Part 46 (Unicode)

14.1K 2K 108
                                    

ရောင်နီသန်းလာသော အလင်းရောင်အောက်တွင် ပုံပေမြို့ကြီး၏ အလှသည် ကဗျာဖွဲ့လို့ မရနိုင်အောင်၊ စာဖွဲ့လို့မမီနိုင်အောင် လှပနေသည်။ ရောင်နီသွေးကြွနေသော အုတ်ကြွပ်ခေါင်မိုးများ၊ အပြာရောင်လဲ့လဲ့ ပင်လယ်ပြင်နှင့် လှိုင်းဖြူငယ်များ၊ ရောင်စုံအဝတ်အစားများနှင့် လှုပ်ရှားသွားလာနေသော မြို့သူ၊ မြို့သားများသည် ပုုံပေမြို့ကြီး၏ အလှတရားများပင်။

ပုံပေမြို့ကြီးနှင့်တကွ လူပေါင်းများစွာ၏ ကံကြမ္မာသည် ချောက်ကမ်းစွန်းတွင် ရပ်တည်နေသည်ကို မည်သူမှ သတိမထားမိကြသေး။

လုလိယက်စ်သည် အလုပ်ခန်းအတွင်းမှာပင် ညလုံးပေါက် ရှိနေခဲ့သည်။ ကျွန်များ၏ အကူအညီဖြင့် အခန်းတွင်းမှ အရေးကြီးစာရွက်လိပ်များ၊ မှတ်တမ်းများကို လက်ဆွဲသေတ္တာငယ်များအတွင်း ထည့်ပြောင်း နေခြင်းဖြစ်သည်။ ငလျင်ဒဏ်ကြောင့် တစ်ညလုံး မည်သူမျှ အနားယူအိပ်စက်နိုင်ခြင်း မရှိခဲ့။ နောက်ဆုံးအကြိမ် ပြင်းထန်သည့် ငလျင်လှုပ်အပြီးမှာတော့ အလုပ်ခန်းအတွင်းမှ အရေးကြီးမှတ်တမ်းများကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့သိမ်းဆည်းထားရန် လုလိယက်စ် ဆုံးဖြတ်ခဲ့သည်။

အဘိုးအို အဲလ်ဇီယိုမှာ မနက်စာအတွက် လုလိယက်စ်ကို ခေါ်ချင်သော်လည်း စကားမဟရဲ။ အခန်းပေါက်ဝနားတွင် မယောင်မလည်ရပ်ကာ မိမိ၏ အရှင်ဖြစ်သူကိုသာ စိတ်ပူသလို မကြာခဏ လှမ်းကြည့်ဖြစ်သည်။

လုလိယက်စ်၏ ဖြောင့်စင်းသောနှာတံအောက်မှ နှုတ်ခမ်းများသည် တစ်စုံတစ်ရာကို ပွင့်ထွက်သွားမည်ကို စိုးရိမ်သည့်အလား တင်းတင်းစေ့ပိတ်ထားသည်။ အရေးကြီးအစီရင်ခံစာကို ရေးသားနေသော လက်ချောင်းများ ကြားမှ အဆက်မပြတ် လှုပ်ရှားနေသော ကြေးတံချွန်သည် ရပ်တန့်သွားသည်။ စားပွဲပေါ်မှ နှင်းဆီပွင့်ငယ်များကို လှမ်းကြည့်နေသည့် မျက်လုံးများတွင် အဆုံးမရှိသည့် ဝမ်းနည်းနာကျင်မှုတွေ ဖြတ်ပြေးသွားသည်။

ရပ်တန့်သွားသော လက်ချောင်းများသည် ရှေ့ဆက်မရနိုင်တော့တာကို အဘိုးအို နားလည်သည်။ သက်ပြင်းချသံ မကြားရ။ အခန်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်သော မျက်လုံးပြာများသည် မှုန်မှိုင်းနေသည်။

ထာ၀ရ ပုံပေWhere stories live. Discover now