့အစည်းမှာ တင်ပြကြမယ်။ ဒီအပြုအမူတွေနဲ့ ပတ်သတ်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို Weibo မှာ တရားဝင်အကောင့်တစ်ခုဖွင့်ပြီး တင်လိုက်မယ်ဆိုရင် ပြည်သူတွေဆီကနေ ကောင်းမွန်တဲ့ ရလဒ်တွေ ရလိမ့်မယ်။
"သတင်းမီဒီယာသမားတွေက အဖွဲ့သားတွေကို အင်တာဗျူးချင်နေကြတာ မဟုတ်လား? ကျွန်တော့်အထင် အင်တာဗျူးမှာ လူတိုင်းက ကိုယ့်ရဲ့ သဘောထားနဲ့ပတ်သတ်ပြီး ပြောပြနိုင်မယ်လို့ထင်ပါတယ်။ ဥပမာ စီးပွားရေးမရှိရင်ထိခိုက်မှုမရှိသလိုပေါ့။ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေနဲ့ ပတ်သတ်ပြီး ဆွေးနွေးလို့ရပါတယ်။ ဒါရိုက်တာချန်းက ဒါရိုက်တာဖြစ်တဲ့အတွက် ဒီအဖြစ်အပျက်ကို အခွင့်ကောင်းယူပြီး ဇာတ်၀င်ခန်းတစ်ခု ၀င်ရိုက်လို့ရတယ်။ ကောင်းကောင်းသာ လုပ်နိုင်ခဲ့ရင် ဆုတောင်ရနိုင်သေးတယ်!"
ချန်းပေါင်သုန့်၏မျက်နှာသည် တစ်ဖန် ပြောင်းလဲသွားသည်။ ထောင်မုကိုကြည့်ပြီး ဘာစကားမှ မပြောခဲ့ပေ။
အခြားသော နာမည်ကြီးအဖွဲ့သားများမှာလည်း ကြောက်ရွံ့မှုများ ရှိနေသည်။
ထောင်မု၏နည်းလမ်းသည် ရက်စက်လွန်းလှသည်။ နောက်ဆုံးတွင် ချွန်ထက်သောခြေသည်းများကိုဆန့်ထုတ်ကာ ၎င်း၏အစွယ်များကို အမြဲဝှက်ထားခဲ့သောဝံပုလွေကလေးနှင့်တူသည်။ အရင်တုန်းက အဖွဲ့သားများသည် ဤကလေးကို အကြံအစည်များနှင့် ကြိုးကိုင်ခြယ်လှယါယ်တတ်ပုံအကြောင်း ပြောခဲ့ကြသော်လည်း လက်တွေ့တွင်သိပ်မခံစားရပေ။ အများစုမှာ အခြားသူများထံမှ ပဲ့တင်ထပ်သံများသာဖြစ်သည်။ ဤအရာသည်အားနည်းသူများကို စာနာစိတ်နည်းနည်းလေးပေးသနားပြီး ထပ်လောင်း ရှုံ့ချသည့် အဖြစ်မျိုးဖြစ်သည်။ ထောင်မုသည် အထက်တန်းကျောင်းပြီးထားသည့် ကလေးတစ်ယောက်သာဖြစ်ပြီး တရားဝင်သရုပ်ဆောင်တစ်ယောက်မဟုတ်သေးပေ။ ဖျော်ဖြေရေးအဝန်းအဝိုင်းတွင် ကာလကြာရှည်စွာတည်မြဲခဲ့သော နာမည်ကြီးများ၏ရှေ့တွင် သူသည် ကြောက်လန့်စိုးရွံ့ခြင်းလုံး၀ မရှိပေ။
ယခုမူ လူတိုင်းသည် ထောင်မု၏ အကြံအစည်နှင့် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို သေချာသိရှိလာခဲ့ကြပြီး ယနေ့တွင် သူ၏ နည်းလမ်းများအား ကျန်းမိသားစုဆီသို့ အသုံးပြုခဲ့သည်။ သို့သော် မနက်ဖြန်တွင် ဤအခန်းထဲရှိ မည်သူမဆို အသုံးခံရနိုင်သည်။
အဓိကအချက်သည် ထောင်မုထက် လူတိုင်းသည် ပိုကျော်ကြားပြီး သြဇာညောင်းခဲ့သော်လည်း သူတို့သည် ဒီလိုမျိုး ကြုံလာခဲ့သည့်အခါ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သူတို့သည် ဆုံးရှုံးမှုမရှိပဲ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် ထောင်မုသည် ထိုနည်းလမ်းကို အကောင်အထည်ဖော်ရန် တစ်ရက်ခွဲခန့်သာ အချိန်ယူခဲ့သည်။ မျက်တောင်တစ်ချက် ခတ်ရုံဖြင့် သူသည် မည်သူ့ကိုမဆို ဖျက်ဆီးနိုင်သည့် အလွန်ရက်စက်ကြမ်းကြုတ်သော အကြံတစ်ခု ထွက်ပေါ်လာလိမ့်မည်။
ဤကလေးသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဘယ်လိုလုပ်ပြီးရက်စက်နိုင်ရသနည်း? ထို့နောက် သူတို့နှင့်ထိတွေ့မိသောအခါတွင်လည်း ထိုသို့ ဆိုးရွားသော အတွေးများစွာကို တွေးနေမလား?
ထောင်မုသည် ထိုလူများ၏ စိတ်သဘောထား ပြောင်းလဲလာသည်ကို သတိပြုမိသည်။ သို့ပေမယ့် သူသည် အဲ့ဒါကို ဂရုမစိုက်ပေ။
ဒီနေ့ ရိုက်ကွင်းကို လာလည်သည့်အခါ တောင်းပန်ပြီး လူတိုင်းကို သူ့အကြံဉာဏ်ပြောလိုက်လျှင် ထိုသို့တုံ့ပြန်လာမည်ကို သူ ကြိုတွေးမိပြီးသားဖြစ်သည်။
သူသည် ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ပြီးချိန်အထိ ထောင်မုသည်အမှန်တရားတစ်ခုကို နက်နက်ရှိုင်းရှိုင်း သိရှိနားလည်ခဲ့သည်။ ထိုအရာမှာ လူများနှင့် ဆက်ဆံသည့်အခါ မင်းရဲ့ အားနည်းချက်ကို ထုတ်မပြဖို့ပါပင်။ တခြားသူများ၏အမြင်တွင် မင်းရဲ့အလေးချိန်တိုးဖို့ လိုအပ်သည့်အခါ မင်းရဲ့ခြေသည်းများကို ထုတ်ပြရမည်။ ဤနည်းအားဖြင့် သင်သည် တစ်စုံတစ်ဦးအား ခိုင်းစေသောအခါ ၎င်းတို့သည် သင်ခိုင်းသည့်အလုပ်တွင် ပေါ့ပေါ့ဆဆနှင့်အကျင့်ပျက်မည်မဟုတ်ပေ။ ဤနည်းဖြင့် အရာများကိုနှောင့်နှေးစေမည်မဟုတ်ပေ။
ယနေ့ကဲ့သို့ပင် ထောင်မုသည် ကျန်းမိသားစုကိစ္စအား တမင်ထောင်ချောက်ဆင်ရန် အသုံးပြုခဲ့သည်။ ထို့ကြောင့် ကျန်းမိသားစု နှင့် မီဒီယာများသည် အလှော်ခံထားရသည့် နာမည်ကြီးများနှင့် ဒါရိုက်တာများ၏ ထောင်ချောက်ထဲသို့ ခုန်ဆင်းဖို့ကလွဲလို့ အခြားမရှိပေ။ ရိုင်းရိုင်းပြောရလျှင် ဖျော်ဖြေရေးလောက၏ ရုန်းရင်းဆန်ခတ်အခြေနေထဲသို့ ခုန်ဆင်းသွားသည် သို့မဟုတ် အကျိုးအမြတ်ရရန်ဖြစ်သည်။ ကျော်ကြားမှုနှင့် စည်းစိမ်ဥစ္စာကို အထင်ကြီးခြင်း မရှိသော လူအချို့ ရှိကောင်းရှိနိုင်သော်လည်း ထိုသိူ့သော သူများနှင့် ထောင်မုသည် ယခုအချိန်အထိ တစ်ခါမျှ မတွေ့ဆုံသေးပေ။
သူသည် ဤလူများနှင့် တစ်လကြာပေါင်းသင်းခဲ့ပြီး ဤလူများ၏ သဘောသဘာဝကို သူရှာဖွေခဲ့ပြီးဖြစ်သည်။ သူတို့သည် မကောင်းဘူးဟု ပြောလို့မရသော်လည်း သူတို့၏ အကြောင်းများကို မြှောက်ပင့်ပြောဆိုချင်စေပြီး ပို၍နာမည်ကြချင်ကြသည်။ အထူးသဖြင့် မင်းမျိုးမင်းနွယ်လိုဆက်ဆံစေချင်ကြသည်။ ထောင်မုရည်ရွယ်ချက်ရှိရှိ သူငယ်ချင်းဖွဲ့ခဲ့သည့်သူများသည် အမှန်တကယ်တကယ်မှာ ချဉ်းကပ်ရ လွယ်ကူသည့် လူတစ်စုပါပင်။
၎င်းတို့သည် စေ့ဆော်လှုံ့ဆော်မှုများရှိသော်လည်း ၎င်းတို့၏ အကြံဉာဏ်စွမ်းရည်မှာ ငွေရေးကြေးရေးနှင့် စီးပွားရေးအသိုင်းအဝိုင်းကဲ့သို့ မှောင်မိုက်ခြင်းမရှိပေ။ ဒေါသဖြစ်ချိန်၌ပင် သူတို့အား လက်တုံ့ပြန်ရန်နည်းလမ်းများစွာ ရှိသေးသည်။ နာကျင်ခြင်း၊ ယားယံခြင်း သို့မဟုတ် ဆိုးဆိုးရွားရွား ထိခိုက်စေမည့် နည်းမဟုတ်သောကြောင့် တစ်နည်းအားဖြင့် ကိုင်တွယ်ရလွယ်ကူလွန်းပါသည်။
ယခုကဲ့သို့ပင် ထောင်မုသည် သူ့အစီအစဉ်ကိုပြောပြီး အဆင်သင့်လုပ်ထားသည့် hot topicနှင့်လူကြိုက်များမှုကို ထောက်ပြသည်။ ကျန်းမိသားစုနှင့် မီဒီယာများသည် သူတို့ ကမ်းလှမ်းသည့်အတိုင်းသာ ပြုလုပ်ရမည်ဖြစ်ပြီး ဤလူများသည် နောက်ထပ်ပြဿနာဖြစ်အောင်မလုပ်တော့ဖူးဆိုလျှင်တောင် သူတို့သည် နှာတံညှစ်ခံရပြီး အစီအစဉ် အတိုင်းလုပ်ဆောင်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ဤလူများ၏ မျက်နှာများတွင် စိတ်ခံစားမှုများစွာတဖျပ်ဖျပ်ဖျပ်ခတ်သွားသည်ကို မြင်လိုက်ပြီး နောက်ဆုံးတွင် သူတို့စိတ်ကို ပြင်ဆင်လိုက်သည့်ပုံပေါ်သည့်အတွက် ဤကိစ္စကို အခြေခံအားဖြင့် သဘောတူလိုက်ကြောင်း ထောင်မု သိလိုက်သည်။
ဤအစီအစဉ်များကိုပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရခြင်း အကြောင်းရင်းမှာ ဤလူအုပ်စုသည် နောက်ဆုံးမိနစ်တွင် ပြန်ထွက်လာမည်ကို မကြောက်သောကြောင့် ဖြစ်သည်။ အမှန်တကယ်မှာ တခြားသူများ၏ နှလုံးသားကို ဘယ်သူမှ မဖတ်နိုင်ပေ။ ထောင်မု၏စကားများကိုနားထောင်ပြီးလျှင် သူတို့သည် သူတို့စိတ်ထဲတွင် ဒီကိစ္စကို လေးလေးနက်နက် တွေးတောကြရမည် — ယခုဒီအစီအစဉ်မှ ထွက်လိုက်မည်ဆိုလျှင် အံကြိတ်လက်ခံကာ သူတို့ထက် ကျော်ကြားသွားမည့် သူများကို သူတို့လက်ခံနိုင်ကြပါ့မလား? ဟန်ဆောင်မှုသက်သက်လို့ ထင်သွားကြလောက်လား? ဤအစီအစဉ်များအကြောင်း ထုတ်ပြောပြီး ဤကဲ့သို့ ကောင်းမွန်သော စျေးကွက်ရှာဖွေရေး အစီအစဉ်ကို ဖျက်ဆီးမည်ကိုရော စိုးရိမ်ရလား?
အချိန်ရောက်လာသောအခါတွင် ၎င်းတို့၏ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်ရုံသာမက ၎င်းတို့ကို ရည်ရွယ်သော သံသယများစွာကိုလည်း လက်ခံရရှိမည်ဖြစ်သည်။ ဖျော်ဖြေရေးလုပ်ငန်းတွင် အောင်မြင်သူများသည် မည်မျှ ဖြူစင်ပြီးကြင်နာတတ်သော သူများဖြစ်ကြသနည်း?
ရှေ့သို့ ခြေတစ်လှမ်း လှမ်းခြင်းသည် ချိုမြိန်မှုဖြစ်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်မှာ ကြီးမားသည့် ဆုံးရှုံးပင် ဖြစ်သည်။မည်သူကမှ လူဆိုးများအတွက်နှင့် သူ့ကိုယ်သူ ဆိုးရွားသည့် နေရာမှာ ထားချင်မှာ မဟုတ်ပါဘူး။ သင့်တွင် မြင့်မြတ်သောစိတ်ကူးများနှင့် ရည်မှန်းချက်များ ရှိသောကြောင့်မဟုတ်သော်လည်း အုပ်စုကြီးတစ်ခုသည် ဤမျှလောက်မရိုးမဖြောင့်ဘဲ အခြားသူများကို ဖော်ပြရန် မလွယ်ကူသောကြောင့်ဖြစ်သည်။
ဥပမာအားဖြင့် ‘ကျန်းဟူဆီသို့’ အဖွဲ့သားအားလုံး၏ကျော်ကြားမှုကိုမြှင့်တင်ရန် ကျန်းမိသားစုကိုခြေရာခံအဖြစ်အသုံးပြုနိုင်သည်။
ထောင်မုသည် ဤလူအုပ်စု၏ စိတ်ထဲတွင်ရှုပ်ထွေးနေမှုများကို လျင်မြန်စွာဖြေရှင်းလိုက်နိုင်သည်ကို ကြည့်ပြီး အစီအစဉ်ကို မည်သို့ကောင်းမွန်အောင်ပြုလုပ်မည်ကို အလေးအနက်ထား၍ ဆွေးနွေးခဲ့သည်။
ဆွေးနွေးနေစဉ်တွင် ဤလူအုပ်ကြီးသည် ထောင်မုကိုလည်း လျှို့ဝှက်စွာ စောင့်ကြည့်ခဲ့သည်။ လောလောဆယ်တွင် ထောင်မု ဘာမှမပြောသော်လည်း သူသည် ကြက်သွန်ဖြူဥကြီးတစ်ဥလိုဖြစ်သွားတော့တာပါပဲ။ အကြောင်းကတော့သူတို့သည် သူ့စိတ်ထဲတွင် မကောင်းသည့် အရာတစ်ခုပေါ်လာပြီး သူတို့ကို ဘယ်လိုကြံစည်နေလောက်မလဲဟု တွေးနေသည်ကြောင့်များလား?
ဤသည်မှာ ထောင်မု၏ နားလည်မှုလွဲခြင်းဖြစ်သည်။
ပြန်လည်မွေးဖွားလာပြီးနောက်တွင် ထောင်မုတွင် ကျော်ကြားသောသူများ၏ နောက်ကွယ်မှ အကြောင်းများကို သိရှိထားပြီးဖြစ်သည်။ သူ့ရှေ့တွင်ရှိသော ဤထဲမှလူအနည်းငယ်လည်း ပါ၀င်ပါသည်။ ဥပမာ ဒါရိုက်တာကြီးသည်အဖွဲ့သားများ၏ ငွေကြေးထောက်ပံ့ရေးဌာနနှင့် ပူးပေါင်းပြီး ရင်းနှီးမြုပ်နှံသူများ၏ ငွေများကို လိမ်လည်ခဲ့ကြသည်။ ဥပမာအားဖြင့် အများရှေ့တွင် မိသားစုကိုချစ်သည့် ခင်ပွန်းကောင်းတစ်ယောက် ပုံရိပ်ကို ပြသလေ့ရှိသည့် ဝါရင့်သရုပ်ဆောင်ဟောင်းတစ်ဦးသည် အမှန်တကယ်မှာ ငယ်ငယ်ရွယ်ရွယ်နှင့် လှပသည့် အကသမားကို အပြင်မှာ အပြင်မှာထားရှိထားသည်။နောက်ဥပမာတစ်ခုမှာ ဤအခန်းထဲမှာရှိသည့် နာမည်ကြီးအမျိုးသမီးသရုပ်ဆောင်သည် အမှန်တကယ်မှာ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးတစ်ယောက်၏ အငယ်အနှောင်းဖြစ်သည်....။
သို့သော် ထောင်မုသည် ထိုကိစ္စများကို သုံးဖို့အတွက် ဘယ်တုန်းကမှ မတွေးမိခဲ့ပါ။ သူသည်ထိုကဲ့သို့သော ကိစ္စများကို မှတ်ထားရုံသာဖြစ်သည်။ ထိုကိစ္စများသည် တာယာအပိုတစ်လုံးနှင့် ဆင်တူပြီး တစ်နေ့မှာ အသုံးပြုနိုင်ပေသည်။
…..
အဖွဲ့သားများ၏ မျက်နှာပေါ်တွင် ချီတုံချတုံနှင့် ဖြစ်နေခဲ့သော်လည်း ၎င်းတို့သည် အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အမှန်တကယ် မြန်ဆန်သည်ဟု ဆိုရပေမည်။
ထောင်မုသည် လူတိုင်းကို အကြံဉာဏ်ပေးပြီးနောက် ဒုတိယနေ့တွင် ချန်းပေါင်သုန့်သည် A-list နာမည်ကြီးများနှင့် အဖွဲ့၏ အဓိကသရုပ်ဆောင်များနှင့်အတူ ယာယီသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် ရဲများ၏ပြန်ပေးဆွဲမှုကယ်ဆယ်ခြင်းလုပ်ငန်းကိုပံ့ပိုးပြီး ‘ကျန်းဟူဆီသို့’ အဖွဲ့သားများသည် လူကုန်ကူးမှုဖြင့်ဖမ်းဆီးခေါ်ဆောင်သွားခံရသော သနားစရာကောင်းသည့်အမျိုးသမီးများအတွက် ပရဟိတ ကယ်ဆယ်ရေးလုပ်ငန်းကို တည်ထောင်ပြီး အထူးသဖြင့် ဆေးဖိုးဝါးခများကို ပေးချေဖို့အတွက် ယွမ်၁သန်း လှူဒါန်းမည်ဖြစ်ကြောင်း လေးနက်စွာကြေညာခဲ့သည်။ ထို့အပြင် ‘ကျန်းဟူဆီသို့’ ဇာတ်ကားထွက်ပြီးသည့်နောက်တွင် ရုပ်ရှင်၏ Box Office မှရရှိသောငွေ၏ ဆယ်ပုံတစ်ပုံကို ဤပရဟိတကယ်ဆယ်ရေးရန်ပုံငွေထဲသို့ ထည့်သွင်းမည်ဖြစ်သည်။
ဤပရဟိတ ကယ်ဆယ်ရေးရန်ပုံငွေ လှူဒါန်းမှုကို ပထမဆုံးလက်ခံရရှိမည်သူမှာ MLM ၏ လှည့်စားမှုကို ခံရပြီး လူကုန်ကူးသူများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် မိန်းကလေးငယ်တစ်ဦးဖြစ်သည်။ သို့သော် သူမကို အချိန်မီ ဆေးကုသမှုခံယူဖို့အတွက် ရဲတပ်ဖွဲများမှ ကူညီခဲ့သည်။ သို့သော်လည်း မိသားစုဝင်များသည် ဆေးဖိုးမတတ်နိုင်သောကြောင့် ဆေးရုံ၏ခွဲစိတ်မှု မှားယွင်းသည်ဟု ရဲနှင့်ဆေးရုံကို ပြောင်ပြောင် တင်းတင်းစွပ်စွဲခဲ့သည်။ စတူဒီယိုမြို့အဝင်ဝမှာ ဒူးထောက်ထိုင်ပြီး အလှူငွေတောင်းခဲ့သည့် ကျန်း XX အတွက် H စတူဒီယိုမြို့ ဆေးရုံ၏ ငွေစာရင်းကိုတိုက်ရိုက်ပေးချေပြီး သူရဲကောင်းများ၏သွေးနှင့်ချွေးအပေါ် မျက်ရည်မကျစေရအောင် ပြတ်ပြတ်သားသား ပေးဆောင်သွားမှာဖြစ်သည်ဟုပင်။
သတင်းစာရှင်းလင်းပွဲအပြီးတွင် အချိန်အတော်ကြာ ကြိုတင်ပြင်ဆင်ထားသည့် မီဒီယာအဖွဲ့တစ်ဖွဲ့သည် လူကုန်ကူးမှု တိုက်ဖျက်ရေးကိုအာရုံစိုက်ရန်၊ သက်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများကို ဂရုပြုရန် တောင်းဆိုသည့်ဆောင်းပါးအမျိုးမျိုးကို စတင်ထုတ်ဝေခဲ့သည်။ အမျိုးသမီးအခွင့်အရေးနှင့် တန်းတူညီမျှရေးတို့ကို အလေးထားပြီး ဆရာဝန်များနှင့် လူနာများကြားရှိ ဆက်ဆံရေးကိုပင် အာရုံစိုက်ခဲ့သည်။ အစီရင်ခံစာ အမျိုးမျိုးရှိသော်လည်း မပါဝင်သည့်အချက်တစ်ခု ရှိသည်။ ထောင်မုသည် သားကောင်များအား အကာအကွယ်ပေးသည့် ဥပဒေအား အသုံးပြုကာ ကျန်းဟန့်ယာနှင့် အခြားသားကောင်များ၏အချက်အလက်များကို မီဒီယာများအား ထုတ်ဖော်ပြသခြင်းမှ တင်းကျပ်စွာတားမြစ်ထားသည်။ ဟုတ်ပါသည်။ သူ့အရည်အချင်းသည် မီဒီယာရှေတွင် ပြောလို့ရမည့် အဆင့်မဟုတ်သေးပေ။ ဤအကြံပြုချက်များအားလုံးကို ချန်းပေါင်သုန့်၏ပါးစပ်မှတစ်ဆင့် လူတိုင်းထံ ပေးပို့ခဲ့သည်။
ဘယ်သူမှ ထိုသို့ရေးထားသည့် သတင်းမျိုးမြင်ချင်မှာ မဟုတ်ပေ။ "မီဒီယာအကြမ်းဖက်မှုက နစ်နာသူကို ဒုတိယအကြိမ် ထိခိုက်နစ်နာစေသည်။ လူထုထင်မြင်ချက်တွေက နစ်နာသူတွေကို ညှင်းပန်းနှိပ်စက်စေသည်။"
သူ၏အရင်ဘဝတွင် လူအများ၏ထင်မြင်ယူဆချက်များကို အပြင်းအထန်ခံရပြီးနောက် ထောင်မုသည် အပြုသဘောဆောင်သောဝါဒဖြန့်ရန်အတွက် သတင်းမီဒီယာကိုမည်ကဲ့သို့အသုံးပြုရမည်ကို မည်သူ့ထက်မဆို ကောင်းစွာသိရှိပြီး ထိုမီဒီယာများကိုမည်သို့တုံ့ပြန်ရမည်ကို သိရှိခဲ့သည်။ ထို့ကြောင့် အကျည်းတန်သည့် စကားများကို ပြောဖို့ မကြောက်ခဲ့ပေ။ သို့သော် သူ့အား အံ့အားသင့်စေသည့်အချက်မှာ သတင်း မီဒီယာများသည် အလွန်စည်းစနစ်ကျပြီး လူမှုရေးကဏ္ဍကို ဖော်ပြခြင်းမပြုခဲ့ပေ။ အပတ်စဉ်ထုတ် သတင်းစာများ၏ အတင်းအဖျင်းကဏ္ဍများပင်လျှင် နစ်နာသူ၏ သတင်းအချက်အလက်များကို မဖော်ပြခဲ့ပေ။
လက်ရှိ အပတ်စဉ်ထုတ် သတင်းစာမီဒီယာ—အထူးသဖြင့် လူမှုစာမျက်နှာပေါ်ရှိ သတင်းမီဒီယာများသည် မီဒီယာသမားများ၏ ပရော်ဖက်ရှင်နယ်ကျင့်ဝတ်နှင့် ပရော်ဖက်ရှင်နယ်ဆန်မှုကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး သတင်းဖော်ပြချက်များသည် မှန်ကန်၍ ထိရောက်မှုရှိရပြီး အပြုသဘောဆောင်သည့်အကြောင်းဖြစ်ရန် လိုအပ်သည်ဟု အခိုင်အမာဆိုထားသည်။ အာရုံစူးစိုက်မှုရစေရန် ည ၈ နာရီ ဇာတ်လမ်းတွဲများကဲ့သို့ပင် လှည့်ကွက်များဖြင့် ပြည့်နှက်နေ သော သတင်းများရေးသားခဲ့သည့် နောက်ပိုင်းနှစ်များ၏ သတင်းမီဒီယာများနှင့် လုံးဝမတူညီပါ။
ထောင်မုသည် အာဃာတနှင့် နာကျည်းမှုများ ရှိခဲ့သည်။ သူသည် ကျန်းမိသားစုကိုသင်ခန်းစာတစ်ခုပေးခဲ့ချင်သလို သူ့ကိုယ်ပိုင် စကားပြောစွမ်းရည်ကို ဖော်ပြချင်သည်။ အပြစ်မဲ့သူများ လုံးဝပါဝင်မှာမဟုတ်ဘူးဟု သူမပြောရဲသော် လည်း သူ့ရဲ့ အရည်အချင်းအရ အပြစ်မဲ့သူများ၏ အချက်အလက်များကို ကာကွယ်ဖို့ ဆန္ဒရှိနေပါသေးသည်။ တကယ်မှာ ကျန်းဟန့်ယာဆိုသည့် မိန်းကလေးသည် တကယ့်ကို ကံဆိုးပြီး သနားစရာပင်။
ကျန်းမိသားစုသည် အချိန်အတော်ကြာအောင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး သူတို့သည်လျော်ကြေးမရခဲ့ရုံသာမက ၎င်းတို့မိသားစု၏ ဂုဏ်သိက္ခာကိုလည်း ဖျက်ဆီးခဲ့မိသည်။ ပေကျင်းမှာရှိနေသည့် ဆွေမျိုးများနှင့် အိမ်နီးချင်းများသည် သူတို့ထွက်သွားဖို့ကိုသာ ပြောနေကြပြီး တစ်မိသားစုလုံးမှာလည်း ‌မျက်နှာပြစရာပင် မကျန်တော့ပေ။
သို့သော်လည်း ထောင်မု၏စကားကြောင့် ကျန်းမိသားစုသည် သူတို့လိုချင်နေသည့် ဆေးဖိုးဝါးခကို ရရှိခဲ့သည်။ သူကူညီဖြေရှင်းပေးခဲ့ခြင်းဖြစ်တာကြောင့် ကျန်းမိသားစုသည် သူ့ကို ကျေးဇူးပင်တင်သင့်ပေသည်။
ထိုအဖြစ်အပျက်ပြီးနောက် ကျန်းသယ့်လုသည် ထောင်မု၏နည်းလမ်းများကို သေချာနားလည်သဘောပေါက်သွားသည်။ တဖက်မှာတော့ သူတို့အိမ်ကို လာလည်သည့်ရွှေဆွဲကြိုးနှင့် ထိပ်ပြောင်လူကြီးကို ကြောက်နေရသည်။ တစ်ဖက်တွင်မူ သူသည် စိတ်ဓာတ်ကျပြီး သူ့မိသားစု၏ အိုင်ကျူများသည် ထောင်မုကို အနိုင်ရရန်ခက်ခဲမည်ဟု ခံစားခဲ့ရသည်။
ဤအချက်နှစ်ချက်ကို ထည့်သွင်းစဉ်းစားပြီးနောက် ကျန်းမိသားစုသည် ဆက်၍ ဒုက္ခမပေးတော့ပေ။ သူတို့သည် ယွင်မိသားစုအား ကျန်းဟန့်ယာ တစ်ဘ၀လုံးကို တာဝန်ယူသင့်သည်ဟုပင် မပြောခဲ့ကြပေ။ သူတို့သည် ပြဿနာရှာခြင်းကို လုံးဝရပ်တန့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ကျန်းဟန့်ယာသည် လျင်မြန်စွာနိုးလာပြီး ဆေးရုံတွင် ရက်အနည်းငယ်ကြာ စောင့်ကြည့်ပြီးနောက်တွင် သူမတွင် ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာမရှိခဲ့ပေ။ ကျန်းမိသားစုသည် တိတ်တဆိတ်ဆေးရုံမှဆင်းကာ မြို့ကို သနားစရာကောင်းသည့်ပုံစံဖြင့် ပြန်လာခဲ့သည်။
သို့သော်လည်း ထိုအရိပ်မည်းများသည် သူတို့နောက်သို့ လိုက်မြဲပင်ဖြစ်သည်။
ထောင်မု မပြန်ခင်တွင် ကုန်းရီရှင်၊ ဆိုးသွမ်းသော မိန်းကလေးနှင့် ၎င်းတို့၏ ညီအကိုကောင်းများကို ကျေးဇူးတင်ရန်အတွက် ဖျင်ကျဲ၏ စားသောက်ဆိုင်တွင် အစားအသောက် စားပွဲတစ်ခု ပြုလုပ်ပြီး အားလုံးကို ဖိတ်ခေါ်ခဲ့သည်။ ထိုအရာသည် တရားဝင် နှုတ်ဆက်ပွဲဟု ပြောလို့ရသည်။
ထောင်မု၏ ဟင်းချက်ကျွမ်းကျင်မှုနှင့် ပတ်သက်၍ ဝေဖန်စရာ လုံးဝမရှိပါ။ တစ်မနက်လုံးမီးဖိုချောင်ထဲတွင် ဟင်းအမယ် နှစ်ဆယ်လောက်ကို ချက်လုပ်သည်။ ဤလူအုပ်စုသည် တရုတ်နိုင်ငံတစ်ဝှမ်းမှဖြစ်သည် ဟုယူဆပါက ထောင်မု၏ စားပွဲတွင် ဒေသရှစ်ခုမှ အဓိက အစားအစာ ရှစ်မျိုး၊ ကုန်းရီရှင်နှင့် ချင်းမြောင်ရူ၏အကြိုက်ဆုံး ဝက်သားကြော်၊ ဝက်သားကျောရိုး ၊အသားဖြူ နှင့် သွေးဝက်အူချောင်း အပြင် တမောက်နှင့် ရှောင်ဖန်းတို့အကြိုက်ဆုံးဖြစ်သော သိုးကျောရိုးဟော့ပေါ့၊ ပျော်ရွှင်ခြင်း အသားလုံးလေးလုံး၊ ဝက်ဂုတ်သားကြော်၊ ဝက်ကျောက်ကပ်ကြော်၊ တိုဟူးငါးပိကြော်၊ ပုစွန်နှင့် ငါးရှဉ့်ကြော်၊ ကြာရွက်ပေါင်း၊ ဝက်သားပေါင်းတို့ကိုလည်း ပြုလုပ်ခဲ့သည်။ ထောင်မုသည် ပုဇွန်စားရသည်ကို ကြိုက်သည့်အတွက် ပုဇွန်ပြုတ်တစ်ပန်းကန်နှင့် ရွှေပုဇွန်ကြော်တစ်ပန်းကန်ကို ပြုလုပ်ခဲ့သည်။ သူသည် အခွံခွာရသည်ကို ပျင်းလှသည်။ ထို့‌ကြောင့် ပုဇွန်ဟင်းပွဲနှစ်မျိုးကိုသာ ပြုလုပ်ခဲ့သည်။ အခွံနွှာလိုသူများသည် ပုဇွန်ပြုတ်ကို စားကြပြီး ပျင်းသူများသည် ရွှေပုဇွန်ကြော်ကို စားကြသည်။
ထို့နောက် ငါးပေါင်းဟင်း၊ ဝက်သားဂျယ်လီခေါက်ဆွဲအေးနှင့် ပင်လယ်သခွားသီးပြုတ်ပန်းကန်ကို လုပ်သည်။ အအေးဟင်းများမှာ မုန်လာဥနီ၊ သခွားသီး၊ ထမင်းခေါက်ဆွဲသုပ်နှင့် ရာစုကြက်ဥတို့ဟူးတို့ ဖြစ်ပါသည်။ ဟင်းချိုသည် အနောက်ဖက်မှ ငါးကြင်းအိုင်ဖြင့် ချက်ပြုတ်ထားပြီး ဆော့စ်မှာ ရှာလကာရည်နှင့် ပြုလုပ်ထားသည်။ အချိုပွဲမှာ ကောက်ညှင်းဆန်မှုန့်၊ ဂျူးဖူးငပိ၊ ပဲနီလေးတို့နှင့် ပြုလုပ်ထားသော စိန်ကိတ်မုန့်လေးများပင်။ ဟင်းပြင်ဆင်ပုံသည် လက်ရာမြောက်လှအောင် လှပပြီး ခံစားရသည်မှာ နူးညံ့ချောမွေ့လျက်ရှိပြီး အနံ့သည် မွှေးပြီးရင်း မွှေးနေသည်။ မာစတာအဆင့်ရှိသည့် ဟင်းလျာများသည် ယောက်ျားလေးများနှင့် မိန်းကလေးများကို ချက်ခြင်းပင် အံ့ဩသွားစေတော့သည်။
စိန်ကိတ်မုန့်များ စားပွဲပေါ်ရောက်လာသောအခါ ဘယ်သူမှ တူများကို မဆွဲခွာနိုင်ခဲ့ပေ။ လူအုပ်ကြီးသည် လက်ကိုင်ဖုန်းများ ကိုင်ကာ ကိတ်မုန့်ကိုဓာတ်ပုံရိုက်နေကြသည်။ သူတို့သည် ထောင်မုကို ချီးကျူးသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
"ဘုရားရေ မုကောရဲ့ ဟင်းချက်စွမ်းရည်က အရမ်း မိုက်တာပဲ! မင်းဧကရာဇ်စားဖိုမှူးတစ်ယောက်ဆီက သင်ယူခဲ့တာ မဟုတ်လား?" ချင်းမြောင်ရူ၏ လက်အောက်ငယ်သားဖြစ်သောထိပ်ပြောင်သည် သူ၏ တံတွေးကို မျိုချကာ "ပြောရမယ်ဆိုရင် မင်းက အရမ်း ချောမောပြီး ဖျော်ဖြေရေးနယ်ပယ်မှာ ကြယ်တစ်ပွင့်ဖြစ်ဖို့ ကြံစည်နေတာက အရမ်းကောင်းတဲ့ ဟင်းချက်စွမ်းရည်ကို ဖြုန်းတီးလိုက်သလိုပဲ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး တစ်ခုလောက် ဆွေးနွေးကြရအောင်။ မင်းကို ဟင်းချက်နည်းသင်ပေးတဲ့ ဆရာကြီးက အလုပ်သင်တွေကို လက်ခံသေးလား? ငါဆရာကြီးဆီကို သွားသင်လို့ရမလား?"
"ကောင်းပြီ! နောက်မှ မင်းအတွက် မေးပေးမယ်။ ငါတို့ အဖိုးကြီးက အလုပ်သင်လိုချင်တယ်ဆိုရင် မင်းလာပြီး စာမေးပွဲ ဖြေလို့ရတယ်။ စာမေးပွဲဖြေနိုင်ရင်တော့ မင်းက ငါ့ရဲ့ ဂျူနီယာလေး ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကြိုတော့ ပြောထားရဦးမယ်၊ မိသားစုရဲ့ သင်ကြားရေးနည်းလမ်းတွေက အရမ်းတင်းကျပ်တယ်။ တစ်နှစ်ပတ်လုံး လေ့ကျင့်ရမှာဖြစ်ပြီး ဆရာအငြိမ်းစားယူတဲ့အခါ ပံ့ပိုးပေးဖို့ အသင့်ဖြစ်နေရမယ်။ တစ်ရက်ဆရာက တစ်သက်တာ ဖခင်လိုသဘောမျိုးပဲ နားလည်လား? အနောက်နိုင်ငံတွေမှာလို ပိုက်ဆံပေးပြီး သင်ရတာ မဟုတ်ဖူး" ထောင်မုသည် ထိပ်ပြောင်နေသော လက်အောက်ငယ်သားသည် နောက်ပြောင်နေသည်ဟု ထင်သောကြောင့် ဟာသလုပ်ကာ ပြန်ဖြေလိုက်သည်။
"ဒါဆို ဒီလိုပေါ့!" ထိပ်ပြောင်သော လက်အောက်ငယ်သားသည် သူ့ခေါင်းကို ရိုက်လိုက်ပြီး "သူ့ဆီမှာ ပညာသင်ပြီး သူအနားယူတဲ့ချိန်မှာ သူ့ကို အဖေအဖြစ် သတ်မှတ်ရမှာပေါ့!"
ထိုအကြောင်းသည် ညစာစားပွဲတွင် ရယ်မောစရာ ဖြစ်စေခဲ့ပါသည်။
ချင်းမြောင်ရူသည် သူ့လက်အောက်ငယ်သား၏ခေါင်းပြောင်ကို ထိလိုက်ပြီး "စားရအောင်! အစားစာတွေက အရသာရှိလွန်းလို့ မင်းပါးစပ်တောင် စိနိုင်မှာ မဟုတ်ဖူး။ ဒီလောက် ကြွက်သားကြီးပြီး သန်မာနေတာကို မင်းက အဖေလိုချင်သေးတာလား? မင်းအဖေကလည်း မင်းကို အသိအမှတ်ပြုချင်နေတယ်ဆိုတာကို ဘာလို့မမြင်ရတာလဲ?"
ဤအဓိပ္ပာယ်သည် အရမ်းနက်နဲလွန်းသည်။ ရယ်မော၍မပြီးသေးခင်မှာပင် ဤလူအုပ်စုသည် နောက်တစ်ကြိမ် ရယ်မောသွားခဲ့သည်။
ထောင်မု ရယ်နေသည်ကို ရပ်လိုက်ပြီး ဘီယာခွက်ကြီးကို မလိုက်ပြီး လူတိုင်းကို "လာပါ အားလုံးကို တစ်ခွက်လောက် ဧည့်ခံပါရ‌စေ။ ဒီမှာနေတဲ့အချိန်မှာ ကျွန်တော့်ကို ဂရုစိုက်ပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အမြဲဆက်သွယ်ကြမယ်နော်။ တစ်ခုခုရှိရင် ကျွန်တော့်ကိုဖုန်းဆက်လိုက်ပါ။ ကူညီနိုင်တာရှိရင် ကူညီပါမယ်။
ဤလူများသည် ၎င်းတို့၏ အနာဂတ်တွင်အောင်မြင်မှုများ မည်သို့ပင်ရှိစေကာမူ ဤနေရာရှိလူများအားလုံးသည် အမှန်တကယ်ပင် လူကောင်းများဖြစ်ကြောင်း ထောင်မု သတိပြုမိသည်။ သူတို့သည် မှန်ကန်ဖြောင့်မတ်စွာ နေထိုင်ကြသူများဖြစ်ကြသည်။
ထောင်မုသည် တစ်ယောက်နှင့်တစ်ယောက် အမြတ်အစွန်းများနောက် လိုက်နေသူများကိုသာ မြင်ဖူးသည်။ အခုချိန်တွင် တစ်ယောက်နှင့်တစ်ယောက် သစ္စာစောင့်သိသည့်သူငယ်ချင်းတစ်စုနှင့် ရင်းနှီးဖို့ဆိုသည်မှာ မလွယ်လှပေ။ ထို့ကြောင့် လူတိုင်းနှင့် ပိုမိုနက်ရှိုင်းသော ခင်မင်ရင်းနှီးမှုရရန်"ကျွန်တော် ပေကျင်းကို ပြန်ရောက်လို့ ကျွန်တော့်ဖုန်းနံပါတ်ကို ပြောင်းလိုက်တဲ့အခါ လူတိုင်းဆီကို မက်ဆေ့ခ်ျပို့လိုက်ပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်မက်ဆေ့ခ်ျကို spam မလုပ်လိုက်ပါနဲ့။"
လူတိုင်းသည် "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အနာဂတ်ကြယ်ပွင့်ကြီးရဲ့ရွှေပေါင်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရမှာပေါ့။" ဟု အော်ပြောခဲ့ကြသည်။
ထောင်မုသည် ကုန်းရီရှင်ကို ကြည့်လိုက်သည်။ ဒီခွေးအကြီးအတွက် သူ အစိုးရိမ်ဆုံးပါပဲ။ ထိုအဖြစ်အပျက်သည် သူ့အရင်ဘဝတွင်မည်သည့်အချိန်က ဖြစ်ပျက်ခဲ့သည်ကိုမသိပါ။ လအနည်းငယ်အတွင်း ဖြစ်လာနိုင်သည်ဟု ထောင်မု ခန့်မှန်းမိသည်- "တစ်ခုခုရှိရင် ကျွန်တော့်ကိုဖုန်းဆက်လိုက်ပါ။ နောက်ပြီး အလုပ်လုပ်တဲ့အခါ ပိုပြီးတော့ အာရုံစိုက်ပါ။ လူစားထိုးသရုပ်ဆောင်တွေသာ တစ်ခုခုဖြစ်သွားရင် အရမ်းအန္တရာယ်များတယ်။ သတိထားပါ။"
"စိတ်မပူပါနဲ့။" ကုန်းရီရှင်သည် သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏ဖန်ခွက်နှင့် ထောင်မု၏ ဘီယာဖန်ခွက်ကိုထိလိုက်ပြီး "ဆက်သွယ်ပါ့မယ်။ ပြီးတော့မင်းဆီမှာ ငါ့အတွက် မတော်တဆမှု အာမခံချက်ရှိတယ်မဟုတ်လား? အဲ့ဒါက တစ်ခုခုဖြစ်သွားရင် ကာကွယ်ပေးသွားပါလိမ့်မယ်။"
ထိုသို့ပြောရင်း ထောင်မုသည် နောက်တစ်ခုကိုစဉ်းစားမိလိုက်သည် "ဒါနဲ့ မရီးကို ကျွန်တော်ဘာလို့မတွေ့မိတာပါလိမ့်?"
ကုန်းရီရှင်၏ အပြုံးသည် မှိန်ဖျော့သွားပြီး လက်ကိုဝှေ့ယမ်းကာ "သူမအကြောင်း မပြောစမ်းပါနဲ့" ဟုဆိုသည်။
ထောင်မုသည် "ဟုတ်ပါပြီ အစ်ကိုရဲ့အိမ်ကိစ္စတွေနဲ့ပတ်သတ်ပြီး ကျွန်တော်အများကြီးမပြောနိုင်ပါဘူး။ ဒါပေမယ့် အစ်ကိုတကယ်ဖြတ်ဖို့တွေးထားတယ်ဆိုရင် တစ်ချို့အရာတွေကို ရှင်းရှင်းလင်းလင်း ကိုင်တွယ်ဖြေရှင်းရမယ်။ မြန်နိုင်သမျှပေါ့"
ထောင်မုသည် အာမခံအကျိုးခံစားခွင့်များအကြောင်း ပြောနေပါသည်။ ကုန်းရီရှင်သည် အကျိုးခံစားခွင့်ကော်လံတွင် ယွီမိန်၏အမည်ကို ဖြည့်သွင်းရန် အခိုင်အမာပြောဆိုခဲ့သည်။ ထောင်မုသည် ထိုအချက်ကို သိပ်သဘောမကျသော်လည်း ဘာမှမပြောခဲ့ပေ။ ယခု သူသည် ကုန်းရီရှင်အတွက် အမှန်တကယ်စိတ်ပူနေသောကြောင့် သူ နောက်တစ်ခါ ထပ်ပြောလိုက်သည်။
ကုန်းရီရှင်သည် ထောင်မု၏ ရိုးသားမှုကို နားလည်သည့်အတွက် ဘာမှမပြောပဲ သူ့ညီငယ်လေး၏ ပခုံးကိုသာ လှမ်းဖက်လိုက်သည်။
ဧည့်သည်များနှင့် အိမ်ရှင်များသည် ထိုညစာစားပွဲတွင် ပျော်ရွှင်ခဲ့ကြသည်။
ဒုတိယနေ့တွင် ထောင်မုသည် တမောက်နှင့်ရှောင်ဖန်းတို့ကို ဒေသထွက် ပစ္စည်းများဝယ်ရန် ခေါ်သွားခဲ့သည်။ ထို့နောက် ယွင်မိသားစုနှင့်အတူ ပေကျင်းသို့ ပြန်ရန် နောက်တစ်နေ့နံနက် ၁၀ နာရီတွင် လေယာဉ်လက်မှတ်ဝယ်ခဲ့သည်။ ညဘက် ဟိုတယ်ခန်းထဲတွင် ထောင်မုသည် တမောက်နှင့် ရှောင်ဖန်းကို လေးလေးနက်နက်ပြောခဲ့သည် "မင်းတို့ပြန်သွားတဲ့အခါ အစ်ကိုယောင်နဲ့ အစ်ကိုရှောင်ချီက H မြို့အကြောင်းမေးတဲ့အခါမင်းတို့ ဘာပဲဖြစ်ဖြစ်ပြောပြော ပြောလို့ရတယ် တစ်ခုပဲ လော့ယန်နဲ့ ပတ်သတ်ပြီး မပြောနဲ့။"
လော့မိသားစုသည် စီးပွားရေး တောင့်တင်းပြီးဩဇာကြီးမားသောကြောင့် ထောင်မုသည် အစ်ကိုယောင်မှ သူ့အစားလက်စားချေရန်အတွက် လော့မိသားစုအား နှိုးဆွမည်ကို မလိုလားပေ။ ထို့အပြင် သူသည် ကလေးမဟုတ်သည့်အတွက် သူကိုယ်တိုင် လက်စားချေနိုင်သည်။ လော့ယန်လို လူမျိုးသာဆိုလျှင် သူစိတ်ပူနေမည် မဟုတ်ပါ။ ကျန်းမိသားစုကိစ္စသည် ထောင်မုအား သူ့အမှားကို ၀န်ခံ၍ အစ်ကိုယောင်နှင့် အခြားသူများကို တောင်းပန်လို့ရမည့်အခွင့်အရေးမဟုတ်မပါက သူဖုန်းခေါ်ဖို့ လိုအပ်မည် မဟုတ်ပေ။
တမောက်နှင့် ရှောင်ဖန်းတို့သည် သဘောမတူခဲ့ပေ– "ဒါက ဘယ်လိုဖြစ်နိုင်မလဲ? လော့ယန်က မင်းကို အနိုင်ကျင့်ခဲ့တာလေ။ အစ်ကိုယောင် မေးရင်--"
"မေးရင်တောင် ပြောခွင့်မရှိဘူး!" ထောင်မုသည် တင်းမာစွာပြောသည် "ငါမင်းတို့နဲ့ ဆွေးနွေးနေတာမဟုတ်ဘူး၊ မင်းတို့ကို လေးလေးနက်နက်ပြောနေတာ။ အကိုယောင်က မင်းတို့နှစ်ယောက်စလုံးပြောတာကို နားထောင်ပြီး လော့မိသားစုကို သွားဆွလို့ ဒုက္ခရောက်ခဲ့ရင် ငါ့မျက်နှာကို ဘယ်တော့မှ လှည့်မကြည့်ကြနဲ့တော့။"
တမောက်နှင့် ရှောင်ဖန်း၏ နှလုံးသားများ တင်းကျပ်လာသည်။ ထောင်မု၏ ရင့်ကျက်သော အသွင်အပြင်ကို မြင်တွေ့ရသည်မှာ ရှားရှားပါးပါး ဖြစ်သောကြောင့် ချက်ချင်းပင် "မင်းမပြောစေချင်ရင် ငါတို့ဘာမှမပြောပဲနေမှာပါ။ ဘာလို့ ဒီလောက် ကြောက်စရာကောင်းအောင် လုပ်ရတာလဲ?"
ထောင်မုသည် လက်ကိုဆန့်ပြီး တမောက် နှင့် ရှောင်ဖန်းတို့နှစ်ဦးစလုံး၏ ဦးခေါင်းများကို ပွတ်သပ်ကာ "ဘာမှ မပြောပါနဲ့၊ မဟုတ်ရင် ငါတကယ်ပဲ မင်းတို့နဲ့မတွေ့တော့ဘူး"
ထောင်မု အလေးအနက်ပြောနေသည်ကိုမြင်ရသည့်အခါ တမောက်နှင့် ရှောင်ဖန်းတို့သည် ပြောမည့်စိတ်ကူးကို ချက်ချင်းရပ်လိုက်သည်။ နောက်တစ်နေ့ ဟိုတယ်မှ check out လုပ်သည့်အခါ သူတို့သည် နွမ်းနယ်နေပုံရသည်။ ယွင်မိသားစုမှလူတိုင်းသည် ထိုအရာကိုသတိပြုမိပြီး "ဘာဖြစ်နေတာလဲ?"
"လွန်ခဲ့တဲ့ နှစ်လလုံးလုံး H မြို့မှာပဲ နေခဲ့ရတာဆိုတော့ သူတို့ တကယ် လွမ်းနေတာနေမှာ!"ထောင်မုသည် စဉ်းစားစရာမလိုဘဲ သူ့ပါးစပ်မှ အလွယ်တကူ လိမ်ပြောနိုင်ခဲ့သည်။
ယွင်မိသားစုသည် တစ်ခုခုမှားနေသည်ကို သတိမထားမိလိုက်ကြဘဲ ယွင်သော်သည် သူတို့ကို ရယ်မောပြီး "မင်းတို့နှစ်ယောက်က ဒီလို စိတ်ကူးယဉ်ဆန်တဲ့ ယောက်ျားလေးဖြစ်လိမ့်မယ်လို့ ငါမထင်ထားဘူး"
တမောက်နှင့် ရှောင်ဖန်းသည် တိမ်များကို တစ်ချက်ကြည့်လိုက်ရင်း-- ဒီမိန်းကလေးက တော်တော် ဒုံးဝေးတာပဲ!
သူတို့သည် ဟိုတယ်မှ ကားနှစ်စီးခေါ်ပြီး လေဆိပ်သို့ သွားကြသည်။ ထောင်မုသည် အမှတ်တရ လက်ဆောင်အများအပြားကို ဝယ်ခဲ့သည်။ အိုလံပစ်ပွဲတော်ကို နားထောင်ခြင်းအပြင် နိုင်ငံတကာ အနာဂတ်ဈေးကွက်၏ မတည်ငြိမ်မှုများကို တစ်ညလုံး ကြည့်ရှုပြီးနောက် သူ့မျက်လုံးများသည် ယုန်မျက်လုံးများကဲ့သို့ ဖြစ်နေသည်။
လေယာဉ်ပေါ်တက်သည့်အခါ ချက်ချင်း မျက်လုံးမှိတ်လိုက်ပြီး သူ၏စိတ်များ ငြိမ်သွားခဲ့သည်။ အိပ်ငိုက်နေချိန်မှာပင် သူသည် H မြို့တွင် နှစ်လလောက်နေခဲ့သည့်အချိန်တုန်းက အဖြစ်အပျက်များကို တွေးနေခဲ့သည်။
သူသည် စက်ဝိုင်းအတွင်းရှိ ဒါရိုက်တာများ၊သရုပ်ဆောင်များအဖွဲ့နှင့် ရင်းနှီးခဲ့သည်။ ကျန်းမိသားစုကိစ္စနှင့်ပတ်သတ်၍ ပေကျင်းစက်ဝိုင်းရှိ သူ၏လမ်းကြောင်းသည် ချောမွေ့လာသည်ဟု ယူဆရသည်။ ကုန်းရီရှင် နှင့် ချင်းမြောင်ရူကဲ့သို့ "စစ်မှန်သော သူငယ်ချင်းများ" ကိုလည်း သူသိခွင့်ရခဲ့သည်။
နောက်ဆုံးတစ်ခုကတော့......ထောင်မုသည် ခေါင်းကိုလှည့်ပြီး သူ့ဘေးမှာထိုင်နေသည့် ယွင်ရိကို ကြည့်လိုက်သည်။ ထို့နောက် ပြတင်းပေါက်အပြင်ဘက်ရှိ လွင့်မျောနေသည့်တိမ်များကိုကြည့်ရင်း ရွှေပေါင်တစ်ဖက်ကို ပွေ့ဖက်နိုင်ခဲ့ကြောင်း တွေးမိသည်။
လေယာဉ်‌‌နောက်ရှိ အဖြူရောင်မျဉ်းများသည် အပြာရောင် ကောင်းကင်တွင် ကျန်ရစ်ခဲ့သည်။ ထောင်မုသည် ပြတင်းပေါက်သေးသေးလေးမှအပြင်ဘက်ရှိ တိမ်များကို လှမ်းကြည့်ရင်း လွန်စွာပျော်ရွှင်နေတော့သည်။
ပေကျင်းရေ ငါ ပြန်လာပြီကွ။
ဘုန်းတော်ကြီးထောင် ၊ အဖိုးကြီး ၊ အစ်ကိုယောင် ၊ အစ်ကို ရှောင်ချီ ၊ ရှောင်ယွင်နဲ့ သူ့ကို ကြင်နာပေးခဲ့ကြသည့်သူများအားလုံး ...... ထောင်မု၊ အိမ်ပြန်လာပါပြီ။
***

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now