အပိုင်း ၁

78K 4.1K 257
                                    

အထက်တန်းကျောင်းဝင်းအတွင်းရှိ တရုတ်စကားပင်သည် အရွက်စိမ်းစိမ်းများနှင့် ဝေဆာနေသည်။ မြင့်မားလွန်းလှသည်တော့မဟုတ်။ ဖူးသစ်လန်းဆန်းနေသော ကျောင်းသူ၊ ကျောင်းသားများလို သူသည်လည်း မြီးကောင်ပေါက်အရွယ် အလှကြွယ်ဆဲဖြစ်သည်။

ထိုတရုတ်စကားပင်နှင့် မလှမ်းမကမ်းတွင် ကျောင်းသူ၊ ကျောင်းသားများ၏ စက်ဘီးများထားရာ အဆောင်ငယ်တစ်ခုရှိနေသည်။ အကာအရံမရှိသော ထိုအဆောင်ငယ်၏သွပ်မိုးများက ဟောင်းလွန်းကာ အချို့မှာ ပေါက်ပြဲနေပြီဖြစ်သည်။ သစ်လုံးတိုင်များမှာလည်း ဆွေးချင်ချင်ပင် ဖြစ်တော့မည်။ ဒါပေမယ့် ပူလောင်သောနေရောင်ကိုတော့ သူတို့ခွန်အားရှိသလောက် ကာကွယ်ပေးနေဆဲဖြစ်သည်။ စက်ဘီးအရောင်းပြခန်းတစ်ခုလို အရောင်မျိုးစုံ၊ ပုံစံမျိုးစုံ စက်ဘီးများသည် သွပ်ပြားပေါက်များကြားမှ တိုးဝင်လာသော နေရောင်တန်းများကြားတွင် ဆလိုက်မီးထိုးခံနေရသလို ဂုဏ်ရှိနေသည်။

ထိုအဆောင်ငယ်ရှေ့သို့ရောက်သည်နှင့် ဒီမိုးယံ စိတ်ညစ်သွားသည်။ ဒီနေ့ကျောင်းရောက်နောက်ကျသွား၍ စက်ဘီးရပ်ရန် နေရာကောင်းမရှိတော့။ သူ အမြဲရပ်နေကျဖြစ်သော အရိပ်ကောင်းသည့် အလယ်ပိုင်းတွင် စက်ဘီးတစ်စီးနှင့်တစ်စီး မှီထောင်ထားလို့ ရလောက်သည်အထိပင် ပြည့်ကြပ်နေပြီဖြစ်သည်။

ဒီမိုးယံ၏ စက်ဘီးမှာ လူထိုင်နေရာမှ စုတ်ပြဲနေကာ လက်ကိုင်တစ်ဖက်မှာလည်းပြုတ်နေသဖြင့် သံချောင်းသာရှိတော့သည်။ သူ့စက်ဘီးကို နေပူထဲမှာသာရပ်လျှင် အပြန်လမ်းတစ်လျှောက်လုံး လက်ကိုင်ပူပူကြီးကို ကိုင်ပြီး နင်းရမှာဖြစ်သလို တင်ပါးပါ မီးကင်ခံရလိမ့်မည်ဖြစ်သည်။

ဒါမျိုးရမည်တဲ့လား။

မိုးယံဆိုလျှင် ဒီမိုးယံသာ ရှိသည်ပဲလေ။

လေတစ်ချက်ချွန်ကာ အရိပ်ကောင်းသည့်နေရာမှ စက်ဘီးနှစ်စီးကို ဟိုဘက်ဒီဘက် ဖယ်တွန်းလိုက်သည်။ တဝုန်းဝုန်း၊ တဗြုန်းဗြုန်းနှင့် စက်ဘီးတစ်ချို့လဲကာ တစ်ချို့မှာ တစ်စီးနှင့်တစ်စီးထပ်ကုန်သည်။ ဘေးပတ်ဝန်းကျင်မှ ကျောင်းသူ၊ ကျောင်းသားများ အသံများကြောင့် စိတ်ဝင်တစားလှည့်ကြည့်ပေမယ့် ဘယ်သူ တရားခံမှန်းသိသည်နှင့် အလျှိုလျှို ပျောက်ကွယ်သွားကြကာ စက်ဘီးဆောင်နားမှာ ချက်ချင်းလိုလို လူရှင်းသွားသည်။

ဆူးWhere stories live. Discover now