ဆုံးဖြတ်ချက်နှင့်ဝှက်ဖဲ

9K 1K 51
                                    

နဒီဘဝကနေ သီရိနန္ဒာဒေဝီအဖြစ် လက်ခံပြီးတဲ့နောက်။ကြိုးစားရသည်များကလွယ်တော့ မလွယ်။ ဒါကိုသူမမှုပါ ။သူချစ်တဲ့တိုင်းပြည် ဘုရင်ဆိုးလက်အောက်က ပြည်သားများ။ ပြီးတော့ ခမည်းတော်နဲ့မယ်တော်။ ဒါတွေဟာ သူ့ကိုစိတ်အားထက်သန်ဖို့ တွန်းအားပေးနေတဲ့အရာများပါပဲ။

ထိပ်ထား စံအိမ်တော်ကို ပြောင်းလာပြီးကတည်းက ဘာလိုလေသေးမှ မရှိခဲ့ပါ။ ထိပ်ထား ညီမတော် ခင်ခင်လေးကလည်း ကြည်ကြည်ဖြူဖြူပင်။ သူမကပဲ သီရိဓားရေးကျင့်သည့်အခါ မြှားပြစ်ကျင့်သည်အခါများတွင် ကူညီလေ့ကျင့်ပေးခဲ့သည်။ အရာအားလုံးကို မမှတ်မိသေးသော်လည်း တဖြေးဖြေး တရိပ်ရိပ်တော့ အတိတ်များ ပြန်ပေါ်လာသည်ကို သီရိခံစားမိသည်။

ထိပ်ထားကတော့ သူ့ကိုပြောသည်။ အရင်ဆုံး ဦးရီးတော် ရာမညဘုရင်နှင့်တွေ့ဖို့။ ပြီးမှ အားလုံးတိတ်တဆိတ် လှုပ်ရှားဖို့။ ဒါပေမဲ့ သီရိအနေနဲ့က ဘာမှမပြည့်စုံသေးခင် လူလုံးမထွက်ချင်သေး။ ဘယ်လိုပဲဆိုဆို ယခင်သီရိနန္ဒာဒေဝီအပြည့်အဝ မဖြစ်သေးဘူးလေ။

“အရှင် နားပါအုန်း...ချွေးတွေအရမ်းထွက်နေပြီ”

နားထဲကြားလိုက်ရတဲ့ အသံလေးကြောင့် သီရိ ကစားလက်စ ဓားသိုင်းကို ခေတ္တရပ်လိုက်ပြီး

“ခဏပဲ ထိပ်ထား ညနေ ခင်လေးနဲ့ဓား‌‌ရေးစမ်းမယ်ပြောထားတာ။အဲ့တာ အရင်တစ်ခါကလို မရှုံးချင်လို့”

“အို ရှုံးတယ်မပြောပါနဲ့။ ခုနောက်ပိုင်း အရှင်ချည်း ထိပ်ထားညီမတော်လေးကို အနိုင်ယူနေတာကို။ တစ်ခါလေးရှုံးတာကို ပြောမပြီးတော့။ ။ပထမဆုံးအနေနဲ့ ဓားပြန်ကိုင်တာတောင် တော်တော်လက်ရည်ကောင်းလို့ ခင်လေးက ချီးကျုးနေသေးတာ။။ ပြီးတော့ အရှင် ခဏလေးဖြစ်ဖြစ် ရေလေးသောက် ချွေးလေးသုတ်ပြီးမှ ပြန်ကျင့်ပါ။ နေကလည်း အတော်ပြင်းနေပြီ။ ထိပ်ထားစိုးရိမ်လို့...။”

ချစ်ရသူရဲ့ စိုးရိမ်မကင်းမျက်နှာလေးကြောင်း သီရိဘာစောဒကမှ တက်လိုစိတ်မရှိတော့.....

“ရော့ ရေသောက်အုန်း။ ဖြေးဖြေးချင်းသောက်နော်။ မောနေရင် ရေမြန်မြန်မသောက်ရဘူး”

ကမ်းပေးသော ငွေဖလားလေးကို ယူပြီး သီရိသောက်လိုက်သည်။ ထိပ်ထားကတော့ သူ့နားထင်နဲ့ လည်ပင်းမှာစီးကျနေတဲ့ ချွေးများကို ပဝါနှင့်သုတ်ပေးနေ၏။

“လာ ခေတ္တဟိုနားမှာ ထိုင်အမောဖြေပါအုန်း။ ။"

“ထိပ်ထား ကျွန်ုပ်လက်မောင်းကို လွှတ်ပါအုန်း။ ချွေးအနံ့တွေ ကူးမှာစိုးလို့..”

“အို ကူးကူး ဘာဖြစ်လဲ။”

ခေါင်းမာသူ မင်းသမီးလေးကို သီရိဘာမှဆက်မပြောနိုင်ပါ ။ ချစ်သူဖြစ်ပြီးနောက်ပိုင်း ထပ်သိရတာတစ်ခုက ထိပ်ထားဟာ သိပ်ချိုမြတက်တဲ့အမျိုးသမီးလေး ဆိုတာပါပဲ။ သီရိရှေ့ဆို အရာအားလုံး ခဝါချထားသူ။ မင်းသမီးဆိုတဲ့ဂုဏ်ကိုရောပေါ့။ အမြဲပြောလေ့ရှိတာက “တပ်မှုးချုပ်နားမှာတော့ ဘာအရေခြုံမှ မရှိပဲ နေချင်သည်” တဲ့လေ....

“အရှင်...အရှင်လို့...။ ကဲ ကြည့် မြင်လား ။ ထိုင်နေတော့လည်း ငူငူကြီး”

“တောင်းပန်ပါတယ် ထိပ်ထား အတွေးလွန်သွားလို့ပါ။”

“အတွေးလွန်တယ်။ ဘယ်သူ့အကြောင်းလဲ ဘာအကြောင်းလဲ”

မျက်ခုံး‌လေးတွန့်ကာ မေးနေသော မင်းသမီးကြောင့် သဘောကျရပြန်သည်။ အမြဲ အမောပြေအောင် လုပ်ပေးတဲ့ ချစ်သူရယ်ပါ။

“ဘယ်သူ့အကြောင်းရှိအုန်းမလဲ...ကျွန်ုပ်ရဲ့ နှစ်ဦးမရှိတဲ့ ချစ်ရသူလေးအကြောင်းပေါ့”

သည်လိုပြောတော့လည်း မျက်နှာရဲသွားပြန်၏။ မင်းသမီးက သူ့အပြုံးတွေကို ဖော်ဆောင်ပေးတဲ့ အကြောင်းပြချက်လှလှလေးတစ်ခုပင်။

“ထိပ်ထားပြောမလို့ အရှင့်ကို။ အရှင်ပြောသလိုပဲ စီစဉ်ထားပေးတယ် ။ ဒီကို ဒီပလာလိမ့်မယ် လျို့ဝှက်ဆက်သွယ်ထားတယ်။ ဒါပေမဲ့အရှင်အသက်ရှင်နေသေးကြောင်းတော့ သူမသိသေးဘူး။ ပြီးတော့ မယ်တော်ကြီးကလည်း ရာမညကို အပြင်းမလာနိုင်သေးဘူးတဲ့အရှင် ။ သုံးလအဓိဋ္ဌာန်ဝင်နေတယ်တဲ့ ။ အဓိဋ္ဌာန်ထွက်မှ ရာမညကို လာခဲ့မယ်ပြောတယ်။ မယ်မယ်က အရှင်အသက်ရှင်နေတာကို သိတာတောင် သိပ်အံ့အားသင့်ပုံမရဘူး။ ။ ကြိုသိနေသလိုပုံမျိုးတဲ့...ခင်လေးပြောပြတာ”

“မယ်တော်က ကျွန်ုပ် သေဆုံးမှုကို လက်ခံခဲ့ဟန်မတူဘူး။ တစ်ခုပဲ ခမည်းတော်ကိစ္စ ရင်ထဲဆို့တယ်။ တကယ်ဆို ကေတုမတီရဲ့ စစ်သေနာပတိချုပ်အနေနဲ့ တာဝန်တွေအများကြီး ထမ်းဆောင်ပေးခဲ့တယ်...ဒါကို...”

ပြောရင်း အသံတွေတုန်လာသော တပ်မှုးချုပ်။ ။
ထိပ်ထား တပ်မှုးချုပ်ရဲ့လက်ကိုဆွဲကာ ဆုတ်ကိုင်လိုက်ရင်း....

“ထိပ်ထား ဘာပဲဖြစ်ဖြစ် အရှင့်အနားမှာ ရှိနေမယ်။ ဘာတွေပဲလုပ်လုပ် ဘေးနားကနေ လိုတာမှန်သမျှ ကူညီဖြည့်ဆည်းပေးမယ်။”

“ကျွန်ုပ်မှာ ထိပ်ထားပဲရှိပါတယ်။”

သီရိရင်ထဲကစကားကို ပြောလိုက်တယ်။ တကယ် ထိပ်ထားဟာ အရာရာပါ။ ထိပ်ထားသာ ပေါ်မလာခဲ့ရင် သူဟာ နဒီဘဝနဲ့ပဲ ဘယ်အချိန်ထိနေနေအုန်းမယ်မသိ။ ကေတုမတီပြည်သားတွေအပေါ်ကော မယ်တော်နဲ့ခမည်းတော်အပေါ်ကော တာဝန်ကင်းနေခဲ့အုန်းမှာ...ဘယ်လိုပင် ချစ်သူဆိုအုန်းတော့ ထိပ်ထား ကျေးဇူး သူ့အပေါ်မှာအပြည့်ရှိတာကို သီရိနားလည်သည်။ ဒီအတွက်လည်း ထိပ်ထားအတွက်ဆို ဘဝကြီးနဲ့ကော အရာအားလုံးနဲ့ကော ရင်းရဲသည်။

“ ကျွန်ုပ် ထိပ်ထားအိမ်တော်ကိုရောက်တာ တစ်လ ကိုးသီတင်းလောက်ရှိနေပြီ ရွာကအဘတို့ဆီ ခေတ္တခဏ သွားချင်သေးတယ်။ မနက်ကျ အတူတူသွားရအောင်လေ။"

“သွားကြတာပေါ့ အရှင်...”

ထိုစဉ် ခင်လေးသည် သူတို့ထိုင်နေရာ ခုံတန်းလေးဆီသို့ လာနေကြောင်း ထိပ်ထားတွေ့လိုက်၏။

“အစ်မတော်သီရိနဲ့ အစ်မတော် ထိပ်ထား ...ခင်လေး အရေးကြီးပြောစရာရှိလို့။ အိမ်တော်ထဲကို လာခဲ့ပါအုန်း။ ။ အပြင်မှာ မပြောချင်လို့”

အိမ်တော်ထဲရောက်တော့ ခင်လေးက စကားစလိုက်သည်။

“ဖခမည်းတော်ဆီက ကြားလာတယ်။ တိုင်းပြည်ငယ်တွေအကုန်စုပြီး စည်းဝေးသဘင် လုပ်ကြတယ်တဲ့။ အကြောင်းကတော့ ဒေဝမင်းထင်ကျော်စွာ အင်အားနည်းနေတုန်း စုတိုက်ဖို့။ ဒါပေမဲ့ ဘယ်တိုင်းပြည်ကမှ ဦးဆောင်သူ မလုပ်ချင်ကြဘူး။ နောက်ကနေပဲ ဝိုင်းဝန်းပံ့ပိုးလိုနေကြတယ်။ ဒီတော့ သူတို့က တိတ်တဆိတ် ဦးဆောင်တိုက်ခိုက်မဲ့သူကိုရှာနေကြတယ်။ ဒီသီတင်းပတ်နောက်ဆုံး စည်းဝေးသဘင် လုပ်တဲ့ထိ ဦးဆောင်သူက ထွက်မလာဘူး။ ဒီလိုနဲ့ ဒေဝမင်းထင်ကျော်စွာက ပြန်အင်အားကောင်းလာရင်....တစ်မျိုးမထင်ပါနဲ့ အစ်မတော်သီရိ အပြည့်အဝ မှတ်ညဏ်မရသေးဘူးဆိုတာ ခင်လေးသိပါတယ်။။ ဒါပေမဲ့ ဒီတိုက်ပွဲကို ဦးဆောင်နိုင်မဲ့ သူကလည်း တစ်ယောက်ပဲ ရှိတယ်လို့ ခင်လေးတွေးမိတယ်။”

ခင်လေးရဲ့ အဓိပ္ပါယ်ပြည့်တဲ့ အကြည့်နဲ့ စကားတွေကို သီရိ တစ်ခါထဲသဘောပေါက် သွားသည်။ သို့ပေမဲ့ ထိပ်ထားရဲ့ မျက်နှာမှာတော့ ချက်ချင်းစိုးရိမ်မကင်းမှုတို့က ဖြတ်ပြေးသွားရ၏။

“ခင်လေး သိပ်စောလွန်းမနေဘူးလား။ ဘယ်လိုပဲဆိုဆို တပ်မှုးချုပ်က ဒေဝမင်းထင်ကျော်စွာကို ရင်ဆိုင်မှာပါ။ ဒါပေမဲ့ အခုက..”

“အစ်မတော်အနေနဲ့ စိုးရိမ်နေတယ်ဆိုတာ ခင်လေးနားလည်တယ်။ ဒါပေမဲ့ အစ်မတော်အမြင်ပဲ တပ်မှုးချုပ်ရဲ့ အရည်အသွေးကို ...ဒီတစ်လအတောအတွင်း လေ့ကျင့်ခဲ့တာ ဘယ်လောက်တိုးတက်လာပြီလဲဆိုတာ။ တပ်မှုးချုပ်သီရိနန္ဒာဒေဝီလေအစ်မတော် တော်ယုံသူမဟုတ်တာ အစ်မတော်အသိဆုံးပါ။ ဒါပေမဲ့ ခင်လေးအနေနဲ့က တပ်မှုးချုပ်သဘောထားကို မေးရပါအုန်းမယ်...”

“ခင်လေး ခမည်းတော် ရာမညပြည့်ရှင်ကို လျှောက်လိုက်ပါ ဒီတိုက်ပွဲကို တပ်မှုးချုပ် သီရိနန္ဒာဒေဝီ ဦးဆောင်မည်ဖြစ်ကြောင်း...မနက်ဖြန်မိုးသောက်တာနဲ့ ပြည့်ရှင့်ကို လာရောက်တွေ့ဆုံမည့်အကြောင်းကိုရောပေါ့”

သီရိရဲ့ ပြတ်သားလှတဲ့ စကားကြောင့် ထိပ်ထားမျက်နှာပိုပျက်သွားရတယ်။အရင်လိုစိတ်မြန်စိတ်ထက်တုန်းပဲသူဟာ။နားလည်ပေမဲ့ သူမအရမ်းစိုးရိမ်သည်။ တပ်မှူးချုပ်ကို ပြန်ဆုံးရှုံးရမှာ ကြောက်သည်။ တပ်မှုးချုပ်ကို မယုံကြည်တာ မဟုတ် ကံတရား ကိုကြောက်ခြင်းဖြစ်၏။

ပြိုတော့မဲ့မိုးလို ဖြစ်နေသော ချစ်ရသူ၏ မျက်နှာကို သီရိရိပ်မိသော်ငြား ဆုံးဖြတ်ချက်ကို မပြင်လို။ အခွင့်အရေးရောက်လာတုန်း ဆုတ်ကိုင်ချင်၏။ ။ သူ ကေတုမတီအပေါ် တာဝန်အပြည့်အဝမကျေသေးဘူးမလား။ ။

“ခင်လေး အခုပဲ အပြင်းသွားလျှောက်တင်လိုက်ပါ့မယ်။ ။ ခမည်းတော်လည်း ဝမ်းသာအားရနေရော့မယ်။”

ခင်လေး ထွက်သွားသည်နှင့် သီရိရင်ခွင်ထဲ ခေါင်းတိုးဝင်လာသော ထိပ်ထား။ သီရိအလိုက်သင့်ပဲ ပြန်ဖက်ထားလိုက်သည်။ ထိပ်ထားလည်းစကားမဆိုသလို သီရိလည်းစကားမစ။ မပြောပဲ တစ်ဦးရင်ထဲက စကားကို တစ်ဦးကြားနေရသယောင်....

ထိပ်ထား၏ သက်ပြင်းချသံကြောင့် သီရိမနေတက်တော့....

“ထိပ်ထားကို ကတိပေးပါတယ်။ ။ ဒီတစ်ခါ ထိပ်ထားဆီကနေ ထပ်မထွက်မသွားတော့ပါဘူးဆိုတာ။”

“မင်းသမီးတစ်ယောက်ရဲ့အသိ ကေတုမတီပြည်သားတွေရဲ့ ကိုယ်စား အရှင့်ရဲ့ဒီဆုံးဖြတ်ချက်ဟာ မှန်တယ်ဆိုတာ ထိပ်ထားသိပါတယ်။ ချစ်သူ တစ်ယောက်အနေနဲ့ကတော့ ကိုယ့်အတ္တအတွက် ကိုယ့်ချစ်သူ အန္တရာယ်ဖြစ်မှာ ထိခိုက်မှာကိုတော့ စိုးမိတယ်။ ကြောက်မိတယ်။ ဒီတော့ အရာရာကို ဂရုထားပါ။လုံးဝဘာမှဖြစ်လို့ မဖြစ်ဖူးနော်....ဒီတစ်ခါဆို ထိပ်ထားရူးလိမ့်မယ်။”

စိုးရိမ်မှုကြီးနေသော ချစ်ရသူကို သီရိပိုတိုးဖက်လိုက်တယ်။ သူလည်းသိတာပေါ့ သူ့မှာ ကာကွယ်ရမဲ့သူတွေများလာပြီဆိုတာ....အရာအားလုံးပြီးဆုံး သွားလျှင်တော့ ထိပ်ထားအနားမှာပဲ သက်ဆုံးတိုင်နေသွားချင်သည်။ သို့ပေမဲ့လည်း အဓိကအရာအတားအဆီးတစ်ခု ကျန်နေသေးသည်။ ရိုးရာ ယဉ်ကျေးမှု အရမ်းအလေးထားတဲ့ ဒီတိုင်းပြည်တွေကြားမှာ သူတို့ရဲ့ချစ်ခြင်းက အထူးအဆန်းဖြစ်နေမှာ။

ချစ်သူနဲ့အတူသာဆို ဆူးခင်းလမ်းလည်း လျှောက်ရဲသည်ဆိုပေမဲ့ ...ဆူးခင်းလမ်းကို ကိုယ်သာလျှောက်မည် ကိုယ်ချစ်ရသူ ခြေဖဝါးနုနုကို ဆူးထိမှာတော့မလိုလားပါ ။ ယခုထိ ထိပ်ထားနဲ့သူ၏ အနာဂတ်ကို မတိုင်ပင်ရသေး။ ဒီကိစ္စများအားလုံးပြီး ရှင်းလင်းသွားလျှင်တော့ အစီအစဉ်ချရတော့မည်။ ရာထူးဂုဏ် ပကာသန အရာအားလုံးထက် ထိပ်ထားသည် ပိုအရေးကြီးသည်။

သေချာတာတစ်ခုက သီရိအနေနဲ့ ထိပ်ထားကို လက်မလွှတ်နိုင်ပါ.....

________🪔ထိပ်ထား🪔___________

ကေတုမတီပြည့်ရှင် ဒေဝမင်းထင်ကျော်စွာ လက်သုံးတော် ဓားကို ကတ္တီပါအဝတ်စနှင့်သုတ်နေ၏။
ဒီတစ်ခါ စစ်ပွဲအထိနာတာကို ယခုထိ စိတ်ထဲတွင် ကျိတ်မနိုင်ခဲမရသေး။ တကယ်လို့ အယုဒ္ဓယကိုသာ အောင်နိုင်ခဲ့ရင် တခြားတိုင်းပြည်ငယ်တွေဆိုတာ ပမွှား။ ။ အချိန်မရွေး တက်သိမ်းလို့ရသည်မလား။ ။

“အရှင်မင်းကြီး...”

“ဆို သတိုး...”

သတိုးဆိုတာ ဒေဝမင်းထင်ကျော်စွာရဲ့ ယုံကြည်ရတဲ့ ကိုယ်ရံတော်။ ဟိုးငယ်စဉ်ကတည်းက သတိုးကို ဒေဝမင်းထင်ကျော်စွာက လက်သက်မွေးထားခြင်းဖြစ်၏။  သတိုးသစ္စာရှိပုံကလည်း သူများနဲ့မတူ။ ဒေဝမင်းထင်ကျော်စွာက သေဆိုသေမည့်လူသား..။

“ကျွန်တော်မျိုးနားမလည်တာ တစ်ခုပါဘုရား။ သေနာပတိချုပ်ကြီးကို ကွပ်မျက်တယ်ဆိုပြီး သတင်းလွှင့်ပြီး ယခုထိအကျဉ်းချထားရတဲ့အကြောင်း”

သတိုးရဲ့မေးပုံကြောင့် ဒေဝခပ်ဟဟရယ်ဖြစ်သည်။

“ဒီအဘိုးကြီးကို လိုရမယ်ရ ထားတာပါ။ သီရိနန္ဒာဒေဝီ စစ်ပွဲမှာကျသွားတယ်ဆိုပေမဲ့ ငါတို့အလောင်းရှာမတွေ့ခဲ့ဘူး။ ငါကိုယ်တော်က ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့မှ ယုံတာ။ ပြီးတော့ ငါကိုယ်တော်ကို ထီမထင်ယှဉ်ရဲတာက ဒီသားအဖပဲရှိတယ်။ သူ့ကိုကျောကနေ ဓားနဲ့ပဲခုတ်မိတယ်ဆို ပြီးတော့  ပြန်တိုက်ရင်းနဲ့ ချောက်ထဲ ထိုးကျသွားတယ်ဆိုပြီးပဲလျှောက်ခဲ့တာ။ လုံးဝသေသွားတယ် လျှောက်တင်ခဲ့တာ မဟုတ်ဘူး ။ သူ့ဈာပနကို လုပ်ပေးတာနဲ့ သေနာပတိချုပ်ကို ကွပ်မျက်တယ်ဆိုတဲ့ သတင်းလွှင့်တာက ကေတုမတီပြည်သားတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးတာ...။”

ဒေဝပြောရင်း သဘောတကျရယ်သည်။

“စစ်သည်အင်အား ပြန်လည်ဖြည့်တင်းပြီးတာနဲ့ အယုဒ္ဓယကို အနိုင်တိုက်မယ်။ ။ ပြီးရင် ကျန်တဲ့တိုင်းပြည်ငယ်တွေကို အကုန်သိမ်းပြီး တစ်ဦးထဲစိုးစံမယ်...ဒီမှာ ငါ့ကိုယ်တော်ကို ယှဉ်နိုင်တဲ့သူ ဘယ်သူမှ မရှိစေရဘူး။ ”

သုတ်လို့ တလက်လက်ပြောင်နေတဲ့ ဓားကို ခပ်ဆဆကြည့်ရင်းပြောလိုက်တဲ့ ဒေဝမင်းထင်ကျော်စွာရဲ့ ကြိမ်းဝါးသံကြောင့် သတိုးကျောထဲ စိမ့်သွားရသည်။။

________🪔ထိပ်ထား🪔___________

RenGe-31.3.2019

ထိပ်ထားWhere stories live. Discover now