Dawn-23

193 28 34
                                    

Dawn-23

နေဝင်ချိန်တိုင်းဟာ ကတိစကားတစ်ခုကို ချန်ထားတတ်ကြတယ်။ လှပတဲ့ အရုဏ်ဦးနဲ့အတူ တဖန်ပြန်လည် စတင်မယ်ဆိုတဲ့ ကတိပေါ့။ ကျွန်တော့်ဘဝကလည်း ဒီအတိုင်းပါပဲ။ မှောင်မိုက်နေတဲ့ နေ့ရက်တိုင်းမှာ Dawn ဆိုတဲ့ မျှော်လင့်ခြင်းလေးနဲ့ အားတင်းရှင်သန်နေခဲ့ရတာ သုံးနှစ်ပြည့်တော့မယ်လေ။

တစ်ယောက်သောသူကို လွမ်းလို့ သေလုမျောပါး နာကျင်ရချိန်တိုင်း သမီးရဲ့ ခြေသံလေးကြားလိုက်ရရင်ကို ကျွန်တော့်မှာ အဖန်ဖန်ပြန်လည်ရှင်သန်ရတာပါပဲ။

Dawn ဆိုတဲ့ အရုဏ်ဦးနတ်ဘုရားမလေးဟာ Nephalem အနေနဲ့ရော သူ့အဖေပေးအပ်ခဲ့တဲ့ တာဝန်ကိုပါ ပူးတွဲထမ်းဆောင်နေတဲ့ သက်ရှိနတ်သမီးလေးဖြစ်နေပြီလေ။ အခုသူ့အသက်နှစ်နှစ်ကျော်နေပြီ။ ရွှေအိုရောင်ဆံနွယ်ခွေပါးပါးလေးတွေနဲ့ သူ့အဖေလို ဖြူနှစ်နေတဲ့ အသားအရေနဲ့ သူ့အဖေလို အေးချမ်းတဲ့အပြုံးကိုပိုင်ဆိုင်ထားတဲ့ ဒီနတ်သမီးလေးက အရွယ်နဲ့မလိုက်အောင်စွမ်းအားကြီးသလို သိပ်သန်မာနေတာက သာမန်ကလေးအနေနဲ့ကြည့်ရင် ဘယ်လိုမှ ယုံချင်စရာမရှိပေမဲ့ ကျွန်တော်တို့ကတော့ ဒီကလေးကြီးပြင်းလာတဲ့ပုံကိုကြည့်ပြီး အချစ်တွေတိုးရတာပါပဲ။

လမ်းလျှောက်တတ်ခါစ အရွယ်တည်းက သူ့ဖိုးအေကို စောင့်ရှောက်ပေးပုံများ Daddy အပြင်သွားမယ်လို့ ပြောသံကြားတာနဲ့ ဖိနပ်စင်က ဖိနပ်အပြေးပိုက်ယူလာပြီး ခြေထောက်ရှေ့ချပေးတာမျိုးပါ။ မလုပ်ပေးနဲ့လို့ပြောလည်း ဖအေတူသမီးဟာ တစ်အိမ်လုံးရဲ့ အသည်းတွေကို နည်းပေါင်းစုံနဲ့ ခြွေနေတာပါပဲ။ ကလေးတန်မဲ့ ဖိုးအေနှစ်ယောက်လုံးကို စောင့်ရှောက်ပေးတတ်တာရော ကျွန်တော့်ကို မျက်ရည်ကျမခံတာကြောင့်ရော နာကျင်လွန်းလို့ ငိုချင်ရင်တောင် သူ့ကွယ်ရာမှာသာ ငိုရဲတာပါ။ ကျွန်တော်ငိုတာမြင်ရင် အိမ်ပျက်စီးအောင်ထိအော်ဟစ်ငိုယိုသောင်းကျန်းတတ်တဲ့ နတ်သမီးအဆိုးလေး ဖြစ်သွားတတ်လို့လေ။

မပီကလာ စကားပြောတာလေးကလည်း သာမန်ကလေးနဲ့မတူ တိုးတက်တာမြန်တယ်ပဲဆိုရမှာပေါ့။ ကျွန်တော်ဘယ်လိုပြိုလဲချင်နေနေ ဒီသမီးလေးကြောင့်သာ မျှော်လင့်ချက်တွေက နေ့တိုင်းရှင်သန်နေရတာမျိုးပါ။ အခုလည်း ညက သူ့ဖိုးအေတွေကြားထဲ သွားအိပ်တာမို့ မျက်နှာသစ်အဝတ်အစားလဲပေးဖို့ သွားခေါ်ဖို့ အခန်းထဲကအထွက် ဒင်းလေးက အခန်းရှေ့မှာ ငုတ်တုတ်လေးထိုင်လို့။

DawnWhere stories live. Discover now