အပိုင်း ၁၀

18.8K 2K 21
                                    

လရောင်အောက်မှ ရပ်ကွက်ငယ်လေးသည် မိခင်ရင်ခွင်ထဲမှ ကလေးငယ်တစ်ယောက်လို မျက်တောင်များစင်းကာ ငိုက်မြည်းနေပြီဖြစ်သည်။ သိပ်မကြာသေးခင်လေးကမှ ဆူညံနေခဲ့သော ရပ်ကွက်တွင်းရှိ ကလေးများ၏ ဆော့ကစားသံများနှင့် မိဘများ၏ ဆူပူသံများသည်လည်း မြင့်တက်လာသော လရောင်နှင့်အတူတဖြည်းဖြည်း ပျောက်ဆုံးသွားပြီဖြစ်သည်။ လရောင်ဆမ်းသော မြေနီလမ်းငယ်များတွင် သွားလာလှုပ်ရှားမှုဆိုသည်မှာ ရှိမနေတော့။ သံချောင်းခေါက်သံ၊ ခွေးဟောင်သံတို့ကိုသာ တစ်ချက်တစ်ချက် ကြားနေရသည်။

လင်းလက် ထိုင်နေရာ စားပွဲဝိုင်းလေးပေါ်တင်ထားသည့် ဖုန်းမျက်နှာပြင်သည် လင်းလိုက်၊ မှောင်လိုက်ဖြစ်နေသည်။ Silent Tone ကိုသာ ရွေးချယ်ထားတတ်သည့် သူမ အကျင့်ကြောင့် ဖုန်းဝင်တိုင်း သူမ မသိလိုက်တာများသည်။ မြင်သည့်အချိန်မှ ဖုန်းဆက်သူကို တစ်ဖန်ပြန်ခေါ်ရသည်။ ဒီတစ်ခါတော့ ဖုန်းက သူမ ရှေ့တည့်တည့်မှာရှိနေသည်မို့ အချိန်မီ ဖုန်းကို ဖြေဖြစ်သည်။

"လင်း..."

ခပ်သြသြယောကျ်ားသံတစ်ခု။ တည်ကြည်ခြင်း၊ ချစ်ခင်ခြင်း၊ သြဇာအာဏာနှင့် ပြည့်စုံသည့် ခေါ်သံတစ်ခုပါ။ဒီခေါ်သံတစ်ခုတည်းနှင့် သူမ တစ်ကိုယ်လုံးကို နွေးထွေးသွားစေသည်ဆိုလျှင် မမှား။

"ကိုကို.. မအိပ်သေးဘူးလား။"

"ကိုကို့ ကို မမေးနဲ့။ လင်းကရော။"

လင်း ပြုံးလိုက်သည်။ ဝေ့ခနဲ တိုက်ခတ်လာသော လေညှင်းကြောင့် မျက်နှာပေါ်ဖုံးကျလာသည့် ဆံနွယ်တစ်ချို့ကို သပ်တင်ရင်း လင်းပြုံးလိုက်ခြင်းဖြစ်သည်။ ခြေချောင်းငယ်များနှင့် မြက်ပင်ငယ်များကို တို့ထိကစားရင်း နားထဲမှ ကိုကို့အသံကို နှလုံးသားထဲထိ စူးဝင်မှတ်မိသွားအောင် သူမ ကြိုးစားနေမိသည်။

"လသာနေတာနဲ့ ကိုကိုရာ။"

နှင်းရည်စိုသော မြက်ခင်းပြင်သည်လည်း အငိုတိတ်သွားသော ကလေးငယ်တစ်ယောက်၏ မျက်လုံးများလိုပင်။ ဖိနပ်မပါသော ခြေဖဝါးများအောက်မှ မြက်ပင်ငယ်များ၏ အစိုဓါတ်နှင့် ရှတသောအတွေ့ကို လင်း ခံစားနေရသည်။ စိုထိုင်းမှုကြောင့် ခြေချောင်းထိပ်လေးများ ထုံကျင်လာသည့်တိုင် မဖယ်ရှားဖြစ်။

ဆူးWhere stories live. Discover now