ပိုမိုနီးစပ်လာခြင်း

9.8K 1.1K 43
                                    

အစည်းအဝေးလုပ်နေသော နန်းတွင်းရင်ပြင်။ ကေတုမတီမင်းကြီး ၊ အိမ်ရှေ့စံ ၊ စစ်သေနာပတိချုပ် ၊ တပ်မှုးချုပ် ၊ ပြီးတော့ ရာထူးအလိုက်အမတ်များ။ ဒီလိုစုံညီစွာ စည်းဝေးသဘင်မလုပ်ခဲ့သည်မှာ ကြာခဲ့ပြီ။ ပြောရလျှင် ပထမအိမ်ရှေ့စံ ကံတော်ကုန်ကတည်းက။

“ အခွန်တော်ကိစ္စတွေကိုလျှောက်ပါ။"

“မှန်ပါ့ ဝီရတိုင်းကလည်း ပုံမှန်အခွန်ဆက်သလျှက်ရှိသလို အခြားလက်အောက်ခံ တိုင်းအသီးအသီးကလည်း ပျက်ကွက်ခြင်းမရှိပါ။”

“ဟုတ်ပေပြီ။”

“အရှင်မင်းကြီးဘုရား တိုင်းသူပြည်သားတွေက အရှင်မင်းကြီး နေကောင်းကျန်းမာတော်မူလားဆိုတာ သိချင်လျှက်ရှိကြပါတယ်။”

“ဆင်တော်ကို ပြင်ထားလိုက်ပါ။ ကိုယ်တော်လည်း တိုင်းခန်းမလှည့်လည်တာကြာပြီမလို့ ဒီနေ့လှည့်လည်မယ်”

“မှန်လှပါ"

“ကဲ ဘာများလျှောက်တင်စရာ ရှိသေးလဲ”

ကေတုမတီမင်းကြီးရဲ့စကားအဆုံးမှာပဲ အိမ်ရှေ့စံဟာ.

“အရှင်မင်းကြီးဘုရား သားတော်အိမ်ရှေ့စံ တစ်ခုလျှောက်တင်ပါရစေ။ သားတော်ကို အယုဒ္ဓယသို့ စစ်ချီခွင့်ပေးပါ”

ဒီစကားဟာ နန်းရင်ပြင်ကအမတ်တွေကို ထိတ်လန့်သွားစေသလို စစ်သေနာပတိချုပ်နဲ့ တပ်မှုးချုပ်တို့လည်း အံ့သြသွားရတယ်။ အယုဒ္ဓယနဲ့ ဆက်ဆံရေးပြတ်တောက်ပြီး အေးဆေးစွာနေခဲ့တာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ။ နှစ်ပြည်ထောင် အေးငြိမ်းစွာ နေနေခဲ့တာ ကြာပြီလေ။ စစ်ဖြစ်တိုင်း ကေတုမတီဘက်ကလည်း အသေအကြေများသလို အယုဒ္ဓယဘက်ကလည်း မချောင်။ နောက်ဆုံးစစ်နိုင်ခဲ့ရင်တောင် ပျက်စီးနေသောစစ်တလင်းမြို့ကိုသာ သိမ်းခဲ့ရစမြဲ။ကေတုမတီ၏ စစ်သားကောင်းများစွာလည်း ဆုံးရှုံးရစမြဲ။
ဒါ့ကြောင့် တစ်ဦးနှင့်တစ်ဦး ရန်မစပဲ နေခဲ့တာ အတော်ကြာခဲ့ပြီ။

“မဖြစ်ပါဘူး အရှင်မင်းကြီး ။ အကျိုးရလဒ်သိပ်မရှိပဲ အထိအခိုက်အနစ်နာများမဲ့ စစ်ပွဲကို ခွင့်မပြုသင့်ကြောင်းပါ”

တပ်မှုးချုပ်ရဲ့ ကန့်ကွက်အဆိုကြောင့် အိမ်ရှေ့စံရဲ့ အကြည့်ဟာစူးခနဲ့ရောက်လာခဲ့တယ်။

“အိမ်ရှေ့စံ စစ်ချီချင်တဲ့ အကြောင်းအရင်းများရှိနေမလား”

“ရှိပါတယ်အရှင်မင်းကြီးဘုရား။ ယခု အယုဒ္ဓယဟာ အရမ်းစည်ပင်တိုးတက်နေပါပြီ။ သူ့ကိုသာသိမ်းနိုင်ခဲ့ရင် ရလာမဲ့ အကျိုးဆက်က အများကြီးပါ။ ဒီလိုလွှတ်ထားလို့နောင်တချိန် အင်အားပိုတောင့်လာရင် ကေတုမတီရဲ့ ငြိမ်းချမ်းရေးကို ထိပါးလာနိုင်ကြောင်းပါ။ ယခုအချိန်ကတည်းက အနိုင်ယူ နှိပ်ကွတ်ထားမှ စိတ်အေးရပါမယ် အရှင်မင်းကြီး"

စစ်သွေးကြွနေတဲ့ အိမ်ရှေ့စံကို သီရိစိတ်ပျက်စွာကြည့်မိတယ်။ သူအယုဒ္ဓယကို သိမ်းချင်တာက သမိုင်းသစ်ရေးထိုးချင်နေတာ။ သူ့၏ဂုဏ်ကိုမြှင့်တင်ချင်သည့် အကြောင်းတစ်ခုထဲကြောင့် ဖြစ်လာမဲ့ အသေအကြေအပျက်အစီးတွေကို ထည့်တွက်ထားခြင်းလည်းမရှိ။ ယခု အယုဒ္ဓယဘက်က တူရကီများနှင့်သင့်မြတ်နေသည်ဟု ကြားထားသည်။ ဒါဆိုကြိမ်းသေ လက်နက်ခဲယမ်းထောက်ပံ့မှုက ရှိမှာပဲ။ ကိုယ့်ရဲ့ မိသားစုလိုဖြစ်နေသော တပ်သားများအသေအကြေများမှာကို သီရိမလိုချင်ပါ။ စစ်ကို မဖြစ်မနေမှသာ သူတိုက်ချင်သည်။ ယခုလို စစ်သွေးဆာလောင်ရခြင်းကို သူမကြိုက်ပါ။

“အယုဒ္ဓယရဲ့စည်ပင်ဖွံဖြိုးမှုကို သိရင် သူတို့ရဲ့စစ်တပ်အင်အားကိုလည်း လျော့မတွက်သင့်ပါဘူး။ ရှေးယခင် စစ်ပွဲများက သာဓကပါ။ ကျွန်ုပ်တို့သိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သေဆုံးခဲ့ရတဲ့ ကျွန်ုပ်တို့ စစ်သားတွေရဲ့ အရေအတွက်ကရော။ ပြီးတော့ ပျက်စီးနေတဲ့သူတို့မြို့ကိုရတော့ရော။ နောင်တချိန်မှာပုန်ကန်လို့ ပြန်ပေးလိုက်ရတဲ့အချိန်တွေကရော....စစ်ပွဲတွေမဆင်နွှဲပဲ ကျွန်ုပ်တို့တိုင်းပြည်က ကြွယ်ဝပြီးအေးချမ်းစွာ နေနိုင်တဲ့တိုင်းပြည်ပါ။သူတို့ဘက်ကလည်း ရန်စခြင်းမရှိ ရှေ့စစ်ပွဲတွေကို သင်ခန်းစာယူပြီး ငြိမ်းချမ်းရေးယူဖို့တောင် ကြိုးစားနေတဲ့ဟန်ကိုတွေ့ရပါတယ်။ စစ်သည်တစ်ဦးစီမှာ သူ့ကိုယ်ပိုင်မိသားစုဆိုတာ ရှိပါတယ်။ အဲ့စစ်သည်က စစ်ပွဲမှကျဆုံးခဲ့ရင် ကျန်ရစ်ခဲ့တဲ့ သူ့မိသားစု သူ့ကလေးတွေရဲ့အနာဂတ် ဒါတွေရှိပါတယ်။ ဒါ့ကြောင့် စစ်ချီတဲ့ကိစ္စကို လွယ်လွယ်မလုပ်သင့်ကြောင်းပါ။”

“သွေးကြောင်တာလား တပ်မှုးချုပ်သီရိနန္ဒာဒေဝီ။ အသင်စစ်ပွဲများစွာတိုက်ခဲ့ပြီးပါပြီ။ ယခုမှ စစ်သည်တွေရဲ့ဘဝကို စာနာသလိုပြောမနေပါနဲ့။ ဒီစစ်ချီမဲ့
ကိစ္စမှာ သင်မလိုက်လည်းရတယ်နော်။ တစ်ခုပေါ့။ ကေတုမတီတိုင်းသူပြည်သားတွေ သိပ်အားကိုးတဲ့ တပ်မှုးချုပ်က သတ္တိနည်းတာကို သူတို့သိသွားကြတာပေါ့..”

“သတ္တိနည်းတာနဲ့ မိုက်ရူးရဲတာက မတူပါဘူး အရှင်မင်းသား...”

“အသင်.....”

“တိတ်ကြစမ်း.....”

အိမ်ရှေ့စံနဲ့ တပ်မှုးချုပ်ရဲ့ အခြေအတင်ကို ကေတုမတီမင်းကြီးဝင်ဟန့်လိုက်ရတယ်။ နှစ်ဦးစလုံးက သူမတူလူတွေ။ ပိုမိုတင်းမာလို့မဖြစ်။

“ဒီကိစ္စကို ကိုယ်တော်ဆုံးဖြတ်မယ်။ နောက်တစ်ပတ်စည်းဝေးသဘင်မှာ ဆုံးဖြတ်ချက်ကိုပြောမယ်။ အခု စည်းဝေးသဘင်ပြီးပြီ”

စည်းဝေးသဘင်ပြီးတော့ သီရိလေးကန်တဲ့ ခြေလှမ်းများနဲ့ နန်းတော်ထဲကထွက်ခဲ့ရင်း ဒီအိမ်ရှေ့စံနဲ့တော့ ဒုက္ခပဲဆိုတာ သူတွေးနေမိတယ်။ လှမ်းလှမ်းနေရာကနေ ခပ်ထေ့ထေ့အပြုံးများနဲ့လှမ်းကြည့်နေတဲ့ အိမ်ရှေ့စံကို သူမြင်တာပေါ့။ အိမ်ရှေ့စံကထင်ထားတာထက်ကို လောဘများသည်။ စစ်ဘုရင်ဖြစ်ချင်နေသည်။ တိုင်းသူပြည်သားတွေအရေးထက် တိုက်ဖို့ခိုက်ဖို့အတွက်ပဲ အားသန်နေသည်။ ဒီလိုလူတစ်ဦး၏လက်ထဲထည့်ရမည့် ကေတုမတီ၏ အလားအလာသည်မကောင်း။

ဒါဆို သီရိကဘာလုပ်နိုင်မှာလည်း ။ ယခုတော့ သက်ပြင်းချယုံပင်။

စကားပင်နားကဖြတ်သွားတော့ သတိရမိတာထိပ်ထား။ထိပ်ထားအကြောင်းသတိရမိတော့ စိတ်ညစ်ညူးစရာအခြေနေကိုပင် ခေတ္တမေ့လျော့သွားရသည်။ စကားပန်းပွင့် ခပ်လှလှနှစ်ပွင့်ကို ခူးလိုက်ရင်း တွေးလိုက်မိတာက ဒီပန်းတွေဆို ထိပ်ထားသိပ်ကြိုက်မှာ.....


________🪔ထိပ်ထား🪔___________



အိမ်‌တော်ရောက်ရောက်ခြင်း တွေ့ရတာက ကွပ်ပျစ်ပေါ်မှာ ဗန်းကလေးနဲ့ ပန်းသီနေသော ထိပ်ထား။ ဒီမြင်ကွင်းလေးဟာ အနည်းငယ်ရှုပ်သလိုဖြစ်နေတဲ့ သီရိရဲ့စိတ်တွေကို တစ်ခဏတော့ ကြည်သွားစေတယ်။

“ဟင် တပ်မှုးချုပ် ..စည်းဝေးသဘင်က ပြန်လာပြီလား။ မတ်တပ်ကြီးလာထိုင်လေ။”

သီရိ လက်ထဲကစကားပန်းတစ်ပွင့်ကို ကမ်းပေးလိုက်တယ်။ တစ်ပွင့်ကိုတော့ ထိပ်ထားကိုပန်ပေးလိုက်ရင်း....

“နန်းတွင်းကခူးလာတာ။ ပန်းလေးတွေ မြင်တော့ ထိပ်ထားကိုသတိရလို့..”

ပန်းပန်ပေးခြင်းက တပ်မှုးချုပ်အတွက် ခွင့်တောင်းရမည့်အရာမဟုတ်တော့ မူပိုင်လုပ်ပိုင်ခွင့်ရသွားသလိုပင်။

“ပန်းသီနေတာလား”

“အွန်း စံပယ်ငုံလေးတွေလေ။ မနက်ဖြန်ဆို ပွင့်ပြီ။ သီထားပြီး ရေဖြန်းထားတဲ့အဝတ်စလေးနဲ့အုပ်ထား။ မနက်ဆိုမယ်မယ် ဘုရားတင်လို့ရပြီ”

“သြော်..”

မရွှင်လန်းလှတဲ့ မျက်နှာတော်ကြောင့် ထိပ်ထားစိတ်ထဲ တစ်မျိုးပင်။ သူဘာဖြစ်လာတာပါလိမ့်။ မေးရကောင်း မမေးရကောင်းစဉ်းစားပေမဲ့ မနေနိူင်လွန်းတဲ့ စိတ်ကြောင့်....

“တပ်မှူးချုပ် မျက်နှာလည်းမကောင်းပါလား။ ဘာစိတ်ညစ်စရာရှိလာလို့လည်း။”

“ဟူး....”

သူ့သက်ပြင်းချသံက ထိပ်ထားစိတ်ကိုပိုပူလာစေတယ်။ တပ်မှူးချုပ်ဘာများ မပြေမလည်ဖြစ်လာလည်းဆိုတာ သိပ်သိချင်လာပြန်ရော ဒါပေမဲ့ နှစ်ခါမေးလို့ မသင့်တာမို့ ခပ်ဆိပ်ဆိပ်ပဲနေလိုက်ရင်း သူ့အဖြေကို စောင့်နေလိုက်တယ်။

“အိမ်ရှေ့စံပေါ့ ပြဿနာတစ်ခုမပြီးသေးဘူး။ နောက်တစ်ခုကို မီးထွန်းရှာပြန်ပြီ။ အယုဒ္ဓယကို စစ်ချီမလို့တဲ့”

“ဟင်...”

အယုဒ္ဓယဆိုတာ ကေတုမတီနဲ့သိပ်မကွာတဲ့ တိုင်းပြည်တစ်ခု။ စစ်ပွဲဖြစ်လျှင်အထိအခိုက် နှစ်ဖက်စလုံးများမှာ ထိပ်ထားတောင်တွက်ဆမိသည်။ ဒါဆို တပ်မှုးချုပ်စိတ်မကြည်နေတာ ဒီကိစ္စပေါ့။

“အဲ့တာဆို တပ်မှူးချုပ်က စစ်ထွက်ရတော့မှာပေါ့”

စစ်ထွက်မှာဆိုတော့ ထိပ်ထားမျက်လုံးထဲပြန်မြင်လာတာက ဟံသာဝတီကို မြှားဒဏ်ရာနဲ့ ရောက်လာတဲ့ တပ်မှုးချုပ်ပုံစံ။ တွေးရင်း စိတ်ပူလာရပြန်သည်။

“စစ်ထွက်ရမယ် မထွက်ရဘူးကမသိရသေးဘူး။ နောက်တစ်ပတ် မင်းတရားကြီးအမိန့်တော်ချမှ သိရမှာ”

“မလိုက်လို့မရဘူးလားဟင်”

ထိပ်ထားရဲ့ မေးခွန်းကြောင့် သီရိပြုံးမိတယ်။ စိုးရိမ်ဟန်မျက်လုံးကလည်း အထင်းသား။ ထိပ်ထားက သိပ်အပြစ်ကင်းတာပဲ။

“ဖခမည်းတော်ပြီးရင် တပ်မတစ်စုလုံးကို အုပ်ချုပ်ရတာ ကျွန်ုပ်ပဲလေ..။ ကျွန်ုပ်မပါလို့ဘယ်ဖြစ်မလည်း။ တပ်မှုးချုပ်လုပ်နေပြီး စစ်ပွဲထဲမလိုက်မှတော့ ကျွန်ုပ်ရာထူးက အလကားပဲပေါ့။ ထိပ်ထားက စိုးရိမ်လို့လား”

“စိုးရိမ်တာပေါ့ ကေတုမတီမှာ အားကိုးစရာက တပ်မှုးချုပ်တစ်ယောက်ပဲရှိတာ ။ ထိပ်ထားကို အိမ်ပြန်ပို့ပေးမှာကလည်း တပ်မှုးချုပ်ပဲလေ။ ဒီတော့ စိုးရိမ်ရတယ်”

သီရိပြုံးတယ်။ တကယ်လည်း ထိပ်ထားက သူ့ကိုယုံကြည်အားထားဟန်ပါ။

“မစိုးရိမ်ပါနဲ့ ။ ဘယ်လိုအခြေနေရောက်ရောက် ထိပ်ထားဆီ အရောက်ပြန်လာမှာပါ။ ထိပ်ထားရဲ့ ဟံသာဝတီကိုလည်း သေချာပေါက် ပြန်ပို့ပေးမယ်နော်။”

“တကယ်လို့ စစ်ထွက်ရရင် ဘယ်လောက်ကြာမှာလဲ”

“မပြောနိုင်ဘူး။ အယုဒ္ဓယဆိုတော့ အင်း တစ်လတန်သည် နှစ်လတန်သည်ပေါ့”

“ဟင် အကြာကြီး...”

ခပ်ရှုံ့ရှုံ့ဖြစ်သွားတဲ့ မျက်နှာလေးကြောင့် ပီတိဖြစ်ရသေးတယ်။ ယခုဆို သူအိမ်အပြန်ကိုမျှော်မဲ့သူက နှစ်ဦးဖြစ်သွားပြီ။ မယ်တော်ရယ် ထိပ်ထားရယ်..။

“တကယ်လို့ စစ်များထွက်ရရင်တော့ ကျွန်ုပ်တော့ ထိပ်ထားကို လွမ်းနေတော့မှာပဲ”

သတိရသည်ဆိုတဲ့ စကားနေရာမှာအစားထိုးဝင်လာတဲ့ လွမ်းသည်ဆိုတဲ့စကား ။ ထိပ်ထားပန်းသီတာ ရပ်သွားရသည်။ ဘယ်လိုပါလိမ့်။ လွမ်းတယ်လို့ ထိပ်ထားတို့က သုံးလို့ရတာလား။ တပ်မှူးချုပ်ကိုကြည့်လိုက်တော့ သူကသူမပြောခဲ့သလိုပင် သစ်ပင်ကြီးကိုငေးလျှက်။ ဒီထိပ်ထားကတော့ စကားတစ်ခွန်းအတွက်မေးခွန်း ထုတ်နေရပြီ။ တစ်ခါတစ်ရံ တပ်မှုးချုပ်က သိပ်ထူးဆန်းတာပဲ။ ထိပ်ထားကိုယ်တိုင်လည်း တစ်ခါတစ်ရံထူးဆန်းတာပဲ။ ရှုပ်လိုက်တာ...

“မလွမ်းရလောက်ပါဘူး။ မင်းတရားကြီးက စစ်ထွက်ခွင့်မပေးရင်ပေါ့”

အို မလွမ်းရလောက်ပါဘူးလို့ ထိပ်ထားပြန်ပြောမိသွားတာလား။ ထိပ်ထားထူးဆန်းတယ်ဆိုတာ ဒါကိုပြောတာ။ ကိုယ့်စကားကိုယ်ပြန်တွေးတော့ ရှက်သွေးဖြာမိပြီ...

“အ..”

“ ဟာ အပ်စူးပြီ..”

စိတ်မြန်လက်မြန်ရှိတဲ့ တပ်မှူးချုပ်။ ထိပ်ထားရဲ့ အပ်စူးတဲ့လက်ကို ဆွဲပြီး ငုံလိုက်တယ်။ နာတာတောင် ဘယ်ရောက်မှန်းမသိ...

“ဟို တပ် တပ် မှူးချုပ်”

နွေးထွေးစိုစွတ်တဲ့ တပ်မှူးချုပ်ရဲ့ ခံတွင်းနဲ့သူ့ရဲ့လက်ချောင်း ထိတွေ့မှု။ ထိပ်ထားချွေးများ ပြန်လာပြီး နှလုံးခုန်မြန်လာရသည်။ဒါဘယ်လိုအခြေနေပါလိမ့်။ မြန်မြန်ဖယ်မှ မဟုတ်ရင် ထိပ်ထားသေလိမ့်မယ် ...

“ရ ရ ပြီ တပ်မှုးချုပ် ။”

သူအနည်းငယ်ရုန်းမှ တပ်မှူးချုပ် ငုံထားတဲ့လက်ချောင်းကို ထုတ်လိုက်သည်။ ပြီးတော့ခါးမှပုဝါကို ထုတ်ကာ သုတ်ပေးရင်း လက်ကိုအသေအချာကြည့်ကာ...

“နာသေးလား...သတိထားပါ ထိပ်ထားရဲ့။ အပ်က သံဆိုတော့ သံဆိပ်ရှိတယ်”

သူအခုထိ လက်ကိုမလွှတ်သေးဘူး။ ထိပ်ထားစိတ်ထဲက ပြောနေမိတယ်။

“ဟို မနာတော့ဘူး...ရ ရပြီ”

ဒီတော့မှ တပ်မှုးချုပ်က လက်ကိုလွှတ်လိုက်တယ်။ ထိပ်ထားယခုမှ နှလုံးခုန်နှုန်းပြန်ငြိမ်သွားသလို။ မဖြစ်ဘူး။ ဒီအိမ်တော်မှာနေရင် နှလုံးရောဂါဖြစ်မဲ့ အနေအထားမှာရှိတယ်။

“ဟိုလေ ထိပ်ထားဝင်တော့မယ်နော်။ ပန်းသီတာလည်း ပြီး ပြီဆိုတော့”

အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့ ထိပ်ထားကို သီရိ ကြည်စယ်ချင်သွားသည်။ ချက်ချင်းကြီး ဘာဖြစ်သွားတာပါလိမ့်။

“နေပါအုန်း ထိပ်ထားရဲ့။ ဒီနေ့မြင်းစီးသင်ပေးမယ်ပြောထားတယ်လေ။ သင်မယ်မလား”

ဘုရား....။
ထိပ်ထားစိတ်ထဲဘုရားတမိသွားသည်။ မြင်းစီး။ ဒီနေ့မြင်းစီးလို့မဖြစ်ပါ။ တပ်မှူးချုပ်နှင့်မြင်းစီးလို့က ခုနက နှလုံးရောဂါပြန်ထလာမှာ အသေအချာ။

“နောက်ကြုံမှ သင်တော့မယ်။ ထိပ်ထားခါးနာနေလို့။”

“ခါးနာတယ်။ အကျွန်ုပ်ဆေးလိမ်းပြီး နှိပ်ပေးရမလား။ မယ်တော်ခါးနာတိုင်း နှိပ်ပေးနေကြ။ သက်သာတယ်လို့ မယ်တော်ကပြောတယ်။ အရမ်းနာနေတာလား”

တပ်မှူးချုပ်ကစေတနာ စိုးရိမ်စိတ်နဲ့ ထပ်မေးလာတော့ ထိပ်ထား အားနာသွားရတယ်။ သူကညာလိုက်တာလေ။ ဒါပေမဲ့ အနှိပ်ခံလို့ လုံးဝလုံးဝမရပါ။ တပ်မှုးချုပ်နဲ့လွတ်အောင်ရှောင်လေ သူ့ဆီပြန်ရောက်လေပဲ...။ ထိပ်ထား အလှဆုံးပြုံးပြလိုက်ရင်း...

“ထိပ်ထားက နည်းနည်းလှဲ အိပ်လိုက်ရင် သက်သာပါပြီ။ သွားပြီနော်”

ဇွတ်အတင်းသူပြန်ပြောစကားကို နားမထောင်ပဲထိပ်ထား ထွက်လာလိုက်သည်။ ဒါပေမဲ့ ခပ်ဟဟရယ်သံနဲ့ စကားတစ်ခွန်းကို ထိပ်ထားကြားဖြစ်အောင် ကြားလိုက်ပါသေးတယ်..

“အဲဆိုသက်သာရင် ညနေမြင်းစီးသင်ကြတာပေါ့”


ဒါသူ သက်သက် စနေတာ...


________🪔ထိပ်ထား🪔___________




RenGe-13.10.2018

ထိပ်ထားWhere stories live. Discover now