Part 42 (Unicode)

13.4K 2.1K 87
                                    

အိမ်ကြီးတစ်အိမ်လုံး မီးတိုင်များ၊ ဆီမီးတိုင်များဖြင့် လင်းထိန်အောင် ထွန်းညှိထားသော်လည်း သရဲတစ္ဆေများရှိရာ တစပြင်တစ်ခုလို တိတ်ဆိတ်ခြောက်သွေ့နေသည်။ အစေခံများသည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နေကြသော်လည်း အသံကျယ်ကျယ်ဖြင့် စကားမပြောရဲ။ ခြေသံကြားရမှာကိုပင် ထိတ်လန့်နေဟန် ခြေဖွလျှောက်နေကြသည်။

"အဘ.."

အစေခံအမျိုးသမီးငယ် နော်ရာမှာ မျက်နှာသေလေးနှင့်ဖြစ်သည်။ ငိုထားဟန် မျက်လုံးများ ဖောင်းမို့နေသည်။ မီးဖိုခန်းနောက်ခန်းထဲမှ အခန်းငယ်မှာ ငုတ်တုတ်ထိုင်နေသည့် အဘိုးအိုရှေ့မှာ မဝံ့မရဲ လာရပ်ကာ အသံတိုးတိုးဖြင့် လှမ်းခေါ်နေခြင်းဖြစ်သည်။

"အဘ..အရှင့်ကို ညစာ စားဖို့သွားခေါ်ပေးပါဦး။"

စကားအဆုံးတွင် နော်ရာသည် တစ်ချက်ရှိုက်လိုက်သည်။ သူမကိုယ်တိုင် မခေါ်ရဲသဖြင့် အဘိုးအိုကို အကူအညီတောင်းရခြင်းဖြစ်သော်လည်း လူသေတစ်ယောက်လို မျက်နှာဖြူဖွေးနေသည့် အဘိုးအိုသည် သူမတို့ထက် ပိုပြီး ဝမ်းနည်းစိတ်မကောင်းဖြစ်နေသည့်ဟန်။ တုတ်တုတ်မျှ မလှုပ်။ နော်ရာမှာ အဘိုးအို၏ ပခုံးကို ကိုင်လှုပ်ရသည်။

"အဘ.."

"အေးပါ ကလေးမရယ်။"

အဘိုးအို၏ လေသံသည် အားအင်လုံးလုံးမရှိ။ ဖြူဖျော့နေသော နှုတ်ခမ်းများကြားမှ သက်ပြင်းချသံကိုသာ အထပ်ထပ်ကြားနေရသည်။ ထို့နောက် ခပ်ဖြည်းဖြည်းထကာ မီးဖိုခန်းမှ ထွက်လာခဲ့သည်။ ထမင်းချက်ကြီး စီရမ်နာသည်လည်း သူမရှေ့မှ ပွက်ပွက်ဆူနေသော ဟင်းအိုးကြီးကိုပင် မြင်ဟန်မတူ။ တစ်အိမ်လုံး မည်သူမှ စိတ်မကောင်းကြ။ မထင်မှတ်ထားသည့် ကြမ္မာဆိုးသည် လေပြင်းတစ်ခုနှယ် အိမ်ကြီးအတွင်းမှ ပျော်ရွှင်ကြည်နူးမှုအားလုံးကို တိုက်ခတ်ယူဆောင်သွားပြီဖြစ်သည်။

အဘိုးအိုသည် လုလိယက်စ်၏ အလုပ်ခန်းရှိရာသို့ လျှောက်လာခဲ့သည်။ အလုပ်ခန်းရှေ့မှ ဥယျာဉ်သည်လည်း အပျက်အစီးများကြောင့် သာယာမှုမရှိ။ ညနေခင်းချိန်များတွင် ပျံလွှားပျော်မြူးနေတတ်သည့် ငှက်ငယ်များကိုလည်း မတွေ့ရ။ ပျောက်ခြင်းမလှ ပျောက်ကွယ်နေပြီဖြစ်သည်။

ထာ၀ရ ပုံပေWhere stories live. Discover now