အပိုင်း ၃၃

19.5K 1.8K 57
                                    

နေရောင်များဖြင့် မတောက်ပသော်လည်း ပါရီမြို့၏ မနက်ခင်းသည် လှုပ်ရှားသွားလာနေကြသော မြို့သူမြို့သားများနှင့်အတူ လန်းဆန်းတက်ကြွနေပါသည်။ သပ်ရပ်စွာ အဝတ်အစားဝတ်ဆင်ထားသူများ၊ ရုံး၊ အလုပ်များသို့ သွားလာနေကြသော သာမာန်လူတန်းစားများနှင့် ကျောင်းများ၊သင်တန်းများသို့ သွားလာနေကြသော လူငယ်များသည် ရင်ဆိုင်ရမည့် တစ်နေ့တာအတွက် အတွေးကိုယ်စီနှင့် ခရီးဆက်နေကြသည်။

ပါရီမြို့၏ထူးခြားချက်မှာ အသားအရောင်မတူညီဘဲ ကွာခြားသော လူများအားလုံး ပေါင်းစည်းနေထိုင်ကြခြင်းဖြစ်သည်။ အချိန်ကြာမြင့်စွာ အာဖရိကတိုက်ရှိ နိုင်ငံများကို အုပ်ချုပ်ခဲ့သည့်အတွက် လူမျိုးရောစပ်မှုက ပြင်သစ်တိုင်းပြည်အတွက် အထူးအဆန်းမဟုတ်ပါ။ အသားအရောင်သာမက နိုင်ငံတကာမှ စားသောက်ဆိုင်များ ပေါများစွာရှိနေခြင်းကလည်း သက်သေပြနေသည်။

ကမ္ဘာလှည့်ခရီးသွားများ များပြားလှကြောင်းကတော့ ထည့်ပြောစရာပင်မလိုတော့။ ဘယ်နေရာသွားသွား ကွဲပြားခြားနားသော ဘာသာစကားသံများကို ကြားနေရသည်။ မြေအောက်ရထားမှတ်တိုင်မှာ၊ စားသောက်ဆိုင်တွေမှာ၊ လူစည်ကားရာနေရာတိုင်းမှာ မတူညီသည့် အသံကွဲများ၊ စကားသံများကို အမှတ်တမဲ့နေလျှင်ပင် ကွဲပြားစွာ ကြားနေရသည်။

ယခုလက်ရှိ ဒီမိုးယံတို့နှစ်ယောက်တန်းစီနေသည့် နေရာတွင်တော့ အဆိုးဆုံးဖြစ်သည်။ ရေခဲပြင်မှ အရည်ပျော်စီးဆင်းလာသော မြစ်ချောင်းတစ်ခုလို ရှည်လျားလွန်းသည့် လူတန်းရှည်ကြီးကို လှမ်းမြင်ရသည်နှင့် ရင်မောစရာကောင်းသည်။ အာရှပိုင်းမှ ခရီးသွားများဖြစ်သည့် အိန္ဒိယ၊ ကိုရီးယား၊ ဂျပန် ခရီးသွားအုပ်စုများကို မြင်ရသလို အခြား ဥရောပတိုက်မှ အလည်အပတ်လာရောက်ကြသူများလည်း မနည်းမနောပါ။

သူတို့အားလုံး Eiffel Tower ကို တက်ခွင့်ရရန် တန်းစီနေကြခြင်းဖြစ်သည်။ Tower နားရောက်ဖို့ လုံခြုံရေးစစ်ဆေးခံရဖို့အတွက် အပြင်မှာလည်း တစ်ခါ တန်းစီခဲ့ရပြီးပြီဖြစ်သည်။ လုံခြုံရေးကိုဖြတ်ပြီး မျှော်စင်အောက်နားရောက်မှ လက်မှတ်ဝယ်ရန် တန်းစီနေသော လူတန်းကိုမြင်ရသည်မှာ ပိုပြီးရင်မောစရာကောင်းသည်။ Tower ပေါ်သို့ ခြေကျင်လည်းတက်နိုင်သလို၊ ဓါတ်လှေကားဖြင့်လည်း တက်နိုင်သည်။ ဒုတိယထပ်အထိ ခြေကျင်တက်ပြီးနောက်မှ ထိပ်ဆုံးရောက်သည်အထိ ဓါတ်လှေကာနှင့်လည်း ပြန်တက်နိုင်သည်။ ဘယ်လိုပဲတက်တက် လက်မှတ်စျေးနှုန်းသာ ကွာပြီး တန်းစီရတာကတော့ အတူတူပင်။

ဆူးWhere stories live. Discover now