ရွှေဧည့်သည်နှင့်ဧည့်ဝတ်ကျေသူ-၂

10.8K 1.1K 37
                                    

အိုးလုပ်ကုန်းသို့ရောက်သော် ထိပ်ထားသည် သူနဲ့ရင်းနှီးရာအိမ်တစ်အိမ်သို့ တပ်မှုးချုပ်အားခေါ်သွားပြန်၏။ ဤတွင်တပ်မှုးချုပ်တွေးမိသည်ကား အိမ်ရှေ့မင်းသမီးဖြစ်သော်ငြား တိုင်းသူပြည်သားများနှင့် ရင်းနှီးစွာရှိသည်ဟူသောအချက်။ မလေးစားပဲမနေနိုင်။

“ဘယ်လိုလဲ အံ့သြနေတဲ့ပုံပါလား သီရိရဲ့”


အိမ်ဝိုင်းတိုင်းအိမ်ဝိုင်းတိုင်း၍ အိုးများအစီအရီချထားသည်ကို တပ်မှုးချုပ်တအံ့တသြငေးနေမိသည်ကိုး။

“အိုးတွေကအများကြီးနော်....”

“အိုးလုပ်ကုန်းပါဆို များမှာပေါ့ သီရိရယ်။ ဒီမှာနေတဲ့လူတွေက အိုးတွေလုပ်ရင်းအသက်မွေးကြတယ်။ ထိပ်ထားတို့ ဟံသာ၀တီမှာအသုံးပြုနေသမျှ မြေအိုးမြေခွက်တွေက ဒီကထွက်တာချည်းပဲ။ လက်ရာလည်းမခေတာမို့ တခြားတိုင်းတွေကပါ သဘောကျပြီး တကူးတကလာမှာတာမျိုးရှိတယ်လေ”

ထိပ်ထားရဲ့တိကျလွန်းလှတဲ့စကားကြောင့် သီရိသဘောလည်းကျ ခေါင်းလည်းတငြိမ့်ငြိမ့်။ မိန်းကလေးချင်းတူသော်ငြား မိမိသည်စစ်ရေးစစ်ရာသာစိတ်ဝင်စားပြီး အချိန်ပြည့်နီးပါးတိုက်ပွဲ တလင်းတွင်အချိန်ကုန်နေသူ။ကေတုမတီမြို့တွင်း သေချာတောင် ဆင်းလေ့လာခဲ့ဖူးသူမဟုတ်။ ယခုထိပ်ထားမူကား ထိုသို့မဟုတ် အရာအားလုံးကိုစိတ်ဝင်တစားရှိလှသည်။

“ဒါက ဦးရီးသတ္တိတဲ့....ဒီအိုးလုပ်ကုန်းရဲ့လူကြီးပေါ့။ အိုးလုပ်ကုန်းမှာ ဦးရီးသတ္တိအိမ်ကအိုးတွေကနာမည်ကြီး။ ဦးရီးရေ ကျွန်မရဲ့မိတ်ဆွေကို အိုးလုပ်နေတာလေးတွေကို လိုက်ပြပေးပါအုန်း”

“ရပါ့ဗျာ...ကြွပါသခင်မလေးတို့”

နှုတ်ခမ်းမွှေးစစ သျှောင်ထုံးနှင့်လူကြီးက ထိပ်ထားနှင့်တပ်မှုးချုပ်ကို အိမ်၏နောက်ဘက်အားခေါ်သွားလေသည်။

အိမ်နောက်ဘက်တွင်တော့ လုံမပျိုတစ်ချို့ အိုးများကိုအလှဆေးခြယ်နေကြသည်။

ထို့နောက်ရွံနယ်သောနေရာ။ ဦးရီးသတ္တိက သူသိသမျှကို အာဘောင်အာရင်းသန်သန်ရှင်းပြသည်။ ရွံ့ခူးခြင်းအကြောင်း ရွံနယ်ခြင်းအကြောင်း။

ဦးရီးသတ္တိရှင်းပြသည်ကို တအံ့တသြ အာရုံတစ်စိုက်ဖြင့်နားထောင်နေသော တပ်မှူးချုပ်အားကြည့်၍ ထိပ်ထားပြုံးမိသည်။ တကယ့်ကိုတိုက်ခိုက်ရေးကလွဲ၍ဘာမှသိဟန်မတူ။ တကယ့်ကိုကလေးတစ်ယောက်လို ဖြူစင်လွန်းလှနေသော အသွင်သဏ္ဍန်....

တပ်မှုးချုပ်အတွက် ဦးရီးသတ္တိပြောသမျှသည်အသစ်အဆန်းဖြစ်နေသည်။ မသိတာမရှင်းလင်းတာများကိုလည်း အသေချာမေးမြန်းနေ၏။ အတန်ကြာ လှည့်လည်လေ့လာပြီး ရှင်းပြသည်များကို နားထောင်ပြီးချိန်တွင်တော့

“ ကျေးဇူးပါဦးရီး”

“ရပါတယ်ဗျာ ဦးရီးတို့ကဒီလိုစိတ်ဝင်တစားရှိတဲ့သူမျိုးဆို သိပ်ပြောပြချင်တာ...”

ဦးရီးသတ္တိကလည်း ထိုသို့ရှင်းပြပြောပြရသည်ကို ကျေနပ်အားရနေသည့်ဟန်။ သူအိုးတွေကိုချစ်မြတ်နိုးသည်မှာ သူ၏အမူအယာတွေမှာအထင်းသား။

“ကဲ ဦးရီးသတ္တိ...နေမွန်းတည့်တော့မှာမို့ ကျွန်မတို့ကိုခွင့်ပြုပါဦးနော်..”

“ကောင်းပါပြီဗျား....ဖြေးဖြေးနော်သခင်မလေးတို့။ ခါတိုင်းလှည်းနဲ့လာနေကြကို...ဒီနေကျမှ...”

“ဟုတ်တယ်ဦးရီးရေ...လှည်းမရှိတာမို့ ဒီလိုဖြစ်သွားတာ...ခွင့်ပြုပါအုန်း....”

ထိပ်ထားတို့ နှုတ်ဆက်ပြီးအိုးလုပ်ကုန်းကနေ ထွက်ခွာခဲ့တော့တယ်။

“တပ်မှုးချုပ် ဗိုက်ဆာပြီလား။ သိပ်ကောင်းတဲ့ထမင်းဆိုင် တစ်ဆိုင်လည်းထိပ်ထားသိသေးတယ်။ ဒီနေ့တော့ တပ်မှုးချုပ်ကို ထိပ်ထားတို့တိုင်းထဲက အကောင်းဆုံးတွေပဲပြပေးချင်တာ”

သီရိတစ်ယောက်ထိပ်ထားစကားကြောင့် သဘောကျစွာရယ်ကာ...

“ထိပ်ထားအပေါ်တော့ အကြွေးတွေတင်ပါပြီ”

“အို အကြွေးဘယ်ဟုတ်မလဲ။ အိမ်ရှင်တစ်ယောက်ရဲ့ ဧည့်ဝတ်ကျေပွန်မှုလို့ပဲတွေး”

ဒုတိယံမ္မိသီရိပြုံးရပြန်ချေပြီ။ ထိပ်ထားနှင့်ဆိုလျှင် အမြဲတည်နေသောသီရိနန္ဒာဒေဝီသည် ဘယ်ရောက်သွားမှန်းမသိ...အမြဲကြည်နူးကျေနပ်နေမိသည်ကိုး.....

နေ့လည်စာကို ထိပ်ထားညွှန်းသောဆိုင်မှာပဲ သူတို့စားဖြစ်ကြသည်။ ပြောသလိုပင် အရသာမှာသူမတူအောင်စားကောင်းလှချေ၏။
အချိုတည်းပြီး ခေတ္တနားကာ နောက်ထပ်ဦးတည်ရာက ရက်ကန်းစင်....

ရက်ကန်းခတ်သံတညံညံကြား ထိပ်ထားနှင့်တပ်မှုးချုပ်ရဲ့မြင်းခွာသံ တစ်ခွပ်ခွပ်ကလည်းဝင်ရောက်လာခဲ့သည်။ ပြီးတော့ထုံးစံအတိုင်း ထိပ်ထားသည် အသေးစိတ်လိုက်လံပြသပေးသည်။

ပြီးတော့ကျောက်မျက်တန်း...ပုတီးကုန်း...အရောင်အသွေးစုံလင်လှသောပုတီးကုံးများ
ထုတ်လုပ်ရာ နေရာ။ ထိပ်ထားသည်မိန်းကလေးပီသစွာ စုံလင်လှသောပုတီးကုံးများကို သေသေချာချာကြည့်ရှု့နေလေ၏။ တပ်မှုးချုပ်ကတော့ ပန်းပဲဖိုက ဓားတွေတွေ့ရသလောက်စိတ်မဝင်စားမိ...

“ဒီခရမ်းရောင်လေးကဘာလို့ခေါ်တာ”

“စလင်းစွဲလို့ခေါ်တယ်သခင်မလေး...ကျောက်တွေထဲမှာသူလည်းထင်ရှားတယ်”

ထိုစဉ်သီရိမျက်လုံးထဲဝင်လာတာက နက်ပြောင်လက်နေသောပုတီးကုံးလေး...တစ်ချိန်ထဲမှာပဲစိတ်ထဲတွဲမြင်လိုက်တာက ဖြူကျော့ရှင်းပြီးအကြောစိမ်းလေးများပင် မြင်နေရသော လည်တိုင်။ သီရိအဓိပ္ပါယ်ပါပါပြုံးလိုက်လေ၏။ သိပ်လိုက်ဖက်မှာဆိုတာ တွေးစရာပင်မလို။

ပုတီးကုန်းကအပြန်  နေကားစောင်းလုချေပြီ။ ပြန်ရန်အချိန်သင့်ပြီမို့ မြင်းကိုလာလမ်းသို့ပြန်ဦးတည်ခဲ့သည်။

ဦးညိုထန်းတောရောက်လုခင်တစ်နေရာ....

“တပ်မှူးချုပ် ဟိုနားကစမ်းချောင်းလေးနားမှာ တထောက်နားရအောင် ။”

တပ်မှုးချုပ်သည် ထိပ်ထားစကားကြောင့် အရိပ်ကောင်းကောင်းသစ်ပင်တစ်ပင်နား မြင်းကိုရပ်လိုက်သည်။ ထို့နောက် စမ်းချောင်းရှိရာဆီသို့ ထိပ်ထားနှင့်အတူလျှောက်ခဲ့လေ၏။

“ကဲ လန်းဆန်းသွားတယ်မလား။ လာရေအေးအေးလေးထဲ ခြေထောက်လေးစိမ်ထားရအောင်။"

ထိပ်ထားသည် အဖော်လည်းညှိ၏ သူကိုယ်တိုင်လည်းလုပ်၏။ တကယ်လည်းပတ်ဝန်းကျင်သည် သိပ်ကိုသာယာလှသည်။ နေညိုပြီးဆည်းဆာချိန်ဖြစ်တာမို့ ပုဇွန်ဆီရောင်သန်းသောကောင်းကင်နှင့် ယခုထိပ်ထားတို့ရောက်နေသော စမ်းချောင်းနံဘေးသည်ပနံရလှသည်။

ကျောက်တုံးခပ်ကြီးကြီးပေါ်ကိုထိုင်ချကာ ခြေထောက်ဖွေးဖွေးလေးကို ကြည်လင်နေသောရေထဲကိုချလိုက် သည်။ထို့‌နောက်မျက်လုံးလေးကိုမှိတ်လိုက်ပြီး ခြေထောက်ကိုငါးလေးများလာတွတ်သည်ကို သဘောတကျခံစားသည်။ တိုက်ခတ်သောလေပြေညှင်းကြောင့် နားသယ်စကဆံပင်လေးကလည်းတလွင့်လွင့်။

ဒီမြင်ကွင်းကိုနည်းနည်းမှအလွတ်မခံပဲ ကြည့်နေမိသူကတပ်မှုးချုပ်။ သူလည်းထိပ်ထားနည်းတူစွာ အေးမြသောရေထဲတွင်ခြေထောက်စိမ်ထားသည်။ သို့ပေမဲ့မျက်လုံးများကတော့ လုံးဝမှိတ်မနေပါ။ သဘာဝတရားနှင့်အပြိုင်လှနေသော အလှကိုသူရှု့စားသည်။

ထိုစဉ်ကျောက်တုံးပေါ်ထောက်ထားသော ထိပ်ထားလက်ပေါ်သို့ ခါကျဉ်တစ်ကောင်တက်လာသည်။ ဒါကိုမျက်စိမှိတ်ထားသောထိပ်ထားက သတိမထားမိပေမဲ့ တပ်မှူးချုပ်ကတော့ တမ်းသတိထားမိသွား၏။ ထို့ကြောင့် ထိပ်ထားလက်ကိုဆွဲယူလိုက်ကာ အလျင်အမြန်ဖယ်ပေးလိုက်လေ၏။

“အမေ့...”

ရုတ်တရက်လက်ဆွဲခံလိုက်ရ၍ ထိပ်ထားသည်အမှတ်တမဲ့ပြန်ရုန်းမိသွားသည်။ တပ်မှုးချုပ်ကလည်း အမှတ်တမဲ့ပင် လက်ဖဝါးနုနုကိုပြန်ဆုပ်ကိုင်ရင်းပင်

“ခါကျဉ်တွေ့လို့ဖယ်ပေးတာ”

လက်ကိုဆုပ်ကိုင်ထားသောအခိုက်အတန့်တွင် ထိပ်ထားရှက်သွေးနုနုဖြာသွားရ၏။ သူတို့နှစ်ဦးကြား တစ်စုံတစ်ခုရှိနေသည်ဟုလည်း ခံစားမိသလိုလို။ လက်ကို အသာလေးပြန်ရုန်းလိုက်ရင်း

“ဟို လက်ကိုဆုပ်ထားတာ...ဖယ်ပေးပါအုန်းတပ်မှုးချုပ်”

“ဟမ်....သြော်”

တပ်မှုးချုပ်ကိုယ်တိုင်သည်လည်း ရင်ထဲလှိုက်ခနဲ့သောခံစားမှုမျိုးခံစားလိုက်ရ၏။ လက်ဖဝါးနုနု၏အထိအတွေ့က ရင်ဘတ်ထဲထိစီးဝင်လာ၍ ရှိန်းတိန်းတိန်း....ထိုစဉ်တစ်စုံတစ်ခုကိုသတိရ၍

“ဪ ဟိုလေထိပ်ထား....ထိပ်ထားကိုဒါလေးပေးချင်လို့”

သီရိ သူဝှက်ယူလာသောကတ္တီပါအိတ်ရှုံလေးကိုထုတ်လိုက်သည်။ ထို့နောက်အိတ်ထဲမှမဟူရာပုတီးကုံးလေးကိုထုတ်ကာပြလိုက်ရင်း...

“ဒါလေးလက်ခံပေးနိုင်မလား။ မဟူရာကျောက်နဲ့လုပ်တာတဲ့ အန္တာရယ်လည်းကင်းသလို ကျန်းမာရေးလည်းကောင်းတယ်တဲ့။ ပြီးတော့ ထိပ်ထားလည်တိုင်ကျော့ကျော့နဲ့ဆိုသိပ်လိုက်မှာ”

နောက်ဆုံးစကားကို တပ်မှုးချုပ်လေသံဖျော့ပြောပေမဲ့ ထိပ်ထားသေချာစွာကြားလိုက်ရသည်မို့ ပါးပြင်တွင်ပန်းနုရောင်ကဖိတ်ခေါ်စရာမလို....တပ်မှူးချုပ်ရဲ့အကြည့်တွေ စကားတွေကို ဘာ့ကြောင့်ရှက်သွေးဖြာမိမှန်း ထိပ်ထားနားမလည်တော့။ ကိုယ့်ကိုကိုယ်သတိထားမိသလောက်ဆို ဒါမျိုးသည် ယခုမှဖြစ်ဖူးခြင်းပင်....

“ဘယ်အချိန်ကများဝယ်လိုက်တာလဲ”

“ထိပ်ထား ပုတီးတွေငေးနေတုန်း တိုးတိုးလေးဝယ်လိုက်တာ။”

“သြော်...”

“ဟိုလေ....ရွှေစိတ်တော်မညိုညင်ဘူးဆိုရင် တစ်ခါထဲဆွဲပေးလို့ရမလား”

ငံ့လင့်နေသောတပ်မှုးချုပ်ကို ထိပ်ထားခေါင်းငြိမ့်ပြလိုက်ရင်း လည်တိုင်ကို တပ်မှူးချုပ်ဘက်တိုးပေးလိုက်သည်။

လည်တိုင်ကျော့ကျော့ပေါ်သို့ တင့်တယ်စွာရောက်ရှိလာသော မဟူရာပုတီးကုံးလေး.....သီရိ‌ မျှော်မှန်းထားသလို သိပ်လိုက်ဖက်လွန်းလှသည်။ ဆွဲပေးပြီးသည့်တိုင်အောင် သီရိသည် အမြတ်တနိုးငေးဆဲ။

“အဟမ်း....ထိပ်ထားတို့ပြန်ရအောင်လေ။ ဦးညိုဆီညနေစာဝင်စားရအုန်းမယ်။ သိပ်အချိန်လင့်လို့မရဘူး”

ရွှန်းရွှန်းစားကြည့်နေသော မျက်လုံးများကြောင့်ထိပ်ထား အမြန်စကားစဖော်ရတော့၏။ ဒီမျက်လုံးအကြည့်တွေကြောင့် ရင်ဖိုရတာ မကြာခဏ။ ဒီအတွက်လည်းကိုယ့်ကိုကိုယ်အံ့သြပြီး နားမလည်ဖြစ်ရသည်။ တပ်မှူးချုပ်သည် ယောကျာ်းသားတစ်ဦးမဟုတ် ထိပ်ထားကဲ့သို့မိန်းမသား။ သို့ပေမဲ့ထိပ်ထား တမူထူးစွာခံစားနေရသည်။ ဘာလည်းဆိုတာတော့မသိ။ မိန်းမသားချင်းဖြစ်ပေမဲ့ အားကိုးမိသည် လုံခြုံသည်ဟုလည်းခံစားရသည်။

မြင်းပေါ်၌ထိပ်ထားမှီထားသော ရင်ခွင်သည်နွေးထွေးသည်ဟုခံစားနေရသလို တချက်တချက် စကားအပြော ထွက်လာသောအသံ  ချိုမြနေသောအသံမဟုတ်သော်ငြား ခပ်ရှရှအသံကိုက နားထဲပနံရလှသည်။

“တပ်မှုးချုပ်”

“ပြောလေ ထိပ်ထား...”

“ထိပ်ထားဆီကို မကြာခဏလာလည်ပါ။ တပ်မှုးချုပ်ကထိပ်ထားရဲ့ပထမဆုံး သူငယ်ချင်းမိတ်ဆွေ။ လာလည်မယ်မလား။”

“အခွင့်သင့်တိုင်းလာခဲ့ပါ့မယ်”

“နောက်တစ်ခါလာရင် ထိပ်ထားကိုမြင်းစီးသင်ပေးရမယ်နော်။”

“သင်ပေးမှာပေါ့...ကျွန်ုပ်လေ ထိပ်ထားနဲ့ခင်မင်ရင်းနှီးခွင့်ရတာကို တကယ်ဝမ်းသာမဆုံးပါ။ ကေတုမတီရောက်လို့ တိုင်းရေးပြည်ရေးကိစ္စတွေနဲ့မအားရင် စာလွှာပါးလို့ရမယ်မလားထိပ်ထား”

“ရတာပေါ့။ ဒါပေမဲ့ လျို့ဝှက်ချက်နော်...သိတဲ့အတိုင်းနန်းတွင်းဆိုတာခပ်ရှုပ်ရှုပ်မလား”

ကေတုမတီတပ်မှုးချုပ်နဲ့ ဟံသာဝတီအိမ်ရှေ့မင်းသမီး စာလွှာအပြန်အလှန်ပါးတာကို နန်းတွင်းထဲကမလိုသူတွေသိကြည့်ပါလား...ချဲ့ကားလိုက်မည့်ဖြစ်ခြင်း ။ဒါတွေကြိုမြင်၍ ထိပ်ထားဒီလိုပြောလိုက်ခြင်းပင်....

“ဒဏ်ရာသက်သာရင် ကျွန်ုပ်ကေတုမတီကိုပြန်ရတော့မယ်။ ဒီအတောတွင်း ထိပ်ထားပေးတဲ့အမှတ်တရတွေကို အမှတ်ရနေမှာပါ။ အားလုံးအတွက် ကျေးဇူးလည်းတင်ပါတယ်....”

“ထိပ်ထားလည်းအမှတ်ရနေမှာပါ.......”

တိတ်ဆိတ်သွားသောလေထုနဲ့အတူ တပ်မှုးချုပ်ရဲ့သက်ပြင်းခိုးချသံသဲ့သဲ့။ ပွဲတိုင်းကျော် စစ်မျက်နှာဖုံး တပ်မှုးချုပ်သီရိနန္ဒာဒေဝီသည် မခွဲခင်အချိန်ကတည်းက လွမ်းတက်နေသည်ဆိုတာ မည်သူသိမည်နည်း.......




________🪔ထိပ်ထား🪔___________




RenGe-18.7.2018

ထိပ်ထားWhere stories live. Discover now