အိမ်ရှေ့စံ၏အကြံအစည်

9.3K 1K 55
                                    

ကေတုမတီတိုင်း၏ မြို့တွင်းတစ်နေရာတွင် လျို့ဝှက်အစည်းဝေးပွဲပြုလုပ်နေ၏။ အစည်းအဝေးပွဲပြုလုပ်နေသူများကတော့  နန်းတွင်းထိပ်သီးအရာရှိအနည်းငယ်နှင့် မြောက်နန်းစံမိဖုရားကြီးအပါအဝင် အိမ်ရှေ့စံဦးဆောင်သော အဖွဲ့ဖြစ်၏။

“မယ်တော် အကယ်၍များ ခမည်းတော်က အယုဒ္ဓယကိစ္စငြင်းခဲ့ရင် သားတော်အစီစဉ်တိုင်းသွားမှာနော်..”

အိမ်ရှေ့စံရဲ့စကားကြောင့် မြောက်နန်းစံမိဖုရားကြီးဟာ မျက်နှာပျက်သွားခဲ့သည်။

“သူလက်ခံမှာပါသားတော်။ မယ်တော်လည်း သူ့ကိုအကြံပေးထားပါတယ်။ သားတော် ဘာမှပူစရာမလိုပါဘူး”

“မင်းသား....မင်းသားအနေနဲ့စစ်သေနာပတိချုပ်ကိုလည်း လျော့တွက်မထားသင့်ဘူး။ ဟိုတစ်ခေါက်အစည်းအဝေးမှာတောင် အလိမ္မာနဲ့ရှောင်ထွက်သွားခဲ့တာကိုကြည့်။ ပြီးတော့ တပ်မှူးချုပ်။ သူတို့သားအဖနှစ်ယောက်က မင်းသားရည်မှန်းချက်တွေမှာ အနှောင့်အယှက်ဖြစ်လာနိုင်တယ်နော်..”

အမတ်တစ်ဦး၏ ပြောစကားက ဒေဝမင်းထင်ကျော်စွာကို ခပ်ထေ့ထေ့ပြုံးမိသွားစေတယ်။ အဆိုပါသားအဖကို သူလျော့တွက်မထားပါ။ မလိုအပ်သေး၍ မထိသေးခြင်းပင်။

“ကိုယ်‌‌တော်ဘယ်သူ့ကိုမှ လျော့တွက်ထားတယ်ဆိုတာ မရှိဘူး။ သီရိနန္ဒာဒေဝီနဲ့သူ့အဖေဆိုတာ ကေတုမတီအပေါ်အသက်ပဲသေသေ သစ္စာရှိတဲ့သူတွေ။ ကိုယ်‌တော်က ကေတုမတီပြည့်ရှင်ရဲ့သွေး။သူတို့လွန်ဆန်ချင်တောင် သစ္စာဆိုတဲ့အရာကြောင့်  ကိုယ်‌တော့်လက်အောက်မှာရှိနေအုန်းမှာ။ ကိုယ်‌တော့်အစီစဉ်အတိုင်းလုပ်ဖြစ်ခဲ့ရင်တောင် သူတို့ကိုကျုပ်ဆွေးနွေးရမယ်။ ဘာလို့ဆို သူတို့ရဲ့အရည်အချင်းတွေကို သဘောကျလို့ပဲ”

အိမ်ရှေ့စံရဲ့စကားကြောင့် စစ်သေနာပတိချုပ်ကိုမလိုတဲ့သူတွေက မျက်နှာပျက်သွားကြတယ်။ သူတို့လိုချင်တာက အိမ်ရှေ့စံနှင့်ထိုသားအဖ မသင့်မြတ်ခြင်းပင်။ သို့ပေမဲ့ အိမ်ရှေ့စံက သူတို့၏သစ္စာစောင့်သိမှုနှင့် အရည်အချင်းကို သဘောကျနေပြန်သည်။ ဒါ့ကြောင့် ကျိတ်မနိုင်ခဲမရဖြစ်ရသည်။ သို့ပေမဲ့ အိမ်ရှေ့စံ၏ စိတ်မြန်လက်မြန်ရှိမှု ဓားထက်ထက်ကိုကြောက်ရတာမို့ မလှုပ်ဝံ့။

“အဲ့ဆို ဒီနေ့ကျုပ်တို့ဆွေးနွေးတာက ပထမအစီအစဉ်မဖြစ်မြောက်ရင် ဒုတိယအစီအစဉ်ကိုလုပ်မယ်ဆိုတာပဲ။ အစီအစဉ်အားလုံး အတိအကျလုပ်ထားပါ။ နောက်အပတ် စည်းဝေးသဘင်မှာ စစ်ချီဖို့ အမိန့်မရရင် ကျုပ်တို့လုပ်စရာရှိတာလုပ်မယ်။ အေး ကျုပ်ကို သစ္စာခံထားပြီးမှ သစ္စာဖောက်မယ်ဆို ဘာဖြစ်မယ်ဆိုတာသိတယ်မလား။ ဒေဝမင်းထင်ကျော်စွာက ချီးမြှောက်ဖို့လည်းဝန်မလေးသလို အပြစ်ပေးဖို့လည်းမတွန့်ဆုတ်ဘူးဆိုတာ သိထားပေးပါ။ ဒါဆို ဒီနေ့အစည်းအဝေးပြီးပါပြီ။ လူကြီးမင်းတို့ဖို့ ကျုပ်လက်ဆောင်လေးတွေ စီစဉ်ထားပေးတယ်။ဒါလေးတွေယူပြီးမှ ပြန်ကြ”

အစည်းအဝေးပွဲပြီးတော့ အိမ်ရှေ့စံနဲ့ မြောက်နန်းစံမိဖုရားကြီးတို့ ရထားလုံးပေါ်တက်ပြီး ပြန်သွားကြတော့တယ်။ အမတ်များကလည်း အသီးသီးလူခွဲလိုက်ကြလေသည်။

အစည်းအဝေးကျင်းပသောနေရာတွင် လူများအားလုံးပြန်သွားမှ အမှောင်ထဲမှ တစ်ကိုယ်လုံးအနက်ဝတ်ထားသော မျက်နှာကိုလည်းအုပ်ထားသော လူတစ်ဦးထွက်လာ၏။ သူသည်ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၏။ ထို့နောက် သွက်လက်စွာဖြင့် အမှောင်ထုထဲတိုးဝင် ပျောက်ကွယ်သွားတော့လေသည်။



________🪔ထိပ်ထား🪔___________




“ဒေါက်..”

စက်ဝိုင်း၏အလည်တည့်တည့်ကို တစ်ချက်မလွဲစိုက်ဝင်သွားသော မြှားတစ်ချောင်း။ သီရိသည် ကျောမှနောက်မြှားတစ်ချောင်းထပ်ထုတ်ကာ ထပ်မံပြစ်လိုက်သည်။

“ဒေါက်”

ပထမမြှား၏ ကပ်ရပ်နေရာတွင်သာစိုက်ဝင်သွား၏။

“တပ်မှူးချုပ် လက်ရည်ကတော့ အံ့သြစရာပဲ”

မိမိ၏နောက်ဘက်မှထွက်လာသော အသံကြောင့် သီရိလှည့်ကြည့်လိုက်တော့ ငွေဖလားအသေးစားဖြင့်ရေခပ်ပြီး သူဆီလာနေသော ထိပ်ထား...

“ရေသောက်ပါအုန်း။ ချွေးတွေထွက်နေတာ အများကြီး။”

သီရိသည် ကျေနပ်စွာပြုံးမိပြန်၏။ ထိပ်ထားသည်သူ့အပေါ် ဂရုစိုက်ပါသည်လားဟူ၍။

“ထိပ်ထား ခုနကမယ်တော့်ဆီက ပတ္တလားတီးသင်နေတာလား”

“ဟုတ်တယ် တပ်မှုးချုပ်ရဲ့။ မယ်မယ်ကလေ သိပ်တော်သလို သိပ်လည်း စိတ်ရှည်တာပဲ။ တပ်မှုးချုပ်လည်းသင်သင့်တယ်”

ထိပ်ထားစကားကြောင့် သီရိ ဟန်ဆောင်၍မဲ့ပြလိုက်ရင်း

“နေပါ ထိပ်ထားရယ်။ ထိပ်ထားပဲသင်ပါ။ တက်ရင် အကျွန်ုပ်ကို တီးပြမယ်မလား”

“မတီးပြပါဘူး”

အငြင်းစကားပေမဲ့ သီရိသဘောကျနေမိသည်။

“ထိပ်ထား ကျွန်ုပ်တို့အိမ်တော်မှာ စိတ်ချမ်းသာရဲ့လား”

“စိတ်ချမ်းသာပါတယ်။ နန်းတော်မှာဆိုရင်တောင် ထိပ်ထားစိတ်ဆင်းရဲနေရမလားပဲ။ ဒီအတွက် တပ်မှုးချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်”

“ကျွန်ုပ်တို့ကြားမှာ ကျေးဇူးဆိုတာမလိုအပ်ပါဘူး။”

“တပ်မှုးချုပ်။ ထိပ်ထား မြှားပြစ်ကြည့်ချင်တယ်”

သီရိနည်းနည်းတော့လန့်မိ၏။ ထိပ်ထားသည် တစ်စုံတစ်ခုကို လုပ်ချင်ပြီဆိုလျှင် စိတ်အားထက်သန်လွန်းသည်။ လုပ်ချင်တာကိုလုပ်နေရလျှင် ကလေးဆန်သောထိပ်ထားပုံကို ပြန်တွေ့ရ၍လည်း သဘောကျဖို့ကောင်းပြန်သေးသည်။

“တပ်မှုးချုပ်လို့...ဘာလို့ငြိမ်နေတာလည်း။ မသင်ပေးဘူးလားလို့”

နောက်ဆုံးက “လို့” ဆိုသောအသုံးသည် သီရိ၏ငြင်းမည့်စကားကို ကြိုပိတ်လိုက်သကဲ့သို့...

“ကဲ....လာ”

မြှားပြစ်သည့်နေရာကို ထိပ်ထားကိုခေါ်လိုက်၏။

“ ထိပ်ထားလက်ပေး..။ ဒီကွင်းလေးစွတ်ထား။ ဒါမှကြိုးဆွဲရင်မနာမှာ။ လေးကိုင်းကို ဒီလိုကိုင်။ ခြေလေးနည်းနည်းချဲရပ်လိုက်”

သီရိသည် အခြေခံအနည်းငယ်ကို သင်ပေးပြီးနောက်ထိပ်ထား၏ အနောက်ဘက်နေရာတွင် ဝင်ရပ်လိုက်သည်။ ထိပ်ထားထက်ခေါင်းတစ်လုံးကျော်မြင့်ပြီး ပုခုံးရိုးကားသော သီရိကြောင့် ထိပ်ထားသည်သူ့ရင်ခွင်ထဲတွင် ပုပုသေးသေးလေးဖြင့် ပျောက်နေ၏။

“ကဲ...အရင်ချိန်ကြည့်ရအောင်”

ပြစ်ကွင်းကိုချိန်ရန်လုပ်နေစဉ် သူ၏အရှေ့ကို အနည်းငယ်တိုးသွားသော ထိပ်ထား...

“ဟာ ထိပ်ထား ကျွန်ပ်နဲ့ထိပ်ထားအရမ်းကွာနေရင် ဘယ်လိုသင်ပေးရမလဲ။”

ပြောပြောဆိုဆိုဖြင့် ထိပ်ထား၏ခါးသိမ်သိမ်ကို လက်ဖြင့်ဆွဲကာ သီရိသူ့အနားပြန် ဆွဲကပ်လိုက်သည်။ ထို့နောက် လေးကိုင်းကိုင်ထားသော ထိပ်ထား၏လက်ပေါ်သို့ သူ၏လက်ဖြင့် ထပ်ကိုင်လိုက်သည်။

“ကဲ ကြိုးဆွဲမယ် နော်”

ကြိုးဆွဲမည့်ထိပ်ထားလက်ပေါ်သို့ သီရိကျန်လက်တစ်ဖက်ဖြင့် ထပ်ကိုင်လိုက်သည်။ ပြီးနောက် လေးကြိုးကိုခပ်ဖြည်းဖြည်းခြင်းဆွဲသည်။ လေးကြိုးသည် ဆွဲနေကြမဟုတ်လျှင် တင်းလွန်းသည် လက်များနာတက်သည်။ ထိပ်ထားလက်တွင်သွေးခြေဥမှာ သူမလိုလားပါ။ ဒါ့ကြောင့် သေချာသင်ပေးနေခြင်းပင်....

“ပြစ်မှတ်ကို သေချာချိန်မယ်နော်....မြှားကိုပြစ်လွှတ်ပြီဆိုတာနဲ့ လက်ကိုအနောက်ဘက်ကို ကျားမြှီးပုံစံဆန့်ထုတ်လိုက်မယ်။ ကဲ...စပြီ”

“ဒေါက်....”

သီရိထိန်းပေးထားပြီး ထိပ်ထားပြစ်လိုက်သော မြှားသည်စက်ဝိုင်းအလည်ကိုမထိသော်ငြား ဘေးအစွန်းကိုတော့ ထိသွား၏။

“အိုး ....ထိပ်ထားကဘယ်ဆိုးတုန်း။ လက်ငြိမ်သား။ ပထမစစပြစ်ခြင်း ဗဟို မထိတောင် အစွန်းကိုထိတယ်ဆိုတော့။ တစ်ချို့ဆို စစခြင်းဆို ချော်ထွက်ကြတာ။ ကဲ...လာ နောက်တစ်ခေါက်ပြစ်ရအောင်”

“တော်....တော် ပြီ တပ်မှုးချုပ်။ နောက်မှပဲ”

လေးနဲ့မြှားကို အတင်းပြန်ပေးပြီး သူ့နားကနေ ခပ်မြန်မြန်ခွာလိုက်သော ထိပ်ထား။ သီရိနားမလည်တော့ပါ။ စိတ်အားထက်သန်သော ထိပ်ထားက ဘာဖြစ်ပြန်ပြီလည်း...

“ဘာဖြစ်လို့လည်း ထိပ်ထားရဲ့...ကျွန်ုပ်အချိန်ရပါတယ်။ မှန်း ချွေးတွေထွက်ပြီး မျက်နှာလည်းရဲလို့။ ထိပ်ထားနေမကောင်းဘူးလား”

စိုးရိမ်စိတ်လွှမ်းသော လက်ဖဝါးနုနုတစ်ဖက် ထိပ်ထားနဖူးပေါ်ရောက်လာချိန်မှာတော့ ထိပ်ထားအသက်ရှုအောင့်ထားမိသည်။ ဘယ်လိုပြောရမည်နည်း ။ သူ့အနားမှာနေလို့ ချွေးတွေပြန်ပြီး မျက်နှာရဲလာရသည်ဆိုတဲ့အကြောင်း။ သူ့ရင်ခွင်ထဲမှာနေလိုက်ရလို့ နှလုံးခုန်နှုန်းနှစ်ဆတိုးလာတဲ့ အကြောင်း။ ထိပ်ထားဒါတွေ ဘယ်လိုပြောလို့ရမလဲ။ ကိုယ်တိုင်တောင် ဘာဖြစ်နေမှန်းမသိ။ သေချာတာက ထိပ်ထား တပ်မှုးချုပ်နှင့် ငါးပေအကွာမှာ နေရပါတော့မည်။

“နေကောင်းပါတယ်။ ထိပ်ထားသွားတော့မယ်။ လုပ်စရာလေးရှိသေးလို့”

“နေပါအုန်း။ တစ်ခုခုဖြစ်နေတဲ့ပုံပါ။ နေဦး ဟိုဟာ”

“အို မဟုတ်တာ တပ်မှုးချုပ်ကလည်း။”

ထိပ်ထား တပ်မှုးချုပ်စကားကြောင့် မျက်နှာပိုရဲသွားရပြန်၏။ သမားတော်တပ်မှုးချုပ်က သူ့ကိုသွားခွင့်မပေးသေး....

“အဲဆို အစားအသောက် ဓာတ်မတည့်တာများလား။ မျက်နှာကပိုပိုရဲလာတယ်”

ထိပ်ထားမျက်နှာကို အသေအချာကြည့်ပြီး ရောဂါရှာနေသောသူကြောင့် ထိပ်ထားအငွေ့ပျံပျောက်သွားချင်နေပြီ...

ထိုစဉ်.....

“တပ်မှူးချုပ်"

“သြော်...ဒီပ”

ထိပ်ထားကယ်တင်ရှင်တွေ့သလို ဝမ်းသာသွားရသည်။

“တပ်မှုးချုပ် စကားပြောအုန်းနော်။ ထိပ်ထားသွားပြီ”

“ထိပ်ထား ခဏနားလိုက်အုန်းနော်။ တစ်ခုခုနေမကောင်းရင် ကျွန်ုပ်ကိုပြောပါ”

ထိပ်ထားအရစ်ရှည်နေသော တပ်မှူးချုပ်နားက အမြန်ထွက်လာရသည် ။ ကြာရင် သူလုပ်ပုံနှင့်လူကပိုဆိုးလာနိုင်သည်....။

ထိပ်ထားထွက်သွားတော့မှ ဒီပကတပ်မှူးချုပ်ကိုအရိုသေပေးလိုက်ကာ...

“တပ်မှုးချုပ် မနေ့ကသူတို့အစည်းအဝေးလုပ်တယ်။ အိမ်ရှေ့စံမှာ နောက်အကြံအစည်တစ်ခုရှိနေပုံပဲ။ အယုဒ္ဓယကို စစ်ချီခွင့်မရရင် အဲ့ဒီအကြံတိုင်းလုပ်မယ်ပြောတယ်”

“ဘာလည်းဆိုတာ သိခဲ့လားဒီပ”

“အကြံအစည်လို့ပဲသူတို့ပြောကြတယ်။ ဘာမှန်းတော့ မသိခဲ့ရဘူး။ ပြီးတော့ အမတ်တချို့က တပ်မှုးချုပ်တို့ကိုမလိုလားပေမဲ့ အိမ်ရှေ့စံကတော့ ယခုချိန်ထိ တပ်မှုးချုပ်တို့ကို သူ့လက်အောက်ကိုလာစေချင်နေတုန်းပဲ”

သီရိမဲ့မဲ့ပြုံးမိသည်။ စစ်သည်တော်များစွာ၏ သစ္စာစောင့်သိခြင်းခံထားရသော သူတို့ကိုအိမ်ရှေ့စံလိုအပ်သည်မှာမဆန်းပါ။ အင်အားပိုတိုးလိုခြင်းကြောင့်ပင်။ သို့ပေမဲ့ တခြားဘက်ကစဉ်းစားလျှင် မပူးပေါင်းလျှင် တစ်နည်းနည်းနှင့်ရအောင် ရှင်းလိမ့်မည်။ ဒါ့ကြောင့် သူတို့ဘက်ကလည်းပြင်ဆင်နိုင်အောင် ဒီပကို လျို့ဝှက်စုံစမ်းခိုင်းနေရခြင်းဖြစ်၏။

“တာဝန်ကျေတယ်ဒီပ။ မနက်ဖြန် ဟံသာဝတီကို သွားပါ။ ထိပ်ထားကသူ့ခမည်းတော်ဆီ စာလွှာပါးချင်တယ်ဆိုလို့။ ရုပ်ဖျက်သွားပါ။ လိုအပ်တာမှန်သမျှယူသွားပါ။ ဘယ်သူမှမရိပ်မိပါစေနဲ့....”

“အမိန့်အတိုင်းပါ တပ်မှုးချုပ် "


________🪔ထိပ်ထား🪔___________


နန်းတွင်းအစည်းဝေးသဘင်.....

“အိမ်ရှေ့စံ၏ အယုဒ္ဓယကို စစ်ချီမည့်လျှောက်တင်ချက်ကို ငါကိုယ်တော် ခွင့်မပြုဘူး။ ကိုယ်တော် အဖန်ဖန်စဉ်းစားပြီးမှ ဆုံးဖြတ်ခြင်းဖြစ်သည်။ ဒီကိစ္စနှင့်ပတ်သတ်၍ ဘာမျှထပ်မကြားလိုတော့။ ဒါအမိန့်တော်ပဲ”

ကေတုမတီမင်းကြီးဟာ စစ်ချီခွင့်မပြုခဲ့တာကြောင့် အိမ်ရှေ့စံရဲ့မျက်နှာဟာ ချက်ချင်းတင်းသွားရတယ်။ ပြီးတော့ အံတင်းတင်းကြိတ်ထားလေ၏။ သို့ပေမဲ့ မည်သည့်စောဒကမှ သူမတက်။

တပ်မှုးချုပ်စိတ်ထဲတွင်တော့ စိုးရိမ်စိတ်တစ်ဝက်နှင့်ဖြစ်သည်။ အိမ်ရှေ့စံ၏ ခြေလှမ်းကို ယခုထိမှန်းမရသေး။ လိုချင်တာကိုရဖို့ ယခင်အိမ်ရှေ့စံကိုတောင် သတ်ဝံ့သောသူသည် ယခုလည်းဘာကြံစည်အုန်းမည်မသိပေ။

“ဒီနေ့စည်းဝေးသဘင်စောသိမ်းမယ်။ ငါကိုယ်တော် ကိုယ်လက်မအီမသာရှိတာမို့ နားတော်မူမယ်”

“မှန်လှပါဘုရား”

အစည်းအဝေးပြီး မင်းတရားကြီးနန်းဆောင်ပြန်သွားသည်နှင့် တပြိုင်နက် ဒေဝမင်းထင်ကျော်စွာ တက်ခတ်လိုက်သည်။ ထို့နောက် စိတ်ထဲမှလည်း....

“နားပါ...နားပါခမည်းတော်။ အမြဲနားနေဖို့ သားတော်ကူညီပါရစေ”

ထို့နောက်ကောက်ကျစ်စွာပြုံးလိုက်တော့သည်။


________🪔ထိပ်ထား🪔___________



RenGe-20.10.2018

ထိပ်ထားDonde viven las historias. Descúbrelo ahora