Part 6

25.4K 2.6K 52
                                    

ဒေါ်မြလေးသည် ယောက်ျားဖြစ်သူ၏ ခပ်နွမ်းနွမ်းပုဆိုးတစ်ထည်ကို ကတ်ကြေးဖြင့် နှစ်ပိုင်းဖြစ်အောင် ညှပ်လိုက်သည်။ တုံးနေသော ကတ်ကြေးကြောင့် ချက်ချင်းတော့မရ။ ပုဆိုး၏ အနားစနှစ်ဖက်ကို တင်းနေအောင်ဆွဲညှပ်မှရသည်။ ထို့နောက် အသင့်ရှိနေသော အပ်ချည်လုံးဖြူမှ အပ်ချည်ကို ဆွဲယူကာ ဖယောင်းတိုင်မီးအောက်မှာ အပ်ပေါက်ထဲဝင်အောင် ထိုးသည်။ ဒါသည်လည်း ချက်ချင်းမရ။ အပ်ချည်စကို တံတွေးစွတ်ကာ ခပ်ဖြည်းဖြည်း နောက်တစ်ကြိမ်ထိုးမှရသည်။

"သမီး.."

"ရှင်.."

"ထွဋ်ထွဋ်ကို စာသွားမေးတာလား။"

"ဟုတ်ကဲ့။"

"အားနာစရာသမီးရယ်။ အချိန်တွေကြာလိုက်တာ။ သူစာကျက်ဖို့တောင် အချိန်ရှိပါတော့မလား။"

ဒေါ်မြလေး ပြောရင်း သူ့သား ဒီဒီ့ကို မျက်စောင်းထိုးတော့ ဒီမိုးယံက မသိချင်ယောင်ဆောင်နေသည်။ မိငယ်ကို စာရှင်းပြရမည်ကို ကျားမြီးဆွဲရမလိုထင်နေသော ဒီဒီ့အကြောင်း ဒေါ်မြလေး သိသည်။ အခုလည်း ညီမကို စာပြပေးရမည့်အစား သူ့ သူငယ်ချင်း လင်းထက်အိမ်မှ ဂစ်တာကို သွားငှားလာသည်။ သွားငှားလာသည်ဟုသာ ဒီဒီကပြောသည်။ သူမကတော့မယုံ။ ဖြစ်နိုင်သည်က ဓါးပြတိုက်သလို ခွင့်ပင်မတောင်းဘဲ သွားယူလာခဲ့တာပဲဖြစ်မည်။

"သမီး ဖယောင်းတိုင် ခဏယူမယ်နော်။"

"အေး အေး။"

နှင်းဟေမာန် ပန်းကန်ထဲမှ ထမင်းကြမ်းမှာ ပြောင်သလင်းခါသွားပြီဖြစ်သည်။ သူမက ပိန်ပေမယ့် စားနိုင်သည်။ အခုလည်း ထမင်းသာရှိနေသေးလျှင် နောက်တစ်ပန်းကန်ကို ကုန်အောင် စားနိုင်သေးသည်။ ဒါပေမယ့် ထမင်းအိုးကို စားပွဲနားမှာမတွေ့၍ အလိုက်သိပြီး မိခင်ကို ထမင်းကျန်သေးလားဟု မေးမနေတော့။ ပန်းကန်ကိုလက်တစ်ဖက်ဖြင့်ကိုင်ရင်း ဖယောင်းတိုင်ကို အခြားလက်ဖြင့်မကာ ဧည့်ခန်းထဲမှ မီးဖိုချောင်သို့လျှောက်လှမ်းသွားသည်။ ဧည့်ခန်းနှင့် အိပ်ခန်းသည် ၀ါးနံရံတစ်ချပ်သာခြားသည်။

အိပ်ခန်းဘေးမှ လျှောက်လမ်းမှာလည်း ကျယ်သည်တော့မဟုတ်။ ထိုအိပ်ခန်းသည်လည်း ဒေါ်မြလေးနှင့် ဦးကျော်ဇောတို့အတွက်သာဖြစ်သည်။ မိငယ်နှင့် ဒီမိုးယံမှာ ဧည့်ခန်းမှာပင် ချုပ်ရာများနှင့်ပြည့်နေသော တစ်ယောက်အိပ်ခြင်ထောင်တစ်လုံးစီနှင့် အိပ်ကြရသည်။ မနက်တိုင်း အိပ်ရာသိမ်းကာ အိပ်ခန်းထဲပြန်ထည့်ရသည့် အလုပ်တစ်ခုပိုပေမယ့် ဒီအိမ်ကျဉ်းကျဉ်းလေးမှာ မိသားစုလေးယောက်တောင် နေထိုင်နေရခြင်းဖြစ်သောကြောင့် တခြားရွေးစရာမရှိ။ ဒီအိမ်ငယ်သည်ပင် သူတို့ကိုယ်ပိုင်မဟုတ်။ အိမ်ပိုင်ရှင်မိသားစုမှာ နိုင်ငံရပ်ခြားမှာ ရှိနေကာ အစောင့်သဘော အခမဲ့ပေးနေထားခြင်းဖြစ်သည်။

ဆူးWhere stories live. Discover now