Part 26 (Unicode)

16.3K 2.4K 259
                                    

ဖယောင်းတိုင်မီး၏ အလင်းရောင်သည် အခန်းထဲမှာ ဖြာကျနေသည်။ လေတိုက်လိုက်တိုင်း ယိမ်းနွဲ့လှုပ်ရှားသွားသည့် ဖယောင်းတိုင်မီးကြောင့် ခန်းနားထည်ဝါသော နံရံရေဆေးပန်းချီများထက်မှာ အရိပ်များသည် ဟိုဟိုဒီဒီ လှုပ်ခတ်နေသည်။ အခန်းထဲရှိ ကျောက်စားပွဲပေါ်တွင် စပျစ်ရည်ကရား၊ လက်ရာမြောက်သော ဖန်သားခွက်နှင့်အတူ အသီးပန်းကန်တစ်ခု။

လုလိယက်စ်သည် စာရွက်လိပ်တစ်လိပ်ကို ရှေ့မှာ ဖြန့်ချထားကာ ထိုင်နေသည်။ အခန်းထဲဝင်လာသည့် ဖဲလ်လစ်ကို မော့မကြည့်သေးသလို အပေါက်ဝမှာရပ်နေသည့် ဖဲလ်လစ်သည်လည်း ကျောက်ရုပ်တစ်ရုပ်လို ရပ်နေဆဲဖြစ်သည်။

အတန်ကြာမှ လုလိယက်စ်သည် စာရွက်လိပ်ကို ဖယ်ကာ စပျစ်ရည်တစ်ခွက်ကို ငှဲ့ရင်း တစ်ကျိုက်တည်းနှင့် မော့သောက်လိုက်သည်။ ထို့နောက် ဖဲလ်လစ်ရှိရာ တစ်ချက်လှမ်းကြည့်ပြီးမှ အကြည့်ပြန်လွှဲကာ နောက်ထပ် စပျစ်ရည်တစ်ခွက်ကို ထပ်ငှဲ့လိုက်သည်။ တိတ်ဆိတ်မှုက အခန်းတွင်းမှာ ကြောက်စရာကောင်းလောက်အောင်။

"ထိုင်လေ ဖဲလ်လစ်။"

စကားသံသည် တိတ်ဆိတ်နေသောအခန်းတွင်းမှာ တိုးတိုးသာ။ ဖဲလ်လစ် ရှေ့သို့ တစ်လှမ်းချင်းတိုးလာပြီး လုလိယက်စ်နားမှာ ရပ်သည်။ ထိုင်တော့မထိုင်။ ငုံ့ထားသော ခေါင်းကိုလည်း မမော့သေး။ လုလိယက်စ် စပျစ်ရည်ခွက်ကို ကမ်းပေးပေမယ့် ဖဲလ်လစ် မယူ။ မသိမသာ ခေါင်းကို ခါရမ်းလိုက်ရုံသာ။ သူ့လက်ထဲမှ စပျစ်ရည်ကုန်သည်အထိ လုလိယက်စ် နောက်တစ်ကြိမ် မော့သောက်လိုက်သည်။

တကယ်တော့ လုလိယက်စ်သည် အတွေ့အကြုံမရှိသူမဟုတ်။ မိန်းမပျို၊ယောက်ျားပျို အတော်များများနှင့် အတူနေခဲ့ဖူးသည်။ အပျော်မယ်များ၊ ပျော်တော်ဆက်များနှင့်လည်း အချိုန်ဖြုန်းခဲ့ဖူးသည်။ ယခုလိုတစ်ခါမှမဖြစ်ဖူး။ ဘာဆက်လုပ်ရမှန်းမသိသလို၊ ဘာစကားပြောရမှန်း မသိသလို ဆယ့်ခြောက်နှစ်သား လူငယ်လေးတစ်ယောက်လို အယောင်ယောင်အမှားမှားဖြစ်နေသည့် မိမိကိုယ်ကို မိမိနားမလည်။ လုလိယက်စ်ဘက်မှ အခက်ကြုံနေသလို ဖဲလ်လစ်သည်လည်း စတင်လှုပ်ရှားမည့်ပုံ အနည်းငယ်မှမရှိ။

ထာ၀ရ ပုံပေWhere stories live. Discover now