Part 45 (AD 79) (Unicode)

13.5K 1.9K 13
                                    

အောက်တိုဘာလ

အေဒီ ၇၉ ခုနှစ်

ပုံပေမြို့

ရောမအင်ပါယာ

ဆူဆူညံညံအသံတွေကို ကြားနေရသည်။

တည်းခိုခန်းလှေကားမှပြေးဆင်းသွားသည့် ခြေသံတွေ၊ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် အော်ဟစ်ခေါ်နေသံတွေကို အားရီးယူးစ် ကြားနေရသည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မိမိဘေးတွင် ကိုယ်လုံးတီးနှင့် အိပ်ပျော်နေသော ပြည့်တန်ဆာအမျိုးသမီးငယ်ကို အရင်ဆုံး တွေ့လိုက်ရသည်။

"တောက်.. ကောင်မ.. ရာရာစစ ငါ့ခုတင်မှာ အိပ်ရဲတယ်။ သွားစမ်းကွာ။"

အမျိုးသမီးငယ်ကို ခြေထောက်နှင့်ဆောင့်ကန်လိုက်သည်။ ဝုန်းခနဲ ပြုတ်ကျသံနှင့်အတူ အမျိုးသမီးငယ်သည် ကြမ်းပြင်ပေါ်ခွေခနဲ ကျသွားသည်။ ပွယောင်းနေသောဆံပင်များ၊ အလှပျက်နေသော မျက်နှာ၊ အိပ်မှုံစုတ်ဖွား မျက်လုံးများသည် အနည်းငယ်မှ ကြည့်ချင်စရာမရှိ။ မနေ့ညက စပျစ်ရည်များကြောင့် သူ့မျက်စိထဲ လှချင်သလိုလို ထင်နေမိသော မိန်းကလေးငယ်သည် ယနေ့မနက်မှာတော့ အသုဘအလောင်းကောင်လို ရွံရှာဖွယ်ကောင်းနေသည်။

အခန်းတွင်းမှာလည်း မနေ့ညက သောက်ထားခဲ့သော စပျစ်ရည်ကရားခွံများ၊ မြေအိုးခွံများ၊ အစားအသောက် အကြွင်းအကျန်များနှင့် ညစ်ပတ်နေသည်။

"သွားစမ်း။ အစေခံတွေ လွှတ်လိုက်။"

ကြမ်းပြင်ပေါ်မှ အမျိုးသမီးငယ်ကို ခြေနှင့်ထပ်ကန် ပစ်လိုက်သည်။ အမျိုးသမီးငယ်သည် အော်သံပင် မထွက်နိုင်တော့။ မျက်လုံးများပြူးကာ ကြောက်လန့်နေပြီး လဲကျနေရာမှ လူးလဲထသည်။ တစ်ညလုံး မီးကုန်ယမ်းကုန် သောင်းကျန်ထားသည့် အားရီးယူးစ်ကြောင့် ခွန်အားမရှိတော့ဘဲ ယိုင်နေသည်။ အဝတ်မပါသော ကိုယ်ခန္ဓာအပေါ်ခြမ်းကို လက်ဖြင့်အုပ်ကာရင်း အခန်းတွင်းမှ ကြောက်လန့်တကြား ထွက်သွားခဲ့သည်။

အားရီးယူးစ်သည် ခုတင်ပေါ် ဖင်ထိုင်ရက် ပြန်ကျသွားသည်။ ခေါင်းတွေ တဒိန်းဒိန်းနှင့် ကိုက်ခဲနေတာ မပျောက်သွားသေး။ ညက စပျစ်ရည်တွေသောက်တာ များသွားခဲ့သောကြောင့် လူတစ်ကိုယ်လုံး ထုံမှိုင်းနေသည်။ အမူးမပြေသေးဘူးထင်သည်။ သူ့ခြေထောက်များအောက်မှာ အခန်းတစ်ခုလုံး ဘယ်ညာယိမ်းထိုးနေသလို ခံစားနေရသည်။

ထာ၀ရ ပုံပေWhere stories live. Discover now