အခန်းဖော်များ

1.5K 243 2
                                    

[Unicode]
ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေး
အပိုင်း ၀၃၁ ။ အခန်းဖော်များ

“ဝူး!"
ပြိုးပြိုးပြက်ပြက်ဖြစ်နေသော နေရောင်ခြည်သည်ကန့်လန့်ကာများကြားမှ ဖြတ်ဝင်သွားကာ ကြမ်းပြင်ပေါ်သို့လျှောကျကာ ကုတင်ကို ထိခတ်လာခဲ့သည်။ ရွှေရောင်အလင်းတန်းများသည် နူးညံ့ ပျော့ပျောင်းသော စောင်ပေါ်တွင် တွားသွားကာ ပိုင်ရှင်၏ ညှပ်ရိုး၊ မေးစေ့၊ နှာတံတို့ကို ညင်သာစွာနမ်းလိုက်ပြီး နောက်ဆုံးတွင် မျက်ခွံပေါ်သို့ ကျရောက်လာသည်။
စူးရှသော နေရောင်ခြည်သည် သူ့မျက်လုံးများပေါ် မှိန်ဖျော့သွားသည်။ အရမ်းစိတ်ညစ်စရာကောင်းတာပဲ!
အိပ်ပျော်နေသူသည် စိတ်မချမ်းသာစွာဖြင့် မျက်လုံးများကို တင်းတင်းမှိတ်ထားသည်။ ထူထဲသောမျက်တောင်များသည် လိပ်ပြာတောင်ပံများကဲ့သို့ လှုပ်ခတ်သွားကာ မျက်ခွံအောက်ရှိ ယပ်တောင်ပုံသဏ္ဍာန်အရိပ်နှစ်ခုကို ဖြစ်ပေါ်နေစေသည်။ သူသည် စောင်ကိုဆုပ်ကိုင်လိုက်ပြီး ခေါင်းပေါ်မှ ဆွဲတင်ကာ စောင်အောက်သို့ လှည့်၍ ဆက်အိပ်နေပြီး စောင်အောက်တွင် ဘောလုံးတစ်လုံးကဲ့သို့ ဆက်ကွေးနေလေသည်။ ရုတ်တရက်​ တံခါးမှ ဆူညံ​သော ​ခေါက်​သံတစ်​ခု ထွက်​​ပေါ်လာပြီး
"တင်းတောင်~တင်းတောင်~"
ဘယ်​လို‌တောင် လာနိုးရက်ရတာလဲ!
"ဝူး!" ထောင်မုသည် ခွေးကလေးတစ်ကောင်ကဲ့သို့လည်ချောင်းမှ ညည်းတွားသံပြုပြီး အိပ်တစ်၀က် နိုးတစ်၀က်ဖြင့် မျက်လုံးဖွင့်လိုက်သည်။ သူ့ခေါင်းထက်ရှိ မျက်နှာကျက်နှင့် အခန်းထဲရှိ စိမ်းသက်‌နေသောပရိဘောဂများကြောင့် ခဏလောက် တုန့်ဆိုင်းသွားမိရသည်။ သတိပြန်ဝင်လာပြီးပြီးချင်းမှာပင် ထောင်မုသည် ခဏလောက် ငြိမ်နေလိုက်ပြီး မနေ့ညမှ အဖြစ်အပျက်များကို ပြန်တွေးနေလိုက်သည်။
တံခါးခေါက်သံသည် "တင်းတောင်~တင်းတောင်~"ဟု အကြိမ်ပေါင်းများစွာ မြည်လာသည်နှင့် ထောင်မုသည် ဖြည်းညှင်းစွာထကာ တံခါးဖွင့်ရန် သွားခဲ့သည်။
နံနက်စောစောတွင် စုန့်တောက်ကျန့်သည် ဖေးမီးဖိုချောင်တွင် ၀မ်တန်ကို ကိုယ်တိုင်အစာသွပ်လျက်ရှိသည်။ ထိုဝမ်တန်ငါးဆယ်ကျော်လောက်ကို ထောင်မုအကြိုက် ကြက်သွန်နီနှင့်ဝက်သားဖြင့် အစာသွပ်ထားပြီး ပင်လယ်ရေမှော်တစ်ထုပ်၊ မုန်ညင်းစိမ်းတစ်ထုပ်၊ နံနံလက်တစ်ဆုပ်စာနှင့် ပုဇွန်ခြောက်တစ်ထုပ်ကိုယူ၍ နှစ်မိုင်ခန့်ဝေးသော ထောင်မု၏ တိုက်ခန်းဆီသို့ လမ်းလျှောက်လာခဲ့သည်။ စုန့်တောက်ကျန့်သည် မတ်တပ်ရပ်လျက်ကြီးအိပ်ပျော်နေသော မျက်နှာတစ်ဝက်တွင် ဖိအိပ်ထားသည့်အတွက်နီရဲနေသည့် ထောင်မုကို စိုက်ကြည့်နေလေသည်။ နောက်ဆုံး သူ မညည်းတွားပဲ မနေနိုင်တော့ပေ "ဘာလို့ ခုထိမထသေးတာလဲ? မနက် ကျောင်းကို သတင်းပို့စရာ မလိုဘူးလား? ခုနစ်နာရီတောင် ထိုးနေပြီ ဘာလို့ မထတာလဲ? မနေ့ညက ကွန်ပြူတာ ကြည့်နေတာလား? မင်းပြောစမ်း အဲ့တာကို ငါသိမ်းလိုက်ရမလား?ငါလာနှိုးလိုက်တာ တော်သေးတာပေါ့။ မဟုတ်ရင် မင်းကိုနှိုးမယ့်သူမရှိရင် မင်းအချိန်လွန်ပြီး အိပ်နေတာကိုတောင် သတိထားမိမှာ မဟုတ်ဘူး။ အခုခေတ်ကလေးတွေ ဘာလို့ ညဇီးကွက်တွေလို ပြုမူနေကြတာပါလိမ့်! ညဘက်ဆိုမအိပ်တော့ မနက်ကျမထနိုင်တော့ဘူး။ စောစောအိပ်ပြီး စောစောထတာကကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ မင်းမသိဘူးလား? နေ့တိုင်း နောက်ကျတဲ့ထိ နေရင် မင်းရဲ့ ခန္ဓာကိုယ် ထိခိုက်လိမ့်မယ်....."
အဖိုးကြီးစုန့်၏ ညည်းတွားသံကို နားထောင်ရင်း ထောင်မုသည် သူ၏ရှုပ်ပွနေသော ဆံပင်များကိုကုတ်ခြစ်ရန် လက်ကို ဆန့်တန်းကာ မှေးစင်းနေသော မျက်လုံးများဖြင့် မီးဖိုချောင်ဖက်သို့ ကြည့်ကာ "……..ကွန်ပြူတာ မကစားပါဘူး။ ကျွန်တော်က တကယ့်စီးပွားရေးကိစ္စတွေကို လုပ်နေတာပါ..... တရုတ်စတော့ဈေးကွက်နဲ့ နိုင်ငံတကာရေနံအနာဂတ်ဈေးကွက်ဖွင့်ချိန်ရောက်ပြီဆိုတော့ ကျွန်တော်ဘာလုပ်နိုင်မလဲဆိုတာ ကြည့်နေတာပါ။ အဖွဲ့အစည်းကြီးတစ်ခုက ကျွန်တော့်တစ်ယောက်တည်းအတွက်နဲ့ သူတို့ရဲ့အချိန်တွေကို ပြောင်းလဲပေးလို့ မရဖူးလေ။ ဒါကြောင့် ကျွန်တော် စောစောအိပ်ပြီး စောစောထနိုင်ပါ့မလား။ မဖြစ်​နိုင်​ဘူးလေ!"
"ဒီလို အသုံးမကျတဲ့အရာတွေအကြောင်း မပြောစမ်းနဲ့!" စုန့်တောက်ကျန့်သည် ထောင်မုကို စူးစူးဝါးဝါး ကြည့်ကာ ပစ္စည်းများကို မီးဖိုချောင်ထဲသို့ သယ်ဆောင်သွားလိုက်သည်။ ထောင်မုသည် အမြီးသေးသေးလေးကဲ့သို့ သူ့နောက်သို့ လိုက်လာသည်ကို မြင်လိုက်ရသည့်အခါ အဖိုးကြီးစုန့် စိတ်ထဲတွင် အလွန်ပျော်ရွှင်နေလေသည်။ သို့သော် မျက်နှာကို တင်းထားပြီး "မြန်မြန်မျက်နှာသစ်ချေ။ မြန်မြန် လုပ်စရာရှိတာလုပ်၊ အချိန်မဖြုန်းနဲ့ မဟုတ်ရင် ဝမ်တန်တွေ ပျော့သွားလိမ့်မယ်"
ထောင်မုသည် "အိုး.." ဟု ပြောလိုက်ပြီး အဖိုးကြီးအား ပြန်မေးလိုက်သည်။ " ကျွန်တော့်အတွက် ပေါင်မုန့်ပြားနှစ်ချပ် ယူလာသေးလား? အဖိုးကြီးလုပ်ကျွေးတဲ့ ပေါင်မုန့်ပြားကို အရမ်းစားချင်နေတာ၊ဆားနယ်ထားတဲ့ ပေါင်မုန့်ပြားလည်းစားချင်တယ်။ ဒါပေမယ့် မတ်ပဲနဲ့ သကြားဖြူဆိုလည်းလည်း မဆိုးပါဖူး"
"မင်းက စားချင်နေတာတွေ များနေတာပါလား။ စားချင်ရင် ကိုယ်တိုင်သွားလုပ်လေ။ ငါ မင်းကို မသင်ပေးလို့လား?" စုန့်တောက်ကျန့် အော်ပြောလိုက်သည်။ ထိုသို့‌ပြောရခြင်းမှာ သူသည် ထောင်မုမှ ပေကျင်းရုပ်ရှင်သို့ လျှောက်ထားသည်ကို သတိရသွားပြီး ရုတ်တရက် ဒေါသဖြစ်သွားပါသည် "......ဒီလို လက်ရာကောင်းကောင်းတွေကို မလေ့လာဘဲ ဘာမဟုတ်တဲ့ဟာကိုပဲ လေ့လာနေတယ်။ မင်းပြောစမ်း တရုတ်ပြည်က လူဘယ်နှစ်ယောက်က နာမည်ကြီးဖြစ်လာလို့လဲ? ပြီးတော့အကြာကြီးနေတဲ့အထိ မင်းမျက်နှာနဲ့ အသက်မွေးဝမ်းကြောင်းပြုရမှာမလား? ငါ့အထင်တော့ အဲ့ဒီ ကလပ်က လူတွဆီကနေပြီး ဒီလိုတွေတတ်လာတယ်ထင်တာပဲ။ နေ့တိုင်း အရေမရ အဖတ်မရတွေကိုပဲ တွေးနေတယ်....."
ထောင်မုသည် ခေါင်းကို အုပ်ကာ ရေချိုးခန်းထဲသို့ပြေးသွားခဲ့သည်။ ရေချိုးပြီးနောက်တွင် သူသည် ပို၍နိုးကြားလာခဲ့သည်။
"အဖိုးကြီး၊ စားသောက်ဆိုင်ကနေ ဘယ်လိုရောက်လာတာလဲ?"
"လမ်းမကြီးတစ်လျှောက် စက်ဘီးစီးလာတာလေ။ အာ့တာက လေ့ကျင့်ခန်းလုပ်သလိုပဲ" စုန့်တောက်ကျန့်သည် မီးဖိုကို ဖွင့်လိုက်ပြီး ပွက်ပွက်ဆူနေသောအိုးထဲသို့ ဝမ်တန်ငယ်များကို ထည့်လိုက်သည်။ ခဏအကြာတွင် မီးဖိုချောင်မှ ရေနွေးငွေ့များလွင့်စင်လာပြီး စတုရန်းမီတာ ၄၀ အောက်ရှိသော တိုက်ခန်းငယ်လေးသည် ဝမ်တန်ငယ်၏ လတ်ဆတ်သော ရနံ့များဖြင့် ချက်ခြင်း ပြည့်လာလေသည်။
သို့သော် ထောင်မုသည်တော့ အထိတ်တလန့် ဖြစ်သွားခဲ့သည် "အဖိုးကြီး ဒီကို စက်ဘီးစီးလာတယ်ပေါ့! အဲ့ဒါမကောင်းဖူးလေ! အဲ့ဒီမှာ ကားတွေ အများကြီး သွားလာနေတာ! ​​နောက်ခါ ဒီလိုမျိုး ထပ်မလုပ်နဲ့ အဲ့ဒါ အန္တရာယ်များလွန်းတယ်-"
ထောင်မုသည် ယာဉ်မောင်းလိုင်စင်ရပြီးကားဝယ်ပြီးလျှင် လာခေါ်မည်ဟု ပြောမည့်အချိန်တွင် အဖိုးအိုစုန့်သည် ထောင်မုကို ခေါင်းမာစွာ စိုက်ကြည့်ပြီး "ဘာလို့လဲ မင်းငါ့ကို မကြိုက်လို့လား? မင်းငါ့ကို မလာစေချင်ဘူးလား?"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!" ထောင်မုသည် မီးဖိုချောင်ထဲသို့ ဝင်ကာ အဖိုးအို၏နောက်တွင် ပီတိအပြုံးဖြင့် ရပ်ကာ သူ့ပခုံးများကို နှိပ်နယ်သည်- "အဖိုးကြီးရဲ့ လုံခြုံရေးအတွက် ကျွန်တော်စိတ်ပူလို့ပါ! ယာဉ်မောင်းလိုင်စင်နဲ့ ကားရဖို့ စောင့်နေတာ။ ဒီကိုလာဖို့ ကျွန်တော်အဖိုးကြီးကို နေ့တိုင်းလာခေါ်ပါ့မယ်"
"အပြောကတော့ ချိုနေတာပဲ။ ဒါပေမယ့် မင်းကောလိပ်တက်ပြီး သူငယ်ချင်းအသစ်တွေနဲ့တွေ့တဲ့အခါ မင်းအရမ်းအလုပ်ရှုပ်နေလိမ့်မယ်။ မင်းငါ့ကိုတောင် သတိရပါ့မလား?" စုန့်တောက်ကျန့်သည် ထပ်ပြီး နှာမှုတ်လိုက်သော်လည်း သူစကားပြောလေလေ ပိုဝမ်းနည်းလေပါပင်။
ညစ်ပတ်သော ဤကောင်လေးသည် H မြို့သို့ နှစ်လကျော်ကြာသွားခဲ့ပြီး သူ့ကို တစ်ကြိမ်သာဖုန်းခေါ်ခဲ့သည်။ အဲ့ဒီနောက်ပိုင်း သူနှင့် ပတ်သတ်ပြီး ဘာမှမကြားရတော့ပေ။ အပြင် ဖုန်းခေါ်ဆိုမှုများအတွက် အထူးသီးသန့် ကြိုးဖုန်းတစ်လုံးကိုပင် တပ်ဆင်ခဲ့သေးသည်။
"မဖြစ်နိုင်တာ။" ထောင်မု ပြုံးလိုက်ကာအဖိုးအို၏ပိန်ပိန်ပါးပါးခန္ဓာကိုယ်သေးသေးလေးကို ပွေ့ဖက်လိုက်ပြီး "နောက်ကျ တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် ကျွန်တော်လာခေါ်ပေးမယ်။ ဒီဧည့်သည်လေးက အဖိုးရဲ့ အိမ်ကို သန့်သန့်ရှင်းရှင်း ထားလား မထားဖူးလားဆိုတာ လာစစ်လို့ရအောင်လေ။ တနင်္ဂနွေ ပိတ်ရက်တွေမှာ ကျောင်းအုပ်ထောင် ဆီ သွားလည်ဖို့ မိဘမဲ့ဂေဟာကို သွားကြမယ်။ အဲ့ဒီချိန်ကျရင် အဖိုးအတွက် အစားအသောက်ကောင်းကောင်းချက်ကျွေးမယ် ပြီးရင် ကျွန်တော့လက်ရာကို မြည်းကြည့်ပေးပေါ့"
"မင်းရဲ့အပြောတွေကတော့ အရမ်းချိုတာပဲ" စုန့်တောက်ကျန့်သည် မယုံကြည်သောအသံဖြင့် ပြောနေသော်လည်း သူ့စိတ်ထဲတွင် အတော်လေး ပျော်ရွှင်နေလေသည်။ ဆိုရိုးစကားအတိုင်း အရွယ်မရောက်သေးသော ကလေးသူငယ်ဖြစ်‌စေ အရွယ်ရောက်ပြီးသော လူကြီးဖြစ်စေဤကဲ့သို့ ချော့ပေးရမည်။
"ဒါလည်း အဆင်မပြေဘူး" စုန့်တောက်ကျန့်သည် သူ့လက်ကို ဝှေ့ယမ်းကာ ထောင်မုအား ပြုတ်ထားသော ဝမ်တန်ငယ်များကို ထုတ်ယူခိုင်းလိုက်သည်။ "မင်း နေ့တိုင်း စတော့တွေ အရောင်းအဝယ် လုပ်တာမဟုတ်ဘူးလား? ညတိုင်း ညသန်းခေါင်မှ အိပ်ရတဲ့အတွက် နေ့ခင်းဘက်တွေကျ အိပ်ငိုက်နေမှာ မင်း ဘယ်လိုလုပ်ပြီး ကားမောင်းနိုင်ပါ့မလဲ? ငါပြောမယ် မင်းဘာသာမင်းသာ အရင်ဂရုစိုက်သင့်တယ် ပင်ပန်းနွမ်းနယ်လို့ရှိရင် ယာဉ်မတော်တဆမှု‌ တွေ ဖြစ်တတ်တယ်။ အမှတ် ၂ လမ်းနဲ့ ၃လမ်းတို့က နေ့တိုင်း ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်နေတာဆိုတော့ အခြားသူတွေရဲ့ ကားကို တိုက်မိမှာတော့ မဟုတ်ဖူး။
"ငါတို့ မြို့တော်က လူတွေကို အရှက်မခွဲပါနဲ့!"
အဖိုးကြီးပြောသည်များမှာ မှန်ကန်ပါသည်။ ထောင်မုသည် အဖိုးအိုကို ဝမ်တန်သေးသေး‌လေးများ ထည့်ထားသည့်ပန်းကန်လုံးတစ်လုံးကို ပေးလိုက်ပြီး "ဒီမယ် အဖိုးကြီး ကျွန်တော်ပြောပြမယ်------"
သို့သော် စကားမဆုံးခင်မှာပဲ တံခါးခေါက်သံသည်နောက်တစ်ကြိမ် ထပ်မြည်လာပါသည်။
ထောင်မုသည် ဇွန်းကိုချလိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။ ဒီတစ်ကြိမ်မှာတော့ လျှို့ယောင်နှင့် မုံ့ချီတို့သည် မတ်တပ်ရပ်လျက်ရှိနေသည်။ သူတို့သည် ကြက်ဥ ပန်းကန်လုံး သုံးလုံး၊ အသား ဂျုံယာဂုနှင့် ပေါင်းထားသောမုန့်နှစ်ဗူးကိုလည်း သယ်လာသေးသည်။ ဂိတ်တံခါးဝရှိ မနက်စာဆိုင်မှဝယ်ခဲ့သည်မှာ အသေအချာပင်။
"အိုး ဟိုလူကြီး၊ စောစောစီးစီး ရောက်နေပါလား! ခင်ဗျားလည်း လာမယ်ဆိုတာ ကျုပ်တို့သိရင် ၀င်ခေါ်လိုက်ပါတယ်။ အဲ့ဒီမှာ ကားတွေက သွားလာနေကြတာ ခင်ဗျားအတွက် အန္တရာယ်များတယ်" လျှို့ယောင်သည်လည်း ထောင်မုလိုပင် ပြောခဲ့သည်။
စုန့်တောက်ကျန့်သည် ထောင်မုအား ပြန်လည်တုံ့ပြန်ခဲ့သည့်အတိုင်း ယခု ၎င်း၏ နောက်ထပ်ပစ်မှတ်ဖြစ်သည့် သူဌေးလျှို့အား ပြန်ပြောခဲ့သည်။ "မလိုပါဘူး၊ ငါကိုယ်တိုင် စက်ဘီးစီးလို့ အဆင်ပြေပါတယ်။ ကြွက်သားတွေနဲ့ အရိုးတွေကို ခဏခဏ လှုပ်ရှားရတာ ကောင်းတယ်။ ပြီးတော့ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ပါဘူး။ ငါ့ရဲ့အိုမင်းနေတဲ့အရိုးတွေက မလှုပ်နိုင်‌တော့တဲ့အထိ မဟုတ်သေးပါဘူး။"
"ကျုပ်ပြောချင်တာ အဲ့ဒီလိုမဟုတ်ပါဘူး။ အိုက်ယား၊ ခင်ဗျားကဘာလို့ အမြဲတမ်းဆန့်ကျင်ဘက်ဖြစ်နေတာလဲ!" လျှို့ယောင်သည် ၀င်လာရင်းနှင့် သူ့မျက်လုံးများသည် စားပွဲငယ်လေးပေါ်ရှိ အငွေ့များထွက်နေသော ဝမ်တန်သေးသေးလေးများထည့်ထားသည့် ပန်းကန်ကိုတွေ့သည့်အခါ ချက်ခြင်း စားချင်စိတ် ဖြစ်ပေါ်လာသည်။
ထိုစုန့်လို့ အမည်ရသည့် အဖိုးအိုကြီးသည် အကြောင်းပြချင်မရှိပဲ အမြဲဒေါသကြီးနေတတ်သည်။ သို့သော် သူ၏ဟင်းချက်ပညာမှာ အလွန်ကျွမ်းကျင်လှသည်။ အရသာနှင့် အနံ့ နှစ်မျိုးစလုံးမှာ အပြစ်ပြောစရာမလိုပေ။
ထောင်မု ရယ်လိုက်သည်။ သူသည် နောက်ထပ် ပန်းကန်နှစ်လုံးယူရန် မီးဖိုချောင်ကိုသွားလိုက်ပြီး အစ်ကိုယောင်နှင့် အစ်ကိုရှောင်ချီတို့အား ဝမ်တန်တစ်ပန်းကန်စီ ပေးလိုက်သည် "၀မ်တန်က အခုလေးတင်မှ ပေါင်းပြီးသွားတာ"
အဖိုးအိုသည် နှာမှုတ်လိုက်သည်။ သူ၏ စိတ်ထဲတွင် ဝမ်တန်သည် အခုမှ ပေါင်းပြီးသွားသည်ကို မကျေမနပ်ဖြစ်နေသည်။ အခုတော့ လူနှစ်ယောက် ထပ်တိုးလာသည်။ ထို့ကြောင့် ဗိုက်၀အောင် မုန့်များနှင့် တွဲစားရ‌ပါတော့မည်!
သို့သော် ပေါင်မုန့်ပြားနှင့် ဝမ်တန်ကို ဘယ်လိုလုပ်ပြီး တွဲစားရပါ့မလဲ? ဒီနှစ်ခုက သေချာပေါက် အမျိုးအစားမတူဘူးလေ! အဖိုးအိုကတော့ သူ့ဝမ်တန်နှင့် သူပေါင်မုန့်ပြားသည် အလွန်လိုက်ဖက်ညီသည်ဟု စိတ်ထဲတွေးနေခဲ့သည်။ပေါင်မုန့်ပြားနှင့်ဝမ်တန်သည် အကောင်းဆုံးအတွဲအဖက်ပင်။
ဘယ်လိုမျိုးတွဲဖက်စားရမှန်းမသိလို့ ကလပ်ပဲထောင်နိုင်တာ အံ့ဩစရာတော့မဟုတ်ပါဘူး။
လူလေးယောက်သည် သူတို့၏ ကြံကြံဖန်ဖန်မနက်စာကို စားကြသည်။ မနက်စာစားချိန်တွင်အဖိုးအိုသည် တစ်ခုခုကိုသတိရပြီး ထောင်မုကို "မင်း အားရင် ငါတို့ ဟင်းသီးဟင်းရွက်ဈေးကို အတူတူသွားကြရအောင်။ ဒီအိမ်က အခုမှ စပြီးနေတာဆိုတော့ စားစရာလည်း မသိုလှောင်ထားရ‌သေးဘူး။ မီးဖိုချောင်ကလုံးဝအလွတ်ကြီး ဖြစ်နေတာ။ ဈေးသွားရင် ဆန်တစ်အိတ်နဲ့ မုန့်ညက်တစ်ထုပ် ၀ယ်တစ်ရမယ်။ ကြက်သား၊ ဘဲ ဒါမှမဟုတ် ငါး ၀ယ်ရမယ်။ ငါမင်းအတွက် ပေါင်မုန့်၊ ဝမ်တန်၊ ကောက်ညှင်းဆုပ်နဲ့ ဖက်ထုပ်တွေကို အိမ်မှာလုပ်ထားပေးမယ်။ မင်းဗိုက်ဆာရင် စားလို့ရတာပေါ့။"
အမှန်တကယ်တော့ စုန့်တောက်ကျန့်သည် သူ၏ ကိုယ်ပိုင်စားသောက်ဆိုင်ငယ်လေးမှာပင် ဝမ်တန်ကို ချက်ပြုတ်ချင်ခဲ့သည်။ သို့သော် အခုအသက် ကြီးနေပြီဖြစ်သည့်အတွက် အားလုံးကို မသယ်နိုင်တော့ပါ။ နောက်ပြီးတော့ ထိုအရာသည်လည်းအဆင်မပြေပါ။ ဒီမှာပဲချက်ပြုတ်ပြီး ရေခဲသေတ္တာထဲမှာ တခါတည်းအအေးခံလိုက်သည်က ပို၍ ကောင်းပါသည်။ ထိုအတိုင်းသာဆို ထောင်မု စားချင်သည့်အချိန်တိုင်း စားလို့ရပေမည်။
လျှို့ယောင်သည် စုန့်တောက်ကျန့်၏ စကားကိုနားထောင်ပြီး ပြောလိုက်သည်။ "ဆန်နဲ့ မုန့်ညက်ပဲ နှစ်ခုလုံးက အလေးတွေချည်းပဲ။ ခင်ဗျားတို့နှစ်ယောက်အတွက် အဆင်မပြေဘူး။ ဒီလိုဆိုရင်ရော မုံ့ချီနဲ့ ငါ မင်းကို ကားမောင်းပြီး လိုက်ပို့မယ် ပြီးရင် ပြန်လာကြိုမယ်။ ကျုပ်လည်း ခင်ဗျားတို့နှစ်ယောက်ကို ကူပြီး ပစ္စည်းတွေကို အပေါ်ထပ်သယ်ပေးလို့ရမယ်။"
စုန့်တောက်ကျန့်သည် မူလက စားသောက်ဆိုင်တွင် အလုပ်သမားများရှိသည်ဟု ပြောချင်သော်လည်း သူ့တွင် ကားမရှိပေ။ ထို့အပြင် ထောင်မု၏ခံစားချက်များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်!
ထိုကောင်လေးသည် သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့ပြီး သူ့အစ်ကိုယောင်နှင့် အစ်ကိုရှောင်ချီတို့နှင့်အတူ ဟင်းသီးဟင်းရွက်ဈေးသို့အတူတူသွားချင်နေသည်မှာ ထင်ရှားပါသည်။
H မြို့မှာ ဘယ်လို အကျင့်တွေ သင်လာမှန်းကို မသိပါဖူး! ဒီတစ်ခေါက် သူပြန်လာသည့်အခါ အရင်ကထက်ပိုပြီး တွယ်ကပ်နေတာပဲ! တွယ်ကပ်တတ်ဖို့ သင်ယူခဲ့ရုံသာမက ကလေးတစ်ယောက်လို ပြုမူတတ်ဖို့လည်းသင်ယူခဲ့သေးတယ်။ မင်းကို အမြဲတမ်း စိတ်အားထက်သန်စွာ ကြည့်နေပြီး မင်းကို ချော့ဖို့ နူးညံ့သည့် အသံကို အသုံးပြုပေလိမ့်မည်။ သူတို့ဖြစ်ချင်တာကို တစ်စုံတစ်ယောက်မှ သဘောမတူသည့်အခါ ထိုသို့ ပြုမူလိမ့်မည်!
"သွားချင်ရင် သွား!" စုန့်တောက်ကျန့်သည် နှာမှုတ်ရင်း "တစ်ယောက်ယောက်က အလကားလုပ်ပေးချင်နေတာကို ငါကဘာလို့ ညည်းညူနေရမှာလဲ"
ထောင်မု : "ဒါဆို ကျောင်းကို သတင်းပို့ပြီးရင် ဟင်းရွက်ဈေးသွားရအောင်"
လျှို့ယောင်နှင့် မုံ့ချီတို့သည် စောစောထလေ့မရှိသော်လည်း ယနေ့တွင် ထောင်မု ကျောင်းကိုသတင်းပို့သည့်အခါ လိုက်ပို့ချင်သည့်အတွက် ဖြစ်သည်။ မနေ့က လူကြီးနှစ်ယောက်သည် အိမ်ပြန်ရောက်သည့်အခါ ကလေးကောလိပ်သွားတက်သွားမည့် အကြောင်းနှင့် ပတ်သတ်ပြီး တွေးခဲ့သည်။ သတင်းပို့သည့်အခါ သူသည် အခြားကလေးများလိုပင် မိသားစုအားလုံးကို လိုက်စေချင်မှာပင်။ အဖေ၊ အမေ၊ အဖိုး၊ အဖွား၊ အဒေါ်၊ဦးလေးတွေလိုပေါ့!
သူတို့၏ ရှောင်မုတွင် မိဘများမရှိသော်လည်း ထိုကိစ္စကို ဖြစ်မြောက်အောင် လုပ်ပေးရမည်။ ထို့ကြောင့်လျှို့ယောင်နှင့် မုံ့ချီတို့သည် ထောင်မုကို အားပေးရန် စောစောစီးစီး ပြေးလာခဲ့ကြခြင်းပင်။
စုန့်တောက်ကျန့်သည်လည်း ထိုသို့ တွေးခဲ့ပုံရသည်။
ပြီးလျှင် ထိုအကြံကို လူသုံးယောက်လုံး တွေးမိခဲ့ကြခြင်းဖြစ်သည်။ မနက်စာစားပြီးသည့်အခါ ပေကျင်းရုပ်ရှင်တံခါးဝသို့ လမ်းလျှောက်မသွားခင်တွင် သူတို့သည် ထောင်မုအ၀တ်အစားလဲနေသည်ကို တစ်နာရီကျော်ကြာအောင် စောင့်ခဲ့ရသည်။ ထိုအချိန်မှာပင် ကျောင်းအုပ်ထောင်၊ ဖုန်းယွင် ၊ တမောက်နှင့် ရှောင်ဖန်းတို့အား သူတို့မိဘများနှင့်အတူ တွေ့လိုက်ရသည်။
ထောင်မု ထွက်လာသောအခါ လူအုပ်ကြီးသည်​ သူသူ့ကိုဝိုင်းကြည့်နေကြသည်​- "မင်း အခုမှ​ ပြင်ပြီးတာလား? မင်းဘာလို့ စိတ်မလှုပ်ရှားရတာလဲ? ဒါက ပေကျင်းရုပ်ရှင်နော်။ မရေမတွက်နိုင်‌အောင် ချောမောတဲ့ ကောင်လေးတွေနဲ့ ချောမောလှပတဲ့ ကောင်မလေးတွေ နာမည်ကြီးတွေ အများကြီးရှိနေမှာ။ မင်းရဲ့ နာမည်ကြီး အတန်းဖော်တွေကို မင်း မတွေ့ချင်ဘူးလား?"
ထောင်မုသည် တမောက်နှင့် ရှောင်ဖန်းတို့ကို တအံ့တသြကြည့်ကာ "မင်းတို့ ဒီကို ဘာလို့ ရောက်နေတာလဲ?"
ထို့နောက် မိဘများအား "မင်္ဂလာပါ ဦးလေးတို့ အဒေါ်တို့" ဟု နှုတ်ဆက်လိုက်သည်။
"ရှောင်မုက ပိုပိုပြီး ချောလာတာပဲ" ဦးလေးနှင့် အဒေါ် နှစ်ယောက်သည် ထောင်မု၏ ပိုချောမောလာသော မျက်နှာနှင့် ပို၍ သပ်ရပ်လှပလာသော ၀တ်စားဆင်ယင်မှုကို ကြည့်ပြီး "စူပါစတားကြီးတစ်ယောက်လိုပါပဲ" ဟု မချီးမွမ်းပဲ မနေနိုင်ပေ။
သူတို့သည် အလွန်ချီးမွမ်းပြောနေခြင်း မဟုတ်ပေ။ ထောင်မု ပြန်မွေးဖွားပြီးနောက် သူ၏ဖက်ရှင်အတွေးအခေါ်နှင့် ဝတ်စားဆင်ယင်မှုပုံစံသည် နောက်ဆယ်နှစ်မှ ပုံစံများဖြစ်သည်။ သူ၏အရင်ဘဝတွင် သူသည် ဖျော်ဖြေရေးနယ်ပယ်တွင်ထိပ်ဆုံးတွင် ရှိနေခဲ့သည်။ သူ့တွင် ကိုယ်ပိုင်အေဂျင်စီအဖွဲ့နှင့် မိတ်ကပ်အဖွဲ့ရှိသည်။ ရှန်းမိသားစုသို့ ပြန်ရောက်ပြီးနောက်တွင် အထက်တန်းစားများ၏ကျင့်ဝတ်များကို ရည်ရွယ်ချက်ရှိရှိ လေ့လာခဲ့သည်။ ထို့ကြောင့် သူ၏ ဝတ်စားဆင်ယင်မှုပုံစံသည်ပို၍ သပ်ရပ်လာကာ အပြောအဆို ပိုတင့်တယ်လာပြီး အမူအရာသည်လည်း ပို၍ ပြီးပြည့်စုံလာသည်။
လွန်ခဲ့သော ဆယ်နှစ်ကျော်မှ ပုံစံများကို ယခု ပစ္စုပ္ပန်တွင် လက်တွေ့ကျကျ ၀တ်ဆင်ထားသည့် ထောင်မုသည် သူ့ရွယ်တူများကြားတွင် ပေါ်လွင်နေပါသည်။ သိမ်မွေ့သော အပြုံးဖြင့် မတ်တပ်ရပ်နေရုံဖြင့် တစ်ကိုယ်လုံးတောက်ပနေပြီး သူ့ပတ်ဝန်းကျင်ရှိလူများသည် သူ့ကို စိုက်ကြည့်နေကြမည် ဖြစ်သည်။
ပေကျင်းရုပ်ရှင်တံခါးတွင် ထိုင်နေသည့် သတင်း‌ထောက်တစ်ယောက်သည် ကင်မရာနှင့်မိုက်ကရိုဖုန်တို့ဖြင့် ထောင်မုကို အင်တာဗျူးချင်နေခဲ့သည်။
ထောင်မုသည် သတင်းထောက်ကို စိတ်မဝင်စားသည့်ပုံဖြင့် ရှောင်လိုက်သည်။
ကျောက်မီးသွေးသူဌေး မစ္စတာဝမ်သည်တစ်ခုခုကို စဉ်းစားနေခဲ့သည် " ရှောင်မု၊ မင်းဦးလေးနဲ့ ဘယ်အချိန်လောက် စကားပြောလို့ ရမလဲ? " နိုင်ငံတကာရေနံအနာဂတ်ကို တိုတိုကောက်ချခြင်းသည် အမှန်တကယ် ယုံကြည်စိတ်ချရမှုရှိ၊ မရှိကို ထောင်မု အားမေးလိုသည်။ တကယ်ယုံကြည်ရလျှင် သူသည် ပိုက်ဆံကို အဆင်သင့်ပြင်ထားလိမ့်မည်!
ထောင်မု ပြုံးလိုက်ပြီး "ကိစ္စမရှိပါဘူး"
သူဌေးဝမ်သည် အနည်းငယ်စိုးရိမ်နေသေးကာ "ငါပြောမယ် ရှောင်မု၊ မင်းအဲ့ဒါနဲ့ ပတ်သတ်ပြီးဘယ်လို----"
သူစကားမဆုံးခင်မှာပင် တမောက်သည် သူ့အဖေကိုစိတ်မရှည်စွာဖြင့် ဆွဲခေါ်လိုက်ပြီး "အိုက်ယား၊ အဖေက ပျင်းစရာတွေချည်းပဲ ပြောနေတာ မပြီးနိုင်ဘူး! အခုမြန်မြန်သွားပြီး သတင်းပို့လိုက်ကြရအောင်။ မင်းတို့တွေ စိတ်မလှုပ်ရှားကြဖူးလား ဒါပေမယ့် ငါကတော့ ကြယ်ပွင့်ကြီးတွေကိုကြည့်ချင်လှပြီ"
ကြယ်ပွင့်ကြီးများအပြင် ချောမောလှပသည့် မိန်းကလေးများလည်း ရှိသေးသည်။ တမောက်သည် ပြည်တွင်းရှိ ပိုလီနည်းပညာတက္ကသိုလ်တစ်ခု၏ ဗိသုကာဌာနသို့ လျှောက်ထားခဲ့သည်။ ထို့ကြောင့် မိမိကျောင်းရှိ မိန်းကလေးများ၏ အရည်အသွေးနှင့် အရေအတွက် နည်းပါးမှုကိုစိတ်ကူးကြည့်နိုင်သည်။ ရှောင်ဖန်း၏ အခြေအနေသည်လည်း တမောက်နှင့် အတူတူပင်။ အခက်အခဲကြုံတွေ့နေရသော ညီအစ်ကိုနှစ်ယောက်သည် ထောင်မု၏ တက္ကသိုလ်တွင် ၎င်းတို့၏ အချစ်ဦးကို ရှာဖွေရန်အားတင်းနေကြသည်!
ထိုစကားကိုကြားသည့်အခါ ထောင်မု ရယ်လိုက်ပြီး ငယ်သူငယ်ချင်းနှစ်ယောက်သည် သူ့အား ကျောင်းထဲသို့ တွန်းပို့လိုက်ကြသည်။
ဖုန်းယွင်သည် ကျောင်းအုပ်ထောင်ကို ကူရန်လိုအပ်သောကြောင့် အနောက်တွင် ရပ်နေပြီး ထိုသုံးယောက်၏ နောက်ကျောကို စိုက်ကြည့်ကာ စိုးရိမ်တကြီးနှင့် ညည်းတွားနေလိုက်သည်- "မင်းက ဘာ ဘာလို့ တွန်းနေတာလဲ? မရင့် ရင့်ကျက်တဲ့အပြင် အစ်ကိုကြီးမု မုရဲ့ မျက်နှာလောက်တောင် ကြည့် ကြည့် ကြည့်မကောင်းဘူး"
ကျောင်းအုပ်ထောင်သည် ပြုံးပြီး ဖုန်းယွင်၏ ဖောင်းဖောင်းလေးဖြစ်နေသောဆံပင်များကို ပွတ်သပ်ကာ "မင်းလည်းပဲ လိုက်သွားလို့ရတယ်"
ဖုန်းယွင်သည် ခဏလောက်စဉ်းစားပြီး ခေါင်းခါလိုက်သည် "မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော် ကျောင်းအုပ်ထောင်နောက်ပဲ လိုက်ချင် လိုက်ချင်တယ်" ကျောင်းတွင် လူများလွန်းသဖြင့် ပခုံးချင်း ပွတ်ကာ တွန်းတိုက်ရင်း သူတို့၏ကျောင်းအုပ် တွန်းခံရမည်ကို ကြောက်သည်။
တစ်ဖက်တွင် တမောက်နှင့် ရှောင်ဖန်းတို့သည် ၎င်းတို့ပတ်ဝန်းကျင်ရှိ များပြားသော ပေကျင်းရုပ်ရှင် အတန်းဖော်များကို ကြည့်ကာ သူတို့သည် ကြည့်လို့မ၀ပဲဖြစ်နေကြသည်။ တရုတ်သရုပ်ဆောင်များသည် ပေကျင်းရုပ်ရှင်၏ ပုခက်ထဲမှသာ ဖြစ်သည်ဆိုသည့်အချက်မှာ မအံ့ဩစရာပင်မရှိပေ။ ကျောင်းသားအားလုံး၏ အသွင်အပြင်သည် လုံး၀ချောမောကြသည်။ ယောက်ျားလေးများ၏ မျက်နှာသွင်ပြင်ကို ကောင်းစွာသတ်မှတ်ထားပြီး ရုပ်ရည်မှာ ကျက်သရေရှိစေသည်။ ရှည်လျားသောဆံပင်နှင့် ပထမဆုံးအချစ်နတ်ဘုရားမပုံသဏ္ဍာန်ကဲ့သို့သော မိန်းကလေးများအပြင် သပ်သပ်ရပ်ရပ်ဖြင့် ယုံကြည်မှုရှိသောဆံပင်တိုနှင့် မိန်းကလေးများလည်း ပါဝင်သည်။ နူးညံ့သိမ်မွေ့ပြီး မိန်းမဆန်သော သို့မဟုတ် စွဲမက်ဖွယ်ကောင်းပြီးဆွဲဆောင်မှုရှိသော သို့မဟုတ် ချစ်စရာကောင်းပြီးအသက်ဝင်သည် သို့မဟုတ် ဖြူစင်ပြီး ချစ်စရာကောင်းသည့် တစ်စုံတစ်ယောက်သည် အခြားကျောင်းများတွင်နံပါတ်တစ် အလှဆုံးအဆင့်တွင် ရှိနေမည်ဖြစ်သည်။
"မဖြစ်တော့ဘူး! မဖြစ်တော့ဘူး! ငါသေတော့မယ်။ မုကော၊ အခုကစပြီး ငါမင်းကိုတွေ့ဖို့ အပတ်တိုင်း မင်းကျောင်းကို လာခဲ့မယ်။ မင်းသာငါ့ကို ကောင်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်ဆိုရင် အရမ်းကျေးဇူးတင်မိမှာပဲ!"
တမောက်၏ ယုံကြည်မှုရှိနေသည့်ပုံနှင့် ယှဉ်လျှင် ရှောင်ဖန်းသည် အနည်းငယ် စိုးရိမ်နေသည်"ငါ ဘာလုပ်ရမလဲ? ဒီကောင်မလေးတွေ ငါ့ကိုကြိုက်မှာ မဟုတ်လောက်ဖူး။ ငါ ဝိတ်ချသင့်လား?"
အိမ်မှာ မိုင်းတွင်းတစ်ခုလုံးရှိသည့် တမောက်သည် မျက်နှာဝိုင်းဝိုင်းရှိသည့် ရှောင်ဖန်း၏မျက်နှာသွင်ပြင်ကို တစ်ချက်ကြည့်လိုက်ပြီး "မိန်းကလေးတွေက မင်းကို ဝနေလို့ မကြိုက်တာမဟုတ်ပဲ မ‌ချောလို့မကြိုက်တာလို့ ငါထင်တယ်။"
မင်းသာ ရုပ်ချောမယ်ဆိုရင် ၀တဲ့သူတွေတောင်ရည်းစားရှာလို့ရတယ်။
ရှောင်ဖန်း၏ မျက်နှာသည် ပြောင်းလဲသွားပြီး သူ၏ဖြူသော ဖရဲသီးမျက်နှာသည် ချက်ချင်းပင် နက်မှောင်သော ဖရဲသီးမျက်နှာ ဖြစ်သွားသည်!
လူတွေ ကြွေသွားအောင် ဘယ်လိုလုက်ရမလဲ! သူ့မျက်နှာကို ပြောင်းလို့ရရင် ပြောင်းပစ်လိုက်ချင်တယ်!
ထောင်မုသည် မရယ်ပဲ မနေနိုင်တော့ပေ။ ထိုအချိန်တွင် ကျောင်းသားသစ်များကို ကြိုဆိုရန်တာဝန်ယူထားသော ဒုတိယနှစ်ကျောင်းသူအစ်မကြီးများသည် သူ့နားရောက်လာကြပြီး စကားပြောခဲ့ကြသည်။ တောက်ပသောမျက်လုံးများဖြင့် သူတို့သည် "အတန်းဖော်၊ မင်းရော ဒီမှာ သတင်းပို့ဖို့လား?" လို့မေးသည်။
"အတန်းဖော် မင်းက သရုပ်ဆောင်ဌာနကလား?"
"အတန်းဖော် မင်းနာမည်ဘယ်လိုခေါ်လဲ?"
"အတန်းဖော်၊ ပြန်ရင် မင်းကို လိုက်ပို့ပေးမယ်။ ငါက ကျောင်းသားကောင်စီမှာ ရှိတယ်။ မင်းလည်း ငါနဲ့အတူ လိုက်လို့ရတယ်၊ တန်းစီဖို့မလိုဘူး။"
"အတန်းဖော်......"
ထောင်မု၏ တစ်ဖက်တစ်ချက်စီတွင် ရပ်နေသော တမောက်နှင့် ရှောင်ဖန်းတို့မှာ မိန်းကလေးအုပ်စုတစ်စုကြောင့် ရုတ်တရက် နောက်သို့ရောက်သွားကြသည်။ လှပသည့် အစ်မများအလယ်တွင်ရှိနေသည့် ထောင်မုကို ကြည့်ပြီး ငှက်တွေလို အော်ဟစ်ချင်လာပြီး ရုတ်တရက် နှလုံးဖောက်ချင်စိတ်များပင် ဖြစ်လာသည်။
ကိုယ့်ကို တခြားသူများနှင့် နှိုင်းယှဉ်လိုက်လျှင်သေသည်အထိ ဖြစ်သွားစေမည့် အခြေနေသည် ဘယ်လိုမျိုးဖြစ်မလဲ? ၎င်းသည် တိုက်ရိုက်နှိုင်းယှဉ်သည့် အချိန်မျိုးဖြစ်သည်! ဒီမိန်းကလေးတွေက အပေါ်ယံဆန်လွန်းတယ်မဟုတ်ဘူးလား? မုကောရဲ့ မျက်နှာကို ဘယ်လိုလုပ်ပြီးအလွယ်တကူ ဖမ်းစားနိုင်ပါ့မလဲ? သူတို့အတွင်းစိတ်လှအောင် စိတ်ရှည်ရှည်နဲ့ ဂရုတစိုက် မမွေးနိုင်ကြဘူးလား?
ငါက ၀ပေမယ့်လည်း (ရုပ်ဆိုးပေမဲ့) ငါက အရမ်းနူးညံ့တယ် (ချမ်းသာတယ်)!
တမောက်နှင့် ရှောင်ဖန်းတို့လို မဟုတ်ဘဲ လျှို့ယောင်၊ မုံ့ချီ၊ အဖိုးအိုစုန့်နှင့် ကျောင်းအုပ်ထောင်တို့သည် အမျိုးသမီးအတန်းဖော်များ ဝန်းရံထားသော ၎င်းတို့၏ ခွေးပေါက်ကလေးကို ဂုဏ်ယူစွာဖြင့် ကြည့်နေကြသည်။ ဖုန်းယွင်လေးသည် ဂုဏ်ယူနေသည့်ပုံဖြင့် သက်ပြင်းချရင်း " အံ့ဩ အံ့ဩစရာ မရှိပါဖူး ငါ့မု မုကောကအရမ်းဆွဲဆောင်မှုရှိတာကို"
ထောင်မုမှာ စိတ်အားထက်သန်စွာ ဝန်းရံထားကြသည့် အစ်မကြီးအုပ်စု၏ ဧည့်ဝတ်ကျေပွန်မှုကို ငြင်းဆန်ရန် ခက်ခဲသည်။ နောက်ဆုံးရလဒ်မှာ နောက်ကျမှရောက်လာသော သူသည် မနက်စောစော သတင်းပို့သည့် အတန်းဖော်များထက် သူ့အိပ်ဆောင်သော့ကို အမှန်တကယ်ပင် မြန်မြန်ယူနိုင်ခဲ့သည်။
ရှောင်ဖုန်းယွင်၊ တမောက်နှင့် ရှောင်ဖန်းတို့သည် ကျောင်းမှထုတ်ပေးသော စောင်များ၊ နံရံကပ် လက်ဆေးကန်နှင့် ရေနွေးအိုးများအားလုံးကို အိပ်ဆောင် 301 သို့သယ်လာသောအခါတွင် အတန်းဖော်တစ်ဦးရှိနေပြီဖြစ်သည်။
သူတို့ လူအုပ်ကြီးသည် အိပ်ခန်းအသေးလေးနှင့် အပြည့်ပင်ဖြစ်သည်။ သန့်ရှင်းရေးလုပ်နေသည့် လူသုံးယောက်သည် ချက်ချင်း လှည့်ကြည့်လာကြသည်။
"ဟယ်လို၊ ငါ့နာမည် ထောင်မုပါ။ငါတို့ကနောက်လေးနှစ်လောက်အထိ အတူနေရမယ့် အခန်းဖော်မို့လို့ ငါ့ကို ဂရုစိုက်ပေးပါအုံးနော်" ပြင်ပလူများရှေ့တွင် ထောင်မုသည် ထိုလူကိုဦးစွာ နှုတ်ဆက်သည်။
"မင်္ဂလာပါ ဦးလေး၊ အဒေါ်"
" မင်္ဂလာပါ အတန်းဖော်" အပေါ်ထပ်မှာ သူ့သားအတွက် အိပ်ယာလုပ်နေသည့် အမေချူသည် သတိထားပြီး ပြုံးလိုက်သည်။ တခြားဘာအကြောင်းမှ မရှိသော်လည်း ထောင်မု၏ ဩဘာသည် ပြင်းထန်လွန်းလှသည်- ယခုအချိန်တွင် သူ၏ အသွင်အပြင်၊ စိတ်နေသဘောထား၊ အပြောအဆို၊ အမူအရာနှင့် အားကစားဝတ်စုံဝတ်ထားသည်ကို ဖယ်ထားလိုက်ပြီး သူသည်အနီရောင်ကော်ဇောပြင်ပေါ်တွင် လမ်းလျှောက်နေသည့်ပုံစံကိုသာ ချက်ချင်းအစားထိုးကြည့်ရှုလိုက်လျှင် ဤမိဘများကို အသက်ရှူကျပ်စေနိုင်သည်။
အခန်းအလယ်မှာထားရှိသည့် စာအုပ်စင်နှင့်
စားပွဲခုံများကို သုတ်ရန် အဝတ်စုတ်ကိုကိုင်ထားသည့် အဖေချူသည် သူ့သားကို လက်ညှိုးထိုးပြပြီး "ဒါက ဦးလေးသား ချူဆွေ့အန်း ပါ။ ရှောင်အန်း၊ တခြားသူတွေကိုနှုတ်ဆက်လိုက်အုံး!"
"မင်္ဂလာပါ။" သူသည် အရပ် ၁.၈ မီတာရှိပြီး နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်ကြောင့် အနည်းငယ်မိန်းကလေးဆန်သည်ဟု ထင်ရသည်။ လွမ်းရိပ်သန်းနေသော ချောမောသည့်ကောင်လေးသည် ထောင်မုအား ရှက်ရွံ့စွာပြုံးပြခဲ့သည် "ကျွန်တော်က ချူဆွေ့အန်းလို့ခေါ်ပါတယ်၊ ရှန်ဟိုင်းဇာတိပါ"
အနာဂတ် ရွှေလီလီတီဗီဧကရာဇ်! မီဒီယာများဆီမှ စံပြပုဂ္ဂိုလ်အဖြစ် ချီးကျူးခံရပြီး ကမ္ဘာမြေကြီးပေါ်ရှိ လူသားတိုင်းလက်ထပ်ချင်ကြသည့် ချူဆွေ့အန်း ဖြစ်သည်!
ထောင်မု၏ ပါးစပ်တွင် ပြီးပြည့်စုံသော အကွေ့အကောက်တစ်ခု ဖြစ်လာသည်။ "ကျွန်တော်က ပေကျင်းမြို့ခံတစ်ယောက်ပါ။ ကျွန်တော့်အိမ်က ဒီနားလေးမှာပါ။ လူတိုင်း နေရာချပြီးသွားရင် ကျွန်တော်အရာသာရှိတာလေးတွေ လိုက်၀ယ်ကျွေးပါရစေ။ ကျွန်တော်တို့ ပေကျင်းရဲ့ ရှေးရိုးအတိုင်းပြုတ်ထားတဲ့သိုးသားကို ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။"
ချူဆွေ့အန်းသည် ရှက်ရွံ့စွာဖြင့် ပြုံးလိုက်ပြီး "ကျွန်တော် ဒီလိုအစားအစာ‌တွေကို အရမ်းကြိုက်ပါတယ်။" ခေတ္တနားပြီးနောက်တွင် သူသည် အလွန်ယဉ်ကျေးသိမ်မွေ့ခြင်းမရှိသလို ခံစားရသည့်အတွက် ထောင်မုအား ရှက်ရွံ့စွာ ပြုံးပြကာ တိုးညှင်းသောအသံဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။
ထောင်မု၏ မျက်ခုံးမွှေးများသည် ပြုံးကာ ကွေးသွားပြီး သူ့လက်ကို ဂရုမစိုက်ဘဲ ဝှေ့ယမ်းလိုက်သည်- "ကြိုဆိုပါတယ်" ချူဆွေ့အန်းသည် ထိုသို့ကြိုက်နှစ်သက်သည်ကို သူသိပါသည်။ အကြောင်းမှာ သူသည် ထိုအရာကို ကြိုက်နှစ်သက်ကြောင်း မီဒီယာအင်တာဗျူးတစ်ခုတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့အပြင် ချူဆွေ့အန်းသည် ပေကျင်းတွင် အခြေချနေထိုင်သည့် နှစ်များအတွင်း သူသည် သူ၏သူငယ်ချင်းများနှင့်အတူ ဟော့ပေါ့စားနေသည့်အခါ မီဒီယာ သတင်းထောက်များ၏အကြိမ်များစွာ ဓာတ်ပုံရိုက်ခြင်းခံခဲ့ရသည်။
ထောင်မု၏ စိတ်အားထက်သန်မှုကို တွေ့ရသည့်အခါ ချူဆွေ့အန်းသည် ရှက်ရွံ့စွာ ပြုံးပြန်သည်။ အမှန်တော့ သူသည် စကားအများကြီးမပြောတတ်သည့် လူတစ်ယောက်ဖြစ်သည်။ သူမလာခင်တွင် သူ့မိဘများသည် သူတို့သားလေး၏သစ်တုံးတစ်ခုလိုမျိုးအတန်းဖော်များကို မည်သို့ဆက်သွယ်မည်ကို စိုးရိမ်နေကြသည်။ သို့သော် ယခု ထောင်မုကိုတွေ့သည့်အခါ ဇနီးမောင်နှံသည် စိတ်သက်သာရာရသွားလေသည်။
အိပ်ဆောင်ရှိ အခြားအခန်းဖော် နှစ်ယောက်သည် မည်သို့ပင်ရှိစေကာမူ အနည်းဆုံး ထောင်မုသည် သွားလာရလွယ်ကူပြီး ဆက်သွယ်ရလွယ်ကူသည်။
အမေချူသည် ထောင်မုနောက်ကွယ်မှ လူအုပ်စုကြီးကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်ကာ "ကျောင်းသား ထောင်မု၊ ဒါတွေအားလုံးက မင်းရဲ့ မိသားစုဝင်တွေလား?" ဟု မေးလိုက်သည်။
ထောင်မုသည် ရုတ်တရက် နေရောင်ကဲ့သို့ တောက်ပစွာ ပြုံးလိုက်ပြီး "အင်း~ဒါက ကျွန်တော့်အဖိုးနဲ့ အဖွား၊ ဒီနှစ်ယောက်က ကျွန်တော်အစ်ကိုကြီး၊ ဒါကတော့ ကျွန်တော့် ညီလေးပါ။သူတို့နှစ်ယောက်က ကျွန်တော့်ရဲ့ ငယ်သူငယ်ချင်းတွေ၊ ဒါကတော့ သူတို့ရဲ့မိဘတွေပါ။ သူတို့အကုန်လုံး ကျွန်တော့်ကို ကျောင်းလိုက်ပို့ကြတာပါ။"
ထောင်မုမှ စုန့်တောက်ကျန့်အား အပြင်လူများထံသို့ အဖိုးအဖြစ် မိတ်ဆက်ပေးသောအခါ သူသည် ဝမ်းသာအားရဖြင့် ရင်ဘတ်ကို ဖွဖွလေး ပွတ်နေလေသည်။ ကျောင်းအုပ်ထောင်သည်လည်း ထောင်မုကို ချစ်စဖွယ် ကြည့်နေသည်။
မိဘမဲ့ကျောင်း၏ ပညာရေးပတ်ဝန်းကျင်သည်သာမန်လူများလောက် မကောင်းမွန်သည့်အပြင်တက္ကသိုလ်သို့ ဝင်ရောက်နိုင်သည့် ကလေးအနည်းငယ်သာ ရှိသည်။ မသင်မနေရ ပညာသင်ကြားမှု ကိုးနှစ် ပြီးမြောက်ပြီးနောက် ကျောင်းမှထွက်ပြီးကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ရန် အလုပ်လုပ်ချင်ကြသည်။ ထို့ကြောင့် ကျောင်းအုပ်ထောင်သည် ဤနှစ်များစွာအတွင်း သူမ၏ကလေးများကို ကောလိပ်သို့ ပို့ခဲသည်။ ယခုတော့ ထောင်မုသည် သူ့ကိုယ်သူ ကောင်းမွန်စွာလုပ်ဆောင်နေသောကြောင့် သူမသည် သူ့ကလေးအတွက် ပျော်ရွှင်နေမိသည်။
ဆန့်ကျင်ဘက်အနေနှင့် လျှို့ယောင်သည် အနည်းငယ်မျက်မှောင်ကြုတ်ကာ ထောင်မု၏ မိတ်ဆက်ပေးမှုကို မကျေနပ်ပေ။ အဖေတာဝန်ယူသင့်သည်ဟု သူထင်သည်။ အပြင်လူများရှေ့တွင်ခွေးကလေးသည် သူ့အား အစ်ကိုကြီးအဖြစ် အဘယ့်ကြောင့် မိတ်ဆက်ပေးရသနည်း? ဒေါသကြီးပြီး ခေါင်းမာသော အဖိုးအိုပင်လျှင် အဖိုးဖြစ်ရသည်။ အဖေဖြစ်မလာနိုင်ရင်တောင် အနည်းဆုံးတော့ မွေးစားအဖေဖြစ်သင့်တယ် မဟုတ်လား?
လူများသတိမထားမိသည့်အချိန်တွင် မုံ့ချီသည် သူဌေးလျှို့၏ လက်ဖဝါးကို ညှစ်ထားပြီး အဖိုးအိုစုန့်ကို ထပ်မံ စိုက်ကြည့်လိုက်သည်။ သူပြောသည့် အဓိပ္ပာယ်သည် ကျင်းဟူတွင် ရပ်တည်နေသော အစ်ကိုယောင်သည် တစ်သက်လုံး အဖိုးကြီး၏ မျိုးဆက်သစ်လူငယ်တစ်ဦးအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခြင်းမျိုးထက် သာလွန်ပါသေးသည်။ လျှို့ယောင်သည် ထိုသို့ တွေးမိပြီး ကျေနပ်လိုက်သော်လည်း နောက်တစ်ခါ ထပ်တွေးကြည့်လိုက်သည့်အခါ ခွေးကလေးသည် သူ့အား ဦးလေးအဖြစ် မိတ်ဆက်ပေးလို့ရသည့်အပြင် အဖိုးအဖြစ်ပါထည့်သွင်းလို့ရပါသေးသည်။
ဘယ်သူလဲ အဖိုးက? ဘယ်သူလဲ မြေးက! သက်ကြီးရွယ်အိုတွေကို ဒီလိုဆုံးဖြတ်တဲ့နည်း ရှိပါသလား? ဒီတော့ သူက ဘယ်လို အဆင့်မျိုးပဲဖြစ်ဖြစ် သူက နိမ့်ကျတဲ့ မျိုးဆက်ပဲရှိသေးတာလား?
သူဌေးလျှို့သည် စူးစူးဝါးဝါးကြည့်နေပြီး ပေါက်ကွဲတော့မည့် အတိုင်းဖြစ်နေသည်။ တခြားသူများ သတိမထားမိချိန်တွင် မုံ့ချီသည် သူ့လက်ဖဝါးကိုအကြိမ်ပေါင်းများစွာ ညှစ်လိုက်သည့်အခါ ချက်ချင်း ငြိမ်သက်သွားတော့သည်။
ရှောင်ဖုန်းယွင်သည် ကျောင်းအုပ်ထောင်ကို ထိန်းပေးရင်း သူ့ကိုယ်သူ တိတ်တဆိတ် တခစ်ခစ်ရယ်နေသည်။ သူသည် သူ့မုကော၏ ညီငယ်ဖြစ်ပြီး သွေးရင်းသားရင်းများထက် ပိုရင်းနှီးသည်ဟုလည်း သူခံစားမိသည်။ ယခုလို တရားဝင် တံဆိပ်တုံးထုပြီးတာတောင် သူမှာ မကျေနပ်နိုင်သေးပါပေ။
အမေချူသည် ငြူစူသည့်အကြည့်နှင့် "ဒေသခံ အိမ်ရှိတယ်ဆို‌တော့ ပိုကောင်းတာပေါ့။ ကလေးတွေကိုကျောင်းပို့တဲ့အခါ လူတော်တော်များများလည်း လာကြတယ်။ ကျွန်မတို့ မိသားစုမှာတော့ ကျွန်မနဲ့ သူ့အဖေပဲ လိုက်ပို့လိုက်တာပါ။ သူ့အဖိုးအဖွားတွေက‌တော့ အိမ်မှာပဲ ကျန်ခဲ့ကြတယ်၊ ကျွန်မတို့လို တောင်ပိုင်းသားတစ်ယောက်က မြောက်ကိုသွားတဲ့အခါ အစားအသောက်နဲ့ ပတ်ဝန်းကျင်က ဘယ်လိုအဆင်‌ပြေနိုင်ပါ့မလဲ? ကျွန်မသူ့ကို မေးတော့ သူက ပထမနေရာကို ရှန်ဟိုင်းပြဇာတ်အကယ်ဒမီမှာလျှောက်လွှာတင်မယ်လို့‌ပြောတယ်။ တကယ်တမ်း ပြောရရင် ရုပ်ရှင်ကျောင်းတွေအားလုံးက ဘာကွာတာမို့လို့လဲ? ဒါပေမယ့် သူက ရှန်ဟိုင်းပြဇာတ်အကယ်ဒမီက ကြယ်ပွင့်တွေလည်း အများကြီးရှိတယ်တဲ့လေ။"
"အမေ!" ချူဆွေ့အန်းသည် အမေချူ၏စကားများကို မကျေမနပ်ဖြင့် နှောင့်ယှက်ကာ ရှန်ဟိုင်းဘာသာစကားဖြင့် " အမေမသိရင် ဘာမှ မပြောပါနဲ့။ ကြယ်ပွင့်ဖြစ်ချင်တာမဟုတ်ပါဖူးဆို‌ သရုပ်ဆောင် ဖြစ်ချင်ရုံတင်ပါလို့....."
ချူဆွေ့အန်းသည် စကားဆုံးအောင်မပြောခင်တွင် သူသည် အပြင်လူများရှေ့တွင် သူ့ဇာတိဒေသိယစကားပြောလိုက်မိသည်ကို ချက်ချင်းသတိထားမိသွားသည် "ဘာပဲဖြစ်ဖြစ် ကျွန်တော် ပေကျင်းရုပ်ရှင်ကိုသွားချင်တယ်"
"ကောင်းပြီလေ၊ ငါမပြောတော့ဘူး။ အိုက်ယိုး၊ ဒီကလေးက အရွယ်ရောက်နေပြီ။ လူကြီးစကား နားထောင်ရတာကို မကြိုက်တော့ဘူး။" အမေချူသည် အခန်းထဲရှိ အမျိုးသမီးများကို ကြည့်ပြီး အပြုံးဖြင့် ရှင်းပြသည်။
"အဲဒါအမှန်ပဲမဟုတ်လား!" တမောက်နှင့် ရှောင်ဖန်းတို့၏ မိခင်များသည်လည်း ပဲ့တင်ထပ်သည်။ ထို့ကြောင့် လူလတ်ပိုင်းအမျိုးသမီးအနည်းငယ်သည် စုရုံးလာပြီးအချင်းချင်း စကားစမြည်ပြောကြသည်။
ထောင်မုသည် သူ့အိပ်ရာသို့သွားကာ အိပ်ယာကိုခင်းလိုက်သည်။ သူသည် အလုပ်တွင် စွဲမြဲနေသူတစ်ဦးဖြစ်သောကြောင့် သူ၏လှုပ်ရှားမှုများသည် လျင်မြန်ပြီး ချောမွေ့သည်။ ခဏအကြာတွင် သူ့အိပ်ရာဗီရိုများအားလုံးကို သန့်ရှင်းရေးလုပ်လိုက်သည်။ ချူဆွေ့အန်းသည် ထောင်မုအား စိတ်အားထက်သန်စွာ ကြည့်နေခဲ့ပြီး စကားစမြည်ပြောရန်မည်သို့ပြုလုပ်ရမည်ကို တွေးနေခဲ့သည်။ ရုတ်တရတ် အပြင်မှာဆူညံသံများကြားလိုက်ရပြီး ကျန်သည့် အခန်းဖော်နှစ်ယောက်ရောက်လာသည်။
"အို ဘုရား၊ ငါ မောနေပြီ၊ ငါ ချွေးတွေ ထွက်နေတယ် -- ဒီမှာ ဘာလို့ လူတွေ ဒီလောက်များနေရတာလဲ!"
အပြင်ဘက်မှ ကျယ်လောင်သော အသံကို ကြားလိုက်ရပြီး အရပ် ၁.၉ မီတာရှိသော မျက်ခုံးမွှေးထူထူနှင့် ကောင်လေးသည် လမ်းလျှောက်၀င်လာသည် "ဒါက 301 လား?"
"ဟုတ်ပါတယ်" ထောင်မုသည် သူပေါ်လာသည်နှင့်တပြိုင်နက် သူ၏ဟာသအမိုက်စားကို ယူဆောင်လာပေးသော ဤလူသစ်ကို ကြည့်ပြီး "ငါက ထောင်မု ပါ" ဟုပြုံးကာ မိတ်ဆက်လိုက်သည်။
"ကျွန်တော်က တုခမ်း ပါ။ ချောင်ချောင်ရေးတဲ့ ကဗျာထဲက 'ဝမ်းနည်းခြင်းကနေဘယ်လို လွတ်နိုင်မလဲ?' 'တုခမ်း ရဲ့ဝိုင်ကြောင့်ပဲ'။ (TN: တုခမ်း သည် ရှေးဦးဝိုင်တီထွင်သူဖြစ်သည်။ ချောင်ချောင်သည် နိုင်ငံရေးသမားဖြစ်ပြီး ဟန်‌ အဆုံးသတ် ကဗျာများ၊ လက်ရေးလှသမား၊ စစ်ဘုရင်၊ ချောင်ဝေ့၏ ဘုရင်နှင့် တည်ထောင်သူဖြစ်သည်) ထိုကောင်လေးသည် သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး "ငါက အရှေ့မြောက်ကပါ။ ဒါက ငါတို့အခန်းဖော် ဝမ်ပေါင်လို့ခေါ်တယ်"
တုခမ်းသည် စကားပြောနေရင်းနှင့်ပင် သူ့ နောက်ရှိ အရပ် ၁.၇၅ မီတာခန့်ရှိပြီး ချစ်စရာကောင်းသည့် အပြုံးမျက်လုံးတစ်စုံရှိသည့်ကောင်လေးကို ဆွဲခေါ်လိုက်သည်။
ကောင်လေးသည် မျက်ခုံးကို ကွေးပြီး လူတိုင်းကို ပြုံးပြနေသည်။ သူ၏ပုံစံသည် ငါးခိုးလာသည့် ကြောင်တစ်ကောင်လိုပါပင် "ဟဲလို အားလုံးပဲ ကျွန်တော်က ပေကျင်းက ဝမ်ပေါင်ပါ။ နေ့လည်ခင်းရောက်ခါနီးပြီဆိုတော့ ကျွန်တော်အားလုံးကို နေ့လည်စာစားဖို့ လိုက်ကျွေးမယ်ဆိုရင်ရော? ကျွန်တော်တို့ ပေကျင်းရဲ့ အထူးဟင်းဆိတ်သားပြုတ်ဆိုရင်ရော ဘယ်လိုလဲ?"
ထောင်မုသည် ချက်ချင်းပင် ကြည်နူးသွားတော့သည်။ သူအပါအဝင် အ‌ဆောင်ထဲရှိ လူလေးယောက်သည် ရွှေလီလီတီဗီဧကရာဇ်, ရွှေကျီးကန်းရုပ်ရှင်ဧကရာဇ်, ရွှေခေါင်းလောင်းနဲ့ရွှေကျီးကန်းနှစ်ထပ်ကွမ်း ရုပ်ရှင်ဧကရာဇ်ဖြစ်တဲ့အပြင် ရွှေလီလီတီဗီဧကရာဇ်ရယ်၊ ရွှေဆင်အကောင်းဆုံးဒါရိုက်တာတို့ ဖြစ်ကြသည်။။
-- သူတို့အဖွဲ့က လုံးဝကိုပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုပဲ~
***

ပြန်လည်မွေးဖွားလာသော အမြှောက်စာဇာတ်ကောင်လေးWhere stories live. Discover now