Dawn - 25
မည်သို့မည်ပုံ အိပ်မောကျသွားသည်မသိ နိုးလာတော့ နေပင်မြင့်နေပြီဖြစ်သလို ဘေးမှာလည်း သမီးကမရှိတော့။
"သမီးရေ... ပါပါးရဲ့ ဂေါ်ဖီထုပ်ရေ"
လူကြီးမ လေးက တခါတလေ သူ့ဘာသာ အပေါ့အပါးထသွားတာမျိုးတွေရှိတတ်တာမို့ အိပ်ရာပေါ်ကနေအကြောဆန့်ရင်း ခေါ်နေပေမဲ့ ချိုးချိုးချွတ်ချွတ်အသံ တစိုးတစိတောင်မကြားရပါဘူး။
"သမီးရေ"
ရေချိုးခန်းထဲဝင်ကြည့်လို့မတွေ့တော့ သူ့အဖိုးတွေဆီမှာရှိလောက်မယ်ဆိုပြီး သွားကြည့်ဖို့ အခန်းပြင်အထွက် ဒေါသတကြီးနဲ့ သူ့အခန်းထဲကနေ အပြင်ကို ထွက်လာတဲ့ Daddy ကိုမြင်တော့ အကြောင်းပြချက်မဲ့စွာ ဘာမှန်းမသိရသေးဘဲ ရင်ထဲ ဒိတ်ခနဲဖြစ်သွားသည်။
"Kinn စိတ်ကိုလျှော့ပါကွ"
"မတော်တဆ မကောင်းတာဆိုးဆိုးရွားရွားတစ်ခုခုဖြစ်သွားရင် ငါ ဘယ်လိုဖြေရမလဲ Porsche"
"Daddy....ပါပါး ဘာဖြစ်လို့လဲဟင် သမီးရော"
သမီးရောလို့မေးတော့ ကျွန်တော့်ကိုကြည့်လာတဲ့ပုံက စိတ်မကောင်းဟန်နဲ့မို့ ထိတ်လန့်မှုကပိုတိုးလာရသည်။ သမီးများ ဘာများဖြစ်လို့လဲ။
"သမီးရော သမီးတစ်ခုခု ဖြစ်လို့လားဟင်"
မူလထက်ပိုကျယ်တဲ့အသံနဲ့ ပါပါးနား တိုးကပ်ပြီး အော်မေးမိတော့ အောက်ထပ်က သမီးရဲ့ ငိုသံက ကျယ်ကျယ်လောင်လောင်ထွက်လာတော့သည်။သမီးငိုသံကြားတာနဲ့ သုံးယောက်သား အပြေးအလွှား ဆင်းကြရပါပြီ။
သမီး!!!!!
မြေးရေ!!!!
Dawn!!!!!
ကျွန်တော်နဲ့ ပါပါးစိတ်ပူလို့ အော်တဲ့အသံထက် Daddy သူ့မြေးနာမည်ကိုခေါ်တဲ့ Dawn ဆိုတဲ့အသံကြီးက ဟိန်းထွက်လာတော့ သမီးလည်း ငိုနေတာ တိခနဲ ရပ်သလို ကျွန်တော်တို့လည်း ကြက်သီးတဖြန်းဖြန်းထသွားရသည်။
"တားမြစ်ထားတာတွေကို အရွယ်မရောက်သေးဘဲ လုပ်ထားတဲ့ လူက ဘာလို့ အသံကျယ်ကြီးနဲ့ ငိုနေရတာလဲဟမ် ပြောစမ်း Dawn"