အလှည့်အပြောင်း

8.7K 1.1K 64
                                    

“တပ်မှုးချုပ် ကျသွားပါပြီ”


သတင်းစကားရောက်လာသည့်နှင့်တပြိုင်နက် ဒေဝမင်းထင်ကျော်စွာလုပ်ငန်းစတင်လိုက်တော့သည်။ နန်းတော်တစ်ခုလုံးကို သူ၏ရဲမက်များဖြင့် ဝိုင်းလိုက်သည်။ အာခံသောအမတ်များကိုလည်း ဖမ်းဆီးထားပြီးပြီ။ ခမည်းတော်သိပ်အားကိုးတဲ့ စစ်သေနာပတိချုပ်ကြီးအပါအဝင်ပေါ့။



မနက်ကတည်းက လှည့်ခေါ်ကာ အချုပ်ချလိုက်သည်။ လူအင်အားနဲ့မို့ မလူးသာမလှုပ်ဝံ့။ သီရိနန္ဒာဒေဝီကိုလည်း ဓားပြနှိမ်နင်းစေရန် ခမည်းတော်အား အကြံပေးလိုက်တာလည်းသူ။ လုပ်ကြံဖို့အမိန့်ပေးလိုက်တာလည်း သူကိုယ်တိုင်ပင်။



အခုအရာအားလုံးက အစီစဉ်တကျ အံဝင်ဂွင်ကျ။ ခမည်းတော်ဆီက နန်းလွှဲယူဖို့ တစ်ခုထဲကျန်တော့သည်။



“ခမည်းတော်။ အိပ်ဆောင်ထဲထိ ဓားကိုင်ဝင်လာရလို့ စိတ်မကောင်းပါဘူး”



ကေတုမတီမင်းကြီးသည် ဆူညံသောအသံများကြောင့် နိုးနှင့်ပြီးဖြစ်ကာ သလွန်စောင်းပေါ်တွင် အေးဆေးစွာထိုင်နေသည်။ သားတော်အိမ်ရှေ့စံနှင့် သူ့လူများ ဓားလက်နက်များဖြင့် ဝင်လာသည့်တိုင် တည်ငြိမ်မှုမပျက်။



“ထီးနန်းလိုချင်တာလား ဒေဝ။ အချိန်တန်ရင် သားတော်ရမှာပဲလေ။”



“ဒီလိုပဲအချိန်ဆွဲထားပြီး အချိန်တန်ရင် ကန်ထုတ်ခံရမှာကို ကြိုမြင်နေမိတာမို့ပါ ခမည်းတော်။ ကေတုမတီကို သားတော်လက်ထဲအပ်လိုက်ပါတော့။ ခမည်းတော်လက်ထပ်ကထက် သာယာဝပြောအောင် စီမံပေးပါရစေ”



“အွန်း လောဘက မိဘကိုတောင်မမြင်နိုင်တဲ့အထိပဲ”



“ရဲမက်တွေ ကြိုးတုတ်လိုက်။”



ကေတုမတီမင်းကြီး တောင်နန်းစံမိဖုရားကြီး အကုန်လုံးကိုအကျယ်ချုပ်ချပြီးသည်နောက် ညတွင်းချင်းနန်းသိမ်းလိုက်တော့သည်။



ထိုစဉ်ရဲမက်တစ်စု ရောက်လာပြီး...



“အရှင်မင်းကြီး စစ်သေနာပတိချုပ်အိမ်မှာ လူတစ်ဦးတစ်ယောက်မှ မရှိတော့ပါကြောင်းဘုရား။ ကြိုတင်သတင်းကြားပြီး တစ်နေရာကို တိမ်းရှောင်သွားသည့်ဟန်ဖြစ်ကြောင်းပါ”



“တောက်.....မင်းတို့အသုံးကိုမကျဘူး။ ကျုပင်ခုတ်ကျုငုတ်မကျန်ချင်တာ။ ရှာကြစမ်း ဒီနားတစ်ဝိုက်မှာပဲရှိအုန်းမှာ။ ပြီးတာနဲ့ကျန်တဲ့အမတ်တွေအကုန်စု ညတွင်းချင်းညီလာခံစမယ်။”



“မှန်လှပါ အရှင်မင်းကြီးဘုရား”



အရှင်မင်းကြီးဆိုသောအခေါ်အဝေါ်ကို ဒေ၀ရင်ထဲစိမ့်နေအောင် သဘောကျသွားရသည်။သူသည်ယခု ကေတုမတီ၏မင်းဖြစ်လေပြီ။







________🪔ထိပ်ထား🪔___________




ကံကြမ္မာဆိုတာ သိပ်အံ့သြစရာကောင်းလွန်းတယ်။ သူစစ်ထွက်သွားတဲ့ညနေမှာပဲ ထိပ်ထားလက်ကိုအပ်စူးသလို မယ်မယ်လည်းပန်းအိုးကျကွဲတယ်။ ဒါကိုနမိတ်ဆိုးလို့ မယူဆချင်ခဲ့ဘူး။



ခါတိုင်းနဲ့မတူပဲ စိတ်ပိုပူနေမိခဲ့တာက‌တော့အမှန်။ သူ့အကြောင်းတွေးရင်း အိပ်ပျော်သွားခဲ့တာ သန်းခေါင်မတိုင်ခင်မှာ မယ်မယ်က ထိပ်ထားကိုလာနှိုးတယ်။ အရေးကြီးတဲ့ အမူအယာနဲ့ မျက်နှာတော်ကလည်းမလန်း။



“ထိပ်ထား မယ်မယ်တို့ ညတွင်းချင်းသွားစရာရှိတယ်။ လိုအပ်မယ်ထင်တာ အရေးကြီးတာလေးတွေ ယူခဲ့ပါ”



ပြောပြီးတာနဲ့မယ်မယ်ထွက်သွားပြီးတော့ အထုတ်တစ်ထုတ်နဲ့ ပြန်ထွက်လာတယ်။ ထိပ်ထားကတော့ ယူစရာသိပ်များများစားစားမရှိတာမို့ ဝတ်နေကျလက်ဝတ်ရတနာတစ်ချို့နဲ့ လိုအပ်တာအနည်းငယ်ပဲ ယူခဲ့ပါတယ်။



ခြံဝမှာ ရထားလုံးတစ်စီး။ ရထားလုံးရဲ့ဘေးမှာ တပ်မှုးချုပ်၏ ယုံကြည်အားထားရတဲ့တပည့်ဒီပ။ သူကထိပ်ထားတို့ကို မြင်တော့ အရိုအသေပေးရင်း  သူလျှောက်တင်တာက



“အရှင်မင်းသမီး ယခုကေတုမတီနန်းတွင်းမှာ ပုန်ကန်မှုနန်းသိမ်းမှုကြီးဖြစ်နေတယ်။ အချိန်မလင့်ခင် ဒီကခွာမှရမယ်။ ဒီရထားထိန်းက ကျွန်ုပ်ယုံကြည်စိတ်ချရတဲ့သူပါ။ သူကဟံသာဝတီတိုင်းဆီ အရှင်မင်းသမီးနဲ့ သခင်မကြီးကို ခေါ်ဆောင်သွားပါလိမ့်မယ်။ ကိုယ်တိုင်လိုက်လံမစောင့်ရှောက်နိုင်တာကိုတော့ ခွင့်လွှတ်ပေးတော်မူပါ။ တပ်မှုးချုပ်က မသွားမှီ ကျွန်တော်မျိုးကို သခင်မကြီးနဲ့ အရှင်မင်းသမီးကို စောင့်ရှောက်ဖို့ အထပ်ထပ်မှာသွားခဲ့တယ်။ ယခုကျွန်တော်မျိုး အလျင်ခိုးထွက်ခဲ့ရတာ။ ကျွန်တော်မျိုးကို ခွင့်ပြုပါအုန်း။”



ကတိုက်ကရိုက်ဖြစ်နေတဲ့ ရဲမက်ဗိုလ်ဒီပရဲ့လက်ကို ထိပ်ထားလှမ်းဆွဲပြီး မေးဖြစ်ခဲ့တာက..



“သူ သူကော...တပ်မှုးချုပ်။ သူအခု နယ်စပ်မှာမလား ဘေးကင်းရဲ့လား”



ထိပ်ထားမေးခွန်းအဆုံးမှာ ဒီပမျက်နှာ သိသိသာသာ ပျက်ယွင်းသွားခဲ့တာကို ထိပ်ထားအရိပ်ကဲဖမ်းမိခဲ့သည်။စိတ်ခံစားချက်က သိပ်မကောင်း။မတွေးကောင်းတွေးကောင်း အို မဖြစ်နိုင်ပါဘူး‌လေဟုသာ ထိပ်ထားဖြေသိမ့်တွေးရသည်။



မယ်မယ်ဘုရားကိုလည်း ဒီပလှမ်းကြည့်သေးတာကို ထိပ်ထားတွေ့လိုက်သည်။မယ်မယ်ဘုရားကို မကြားစေချင်တာများလား။ဘာများပါလိမ့်....ထို့နောက် လေသံတိုးဖြင့်



“ ကျွန် ကျွန်တော် မျိုး ဘာသတင်း မှမရပါဘူး အရှင်မင်းသမီး။ အချိန်ဆွဲနေလို့မသင့်တော့ဘူး ယခုခွာမှဖြစ်မယ်။”



ရဲမက်ဗိုလ်ဒီပဟာ ထိပ်ထားနဲ့မယ်မယ်ကို ရထားလုံးပေါ် အသေချာလိုက်ပို့သည်။ထို့နောက် ရထားထိန်းရဲမက်ကိုလည်း အသေအချာမှာပြီးတာနဲ့ ထိပ်ထားကိုလည်းငွေရောင်ဓားမြှောင်တစ်ချောင်း ပေးခဲ့၏။







ထိပ်ထားတို့ ထွက်လာခဲ့လိုက်တာ ယခုဆို ဟံသာဝတီနယ်နမိတ် အစပ်ကိုပင်ရောက်လုပြီ။ မိုးကလည်းစင်စင်လင်းနေပြီ။ သို့ပေမဲ့ ရထားထိန်းကလုံးဝမနား လမ်းတစ်လျှောက် အပြင်းနှင်လာခဲ့သည်။



မယ်မယ်ကတော့ မျက်လုံးလေးမှိတ်ကာ မေတ္တာသုတ်ရွတ်လျှက်လိုက်ပါလာသည်။ ခင်ပွန်းသည်အပူ သမီးအပူကြောင့် မျက်နှာမှာ အတော်ပင်မလန်းတော့။



ထိပ်ထားလည်း သူ့အတွက်ပူတာပေါ့။ ရင်လေးနေရသည်။ ဆုတောင်းနေမိတာက သူအန္တရာယ်ကင်းပါစေလို့။ ပြီးတော့ဆို့နင့်လေးလံမှုကြီးက ပြည့်နှက်နေသလို..



“ရပ် ဘယ်သူလည်း”



ဟံသာဝတီမြို့ဝင်ဂိတ်က တားဆီးသံပါ။ ထိပ်ထားလည်း ရထားလုံးထဲမှ တံဆိပ်တော်ကို ထုတ်ပြလိုက်ပြီး....



“ဟံသာဝတီတိုင်းရဲ့ အထူးဧည့်သည်တော်ပါ”



________🪔ထိပ်ထား🪔___________



ထိပ်ထားဟံသာဝတီပြန်ရောက်ခဲ့တာ အချိန်အားဖြင့် ဆယ်ရက်။ ခမည်းတော်နှင့်မယ်တော်ဘုရားက အတိုင်းမသိဝမ်းသာနေကြသည်။ သို့ပေမဲ့ ထိပ်ထားပြန်လည်ရောက်ရှိနေကြောင်း လျို့ဝှက်ထားရသည်။ အရာအားလုံး စိတ်မချရသေးသည့် အခြေအနေမို့။



ကေတုမတီ၏သတင်းများလည်း ထိပ်ထားကြားနေရပါသည်။ ဒေဝမင်းထင်ကျော်စွာ နန်းတက်သည့်အကြောင်း ကေတုမတီတိုင်းကြီး ကသောင်းကနင်းဖြစ်နေသည့်အကြောင်း။ သူ့ကိုမထောက်ခံသည့်လူများကို အကျယ်ချုပ်ချလျှင်ချ ကွက်မျက်လျှင်ကွက်မျက်သည့်အကြောင်း။



မယ်မယ်ကတော့ ဟံသာဝတီရောက်ကတည်းက အဆောင်တော်ထဲမှာသာအမြဲနေသည်။ဘုရား၀တ်ပြုသည် ပုတီးစိတ်သည်။စကားအရင်လိုသိပ်များများစားစား မပြောတော့။တရားနှင့်‌ ဖြေနေဟန်တူသသည်။ကြားရသည့်တင်းများအရ စစ်သေနာပတိချုပ်ကြီးလည်း အကျယ်ချုပ်ကျခံနေရသည်တဲ့။ ထိပ်ထားနားလည်စွာဖြင့် စိတ်ချမ်းသာစွာပဲ နေခိုင်းသည်။ လုံးဝပြိုလဲသွားသည်ထက်စာလျှင် တရားဓမ္မနှင့် တောင့်ခံထားသည်က တော်သေးသည်မလား။



ပြီးတော့ သူ့သတင်း။ သူကျဆုံးသွားပြီတဲ့။ သူ့အတွက်ဈာပနအခမ်းအနားတောင် ဒေဝမင်းထင်ကျော်စွာက ကျင်းပပေးသေးသည်တဲ့။



ထိပ်ထားမယုံကြည်နိုင်ပါ။ တပ်မှုးချုပ်ကအဲ့လိုလူမျိုးမဟုတ်။ ချစ်မြတ်နိုးသည်ပြောထားပြီး ဒီလိုလွယ်လွယ်ထားခဲ့မည့်သူမဟုတ်။

သူတစ်ချိန်ချိန် ထိပ်ထားဆီအရောက်လာပြီး သူ့အတွက်တိကျတဲ့ အဖြေလာယူမှာ ထိပ်ထား ယုံကြည်တယ်။



အဖြေ။ သိပ်ရှိတာပေါ့။ အဖန်ဖန်ဆန်းစစ်လည်း တိကျတဲ့အကြောင်းအရာက တစ်ခုထဲ။

ထိပ်ထားလည်း သူ့ကို ချစ်ခင်စုံမက်သည်။သူက မင်းညီမင်းသားလည်းမဟုတ်သလို ယောက်ျားသားတစ်ဦးလဲမဟုတ်။ဒါတွေကိုနားလည်လက်ခံပြီး ထိပ်ထားချစ်နိုင်သည်။အဓိကက တပ်မှုးချုပ်ဆိုသော လူသားကိုသူချစ်မြတ်နိုးတာပါ။ တပ်မှုးချုပ်ကထိပ်ထားအတွက် အဲ့လိုဖြစ်တည်မှုမျိုး။



ဒီအကြောင်း‌တွေသူ့ကို ပြောချင်သေးသည်။ သူဟာ ထိပ်ထားနှလုံးသားရဲ့အရှင်သခင်ဖြစ်ကြောင်း ထိပ်ထားလည်းသူနဲ့ထပ်တူခံစားနေရကြောင်း။ ဒါတွေမသိသေးပဲ သူထွက်သွားလို့မရပါ။



ဘယ်သူတွေဘာပြောပြော ထိပ်ထား တပ်မှုးချုပ်ကိုစောင့်မည်။



“အရှင် ထိပ်ထားသတိရနေတယ်။ ပြောစရာတွေလည်း ထိပ်ထားမှာ ရှိနေတယ်။ မျှော်နေမိပြီ ထိပ်ထားနှလုံးသားရဲ့ အရှင်ရယ်”







________🪔ထိပ်ထား🪔___________

RenGe-3.11.2018






ထိပ်ထားWhere stories live. Discover now