Part 41

12.9K 1.3K 74
                                    

မိုးစက်သံများကို နားထောင်ရင်း ဒီမိုးယံ ငြိမ်သက်နေမိသည်။ အမှောင်ကိုစူးစိုက်ကြည့်နေသည့် သူ့ မျက်လုံးများကို မမှိတ်ချင်။ မျက်စိမှိတ်လိုက်တာနှင့် အိပ်ပျော်သွားမည်ကို စိုးရိမ်နေမိသည်။ သူ မအိပ်ချင်သေးပါ။  သူ့ဘေးနားမှာ လှဲလျောင်းနေသည့် တစ်ယောက်သောသူကြောင့် ဒီလိုညမျိုးကို အိပ်စက်ခြင်းနှင့် မဖြတ်သန်းချင်။

ဟုတ်ပါသည်။

ရှိုင်းထွဋ် သူ့နားမှာ ရှိနေသေးသည်။

မိငယ်နှင့်သဇင်လေးကို တည်းခိုခန်းသို့ သူ ပြန်ပို့ပေးချိန်တွင် ရှိုင်းထွဋ် ပြန်လိုက်မသွားခဲ့။ မနက်ဖြန်ရန်ကုန်ပြန်ရမည့် ကားလက်မှတ်ကိုလည်း အရှုံးခံမည်ဆိုကာ သူ့အခန်းထဲမှာ ပေကပ်ပြီး ကျန်နေခဲ့သည်။ ဒေါ်မိမိတင်က ရှိုင်းထွဋ် သူနှင့်သာနေခဲ့မည်ဆိုလျှင် စိတ်ချပါသည်ဆိုပြီး ခွင့်ပြုလိုက်၍သာ တော်သေးသည်။

ဒီလိုနှင့် ယခုညမှာ ရှိုင်းထွဋ်တစ်ယောက် သူ့ဘေးနားမှာ ရှိနေပြန်ပါပြီ။ အကြိမ်ပေါင်းများစွာ၊ ညပေါင်းများစွာ သူတို့နှစ်ယောက် အိပ်ရာတစ်ခုထဲမှာ အတူတူအိပ်ခဲ့ကြတာကို ဒီမိုးယံ သတိမရဘဲမနေနိုင်။ ခြင်ထောင်ကျဉ်းကျဉ်းကျပ်ကျပ်ထဲမှာ တစ်ယောက်နဲ့တစ်ယောက် တိုးဝှေ့ရန်ဖြစ်ကာ အိပ်ခဲ့ရသည့် ညပေါင်းများစွာရှိခဲ့သည်။ လူငယ်သဘာဝ သူတို့နှစ်ယောက် စည်းကျော်ခဲ့ကြသည့် ညများလည်းရှိခဲ့သည်။ ဒါပေမယ့် ဘယ်တော့မှ အဆုံးထိမဟုတ်။ သူတို့နှစ်ယောက်ရဲ့အချစ်မှာ တက်မက်မှုတွေပါဝင်နေပေမယ့် လွန်လွန်ကျူးကျူးအခြေအနေအထိ မရောက်အောင် နှစ်ယောက်စလုံး ထိန်းချုပ်နိုင်ခဲ့ကြသည်။ ဒီလိုဆိုတော့ ဘာမှမဖြစ်ခဲ့ကြဘူးလားဆိုတော့လည်း မဟုတ်ပြန်။ မပီပြင်သည့်အနမ်းတစ်ချို့၊ မရိုင်းစိုင်းသည့် ထိတွေ့မှုတွေနှင့် ရင်ခုန်စရာ ညများစွာကို သူ အမှတ်ရနေပါသေးသည်။

"ဒီဒီ"

အမှောင်ထဲမှ ခေါ်သံကြောင့် ဒီမိုးယံ ခေါင်းစောင်းရင်း ဘေးနားမှ ရှိုင်းထွဋ်ကို လှည့်ကြည့်လိုက်သည်။

"မင်း ဘာတွေစဉ်းစားနေတာလဲ။"

သူ အသံထွက်အောင် ရယ်မိသွားသည်။ သူ ဘာတွေကိုစဉ်းစားနေတယ်ဆိုတာ ဘယ်လိုရှင်းပြရမလဲမသိ။

ဆူးWhere stories live. Discover now