အပိုင်း ၁၆

17.6K 1.9K 72
                                    

တဖွဲဖွဲရွာနေသော မိုးရေစက်လေးများသည် ဒီမိုးယံ၏ မျက်လုံးများကို ကောင်းကောင်းဖွင့်လို့မရအောင် အနှောင့်အယှက်ပေးနေသည်။ ဒူးထိသာရောက်သော ဘောင်းဘီတိုကို ဝတ်ထားပေမယ့် ရွှွံ့စက်များပေနေသော သူ့ခြေထောက်များသည် ဆေးစက်ဖြန်းထားသလို ဖြစ်နေပြီဖြစ်သည်။

ဒီလမ်းကို သူလျှောက်ဖူးသည်။

ဒီအိမ်ကို သူ လာဖူးသည်။

ဒီရေဗူးကြီးကိုလည်း သူ ထမ်းဖူးသည်။

ဒါပေမယ့် ယခင်အချိန်နှင့် ယခုအချိန်သည် ကွဲပြားခြားနားမှုများစွာ ရှိနေသလိုပင်။ မြေနီလမ်းဖြစ်ခဲ့သော လမ်းကျဉ်းလေးသည် ကတ္တရာခင်းထားပြီဖြစ်သည်။ တဖွဲဖွဲခုန်ဆင်းနေသော မိုးပေါက်မိုးစက်လေးများမှ ဖြာထွက်လာသော ရေမှုန်ပွင့်လေးများသည် ကတ္တရာလမ်းတစ်လျှောက် ပြန့်ကျဲနေသည်။ ရေဆေးထားသော မှန်သားပြင်လို ထင်ရနိုင်သည့်ကတ္တရာလမ်းပေါ်မှ မိခင်ဖြစ်သူ၏မျက်နှာသည် ပေါ်လိုက်၊ ပျောက်လိုက်နှင့် သူ့အတွေးများကို ကြီးစိုးထားနေသည်။

အချိန်ဆိုသည့်အရာသည် အချို့သော ဒဏ်ရာများကို ကုစားနိုင်ပေမယ့် ရင်ဘတ်တစ်နေရာမှာ ဖြစ်ပေါ်ခဲ့သော ကွက်လပ်တစ်ခုကိုတော့ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိ။ မိခင်တစ်ယောက်၏ ထိုကွက်လပ်နေရာသည် အချိန်ကြာလာသည်နှင့်အမျှ တဖြညး်ဖြည်း ပိုပြီးနက်ရှိုင်းလာသလိုပင်။ ကျပ်တည်းခြင်းဆိုသည့်စကားကို သူ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သည်။။ သူတို့မိသားစုဆိုတာက တစ်နှစ်မှာ ရက်ပေါင်းသုံးရာလောက် အဆင်ပြေသည်မဟုတ်။ ယခင်ကတော့ မိခင်ဖြစ်သူက တံတိုင်းတစ်ခုလို သူတို့ရှေ့မှာရပ်နေပြီး အခက်အခဲများကို ခါးစည်းခံခဲ့သည်လေ။ နေ့စာညစာ ထမင်းတည်ရန် ဆန်ရှိလား၊ မရှိဘူးလားဆိုတာကို သူ ပူပင်ရန်မလိုခဲ့။ မီးခ၊ ရေခဆိုတာကို ထည့်စဉ်းစားနေစရာမလိုသလို ဆီဖိုး၊ စျေးဖိုးဆိုတာကိုလည်း တကူးတက ဖယ်ထားရမည်ဆိုတာကိုလည်း သိစရာမလိုခဲ့။

အခုတော့..

ခြားနားသောအခြေအနေတွေက သူ့ကို ပူပင်ထိုင်းမှိုင်းစွာ လောကဓံဆိုသည့်အရာထဲ အတင်းဆွဲနှစ်နေသည်။

ဆူးWhere stories live. Discover now