Part 6

6.2K 1K 50
                                    

ဈေးကြီးအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် အသားနံ့၊ ငါးနံ့များကို မနှစ်မြို့ဖွယ် လှိုက်ခနဲ ရှူရှိုက်လိုက်ရသည်။ ယဇ်ပူဇော်ရန် ရောင်းချနေသော တိရစ္ဆာန်အနံ့၊ ချေးနံ့များနှင့် ရောမလူမျိုးများ၏ စားပွဲသောက်ပွဲများတွင် မပါမဖြစ်သည့် garum ဟု ခေါ်ဝေါ်သည့် ငါးအတွင်းကလီစာများမှ ပြုလုပ်ထားသော ငံပြာရည်အိုးများမှ အနံ့ပြင်းပြင်းများကလည်း ကြိုဆိုနေသည်။

ပုံပေမြို့၏ ဈေးကြီးသည် မြို့လယ်အချက်အချာဖြစ်သော နတ်ဘုရားကျောင်း၏ ဘေးဘက်တွင် ဖြစ်သည်။ ရောမဗိသုကာလက်ရာ အခြားအခြားသော အဆောက်အဦးများနှင့် ပုံစံတူပင်။ အဆောက်အဦးများပတ်ချာလည်ရှိကာ အလယ်တွင် ထောင့်မှန်စတုဂံပုံ ကွင်းပြင်ကျယ်ရှိသည်။ ကွင်းပြင်ကျယ်အလယ်တွေမူ ရေပန်းအလှတစ်ခုနှင့် ကျောက်သားရုပ်တုများဖြင့် အလှဆင်ထားသည်။ အဆောက်အဦးကြီးထဲတွင် ဆိုင်ခန်းနေရာများရှိသလို ၎င်းရှေ့ လူလျှောက်လမ်းများတွင်လည်း ပျံကျဈေးသည်များနှင့် စည်ကားနေသည်။

ဈေးထဲတွင် ဈေးရောင်း၊ ဈေးဝယ် လူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားနေသလို ကြက်၊ ဘဲများ၏ အော်မြည်သံများ၊ အချင်းချင်းအော်ဟစ်ပြောဆိုသံများနှင့်လည်း ဆူညံနေသည်။ ဟင်းသီးဟင်းရွက်၊ သားငါးများသာမက ကြေး၊ ငွေ လက်မှုလုပ်ငန်းများနှင့် သက်ဆိုင်သည့် ပစ္စည်းများ၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ကိရိယာတန်ဆာပလာများအပြင် မြို့ပတ်ဝန်းကျင်မှ တောလိုက်မုဆိုးများ၏ ပစ်ခတ်ရရှိခဲ့သော အမဲများကိုပါ ဆိုင်ဖွင့်ရောင်းချနေကြသည်။

"ဟေ့ကောင်လေး။ ငေးမနေနဲ့။ မြန်မြန်လာစမ်း။"

ဈေးလယ်နေရာမှ ရေများဖြာထွက်နေသော ရေပန်းရှိရာ ငေးကြည့်နေသည့် ဖဲလ်လစ်သည် အဘိုးအို အဲလ်ဇီယို၏ ဟောက်သံကြောင့် အကြည့်လွှဲကာ အဘိုးအိုနောက်သို့ လိုက်လာခဲ့သည်။

ဈေးကြီးသည် မနက်ပိုင်းအချိန်တွင်သာ ဖွင့်လှစ်ရောင်းချတတ်သောကြောင့် သိပ်မကြာခင်မှာပင် ပိတ်တော့မည်ဖြစ်သည်။ သူတို့အိမ်ကြီး၏ အစားအသောက် သိုလှောင်ခန်းတွင် ကုန်ခြောက်တော်တော်များများ ရှိသော်လည်း လတ်ဆတ်သည့် သားငါးမရှိ။ လုလိယက်စ်၏ ညီငယ်ဖြစ်သူ အားရီးယူးစ် ရောက်လာလိမ့်မည် ဖြစ်သောကြောင့် အဘိုးအိုမှာ ကိုယ်တိုင်ကိုယ်ကျ ဈေးဝယ်ဖို့ဆုံးဖြတ်ကာ ဖဲလ်လစ်ကို အဖော်ခေါ်လာခဲ့ခြင်းဖြစ်သည်။

ထာ၀ရ ပုံပေWhere stories live. Discover now