ချစ်စကားတစ်ခွန်းဆိုပါမည်

10.5K 1K 61
                                    

အရာအားလုံးအေးချမ်းလျှက်ရှိသည်။ ဒီလိုအေးချမ်းခြင်းဟာ မုန်တိုင်းမဝင်ခင် လေပြည်လာတဲ့သဘောများလားလို့တောင် သီရီတွေးမိ၏။ ယခုအချိန်ထိ အိမ်ရှေ့စံ၏ အကြံအစည်ကိုမသိရသေး။ ငြိမ်ချက်သားကောင်းနေသည်မှာ တစ်လခန့်ရှိပြီ။ သို့ပေမဲ့ ဒီအတောအတွင်း သီရိတို့သားအဖကို သူ့ဘက်သားဖြစ်အောင် စည်းရုံးစမြဲ..။ သူတို့ဘက်ကလည်း အလိမ္မာနဲ့လှည့်ရှောင်ရစမြဲ။ အိမ်ရှေ့စံ၏ စိတ်တွင်းဝယ် သူတို့အပေါ် အစိုင်အခဲရှိလာပြီဆိုတာလည်း သီရိရိပ်မိပါသည်။
ဒါ့ကြောင့် အစစအရာရာတော့ သတိထားနေနေရသည်။

စစ်သည်တော်များကို အုပ်ချုပ်ရသော တပ်မှုးချုပ်အဖို့ စစ်ပွဲမရှိသောကာလများတွင် စစ်ရေးလေ့ကျင့်ချိန်မှလွဲ၍ ကျန်သောအချိန်များသည် အားလပ်လျှက်ရှိ၏။ ဒီတော့ တပ်မှုးချုပ် အိမ်တော်တွင်ပဲ သောင်တင်နေသည်။ ယခင်က အားလပ်ချိန်များတွင်မနားပဲ  မြင်းစီးလိုက် မြစ်အတွင်းလှေသွားလှော်လိုက်စသည်ဖြင့် အိမ်မကပ်ပဲ အလုပ်များနေတက်သော တပ်မှုးချုပ်။ ယခုတော့ အိမ်တော်တွင်မြဲနေ၍ မယ်တော်ကပင် အံ့သြရသည့်အထိ ။

ယခုလည်း စံပယ်ရုံကြီးကို သုံးချောင်းခရင်းခွတစ်ခုနှင့် မြေစွနေသည်။

“သမီးတော်...”

ချွေးတရွှဲရွှဲဖြင့်အာရုံများနေသော သီရိသည် မယ်တော်ကိုပင် သတိမထားမိ။

“သီရိ သမီးတော်..”

“မယ်တော်..”

“ကွယ်..နေကြီးလည်းပူလို့ အဆောင်းလေးဘာလေး ဆောင်းလုပ်ပေါ့လုံမလေးရဲ့။ အပူရှပ်တော့မှာပဲ။"

“ဟုတ်...ပြီးပါပြီမယ်တော်။ ထိပ်ထားရော”

“ရေချိုးနေလေရဲ့။ ဒါနဲ့နေပါအုန်း သမီးတော်က ဘယ်တုန်းက မယ်တော့်ပန်းဥယျာဉ်ကို စိတ်ဝင်စားသွားတာလဲ”

မိခင်ဖြစ်သူ၏စကားကြောင့် သီရိပြုံးသွားရတယ်။ မေးလည်းမေးချင်စရာကိုး တစ်သက်လုံးဒီပန်းတွေမြင်တောင် မြင်ခဲ့တာမဟုတ်။ အမြဲကျော်ခွသွားနေကြ။ ယခုထိပ်ထားက ပန်းလေးတွေကို ချစ်မြတ်နိုးသည် ကြိုက်သည်ဟူ၍ အပင်လေးတွေကို ပိုဂရုစိုက်ပေးနေခြင်းပင်။ အပင်သစ်တွေလည်း ထပ်စိုက်ထားတာမနည်းမနော။ နေ့စဉ်ပန်းချိုး၍ ထိပ်ထားကိုပန်ပေးရတာကို သူမြတ်နိုးပါသည်။ ထို့အတူ သူကိုယ်တိုင်လည်း ပန်းလေးတွေကိုချစ်လာရသည်။

“ပန်းလေးတွေကို သီရိချစ်လာလို့်ပါ။ အေးချမ်းတယ် မွှေးပျံ့တယ်။ ကိုယ်စိုက်တဲ့အပင်က အပွင့်ပွင့်ရင် ကြည်နူးရသေးတယ်”

“သီရိလေးတောင် မိန်းမဆန်လာပြီ”

“မယ်တော် သမီးတော်က အစကတည်းက မိန်းကလေးပါ”

သီရိရဲ့စောဒကစကားလေးကြောင့် မယ်တော်ကရယ်တယ်။

“ဟုတ်ပါပြီတပ်မှုးချုပ်လေးရယ်။ ပြီးရင်လည်း အိမ်ထဲပြန်ဝင်လာတော့ ဒီနားကနေပူတယ်”

“နှင်းဆီပင်အသစ်လေးတွေနား စွပြီးရင် ပြီးပါပြီမယ်တော်။”

“အေးအေး....သြော် ဟိုမှာ မောင်ဒီပလာတယ်။ ကိစ္စရှိလို့နဲ့တူတယ်။ကွပ်ပျစ်မှာ ခဏနားရင်းစကားပြောကြ။ မယ်တော်ရေနွေးနဲ့အကြော်လာချပေးမယ်”

ဒီပရောက်လာတာမို့ သီရိ နှင်းဆီပင်တွေဘက်မကူးပဲ ကွပ်ပျစ်ဆီပြန်လာလိုက်တော့တယ်။

“ထိုင် ဒီပ။”

ဒီပဟာ အရိုအသေပေးရင်း ထိုင်လိုက်တယ်။ ပြီးတာနဲ့စကားစတော့တယ်....

“တပ်မှုးချုပ် မင်းတရားကြီးက အခေါ်လွှတ်တာမို့”

“မင်းတရားကြီး...အခုလားဒီပ”

“မှန်ပါတယ် တပ်မှုးချုပ်။"

“ကောင်းပြီ ငါအခုသွားလိုက်မယ်။ မောင်မင်းက ရေနွေးလေးဘာလေးသောက် ထမင်းလေးဘာလေးစားပြီးမှ ပြန်”

သီရိပြီးတာနဲ့ ခြေလက်သန့်စင်အဝတ်လဲပြီး သူ့ရဲ့လက်စွဲတော် မိုးသားဖြင့် နန်းတော်ကိုအသော့နှင်ခဲ့တော့တယ်။ အခေါ်လွှတ်တယ်ဆိုမှတော့ အရေးကြီးကိစ္စဆိုတာ သီရိနားလည်တယ်လေ။

နန်းတွင်ထဲရောက်တော့ မင်းတရားကြီးက သူ့အား ကြာကန်ဆီသို့ လာရန် အခေါ်ထပ်မံလွှတ်လိုက်ပြန်သည်။ နန်းတွင်းကြာကန်၏ အလယ်တွင် ဘုရင်အနားယူရန်အဆောင်တော် တစ်ခုဆောက်လုပ်ထားသည်။ များသောအားဖြင့် ဘုရင်နှင့်မိဖုရား စကားစမြည်ပြောလေ့ရှိတဲ့နေရာလေးပေါ့။

သို့ပေမဲ့ ဟိုရောက်တော့ မင်းကြီးနှင့်ရှိနေတာ မိဖုရားမဟုတ်။ သားတော်အိမ်ရှေ့စံ။ သီရိအနည်းငယ် အံ့သြသွားပေမဲ့ ဟန်မပျက်ပဲ အရိုအသေပေးလိုက်သည်။

“တပ်မှူးချုပ် သီရိနန္ဒာဒေဝီ မင်းတရားကြီးအား ခစားပါတယ်”

“သြော် တပ်မှုးချုပ်ရောက်ပြီပဲ။ အခေါ်တော်လွှတ်တာ တခြားမဟုတ်ပါဘူး။ ကေတုမတီရဲ့နယ်စပ်မှာ ဓားပြတွေအရမ်းသောင်းကျန်းနေတယ်လို့ ကိုယ်တော်သတင်းရထားတယ်။ အဲ့နားကကေတုမတီ ပြည်သူပြည်သားတွေက ကျီးလန့်စာစာနေနေရတယ်တဲ့။ တပ်မှုးချုပ်ကို ငါကိုယ်တော်သွားရောက်နှိမ်နင်းစေလိုတယ်။ လိုအပ်တဲ့လက်နက်စစ်သည် ယူဆောင်သွားပါ။"

“မှန်လှပါ ။ ကျွန်တော်မျိုးမ ဒီညနေပဲ အမိန့်တော်အတိုင်းဆောင်ရွက်ပါ့မယ်”

“ကောင်းပေပြီ”

မင်းတရားကြီးနဲ့ အိမ်ရှေ့စံကို အရိုအသေပေးပြီးသီရိပြန်ရန် အလှည့်...

“ကံကောင်းပါစေ သီရိနန္ဒာဒေဝီ”

သီရိပြုံးလျှက်နှင့်ပင်ပြန်လှည့်လိုက်ကာ..

“စစ်ပွဲအလီအလီနွှဲခဲ့ဖူးပါတယ် အရှင့်သား။ ဒီမဖြစ်စလောက်ဓားပြလေးတွေလောက်နဲ့ အရှင့်သားဆုတောင်းကို ခံယူဖို့ မဝံ့ရဲပါ”

“ကံတရားဆိုတာ မပြောနိုင်ဘူးမလား။ ကိုယ်‌တော်ကစေတနာနဲ့ပါ”

မြင်ပြင်းကတ်စရာကောင်းတဲ့ အိမ်ရှေ့စံကို သီရိအပြုံးနဲ့ပဲတုံ့ပြန်ကာ ပြန်လာခဲ့လိုက်တယ်။

“အလကားလူ”



________🪔ထိပ်ထား🪔___________




ဒီစစ်ထွက်ချပ်ဝတ်တန်ဆာတွေ ဝတ်တိုင်းမယ်တော်မျက်နှာ မကောင်းတာကို သီရိသိပါသည်။ ယခုသူ နယ်စပ်ကိုသွားမဲ့ကိစ္စ မယ်တော်ရော ထိပ်ထားပါ မျက်နှာကမကောင်း။ သိပ်မရွှင်ကြတော့။

မိခင်ဖြစ်သူကို ရှိခိုးကန်တော့တော့ ဘေးမသီရန်မခဖို့ ဆုတွေပေးသည်။

“သီရိသမီးရယ်....သမီးလေးက တပ်မှုးချုပ်ဆိုတာကို မယ်တော်ဂုဏ်ယူပါတယ်။ ဒါပေမဲ့ဒီလိုအချိန်တိုင်း စိတ်ထဲမသက်မသာဘူးကွယ်။ မယ်တော့်သမီးလေးကို စိုးရိမ်မိတယ်။”

“စိတ်ချပါ မယ်တော်။ သီရိဘေးကင်းစွာနဲ့ ပြန်လာမှာပါ။ ဒီမှာလေ မယ်တော့်အထက်ဆင် သီရိလက်မောင်းမှာပတ်ထားတယ်။ မယ်တော့် ဆုတောင်းတွေကြောင့် သီရိဘေးကင်းပြီးသားပါ...ဒါနဲ့မယ်တော် ခမည်းတော်ကို မနက်ကတည်းကမတွေ့ဘူး”

“မင်းတရားကြီးက ခေါ်လို့ဆိုပြီး မနက်အစောကတည်းကသွားလေရဲ့။”

သီရိတစ်ချက်စဉ်းစားသွားတယ် ဒါဆိုသူမင်းကြီးဆီသွားတုန်းက ဘာလို့မတွေ့ရတာလဲဆိုပြီးတော့ပေါ့။ ဒါပေမဲ့ မကောင်းတဲ့အတွေးတွေကို မောင်းထုတ်လိုက်တယ်။ ဖခင်ဒီလိုသွားတာ တစ်ခါနှစ်ခါမှမဟုတ်တာ။

ပြီးတာနဲ့ သီရိ မယ်တော့်ကိုနှစ်သိမ့်ပြီး နှုတ်ဆက်လိုက်တယ်။

“မယ်တော် သမီး ထိပ်ထားနဲ့စကားခဏပြောလိုက်အုန်းမယ်နော်”

မိခင်ကိုခွင့်တောင်းပြီးတာနဲ့ သီရိ ထိပ်ထားအခန်းဆီသွားလိုက်တယ်။ သူနယ်စပ်ကိုသွားမယ်လို့ပြောကတည်းက အခန်းထဲကမထွက်တော့တာလေ....

“ဒေါက် ဒေါက်....ထိပ်ထား...။ ကျွန်ုပ်ပါ။"

“……”

“ထိပ်ထား”

“ဝင် ခဲ့ ပါ တပ်မှုးချုပ်”

သီရိ အခန်းတံခါးကိုခပ်ဖြေးဖြေးတွန်းဝင်သွားတော့ ကုတင်ပေါ်မှာ တင်ပလွှဲထိုင်နေတဲ့ ထိပ်ထား။ ဆံပင်များကပြေကျနေသည်မို့ မျက်နှာတော့ မမြင်ရ။

“ထိပ်ထား ကျွန်ုပ် သွားရတော့မယ်။ လိုအပ်တာရှိရင် မယ်တော့်ကိုပြောပါ။ ခမည်းတော်တို့ဆီဆက်သွယ်ချင်လည်း ဒီပ....ဟင်”

သူကိုမော့ကြည့်လာတဲ့ ထိပ်ထားမျက်ဝန်းမှာ မျက်ရည်စတွေ။ သီရိပြောလက်စတွေ ရပ်တန့်ကုန်ရတယ်။

“အလို ထိပ်ထားငိုနေတာလား”

သီရိထိပ်ထားမျက်နှာကို ဖုံးနေတဲ့ဆံစတွေကို သပ်တင်လိုက်တယ်....ဟုတ်တာပေါ့ငိုနေတာ နှာထိပ်လေးတွေကိုရဲလို့....

ထိပ်ထားက မျက်ရည်များကိုခပ်ဖြေးဖြေးသုတ်ကာ သူ့ကိုပြုံးပြသည်။ ပြီးနောက် သူ့ဘေးကနေရာကိုပုတ်ပြပြီး...

“ဒီမှာထိုင်ပါလား”

သီရိ ထိပ်ထားရဲ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။ သူတို့နှစ်ဦးစလုံး စကားဆက်မဆိုဖြစ်။ ထိပ်ထားဘာလို့ငိုလဲဆိုတဲ့အကြောင်းကို သီရိအဖြေရှာနေမိတယ်။

ရုတ်တရက်ထိပ်ထားက သီရိဘက်ကိုမျက်နှာခြင်းဆိုင်လှည့်လာပြီး..

“ဂရုစိုက်ပါနော်။ ဒဏ် ရာအနာတရ မရစေနဲ့...”

“ကောင်းပါပြီထိပ်ထား”

ရှင်မတောင်ရနံ့လား စံပယ်နံ့ခပ်သင်းသင်းပဲလား မသဲကွဲတဲ့ထိပ်ထားရဲ့ ကိုယ်သင်းနံ့က သီရိနှာသီးဖျားကို လာရောက်ကျီစယ်လာတော့တယ်။ အခုသူတို့က ကုတင်ပေါ်မှာအတူတူယှဉ်ထိုင်နေပြီး တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ကြည့်နေတာလေ...

“တပ်မှုးချုပ် အန္တရာယ်ကင်းစွာပြန်လာဖို့ ထိပ်ထားဆုတောင်းနေပါ့မယ်”

ပန်းနုရောင်နှုတ်ခမ်းဖူးဖူးက ထွက်လာတဲ့စကားတွေကို သီရိမကြားတော့။ သူအားယူနေမိသည် တစ်စုံတစ်ရာကို ပြောဖို့ပေါ့။ စိတ်ဆန္ဒကလည်း ယခုပြောချင်လာရသည်မို့...။

“တပ်မှုးချုပ် ဘာလို့အရမ်းငြိမ်နေတာလည်း...”

သီရိ ထိပ်ထားလက်ကိုဆွဲကာ ဆုတ်ကိုင်လိုက်သည်။  အမှတ်တမဲ့မို့ ထိပ်ထားအံ့သြသွားပေမဲ့ တစ်ခုခုကိုပြောဖို့ အားယူနေတဲ့ဟန်မို့ မရုန်းပဲငြိမ်နေလိုက်သည်၊။

“ထိပ်ထား...”

“ပြောပါ တပ်မှုးချုပ်”

“တကယ်တော့ ဒီစကားကလေ ထိပ်ထားကိုဟံသာဝတီပြန်ပို့ပေးပြီးမှ ပြောမယ်လို့တွေးထားတဲ့စကားပါ။ဒါပေမဲ့ အခုဘယ်လိုမှ မြိုသိပ်ထားလို့မရတော့လို့။ ကျွန်ုပ် ထိပ်ထားကို ချစ်မြတ်နိုးမိနေပြီ”

“အို...”

နားထဲကြားလိုက်ရတဲ့စကားကြောင့် ထိပ်ထားရှိန်းခနဲ့ ခံစားလိုက်ရသည်။ ပြီးတော့ ရင်တုန်ခြင်း...သူ့ကိုဆုတ်ကိုင်ထားတဲ့ လက်ဖဝါးအထိအတွေ့ကို အခုမှ ပိုအာရုံထားမိသွားသလို။ ပြောရလျှင် ဒါပထမဆုံး ချစ်ရေးဆိုခံရခြင်းမလား။စိတ်ဆိုးခြင်း အလိုမကျခြင်းခံစားချက်မျိုး တစိုးတစိမခံစားရ။ အမျိုးသားဆီကမဟုတ် အမျိူးသမီးတစ်ဦးဆီက။သို့ပေမဲ့ အထူးအဆန်းဖြစ်မနေ။ သူ့ရင်ဘတ်ကြီးကပါ အလိုတူအလိုပါ တစ်ဝုန်းဝုန်းနှင့်...။

“အခွင့်အရေးယူတယ်လို့တော့ မထင်စေလိုပါထိပ်ထား။ သူ့အိမ်မှာနေလို့ ငါ့ကိုဒီလိုလုပ်တယ်လို့တော့ မတွေးပါနဲ့နော်”

ချက်ချင်းကိုင်ထားတဲ့လက်ကို ဖြုတ်လိုက်တော့ ထိပ်ထား လျစ်ဟာသွားသလို။ သူကတော့ ထိပ်ထား ရွှေစိတ်တော်ညိုညင်မှာစိုး၍ အတင်းရှင်းပြနေသည်။

“ထိပ်ထား။ ကျွန်ုပ်ဒီလိုပြောလို့ မုန်းသွားပြီလားဟင်။ ထိပ်ထားဂုဏ်သိက္ခာကို စော်ကားသလိုဖြစ်သွားပြီများလား။ ကျွန်ုပ် တောင်းပန်ပါတယ်နော်။ ဒါပေမဲ့ ဘယ်လိုမှမြိုသိပ်လို့မရတော့တာမို့။”

“တပ်မှုးချုပ်က စကားများတယ်နော်”

“ဟင်...”

သူ့ကိုရုပ်တည်ဖြင့်ပြောလာသော ထိပ်ထားကြောင့် သီရိပါးစပ်ပိတ်သွားရတော့တယ်။ ပြီးတော့ ခုနကဇောနဲ့ပြောလိုက်ပေမဲ့ ယခုလန့်နေမိသည်။ ထူပူပြီး ချွေးများပင်စို့လာသည့်အထိ။

“ခုနကဘာပြောတာ...ပြန်ပြောပါအုန်း ထိပ်ထားကို”

“အကျွန်ုပ် ထိပ်ထားကို ချစ်မြတ်နိုးမိနေကြောင်းပါ”

ထိပ်ထားဘာမှတော့ မပြော။ သေချာနားထောင်နေသည့်ဟန်။ သီရိအားတက်သွားရသည်။ ထပ်မံအရဲကိုး၍…

“ထိပ်ထားဆီက တိကျတဲ့အဖြေတစ်စုံတစ်ရာများ အကျွန်ုပ်ကြားခွင့်ရနိုင်မလား”

တိကျတဲ့အဖြေ။ထိပ်ထားစိတ်ထဲတွေးမိသွားသည်။ သူကကော တပ်မှုးချုပ်အပေါ် ဘယ်လိုခံစားရသလဲဆိုတာ။ ချက်ချင်းပါးများရှိန်းတက်လာရသည်။ သူ့ဘက်ကရော ဒါဆိုသူ့အတွေးတွေကရော မရိုးသားဘူးပဲဆိုတာ နားလည်လာရသည်။

“ထိပ်ထား...”

“ကောင်းပြီ။ ထိပ်ထား တပ်မှုးချုပ်ပြန်လာရင် တိကျတဲ့အဖြေပေးပါမယ်”

“ဝမ်းသာလိုက်တာ ထိပ်ထားရယ်”

သီရိထိပ်ထားလက်ကိုအရဲစွန့်ပြီး ဆွဲယူလိုက်ကာ ခပ်ဖွဖွနမ်းလိုက်သည်။ ထိပ်ထားမရုန်း။ သို့ပေမဲ့ ပါးမို့လေးများရဲလျှက်....

“မျှော်လင့်နေမယ်နော်ထိပ်ထား....သွားတော့မယ်”

“ထိပ်ထား အရှေ့ထိလိုက်ပို့ပေးမယ်”

“ကောင်းပါပြီ”

သူ့ကိုနှုတ်ဆက်ကာ ထွက်သွားသော တပ်မှုးချုပ်ရဲ့ကျောပြင်ကို ငေးကာ ထိပ်ထားကျန်ခဲ့တယ်။ လက်ဖမိုးပေါ်က နွေးထွေးတဲ့အနမ်းတစ်ပွင့်အကြောင်းကို ပြန်တွေးရင်းပေါ့။ ဒီတစ်ခါသေချာတာကတော့ ထိပ်ထားသူ့ကို ပိုပြီးလွမ်းနေရတော့မယ်ဆိုတာ..။

________🪔ထိပ်ထား🪔___________



“သူတို့တပ်တွေ ထွက်ပြီတဲ့ဘုရား”

ဒေဝမင်းထင်ကျော်စွာ သဘောကျစွာပြုံးလိုက်တယ်။

“အစီအစဉ်တွေလွဲလို့မရဘူးနော်။ ပါသွားတဲ့တပ်သားတွေထဲမှာ...”

“မှန်ပါ့ မလွဲအောင်အထပ်ထပ်မှာလိုက်ကြောင်းပါ။ သတင်းကောင်းကြားရစေပါ့မယ်”

“စကား‌ပြောမစောနဲ့အုန်း။ စောင့်ကြည့်ရအုန်းမယ် ပြီးရင်အစီအစဉ်ကို ဒီညသန်းခေါင်မတိုင်ခင် စမယ်”

“မှန်လှပါ အရှင်မင်းသား”


________🪔ထိပ်ထား🪔___________




RenGe-27.10.2018

ထိပ်ထားWhere stories live. Discover now