Part 11 (Unicode)

16.8K 2.5K 239
                                    

အိမ်ကြီး၏ မီးဖိုခန်းသည် ယခင်အချိန်များကလို စကားသံများနှင့် ဆူညံနေခြင်းမရှိပေ။ ထမင်းချက်စီရမ််နာနှင့် နော်ရာမှာ လုပ်စရာရှိသည်များကို အသံတိတ် လုပ်ဆောင်နေကြသည်။ ညစာအတွက် အထူးတလည် စီမံချက်ပြုတ်စရာများရှိနေသောကြောင့် စီရမ်နာမှာ အာရုံစူးစိုက်လုပ်ကိုင်နေသော်လည်း မျက်နှာမကောင်း။ မွမွကြေသလို တွန့်လိပ်နေသော အနီရောင် ဆံပင်များကို ဖြစ်သလို ဆံထုံးထုံးထားသော နော်ရာကတော့ သူမ၏ ဝတ်ရုံလက်မောင်းကို ပင့်တင်ပြီး မျက်ရည်စတစ်ချို့ကို သုတ်လိုက်သည်။ ထို့နောက်မှာတော့ မီးမွှေးရန်အတွက် လက်တစ်ချောင်းစာသာသာလောက်သာရှိသည့် ထိပ်ဖျားများကောက်နေသည့် သံစငယ်နှင့် မီးကျောက်ကို ပွတ်တိုက်လိုက်သည်။

လက်ခနဲ ထွက်လာသော မီးစ မီးနများသည် မီးစာအဖြစ် အသုံးပြုထားသည့် သစ်ခေါက်များတွင် ကပ်ကာ ပေါက်တတ်သည့် မှိုစများပေါ်သို့ လွင့်စင်ကျလာသည်။ သို့ပေမယ့် မီးတောက်အဖြစ် အသွင်ပြောင်းရန်အတွက် ကောက်ရိုးစများအပေါ်မှ အုပ်ပေးဖို့ကို မေ့နေသဖြင့် မီးခိုငွေ့တစ်ချို့သာ ထွက်လာပြီး မီးမစွဲနိုင် ဖြစ်နေသည်။ အရင်က မျက်တောင်တစ်ခတ်အတွင်း မီးမွှေးနိုင်သည်အထိ ကျွမ်းကျင်ခဲ့သည်မှာ သူမ မဟုတ်တော့သလို နော်ရာလေးသည် မျက်နှာတွေပျက်နေသည်။

"ရက်စက်လိုက်ကြတာ အဘရာ။ ဒဏ်ရာတွေဆိုတာ မြင်လို့တောင်မကောင်းဘူး။"

နော်ရာကို ဖြောင့်ဖြဖို့အတွက် အဘိုးအို အဲလ်ဇီယို မတတ်နိုင်။ သူကိုယ်တိုင်လည်း စိတ်မကောင်းသဖြင့် မီးဖိုခန်းရှိရာလာပြီး ငုတ်တုတ်ထိုင်ကာ ငိုင်တွေနေမိခြင်း ဖြစ်သည်။ သခင်လေးအားရီးယူးစ်ရှိသေးသောကြောင့် ညစာအတွက် မတိမ်းမလွဲရအောင် ကြပ်မတ်စီစဉ်ရမည်ကို နားလည်သော်လည်း ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့သလို စိတ်မကောင်းဖြစ်နေသည်။

မီးဖိုခန်းနောက်မှ အခန်းငယ်အတွင်းရှိ သစ်သားခုတင်တွင် ဖဲလ်လစ်သည် လှဲလျောင်းနေသည်။ ဒဏ်ရာများမှ နာကျင်မှုကြောင့်ရော၊ အဖျားသွေးကြောင့်ပါ တစ်ချက်တစ်ချက် နာကျင်စွာ ညည်းညူလိုက်သံကို သူတို့အားလုံး ကြားနေရသည်။ စီရမ်နာကိုယ်တိုင် ဖဲလ်လစ်ကို သူမနေရာမှာထားဖို့ အခွင့်ပေးခဲ့ခြင်းဖြစ်သည်။ အချက်အပြုတ်ကျွမ်းကျင်သလို တိုင်းရင်းဆေးများနှင့်လည်း အကျွမ်းတဝင်ရှိသော စီရမ်နာ၏ တောင်းဆိုချက်ကို အဘိုးအို ချက်ချင်းခွင့်ပြုပေးခဲ့သည်။ ဖဲလ်လစ်၏ ဒဏ်ရာများသည် ထင်ထားသည်ထက် ပိုဆိုးသည်။ ဓါးချက်များသည် အပေါ်ယံသာမဟုတ်။ အတော်ကို နက်ရှိုင်းသည်။ နောက်ပြီး တစ်ခုတည်းမဟုတ်။

ထာ၀ရ ပုံပေWhere stories live. Discover now