စပါး နဲ့ နွား နဲ့ အညာသား
~~~~~~~~~~~~~
(၇)
မြစ်ဆိပ်က စက်လှေတွေ လူတွေကို ငေးပြီနောက် ရေချိုးဆိပ်ကနေ
ရေချိုး ပြီထွက်ခွာခဲ့ကြသည်။
တော်သေးရဲ့ ကိုမောင်မောင်တို့ စောလာခဲ့၍ မဟုတ်လျှင်
ပွဲခင်း နောက်ဖျား လှည်းထိုးဖို့ နေရာ ရမည်မဟုတ်။
မြစ်ဆိပ်ထဲမှာ လည်း ရေကောင်းကောင်းချိုးရမည် မထင်။
လာလိုက်ကြတာ လူတွေများ တဖွဲဖွဲ။
ဒီနှစ် ဇာတ်ပွဲက နာမည်ကြီး ဇာတ်မို့ အလွန်စည်ကားသည်ထင်ပါရဲ့။
သားမိသားတတွေ ရေမိုးချိုး ပြီနောက် ကိုယ့်လှည်းပေါ်က ဖျာကြမ်းကြီး
လှည်းအောက် ခင်း ပါလာသော ထမင်းထုပ်ကို ဖြည် မိသားစု ငါးယောက်
ထမင်းဝိုင်းဖွဲ့ စားလိုက်ကြသည်။
ထမင်းစားပြီ နောက် ပွဲဈေးဘက် ကိုမောင်မောင် အရင်သွားကြည့် တော့ အိုးပုတ် ၊ချိုးရုပ် အသည် ၊ မုန့် လင်မယား ၊ ဘိန်းမုန့် ၊ မုန့်ရေပါး၊ မုန့်သိုင်းခြုံ အသည်များ နေရာခင်းကျင်းပြီ ပြင်ဆင်နေကြသည်။
ကြိုး နှင့် ဆွဲပြီ ဘာကောင် ကျမလဲ ခန့်မှန်းရသည့် ဂုံးခင် ဆိုသော
လောင်းကစား ဝိုင်းမှာ အစောကြီး လူစည်နေသည်။
ကိုမောင်မောင်ကတော့ ခဏရပ်ကြည့်ပြီ နွားတွေကို ပွဲခင်းကြီး ဘေး
မြက်ပင်ကလေးများရှိရာဆီ ချီတိုင်ငုပ်ဖြင့် ထုတ်လှန်းနေသည်။
မတင် အပါအ၀င် အမေ နဲ့ သမီး နှစ်ယောက်ကတော့ ရေချိုးပြီ
ဘူသီး ကြက်ရေကျို ဟင်းကလေး နှင့်ဗိုက်တင်းအောင် စား ၊
ည ဇာတ်ပွဲကို လင်း ပေါက်ကြည့်နိုင်အောင် အားခဲပြီ လှည်းပေါ် အိပ်နေကြလေရဲ့။
မကြာခင်မှာပဲ ဇာတ်စင်ရှေ့ မှာ ပိုက်ဆံပေး နေရာ၀ယ်ထားသူများ
ပွဲစီစဉ်သူများ ထုံးဖြင့်မျဉ်းတား။ငုပ်ရိုက်ထားတဲ့ နေရာများမှာ ဖျာခင်းပြီ
သူ့နေရာ ကိုယ့်နေရာ ။
ပိုက်ဆံ ဘယ်လောက်ပေးထားတာဟေ့ ငါတို့က ဒီနေရာ မကြိုက်ဘူး။
ဟိုနေရာ မကြိုက်ဘူး။သူတို့ နဲ့ဆို အတူ မထိုင်နိုင်ဘူး။
ဒီနေရာမှာ ငါတို့က ဖျာ နှစ်ချပ်စာ ၀ယ်ထားတာ။
ဖျာတွေ ခင်းရင် အမျိုးသမီး အမျိုးသား ငြင်းခုံနေကြသည်။
မည်သိုပင် ငြင်းစေကာမူ ဇာတ်စင် နှင့် အနီးစပ်ဆုံး ပွဲခင်းအရှေ့ဆုံးမှာ နေရာရသူများကတော့ ပွဲစီစဉ်သူ နှင့် ရွာသူကြီး မိသားစု များပါပဲ။
ပွဲစီစဉ်သူကလည်း ရွာသူကြီး။ ရွာသူကြီးကလည်း ပွဲစီစဉ်သူမို့လား။
သူကြီး မိသားစုများ၏ နောက်မှာတော့ ရွာထဲ မှာ ပိုက်ဆံ အတော် ရှိသူပေါ့။
သူ့နောက်မှာ တော့ အသင့်ရှိသူပေါ့။
သူ့နောက် သူနောက်များမှာတော့ ရွာထဲက မျက်နှာမွဲ သူများ၊ ဘေးအနီးနားက ရွာက ဇာတ်ပွဲကြိုက်ပရိတ်သိတ်များက အငြင်းခုံ ကင်းကင်းဖြင့် နေရာယူကြသည်။
နေရာယူ တိုင်း ငြင်းခုံ ပြဿနာတက်သည်က ရွာထဲမှာ သူ နဲ့ ငါ သူထက်ငါ ပြိုင်ဆိုင်သော သူတို့ကိုယ်သူတို့ ဓနရှင် အာဏာရှင် များလို့ ခံယူထားသော မိသားစုကြီးများသာဖြစ်သည်။
သူတို့က အမျိုးလိုက် အမြုံလိုက် လက်ညိုး ထိုး လက်သီးလက်မောင်းတန်း
ပြီတော့ကို နေရာလုနေကြ၏။
ကိုမောင်မောင်တို့လို ဘေးရွာက လူများကတော့ ဖြင့် သူတို့လို
နေရာရဖို့ လက်သီး လက်မောင်းတန်းနေစရာမလိုပါ။
အေးအေးဆေးဆေး ဇာတ်ပွဲကို ကိုယ့်လှည်းပေါ်ကနေ ကြည့်။
ဒါနဲ့ အားမရ လျှင်လည်း ပွဲခင်း နောက်ဖျား ကြိုက်တဲ့နေရာ ၀င်ထိုင်ကြည့်။
အဓိက ကတော့ ဖြင့် ဇာတ်ပွဲ ကြည့်ရ အရေးပါပဲ။
အင်း ..အချို့ ..အချို့ များကျတော့လည်း ဇာတ်ပွဲ ကြည့်ရရေး ထက် နေရာရ ဖို့ အရေး ဒို့အရေး ထင်ပါရဲ့။
ထားပါတော့လေ .. ဒါတွေဟာ ကိုမောင်မောင် နှင့် မဆိုင် ။
ကိုမောင်မောင် နှင့် ဆိုင်သည်က ညနေ့ပွဲခင်း ဈေး ထဲ မိသားစု နှင့်အတူ ပျော်ပျော်ပါးပါး ပတ်လိုက်ဖို့ပါပဲ။
များမကြာခင် ဇာတ်ပွဲ ကားကြီးက ဖုန် တလူးလူးကြားထဲ ရောက်လာ၏။
ဝိုင်းကြည့်ကြ ဖို့ ရွာထဲက လူများက တဖွဲဖွဲ ရောက်လာသလို ကားပေါ်က
လူများကလည်း သူတို့ ဆိုင်ရာ ပစ္စည်းများကိုချ နေကြသည်။
မမြင်ဖူး၍ ရွာထဲက လူကြီး လူငယ် များ ထူးဆန်းသလို စိတ်၀င်တစား
ဝိုင်းကြည့်ဖို့ ဇာတ် စင် အနား ကပ်လာသော် ပွဲစီစဉ်သူ ရွာသူကြီး လက်ရုံးများက ဝါးရင်း တုတ်ကြီးကိုင် လျက် ဟောက် လွှတ်နေသည်။
ကြည့်ချင်သူများကလည်း ဇွဲ မလျော့ဘဲ မလှမ်းမကမ်းကနေ အထူးအဆန်း
ခါးထောက် မက်တပ် ရပ်လျက်သား ကြည့်နေကြသည်။
ကောင်းကင်ပေါ်က နေလုံး ကြီး တဖြည်းဖြည်း ရွေ့လျားသွားခြင်း နှင့်အတူ ခလောက်သံ လှည်းသံ တကျွီကျွီ ၊ စကားသံများက တညံညံ ။
လှည်းပေါ် အိပ်နေသူ မြေးဘွားတတွေ လည်း နိုးလာကြပြီ။
နိုးသည် နှင့် အမေကြီးက မြေးမ နှစ်ယောက် ဆံရှည်ကလေးများကို
သူမ ဘီးဆံပတ်က ဘီးကလေးဖြင့် ဖြီး ပြီ တစ်ပတ်လျှို ဆံထုံးကလေး ခပ် မြင့်မြင့်ထုံးပေးသည်။
ထုံးပေးပြီနောက် အိမ်ကတည်းက ကုံးလာသော ခံပန်း ကုံးကလေးကို
ဖတ်ကလေးထဲကနေ တယုတယ ထုတ် ဆံထုံးကလေးမှာ ပတ်ပေးသည်။
မတင်က အိမ်ကနေ တစ်ပါးတည်း ယူလာသော ကျောက်ပျဥ်ကြီးပေါ် သနပ်ခါးသွေး သမီးတွေကို ပါးကွက် ကွက်ပေးသည်။
သမီး တွေ သနပ်ခါး လူးပေးပြီးသည်နှင့်
“ အမေရော သနပ်ခါး လေး လူးပါ အုံး ..” ဆိုပြီ ယောက္ခမ ဖက်ကို
ကျောက်ပျဉ် ထိုးပေးသည်။
သနပ်ခါးပါးကွက်ကြား ဖျင်ကြမ်း လုံချည် ကလေးများဖြင့်
ထားထားဦး နဲ့ ခင်စန်းဦး ညီမနှစ်ယောက် မြီးကောင်ပေါက် အရွယ် မလေး တွေလို လှနေသည်။
ပွဲဈေးတန်း တစ်ပတ် ပတ် ပြန်လာသည့် ကိုမောင်မောင်က
“သမီးတွေ ပွဲဈေးတန်း ပတ်ချင်ရင် ဒီအချိန် သွားကြဖို့ပဲ ကောင်းတယ်ဟေ့ ၊ နို့မို့ရင် မှောင် သည်နှင့် လူတွေကြားထဲ အမူးသမားများ ကာလသားများ နဲ့ တယ်ရူပ်တယ် ..”
“ဟုတ်သယ် .. ဟုတ်သယ် ၊ ငါ့မြေးတို့ မမှောင်ခင် အဖေ နဲ့ အမေ ခေါ် ပွဲဈေးပတ်ကြ၊အမေကြီးက လှည်းစောင့် နေရစ်ခဲ့မယ်..”
“အမေ လိုက်သွားပါ ၊ ကျွန်မ နေရစ်ခဲ့ပါ့မယ် ..”
ချွေးမက အလိုက်တသိ ပြောပေးသော်ညားလည်း အမေကြီးစိန်က
“မလိုက်ချင်ပါဘူးအေ ၊ ကျုပ် အသက်ကြီးနေပြီ ..”
အမေ့စကား မိန်းမ စကား ကြားတော့ ကိုမောင်မောင်က
“အို ..အမေတို့နဲ့ တယ်ခက်တယ် ၊ ဘာတွေများ ပျောက်မှာ စိုးရိမ်နေသလဲ
ဟိုဘက်မှာ လှည်းရှင် တွေ ရှိသား ၊ ပွဲ ရောက်တုန်း ဈေးတော့ ပတ်ရမယ်ပေါ့..”
ကိုမောင်မောင်က ပြောပြီ သမီး နှစ်ယောက် လက် ကို ဘယ်တစ်ဖက်ညာတစ်ဖက်ဆွဲလိုက်သည်။
မတင် နဲ့ အမေစိန်က လည်း လှည်းပေါ်က ဆင်း လက်ချိတ် လျက်
ပွဲဈေးထဲ လမ်းလျှောက်လာ၏။
ကလေးတွေသာ ဆိုရဲ့ သမီးနှစ်ယောက်က အလိုက်တသိ ဘာမျှ မပူဆာရှာ။
ငါ့သမီးတို့ စားလိုရာ စားပါလေ ဆိုပြီ အဖေက လက်ထဲ ဆယ်တန် ကလေး
ပေးထားသည်ကို ခင်စန်းဦးက ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
ထားထားဦးက တော့ သူမရှင်မီး အင်္ကျီ ကလေးက အိတ်ကပ်ထဲ တစ်ပါးတည်း ထည့် အပ်ချိတ်နှင့် တွယ်ထားသည်။
အိုးပုတ် ၊ ချိုး ရုပ် ဆိုင်ရှေ့ရောက်တော့ ညီမ နှစ်ယောက် စိတ်၀င်တစား ခဏရပ်ကြည့်ပြီ
YOU ARE READING
စပါး နဲ့ နွား နဲ့ အညာသား(Completed)
Romanceမိထား နင် ငါ့ကို ယောကျာ်း တစ်ယောက်လို အားကိုးကြည့်စမ်း