အပိုင်း ၇

21.4K 2.1K 30
                                    

မနက်ခင်းမိုးလင်းချိန်ကို ကြိုဆိုလိုက်သော ကြက်ဖတွန်သံသည် ဆိတ်ငြိမ်နေသော ရပ်ကွက်ငယ်အတွင်းမှာ ခပ်သဲ့သဲ့ထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ခပ်လှမ်းလှမ်းမှ အခြား ကြက်ဖတစ်ကောင်၏ အနိုင်မခံလိုသော တွန်သံတစ်ခုနှင့်အတူ အိပ်တန်းနိုးထလာသော ငှက်ငယ်လေးများ၏ တီတီတာတာ အော်မြည်သံများက ကျက်သရေရှိစွာ ထွက်ပေါ်လာကြသည်။

ထိုမနက်ခင်းတေးသံများကြားတွင် ဒေါ်မြလေး၏ မုန့်ဟင်းခါးဆိုင်လေးသည်လည်း ဖွင့်လှစ်ရောင်းချနေပြီဖြစ်သည်။ မိုးရွာမည်ကို စိတ်ပူစရာမလိုတော့သော ဆောင်းတွင်းကာလဖြစ်၍ အမိုးမကာထားတော့။ ပလတ်စတစ် စားပွဲခင်း ခင်းထားသော သစ်သားစားပွဲရှည်ထက်မှာ မုန့်ဖတ်ဗန်း၊ ငရုတ်သီး၊ ငံပြာရည်၊ သံပုရာသီးစိတ်တို့နှင့်အတူ ဒန် ရေနွေးကြမ်းအိုးလေးတို့ကို စီရရီခင်းကျင်းပြင်ဆင်ထားသည်။ တစ်ခုပေါ်တစ်ခုထပ်ထားသော အနားပဲ့နေသည့် ကြွေပန်းကန် ငါးလုံး၊ ခြောက်လုံးနှင့် စတီးဇွန်းခွက်လေးတို့သည်လည်း သူ့နေရာနှင့်သူ နေသားတကျရှိနေပြီဖြစ်သည်။

"သား မနက်စာ စားတော့မလား။"

ဒေါ်မြလေး ရေနွေးကြမ်းအိုးထဲသို့ လက်ဖက်ခြောက်ခပ်ရင်း ဘေးနားမှ ဒီမိုးယံကို လှည့်မေးလိုက်သည်။ ဒီမိုးယံမှာ မီးသွေးမီးဖိုထဲသို့ မီးသွေးအနည်းငယ် ထပ်ထည့်ကာ ယပ်တောင်ဖြင့် တဖျတ်ဖျတ်ခတ်နေသည်။

"ဟိုကောင်ကြီး ယူလာလိမ့်မယ် မေမေ။"

"ထွဋ်ထွဋ်လား။"

"ဟုတ်တယ် မေမေ။"

မုန့်ဟင်းခါးဆိုလျှင် အနံ့ပင် မခံချင်သည့် သားဖြစ်သူအကြောင်းသိ၍လည်း ဆက်ပြီး မတိုက်တွန်းတော့။ ရှိုင်းထွဋ်လေးနှင့် သားဖြစ်သူတို့ အခုနောက်ပိုင်း ခင်ခင်မင်မင်ဖြစ်လာတာကိုပဲ သူမ ဝမ်းသာနေရသည်။ သူမဆိုင်မှာ မုန့်ဟင်းခါးစားရန် ရှိုင်းထွဋ် လာတိုင်း ဒီမိုးယံအတွက် မနက်စာကိုပါ ထည့်လာတတ်သည်။ ရန်မဖြစ်ကြတော့သည်တော့မဟုတ်။ တစ်သက်လုံးမတည့်ခဲ့သည့် သူနှစ်ယောက်မို့ ငါးမိနစ်ထက်ပိုပြီး လေပေးမဖြောင့်။ ဒါပေမယ့်အရင်ကထက်စာလျှင်တော့ သူတို့နှစ်ယောက်ဆက်ဆံရေးမှာ အများကြီးတိုးတက်နေပြီဖြစ်သည်။

ဆူးWhere stories live. Discover now