ကျီစယ်လေသောကံကြမ္မာ

10.6K 1.1K 59
                                    

တပ်မှူးချုပ်သည် ဟံသာဝတီပြည့်ရှင်ကိုကော ထိပ်ထားကိုပါ နှုတ်ဆက်ကာ ကေတုမတီတိုင်းကို ပြန်ခဲ့ချေပြီ။ ဒဏ်ရာသည်လည်း လုံးဝအရှင်းပျောက်ကင်းလုနီးပါးဖြစ်နေသလို ခမည်းတော်၏ အရေးတကြီးဆင့်ခေါ်မှုကြောင့်လည်း သီရိစောစီးစွာပြန်ခဲ့ခြင်းပင်။

ပြန်ခါနီး မြင်းနားထိလိုက်ပို့ပေးသော ထိပ်ထားမျက်နှာနွမ်းနွမ်းကြောင့် သူ့စိတ်အစဉ်သည်လည်း နေလို့မကောင်း။ လက်ထဲပဝါတစ်ထည်ထည့်ပေးကာ နှုတ်ဆက်စကားပင်မဆိုပဲ ထွက်သွားသော ထိပ်ထား။

ထိပ်ထားသည် သူ့ကိုမပြန်စေချင်သေးတာ သီရိနားလည်ပါသည်။ သူ့ကိုယ်တိုင်ကလည်း ဖြစ်နိုင်ရင်တစ်ရက်လောက်ထပ်နေချင်သေးသည်။ သို့ပေမဲ့ ကေတုမတီသည် သူ့ကိုလိုအပ်နေချေပြီ။ ဖခင်ကအရေးကြီးနေပြီ ပြန်ခဲ့တော့ဟူသော စာလွှာရောက်ရောက်ခြင်း ချက်ချင်းပြည်တော်ပြန်ခဲ့ခြင်းပင်။

တိုင်းရေးပြည်ရေးက နှလုံးသားထက်ပိုအရေးကြီးတာမို့် တပ်မှူးချုပ်သီရိနန္ဒာဒေဝီသည် ကေတုမတီသို့ မြင်းအစိုင်းနှင်ခဲ့လေတော့သည်။



________🪔ထိပ်ထား🪔___________



မြို့တော်ထဲရောက်တော့ ခြောက်သွေ့လျှက်။ ပြည်သူတွေက သူ့ကိုတွေ့တော့ ဦးညွှတ်အရိုအသေပြုကြ၏။ ယခုအချိန်ထိ သီရိဘာဖြစ်မှန်းနားမလည်သေး။ မိမိမရှိသည့်အတောအတွင်း ဘာတွေဖြစ်ကုန်ကြသနည်း။

“တပ်မှုးချုပ်”

နန်းတွင်းထဲအရောက် အရိုအသေအပြေးအလွှားလာပေးသူက တပည့်ဖြစ်သူ ဒီပ။ သူလည်းမျက်နှာမကောင်း...။

“ဒီပ ဘာဖြစ်နေကြတာလည်း။ အကုန် မျက်နှာတွေက”

“အိမ်ရှေ့စံ ကံတော်ကုန်သွားပြီ တပ်မှုးချုပ်”

“ဟင်....”

သီရိဆွံအသွားရသည်။ ဝီရတိုင်းနှင့်တိုက်ပွဲမထွက်ခင်လေးကမှ သူမနှင့်အိမ်ရှေ့စံစေ့စပ်ထားခဲ့ကြသည်။ ယခုကံတော်ကုန်ပြီတဲ့...

“ဘယ်လို ဒီပဘယ်လို”

“သေနာပတိချုပ်ကြီးဆက်ပြောပြပါလိမ့်မယ်။ မင်းကြီးကိုတပ်မှူးချုပ်ရောက်ရှိကြောင်း ကျွန်တော်မျိုး သတင်းပို့လိုက်ပါ့မယ်။ တပ်မှုးချုပ်က သေနာပတိကြီးကိုအရင်သွားတွေ့လိုက်ပါ”

ဒီပပြောသလို သူသည်ဖခမည်းတော်ဆီ အရင်ထွက်လာလိုက်သည်။
ဘာတွေဖြစ်ကုန်တာပါလိမ့်...

“ဖခမည်းတော် ..”

“သီရိ..သမီးတော်”

ဖခင်ကိုယ်တိုင်ပင်လျှင် မျက်နှာသိပ်မကောင်း...

“အိမ်ရှေ့စံက ဘယ်လိုဖြစ်လို့..”

“လုပ်ကြံခံရတာ သီရိ။ အဆိပ်မိတာ။ အဆိပ်ထည့်တဲ့နန်းတွင်းသူကလည်း ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားတယ်။ ခမည်းတော်တို့ တရားခံကို ရိပ်မိပေမဲ့ မဖမ်းနိုင်ခဲ့ဘူး”

“တရားခံက ...”

ခမည်းတော်က သက်ပြင်းတစ်ချက်ရှိုက်သည်။ထို့နောက် လေသံပျော့ပျော့ဖြင့်

“မြောက်နန်းစံမိဖုရားကြီးလို့ထင်တယ်...”

မြောက်နန်းစံမိဖုရားကြီးသည် အိမ်ရှေ့စံအား မကြည်ဖြူသည်ကား အမှန်တရား။ အကြောင်းအရင်းကား သူ့သားအိမ်ရှေ့စံမဖြစ်ပဲ တောင်နန်းစံမိဖုရားကြီး၏သားက အိမ်ရှေ့စံဖြစ်လာသောကြာင့်ပင်...

“မင်းကြီးကော မိဖုရားခေါင်ကြီးပါ ပူဆွေးနေကြတယ်။ ဒီကြားထဲ မြောက်နန်းစံမိဖုရားကြီးရဲ့ အမတ်တွေကလည်း တမှောင့်။ အိမ်ရှေ့စံနေရာအတွက် မင်းသား ဒေဝမင်းထင်ကျော်စွာကို တင်စေချင်နေကြတယ်။ မင်းကြီးကိုဖိအားပေးနေကြတယ်။ ဒီလိုတွေရှုပ်ထွေးနေလို့ သမီးတော်ကို ခမည်းတော်က ဆင့်ခေါ်လိုက်ရတာ”

ဒေဝမင်းထင်ကျော်စွာ...မြောက်နန်းစံမိဖုရားကြီးရဲ့ သားအကြီးဆုံး။ ကြမ်းကြုတ်ရက်စက်ပြီး အလိုလောဘများသောသူ။ သူသာအိမ်ရှေ့စံဖြစ်လို့က ကေတုမတီ၏အနာဂတ်သည် အလားအလာမကောင်း။

“ကြည့်ရတာ မင်းကြီးသူ့ကိုပဲ အိမ်ရှေ့စံခန့်အပ်မဲ့အနေအထားမှာရှိတယ်။ ကျန်တဲ့သားတော်တွေကလည်း မြောက်နန်းစံမိဖုရားကြီးထက်နိမ့်တဲ့ မိဖုရားငယ်တွေက မွေးတာဆိုတော့။ အခုကကျဉ်းထဲကျပ်ထဲမှာ။ သူတို့သာ အာဏာရရင် ခမည်းတော်တို့ဘက်လည်း လှည့်လာနိုင်တယ် ။ ဘာတွေချယ်လှယ်ချုပ်ကိုင်အုန်းမယ်မသိဘူး....အမတ်ချုပ်ကြီးတွေကအစ သူ့ဘက်မှာဆိုတော့။ အခုမင်းကြီးမှာ ယုံကြည်ရတာဆိုလို့ ဖခမည်းတော်နဲ့ သမီးတော်ပဲရှိတော့တယ်”

နန်းတွင်းအရေးမှာ တကယ့်ကျဉ်းထဲကျပ်ထဲအခြေအနေ။ သို့သော် မင်းကြီးသည် အိမ်ရှေ့စံကံတော်ကုန်တာကို တခြားတိုင်းများမသိအောင် ထိန်းထားနိုင်၏။ ထို့ကြောင့် ဟံသာဝတီရောက်နေသောသူ ဘာမှမသိတာမလား..

“မြောက်နန်းစံမိဖုရားကြီးနဲ့ သူ့အပေါင်းအပါတွေ အာဏာရရင်မလွယ်လောက်ဘူး။ မင်းသားဒေဝမင်းထင်ကျော်စွာကလည်း နယ်ချဲ့ပြီးစစ်လိုလားတဲ့သူ...ကေတုမတီအတွက် သမီးရင်လေးတယ် ခမည်းတော်”

သီရိစိတ်ညစ်ညူးစွာပဲ ရေနွေးတစ်ခွက်ကိုမော့သောက်ကာ စကားဆိုလိုက်တယ်။ ။ ဝင်ရောက်စွတ်ဖက်လို့ရတဲ့ အနေအထားမဟုတ်သော မိမိတို့သည် မင်းကြီးအမိန့်အတိုင်းလုပ်ဆောင်ရမည့်သူများသာ။

“ခမည်းတော်တို့လုပ်နိုင်တာက စစ်သေနာပတိချုပ်အနေနဲ့ တပ်မှုးချုပ်အနေနဲ့ မင်းကြီးလိုအပ်တဲ့အချိန်အသင့်ရှိဖို့ပဲ။ အခုအချိန်မှာ အရာအားလုံးစောင့်ကြည့်နေရမယ် ။ အိမ်ရှေ့စံတောင် လုပ်ကြံရဲတာဆိုတော့ သူတို့ဟာတော်ရုံအတင့်ရဲနေတာမဟုတ်ဘူး။ သီရိ သမီးလည်းသတိဝိရိယနဲ့နေပါ”

ဖခင်၏သတိပေးစကားကို သီရိလေးပင်စွာခေါင်းငြိမ့်ပြလိုက်သည်။ သူသည် အချင်းချင်းစိတ်ဝမ်းကွဲကာ သတ်ဖြတ်နေသော နန်းတွင်းအရေးကို အတော်စိတ်ကုန်နေလှပြီဖြစ်သည်။

________🪔ထိပ်ထား🪔___________


သုံးလ....သုံးလဆိုသောအချိန်ကာလရောက်သည့်တိုင် ထိပ်ထားထံစာလွှာနှင့်တူတာ ဘာဆိုဘာမှရောက်မလာခဲ့သလို တပ်မှုးချုပ်သီရိနန္ဒာဒေဝီ၏ သတင်းသည်လည်း တိတ်ဆိပ်လို့နေ၏။

စာလွှာပါးမည်ဆို၍ မျှော်ရသူကသာ လည်တဆန့်ဆန့် သူကသတိတောင်ရရဲ့လားမသိ။ လွယ်လွယ်ပြောခဲ့သလားလို့တောင် ထိပ်ထားထင်မိသည်။ ခမည်းတော်ဆီက တစွန်းတစကြားရသည်အရ ကေတုမတီတိုင်းသည် အိမ်ရှေ့စံအပြောင်းအလဲကြောင့် နည်းနည်းရှုပ်ထွေးနေသည်တဲ့။

ဒါဆိုတပ်မှုးချုပ်ဖြစ်တဲ့သူလည်း အလုပ်ရှုပ်နေရှာမှာပေါ့လို့သာ ဖြေတွေးနေရသည်။ တပ်မှူးချုပ်အကြောင်းတွေးမိတိုင်း ထိပ်ထားလက်အစုံသည် လည်ပင်းကမဟူရာဆွဲပုတီးလေးဆီ ရောက်သွားစမြဲ။

“မင်းသမီးလေး”

ဒေါ်မြိုင်အသံကြားမှ ရွေ့လျားနေသောစိတ်အစဉ်သည် ပစ္စုန်ပ္ပန်သို့ပြန်ရောက်လာလေ၏။

“ ဒေါ်မြိုင်..ဘာပြောမလို့လည်း”

အထိန်းတော်ကြီးသည်မျက်နှာမကောင်း...စံပယ်ပန်းလေးတွေဂရုတစိုက်သီနေသော သခင်မဖြစ်သူအား ဝမ်းနည်းမျက်လုံးများဖြင့်ကြည့်နေလေ၏။

“ဒေါ်မြိုင်...ဘာဖြစ်နေတာလည်း ထိပ်ထားကိုပြောပါ”

“ဒေါ်မြိုင်လည်း တစွန်းတစကြားလာတာပါ။ ကေတုမတီတိုင်းက မင်းကြီးဆီကို သဝဏ်လွှာ ပါးလာတယ်”

ကေတုမတီဆို၍ ထိပ်ထားလှုပ်လှုပ်ရှားရှားဖြစ်သွား၏။ သို့ပေမဲ့ မင်းကြီးဆီတိုက်ရိုက် သဝဏ်လွှာဆို၍...

“ဘာတဲ့လဲ ဘာကြားလာလို့လဲ”

“ကေတုမတီအိမ်ရှေ့စံ ဒေဝမင်းထင်ကျော်စွာနဲ့ထိပ်ထားကို လက်ဆက်ပေးဖို့ကမ်းလှမ်းလာတာ။ ငြင်းပယ်ရင် စစ်ချီမယ်တဲ့”

“ဟင်....”

ထိပ်ထားရှုပ်ထွေးသွားရသည်။ ရုတ်ချည်း ကေတုမတီနှင့်ဟံသာဟတီသည် ပြန်လည်တင်းမာလာတော့မည့် အခြေအနေတွင်ရှိသည်။လက်ထဲကပန်းဗန်းကို အသာချကာ
ခမည်းတော်နန်းဆောင်ဆီ
သူမထွက်လာခဲ့သည်။ ဒီသတင်းမှန်မမှန် အတည်ပြုဖို့လိုသည်။

ခမည်းတော်နန်းဆောင်အရောက် မယ်မယ်ဘုရားပါ သူမတွေ့လိုက်ရသည်။ ထိပ်ထားကိုမြင်တော့ မျက်နှာတော်ကို အလျင်အမြန်ပြုံးဟန်ပြုလိုက်တာကို အရိပ်ကဲဖမ်းတက်တဲ့ထိပ်ထား သတိမထားမိပဲမနေ။ မရွှင်ပြလှသော မျက်လုံးများက သက်သေပင်

“ထိပ်ထား ဖခည်းတော်နဲ့မယ်မယ်ဘုရားကို လာဖူးတွေ့ပါတယ်”

သလွန်ပေါ်မှာထိုင်နေတဲ့ ခမည်းတော်နဲ့မယ်တော်ခြေရင်းမှာ ထိုင်လိုက်ရင်း သူမအရိုအသေပေးလိုက်တယ်။

“ခမည်းတော် ထိပ်ထားလေ ထူးဆန်းတဲ့သတင်းကြားလို့ အဲ့တာခမည်းတော်ဆီ မှန်မမှန် လာမေးမြန်းရတာပါ”

“ဘာများလည်းသမီးတော်”

“ကေတုမတီအိမ်ရှေ့စံနဲ့ လက်ဆက်ဖို့ သဝဏ်လွှာရောက်လာခဲ့တယ်ဆိုဘုရား..လက်မခံရင်စစ်ချီမယ်ဆိုဖခမည်းတော်ဘုရား”

ထိပ်ထားစကားအဆုံးမှာ ဟံသာဝတီပြည့်ရှင်ရဲ့မျက်နှာဟာ ဒေါသနဲ့မာနအရောင်ကလက်သွားတယ်။ ပြီးတော့ အံကိုကြိတ်လိုက်ပြီး...

“စိတ်မပူပါနဲ့ သမီးတော်။ သင်းတို့နဲ့ခမည်းတော် ငြိမ်းချမ်းရေးက ဒီတင်ရပ်သွားပြီး။ သူတို့ပြောသလို ခမည်းတော်ဘာမှလုပ်မှာမဟုတ်ဘူး စစ်သည်တော်တွေလည်းအသင့်ပြင်ခိုင်းထားပြီးပြီ။”

ထိုစဉ်.....

“အရှင်မင်းကြီးဘုရား စစ်ကဲချုပ်တွေ့ခွင့်တောင်းနေပါတယ်ဘုရား”

“လွှတ်လိုက်ပါ”

စစ်ကဲချုပ်သည် သုတ်သီးသုတ်ပျာဖြင့်ရောက်လာပြီး..

“အရှင်မင်းကြီး ကေတုမတီက ဇင်းမယ် ညောင်ရမ်း ပြည်နဲ့ ကျွန်ုပ်တို့ရဲ့ ကုန်စည်ဆက်သွယ်မှုကို ပိတ်ဆို့လိုက်ပါပြီဘုရား။ ပြည်သူတွေရဲ့စားဝတ်နေရေးက ခက်ခဲတော့မယ်ဘုရား။ မကြာခင် အင်အားအလုံးအရင်းနဲ့ စစ်ချီလာမယ်လို့လည်း ကြားပါတယ်ဘုရား”

“ဘာမှပူပန်စရာမလိုဘူး ငါတို့လည်းအားလုံးအသင့်ပြင်ထားတယ် ...ချီတက်လာပါစေ။ လက်ရွေးစင်စစ်သည်အားလုံးလည်း ပြင်ခိုင်းထားတယ်။ ပြည်သူတွေအတွက်က အရေးပေါ်လှောင်ထားတဲ့ ကုန်စည်တွေလိုရင် ထုတ်သုံးမယ်”

ထိပ်ထားသည် ကြားရတဲ့သတင်းများကြောင့် စိတ်ထဲ အတွေးများစွာဖြစ်သွားရသည်။ ကေတုမတီ၏စစ်အင်အားသည် ပေါ့သေးသေးမဟုတ်။ စစ်ဖြစ်ပြီဆိုလျှင်ကြားထဲက နစ်နာသူက တိုင်းသူပြည်သားတွေပင်ဖြစ်၏။ စစ်ရှုံးပါက ဖခမည်းတော်အတွက်လည်း အလားလာမကောင်းချေ။ သူတစ်ယောက်အတွက်နှင့် နစ်နာရမဲ့သူတွေအရမ်းများတာကို ထိပ်ထားတွေးမိသွားသည်။ အသက်ဝအောင်ရှုရင်း ထိပ်ထားဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာချလိုက်သည်။ ဒါက သူချစ်တဲ့ဟံသာဝတီအတွက် သူချစ်တဲ့မိဘတွေနဲ့ တိုင်းသူပြည်သားတွေအတွက်....

“သမီးတော် ကေတုမတီအိမ်ရှေ့စံနဲ့လက်ဆက်မယ်”

ရုတ်တရက် အခန်းအတွင်းတိတ်ဆိပ်သွားတော့တယ်။

“သမီးတော်ကြောင့် စစ်မက်ဖြစ်ပွားရမှာမလိုလားဘူး နစ်နာမဲ့တိုင်းသူပြည်သားတွေကိုလည်းသနားတယ် သမီးတော်လက်ဆက်လိုက်ရင် အရာအားလုံးဒီတိုင်းရှိနေမှာလေ...”

“ခမည်းတော်လက်မခံနိုင်ဘူး...သမီးတော်ကဒီဟံသာဝတီတိုင်းရဲ့ ဧကရီလောင်းလျာ။ သူတစ်ပါးရဲ့မိဖုရားအဖြစ် အလုပ်အကျွေးပြုဖို့ မွေးလာတာမဟုတ်ဘူး။ ဒီအတွက် ဘယ်သူနဲ့မဆိုစစ်ခင်းရဲတယ်”

မယ်မယ်ဘုရားကတော့ဘာမှဝင်မပြော ...သားအဖနှစ်ယောက်စကားပြောတာကို သေချာနားထောင်နေလေ၏။

“ခမည်းတော် အိမ်ရှေ့စံနေရာကို အစ်ကိုတော်ကြီးကိုပေးလိုက်ပါ ဒီနေရာဆိုတာနဂိုကတည်းက အစ်ကိုတော်ကြီးနဲ့ပဲထိုက်တန်တာပါ။ “

“စံထိပ်ထားကလျာဦး”

“မောင်တော် စိတ်လျော့ပါ။ သမီးတော်လေးပြောတာကို နားထောင်ကြည့်ပါအုန်း”

“ခမည်းတော် သမီးတော်ကိုသိပ်ချစ်တာ နားလည်ပါတယ်။ ပြီးတော့ ဟံသာဝတီပြည်သူပြည်သားတွေကိုလည်း ခမည်းတော်ချစ်တာပဲလေ။ ကေတုမတီနဲ့စစ်ဖြစ်လိုက်ရင် အများကြီးထိခိုက်မှာ သမီးတော်တို့တိုင်းကပါ။ ဒီ့အတွက် သမီးအနစ်နာခံရဲပါတယ်။ ခမည်းတော်နဲ့တိုင်းသူပြည်သားတွေသာ ဘာထိခိုက်နစ်နာမှုမှမရှိဘူးဆိုရင် လက်ဆက်ဖို့သမီးတော် ဝန်မလေးပါဘူး။ သမီးတော်ရင်ထဲက ဆန္ဒကိုမြင်အောင်ကြည့်ပေးပါ။ လိုက်လျောပေးဖို့လည်း တောင်းဆိုပါတယ်”

တွေးဆငြိမ်သက်သွားသော ဟံသာဝတီမင်းကြီးနှင့် မျက်နှာမကောင်းတော့သော တောင်နန်းစံမိဖုရားကြီး။ သမီးတော်ပြောသည်မှာလည်း အမှန်တွေပင်ဖြစ်နေတာမို့။

“ခမည်းတော်စဉ်းစားပါရစေအုန်း ထိပ်ထားလေးရယ်။”

“သိပ်ကြာရင် မကောင်းတာတွေပိုဖြစ်ကုန်မှာမို့ သေချာလေးစဉ်းစားပေးပါခမည်းတော်။ မယ်မယ်ဘုရားနဲ့ခမည်းတော် သမီးတော်ဘာလို့ဒီလိုဆုံးဖြတ်တယ်ဆိုတာလည်း နားလည်မယ်လို့ ယုံကြည်ပါတယ်”


________🪔ထိပ်ထား🪔___________


သီရိ၏ရင်ထဲတွင် မခံချင်ခြင်း ဒေါသထွက်ခြင်းစသော ခံစားချက်များရောပြွန်းလျှက်။ သို့ပေမဲ့ ကေတုမတီဧကရာဇ်ထံ သစ္စာခံထားသူ သစ္စာရှိစစ်သည်တော်တစ်ဦးအနေနဲ့ ဘာစောဒကမှတက်ခွင့်မရှိ။ ကေတုမတီမင်းကြီး၏သွေး အိမ်ရှေ့စံဒေဝမင်းထင်ကျော်စွာ၏အမိန့်ကိုပါ ခါးသက်စွာဖြင့်နာခံခဲ့ရ၏။

အိမ်ရှေ့စံလုပ်ကြံခံရပြီး တစ်လအကြာတွင် ဒေဝမင်းထင်ကျော်စွာ အိမ်ရှေ့စံဖြစ်လာခဲ့သည်။ အမတ်ကြီးများနှင့်မြောက်နန်းစံ၏ ကြိုးစားအားထုတ်မှုကြောင့်ပင်။ ဘုရင်ကြီးကလည်း သားတော်တစ်ဦးဖြစ်တာမို့ အတန်သင့်တော့ ယုံကြည်အားထားဟန်တူ၏။ တောင်နန်းစံမိဖုရားကြီးကတော့ ဆုံးပါးသွားတဲ့သားအတွက် ပူဆွေးသောကရောက်ကာ နန်းဆောင်အပြင်ပင်သိပ်မထွက်တော့.....

အိမ်ရှေ့စံနန်းတက်ပြီး ကြင်ယာတော်ကိစ္စကပြန်စလာပြန်သည်။ ယခုကိစ္စတွင်မူ သီရိတို့သားအဖမပါတော့ ။ ဘုရင်ကလည်း ဒေ၀နဲ့သီရိကို နီးစပ်စေလိုဟန်မတူ။ နီးစပ်စေလိုခဲ့လျှင်လည်း သီရိနဲ့ခမည်းတော်က ငြင်းဖို့အသင့်ပေ။

သီရိထင်ခဲ့တာက သူတို့လူအချင်းချင်းသူတို့ စီစဉ်ကြမည်ဟုသာထင်ခဲ့သည်။ သို့ပေမဲ့ ဒေဝမင်းထင်ကျော်က သူ့သည်းပွတ်ကို ကြိမ်လုံးနှင့်ခတ်ဆက်ဆက်လာရိုက်ခဲ့သည်။ ဟံသာဝတီမင်းသမီး စံထိပ်ထားကလျာဦးကို လိုချင်ပါသည်တဲ့လေ။ ရွေးချယ်စရာများစွာရှိသည့်ထဲမှာမှလေ။ မထင်ထားသည့်အကွက်ပေ။

သားအလိုတော်ကျဖြစ်သော မြောက်နန်းစံကြီးသည် မင်းကြီးအားထပ်မံအပူကပ်ပြန်သည်။ ဟံသာဝတီကိုသိပ်မကျေလည်သေးသော ကေတုမတီပြည့်ရှင်ကလည်း ခွင့်ပြုလိုက်သည်။

သီရိနန္ဒာဒေဝီသည် ပထမဆုံးအကြိမ် တပ်မှုးချုပ်ရာထူးသာရှိသော ကိုယ့်ကိုကိုယ်မုန်းတီးမိသွားသည်။ မည်သို့ပင်စစ်ပွဲတိုင်းကျော်ပါစေ ဘုရင်သည်သာ အာဏာအရှိဆုံးဆိုတာ နားလည်သွားရသည်။

ဟံသာဝတီဘက်ကအပြတ်ငြင်းလိုက်ပြီး စစ်ကြေညာတာကို လက်ခံလိုက်ချိန်မှာတော့ သီရိဝမ်းနည်းဝမ်းသာ ဖြစ်သွားရ၏။ ဝမ်းနည်းခြင်းက ချစ်ရသူ၏နယ်မြေကို ကိုယ်တိုင်စစ်ချီရတော့မည်ဖြစ်၍ ဝမ်းသာခြင်းက ထိပ်ထားကို လွယ်လွယ်မပေးအပ်လိုက်သောကြောင့် ဖြစ်ပေသည်။

သို့ပေမဲ့နောက်တစ်နေ့မနက်လင်းအာရုံတွင် ခြေမြန်တော်တပ်သားတစ်ဦး သတင်းလာပို့သည်ကို ကြားလိုက်ရသည်။ ဟံသာဝတီပြည့်ရှင်သည် သဘောတူညီလိုက်သည်ဟူ၍။

ဒေဝမင်းထင်ကျော်စွာသည် စစ်ချီမည်ဆိုသောအမိန့်ကို ရုတ်သိမ်းကာ သီရိအားတာဝန်တစ်ရပ် ထပ်မံပေးအပ်ခဲ့သည်။ အိမ်ရှေ့မင်းသား၏ ကြင်ယာတော်လောင်းအား ကေတုမတီသို့ဘေးမသီ ရန်မခခေါ်လာရန်.....

“တပ်မှုးချုပ်”

စစ်သည်လေး၏ခေါ်သံကြောင့် သီရိသတိပြန်ဝင်လာရသည်။

“နေ့လည်စာ စားချိန်ရောက်နေပြီမို့”



ဟုတ်တာပေါ့ သူထိပ်ထားကို ဟံသာဝတီကနေခေါ်လာတာ နေ့တဝက်တောင်ရှိပြီ။ မြင်းပေါ်ကနေ ဝေါယာဉ်ပေါ်ကို တချက်အကဲခတ်ကြည့်လိုက်သော်လည်း လိုက်ကာပိတ်ထား၍ ဘာမှမသိရ။ သူတို့ပြန်တွေ့တွေ့ခြင်း ထိပ်ထားကလည်း သူ့ကိုစကားမပြောသလို သူကလည်းထိပ်ထားမျက်လုံးများကိုမကြည့်ခဲ့ပါ။ တပ်မှုးတစ်ယောက်အနေနဲ့သာ သူတာဝန်ကျေအောင်လုပ်ခဲ့သည်။

“ဟိုးနားက အရိပ်ကောင်းကောင်း သစ်ပင်အောက်မှာရပ်မယ်။"

“အမိန့်တော်အတိုင်းပါ တပ်မှုးချုပ်”

ကြီးမားလှတဲ့ သစ်ပင်ကြီးအောက်မှာ ဝေါယာဉ်ကိုရပ်လိုက်တယ်။ သီရိအထမ်းသမားများကို မျက်ရိပ်ပြကာ ထွက်သွားစေလိုက်၏။ မြင်းသည်တော် တပ်သားတစ်ချို့က မလှမ်းမကမ်းတွင်ရပ်ကာ ပါလာသော နေ့လည်စာအတွက် ပြင်ဆင်နေပြီဖြစ်၏။

“ထိပ်ထား”

သီရိလေသံဆိုရုံမျှ လိုက်ကာအပြင်ကနေ ခေါ်လိုက်တယ်။ ပွင့်လာသော လိုက်ကာစနဲ့အတူ အေးစက်သောမျက်ဝန်းတစ်စုံ.....

“နေ့လည်စာစားဖို့ အပြင်ကိုထွက်ခဲ့ပါအုန်း။ အညောင်းညာပြေ လမ်းလည်းလျှောက်ရင်း....”

ထိပ်ထားဟာ သူပြောသလိုထွက်လာခဲ့တယ်။ အေးမြတဲ့အပင်အရိပ်နဲ လေနုအေးကြောင့် သူမခဏတာ လန်းသွားတဲ့ပုံပါပဲ.....

စစ်သည်တော်တွေလာပေးတဲ့ နေ့လည်စာကို သီရိယူလိုက်ရင်း....

“ထိပ်ထား နေ့လည်စာသုံးဆောင် တော်မူပါ”

“ကျွန်ုပ်စားချင်စိတ်မရှိဘူး ...အသင်ပဲစားပါ”

ကျွန်ုပ်နဲ့အသင်ဆိုသော အသုံးကြောင့် သီရိစိတ်မကောင်းဖြစ်သွားရတယ်။ ထိပ်ထားကတော့ သစ်မြစ်ခပ်ကြီးကြီးတွင်ထိုင်ပြီး ရွက်ကြွေများကို အဓိပ္ပါယ်မဲ့ငေးလျှက်....

“ခရီးကနည်းနည်းလိုသေးတာမို့ စားပါထိပ်ထား။ လမ်းခရီးမှာ ဗိုက်ဆာနေပါလိမ့်မယ်”

ထိပ်ထားသည်သီရိမျက်ဝန်းကို သေချာစိုက်ကြည့်လာလေသည်။

“အသင်ကကျွန်ုပ်ကိုစိုးရိမ်လို့လား။ ဘယ်လိုစိုးရိမ်တာလည်း သင့်အိမ်ရှေ့စံရဲ့ကြင်ယာတော်လောင်းမို့လား ဒါမှမဟုတ် အရင်ကပြောခဲ့ဖူးသလို မိတ်ဆွေမို့လား”

သီရိခေါင်းငုံ့သွားရသည်။ သူ့တွင်ဖြေစရာ အဖြေမရှိ။ ထိပ်ထား၏ခပ်ဟဟရယ်သံက သူ့ကိုလှောင်နေသလို..

“ကေတုမတီအပေါ် သစ္စာရှိတာ နှစ်ယောက်မရှိတဲ့သူအပေါ် ကျွန်ုပ်ဘာတွေမေးမိတာပါလိမ့်။ စိတ်ချပါ သင့်တာဝန်သင်ထမ်းဆောင်ပါ....သြော် ခဏ”

လည်ပင်းက မဟူရာပုတီးလေးကို ဆွဲဖြုတ်ချိန်မှာတော့ သီရိသွေးပျက်စွာကြည့်မိသွားသည်။

“ထိပ်ထားတို့ မိတ်ဆွေတွေမဟုတ်တော့ဘူး။ သင်ကကေတုမတီရဲ့တပ်မှုးချုပ်ဖြစ်ပြီး ကျွန်ုပ်ကကေတုမတီအိမ်ရှေ့စံရဲ့ကြင်ယာတော်လောင်း...ခင်မင်ရင်းနှီးနေလို့မသင့်ဘူးလေ။ ပြီးတော့ ထိပ်ထားလို့မခေါ်ပါနဲ့တော့”

သိပ်တာဝန်ကျေပြနေသော တပ်မှုးချုပ်ကိုထိပ်ထားခနဲ့နေမိသည်။ တိုင်းပြည်အတွက်ဆုံးဖြတ်လိုက်သော်လည်း တပ်မှုးချုပ်မျက်နှာမြင်ချိန် ဘာ့ကြောင့်ရယ်မသိ စိတ်ထဲအားကိုးမိသွားသည် တစ်စုံတစ်ခုကိုလည်း မျှော်လင့်မိသွားသေး၏။ သို့ပေမဲ့တာဝန်ကျေလွန်းနေသူကြီးကြောင့် ဘာကိုဒေါသထွက်လို့ထွက်ရမယ်မှန်းမသိ။

ကမ်းပေးသောပုတီးကုံးလေးကို ယူလိုက်ချိန်မှာတော့ ထိပ်ထားစိတ်တွေ ပိုမိုကျသွားရသည်။ အနည်းဆုံးအတင်းပြန်ဆွဲပေးမယ် ထင်ခဲ့တာ ။

“အမိန့်တော်မြတ်တိုင်းပါ မင်းသမီး” ဆိုသော စကားကြောင့် သူ့ကိုထုရိုက်ချင်လာရသလို။

“ကျေးဇူးပြု၍ နေ့လည်စာကိုသုံးဆောင်ပေးပါ မင်းသမီး”

ကမ်းပေးနေသော ယွန်းပန်းကန်လေးကို သူမခပ်ဆတ်ဆတ်ဆွဲကာ စားလိုက်တယ်။ ဒီတော့မှ ကျေနပ်ဟန်ပြသွားတဲ့ သီရိနန္ဒာဒေဝီရဲ့မျက်လုံးတွေကို ဥပက္ခာပြုရင်းပေါ့.......

“တောင်းပန်ပါတယ်ထိပ်ထား...ခဏ ခဏသည်းခံပေးပါ”

သီရိရင်တွင်းထဲက စကားတွေကို ထိပ်ထားကတော့ ကြားမည်မဟုတ်..။

________🪔ထိပ်ထား🪔___________

RenGe-6.8.2018

ထိပ်ထားWhere stories live. Discover now