Part 45

19K 2.4K 86
                                    

မျက်လုံးမဖွင့်ခင်ကတည်းက သူ နိုးနေပြီဆိုတာကို ဒီမိုးယံ သိသည်။ ခေါင်းအုံးထဲကို ခေါင်းကိုဖိသွင်းရင်း ခပ်တိုးတိုးဆဲဖြစ်သည်။ မျက်လုံးများကိုဖွင့်ဖို့တောင် ဒီလောက်ခက်နေသည်။စူးချွန်များနှင့် ထိုးဆွနေသလို ခံရခက်လောက်အောင် စူးရှနာကျင်မှုက သူ့ခေါင်းတစ်ဘက်ခြမ်းနေရာမှာ ရှိနေသည်။  ဒီနာကျင်မှုက တစ်ညလုံးရှိနေတာလား။ အခုမှသတိထားမိတာလား။ သူ မမှတ်မိတော့။ ခွဲခြားစိတ်ဖြာဖို့အချိန်ပေးနိုင်လောက်အောင် သူ့ဦးနှောက်က အလုပ်မလုပ်တော့တာ သေချာသည်။

နာကျင်မှုသက်သာသွားသည်အထိ သူ မစောင့်နိုင်။ ကိုယ်ခန္ဓာအပေါ်မှ စောင်ကိုကန်ချရင်း ကုတင်ပေါ်မှာ ခပ်ဖြည်းဖြည်း ထိုင်ဖြစ်သည်။ အ၀တ်အစားလဲကာ အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဧည့်ခန်းထဲမှ လွင့်ပျံလာတတ်သည့် သီချင်းသံတိုးတိုးလေးနှင့် ကော်ဖီနံ့ မွှေးမွှေးလေးက ဆီးကြိုနေသည်။

"ဟေ့ကောင်။ ကာလနဂါးကြီး။ နိုးပြီလားကွ။"

မနက်ခင်းတိုင်းမှာ ရှိုင်းထွဋ် နှုတ်ဆက်မြဲဖြစ်သော စကားသံသည် လန်းဆန်းတက်ကြွမှုများနှင့် အပြည့်ဖြစ်သည်။ စာအုပ်ပုံထဲတွင် ခေါင်းစိုက်နေသော်လည်း သူ့ကိုမြင်လျှင် ခေါင်းမော့ ပြုံးသွားတတ်သည့် အပြုံးမှာ ချစ်ဖို့ကောင်းလွန်းသည်။

"မင်းကွာ။ အအိပ်ကြီးလိုက်တာ။ မနက်ဆယ်နာရီတောင် ကျော်နေပြီ။"

အအိပ်ကြီးလိုက်တာဟု ရှိုင်းထွဋ် သူ့ကို မကျေနပ်သလိုပြောပေမယ့် မနက်တိုင်းမှာ သူ့ကို ဘယ်တုန်းကမှ လာမနှိုး။

"မင်းနိုးနေတာ ကြာပြီလား။"

"အေး။"

"မနက်စာ မစားရသေးဘူးလား။"

"မင်းကိုစောင့်နေတာ။ ခဏနေဦး။ ငါ ဟင်းရည်ပြန်နွေးပေးဦးမယ်။"

စာအုပ်ပုံကို စားပွဲထောင့်ရောက်အောင်တွန်းလိုက်ရင်း မနက်စာအတွက် ရှိုင်းထွဋ် နေရာပြင်နေသည်။ စားပွဲပေါ်မှ မုန့်ဟင်းခါးမုန့်ဖတ်များကိုတွေ့တော့ ဒီမိုးယံ မိခင်ဖြစ်သူကို အရမ်းသတိရသွားသည်။ အရင်တုန်းက မစားချင်ခဲ့သည့် မိခင်ဖြစ်သူ၏ လက်ရာမုန့်ဟင်းခါးတစ်ပွဲကို သူ အချိန်တိုင်းလွမ်းဖြစ်သည်။ မိခင်ကို သတိရတိုင်း သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်တာရှိသည်။ ဒါကတော့ မိခင်ဖြစ်သူကို အပြုံးများနှင့် သူ အမှတ်ရချင်၊ သတိရချင်ပေမယ့် မေမေဆိုသည့် အမည်နာမနောက်မှာ သူ မြင်ယောင်လာတတ်တာက အိပ်ရာထက်မှာ သေခါနီးဆဲဆဲ အသက်ငင်နေသည့် ဒေါ်မြလေး၏ပုံရိပ်ကိုသာဖြစ်သည်။

ဆူးWhere stories live. Discover now