Part 5 (Unicode)

19.3K 2.7K 75
                                    

အိမ်ရှေ့ တံခါးမကြီးမှ ကြေးသံကွင်းခေါက်သံ ထွက်ပေါ်လာသည်။

"ဟာ.... အရှင်ပြန်လာပြီ။"

အဘိုးအို အဲလ်ဇီယိုသည် တံခါးခေါက်သံကြောင့် ပြူးတူးပျာတာဖြစ်သွားကာ တံခါးမကြီးရှိရာဆီသို့ မပြေးရုံတမယ် လျှောက်လာခဲ့သည်။ ခါးတွင်ချိတ်ထားသော သော့တံကို သော့ပေါက်ထဲထိုးထည့်ကာ အလောတကြီး လှည့်ဖွင့်လိုက်သည်။ ထို့နောက် တံခါးမကြီးကို ဆွဲဖွင့်လိုက်သည်။

"တောင်းပန်ပါတယ်အရှင်။ တောင်းပန်ပါတယ်။ အရှင် ပြန်မလာသေးဘူးထင်လို့ တံခါးမကြီးကို မဖွင့်ထားမိတာ။"

"ဘာလို့တံခါးပိတ်ထားတာလဲ အဘ.."

"ဒါ..ဒါက.."

လုလိယက်စ်၏အမေးတွင် အပြစ်တင်သံမပါ။ သို့ပေမယ့် အဘိုးအိုမှာ စကားများထစ်နေကာ ဘာဖြေရမှန်းမသိတော့။ လုလိယက်စ်သည် မိုးကာခြုံထည်ကို အဘိုးအိုကို ကမ်းပေးလိုက်သည်။ လွှတ်တော်အမတ်များ ဝတ်ဆင်လေ့ရှိသည့် ဝတ်ရုံဖြူထက်ရှိ အပေါ်ခြုံထည်ဝတ်ရုံ၏ ပခုံးတွင်ထိန်းညှပ်ထားသည့် ရွှေကလစ်မှာ နေရောင်ကြောင့် လက်ခနဲဖြစ်သွားသည်။ ညာဘက်လက်ထဲတွင် မကြာသေးမီက စာပို့သမားပေးထားခဲ့သော စာရွက်လိပ်ကို ကိုင်ထားသည်။

ဝင်ပေါက်လမ်းဘေးမှ သစ်သားခုံတွင် ဝင်ထိုင်ရင်း ယခုတိုင် မေးခွန်းကိုမဖြေနိုင်သေးသည့် အဘိုးအိုကို လုလိယက်စ် မော့ကြည့်သည်။ ငွေရေဇလုံကိုကိုင်ရင်း သူတို့နားသို့လျှောက်လာနေသော ဖဲလ်လစ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ သဘောပေါက်သွားဟန် ဘာမှထပ်မမေးတော့။

ဖဲလ်လစ်သည် လုလိယက်စ်ကိုရော၊ အဘိုးအိုကိုပါ လှမ်းမကြည့်ဘဲ ခေါင်းငုံ့ရင်း လျှောက်လာသည်။ ကနုတ်ပန်းများဖြင့် လက်ရာမြောက်စွာ ပုံဖော်ထားသည့် ငွေသားအစစ်ဖြစ် ပြုလုပ်ထားသည့် ရေဇလုံကို လုလိယက်စ်ခြေရင်းတွင် ချလိုက်သည်။ လက်ပြတ်ပုံစံ ဝတ်စုံနှင့်ဖြစ်သောကြောင့် ပိန်သလိုထင်ရသော်လည်း ကြွက်သားအပြည့် လက်မောင်းနှင့် ၎င်းပေါ်မှ အမာရွတ်များကို မြင်နေရသည်။

"ခွင့်ပြုပါ.."

ဒီတစ်ခွန်းကိုသာ ခပ်တိုးတိုးပြောကာ လုလိယက်စ်ရှေ့မှာ ဒူးထောက်ထိုင်လိုက်ပြီး ဖိနပ်သားရေကြိုးများကို ဖြည်လိုက်ကာ ဖိနပ်ကို ချွတ်လိုက်သည်။ ခြေဖဝါးတစ်ဖက်ကို အမွှေးနံ့သာရောထားသော ရေဇလုံထဲသို့ ခပ်ဖြည်းဖြည်းချသည်။ အဘိုးအိုသည် ဖဲလ်လစ်ရောက်ကာစက လူရိုင်းတစ်ယောက်လို အသေးစိတ် သင်ကြားပေးရမည်ဟု ထင်ခဲ့ဖူးသည်။ သို့ပေမယ့် ဒီကောင်လေးသည် ဘာဆိုဘာမှ သင်ကြားစရာမလိုအောင် အရှင်သခင်ကို ဘယ်လိုပြုစုရမည်။ ဘာတွေလိုအပ်သည်ဆိုတာကို အားလုံးသိနှင့်ထားပြီး ဖြစ်နေသည်။

ထာ၀ရ ပုံပေWhere stories live. Discover now