Part 20 (Unicode)

16.4K 2.3K 91
                                    

သင်းပျံ့သော နှင်းဆီပန်းရနံ့ကို ရလိုက်သည်။ ဥယျာဉ်ကြီးထဲသို့ ခြေမချချိန်ကတည်းက လုလိယက်စ် နှစ်ခြိုက်ရလွန်းသည့် ဒီပန်းရနံ့လေးသည် ဦးစွာကြိုဆိုနေသည်။ ခပ်ဖြည်းဖြည်း ရှေ့ဆက်လျှောက်လာခဲ့သည်။ ခိုငှက်ဖြူလေးနှစ်ကောင်သည် အပွင့်များဝေဆာစွာ ပွင့်ဖူးနေသော မက်မွန်ပင်ကြီးထက်မှ သစ်ကိုင်းတစ်ခုပေါ်တွင် ယှဉ်တွဲနားခိုနေကြသည်။ ခိုဖြူငယ်လေးတစ်ကောင်က အတောင်ပံကြားသို့ နှုတ်သီးညိုလေးထည့်ကာ ထုတ်ကာ ဘာတွေလုပ်နေသည်မသိ။ တစ်ကောင်တည်း အလုပ်ရှုပ်နေသည်။

နွေဦးရာသီအချိန်တွင် မက်မွန်ပင်ကြီးသည် ပန်းများသာ ဖူးပွင့်သော သစ်ပင်တစ်ပင်ဟုပင် ထင်မှတ်မှားနိုင်သည်။ တစ်ပင်လုံး ချယ်ရီရောင်မက်မွန်ပွင့်လေးများကိုသာ မြင်ရသည်။ ၎င်းတို့ကြားမှ လူးလားပျံသန်းနေသော ပျားပိတုန်းတို့သည်လည်း ရွေးစရာများနေသော ပန်းပွင့်ငယ်များကြား ဗျာမြားနေသလိုပင်။

ပန်းဥယျာဉ်ကြီးအလယ်ရှိ ရေကန်ငယ်လေးဘေးနားတွင်ရှိသော ဗီးနစ်နတ်သမီးရုပ်တုရှေ့ရောက်မှ လုလိယက်စ် ခြေလှမ်းရပ်ဖြစ်သည်။ အဖိုးတန် စကျင်ကျောက်သားများဖြင့် ထုလုပ်ထားသော ဗီးနစ်နတ်သမီး ရုပ်တု၏ ရွှေရောင်ဆေးခြယ်ထားသော ဆံပင်များသည် လေအဝှေ့တွင် လွင့်ပါတော့မည်လား ထင်ရအောင် လက်ရာမြောက်သည်။ နီထွေးနေသော နှုတ်ခမ်းအစုံသည်လည်း ဖွင့်ဟတော့မလို မပြုံးတပြုံး။

"အရှင်လုလိယက်စ်..."

တရင်းတနှီးခေါ်သံသည် နားထဲသို့ ချိုမြိန်စွာ တိုးဝင်လာသည်။ လှည့်မကြည့်ခင်ကတည်းက ပြုံးနေမိသည်မှာ သူ့ရဲ့အားနည်းချက်လား။

ဒါမှမဟုတ် သူမရဲ့ အားသာချက်များလား။

"အန်နီရာ.."

မျက်လုံးပြာများဖြင့် သူ့ကိုစိုက်ကြည့်နေသော အန်နီရာသည် ဗီးနစ်နတ်ဘုရားမရုပ်တုလေး အသက်ဝင်သလားဟု ထင်ရသည်။ ဝင်းမို့ပြေပြစ်သော ကိုယ်ခန္ဓာရှိုက်ဖိုကြီးငယ်သည် အဝါရောင်လွင်နေသော အဖိုးတန်ဝတ်ရုံလွှာအောက်တွင် ထင်ရှားသိသာစွာ ပေါ်လွင်နေသည်။ ရွှေရောင်ရောသော နီညိုရောင် ဆံပင်လိပ်များကို လှပစွာထုံးဖွဲ့ထားသည်။ နားထင်နားနှစ်ဖက်လောက်မှ အခွေအလိပ်ပုံစုံ ငြိမ့်ငြိမ့်လေးကျနေသော ဆံပင်နွယ်များသည် သဘာဝအတိုင်းဖြစ်သည်ကို လုလိယက်စ်သိသည်။ တစ်ခါမြင်ရုံနှင့် အကြည့်မလွှဲနိုင်အောင် ပန်းရောင်သွေးနေသော ပါးမို့မို့လေးနှစ်ခုကြားမှ အပြုံးများက ချိုအေးသည်။ အဖိုးတန် ကျောက်မျက်ရတနာများ စီထားသော ခြေညှပ်ဖိနပ်ကို စီးထားသည့် ခြေဖဝါးမို့မို့လေးဖြင့် လုလိယက်စ်ရှိရာ လျှောက်လှမ်းလာသည်။

ထာ၀ရ ပုံပေWhere stories live. Discover now