Season (4) Chapter (1)_(Z+U) edited
5.3K 165 2
Zawgyi font အောက်မှာ Unicode font နဲ့ ထပ်ထည့်ပေးထားပါတယ်။ အောက်ကို ဆွဲချပေးပါ။
အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(၁)
နှစ်ဦးသားသဘောတူညီမှုရပြီးနောက် မိုးစက်သည် အကိုနှင်းထန်ကို သူတည်းသည့် ဟိုတယ်သို့လိုက်ပို့ပြီး ပြောလိုက်သည်။
"အကို... အကို ပြန်ရင်ပြန်နှင့်လိုက်လေ။ ကျွန်တော် အလုပ်ကိစ္စတွေ အပြတ်ဖြတ်လိုက်ဦးမယ်။"
နှင်းထန်သည် မိုးစက်၏ ကိုယ်လေးကို ထွေးပွေ့ထားရင်း ပုခုံးလေးကို အသာပွတ်ကာ မေးလိုက်သည်။
"စနေထွဋ်ခေါင်ကို စောင့်မလို့လား။"
မိုးစက်သည် အကိုစိတ်မကောင်းဖြစ်သွားမည်ကို သိသော်လည်း မလိမ်ချင်သဖြင့် အမှန်အတိုင်းပြောလိုက်သည်။
"ဟုတ်တယ် အကို၊ အကိုကြီးက ယုံကြည်လို့ လုပ်ငန်းအားလုံးကို အပ်နှံပြီး ပြည်ပကို အလုပ်ကိစ္စနဲ့သွားတာ။ အကိုကြီး ပြန်မလာမချင်း ကျွန်တော် ဘယ်မှမသွားနိုင်ဘူး။ "
နှင်းထန်သည် စိတ်ထဲရှိသည့်အတိုင်း ပွင့်လင်းစွာပြောချလိုက်သည့် မိုးစက်ကို ငုံ့ကြည့်ကာ သူလေး၏ ပွင့်လင်းမှုကို ယဲ့ယဲ့ပြုံးကာ ချီးကျူးမိသည်။
"မင်း အရင်လို မဟုတ်တော့ဘူး မိုးစက်။ အရင်ကဆိုရင် ကိုယ် စိတ်ဆင်းရဲမယ့်စကားဆို မင်း မြိုသိပ်ထားပြီး ကြည့်ကောင်းအောင် ပြောမှာ။ အခုတော့ မင်း အရမ်းကို ပွင့်လင်းလာတယ်။"
မိုးစက်သည် သူ့ရင်ခွင်မှ ရုန်းထွက်ကာ သူ့ကို အတတ်နိုင်ဆုံးရှင်းပြလိုက်သည်။ ၏
"အကို.... ကျွန်တော် ပြောင်းလဲတာတွေ အများကြီးရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အကိုကြီးနဲ့ အနေကြာ တာရယ်။ အကိုကြီးရဲ့ လေ့ကျင့်မှုကို ရခဲ့တာရယ်ကြောင့် အရင် အကိုသိတဲ့ မိုးစက် ဟုတ်ချင်မှ ဟုတ် တော့မယ်။ အခုကတည်းက ကြိုပြောထားပါရစေ။ အကို ကျွန်တော့် ပုံစံအသစ်ကို နားလည်အောင် သည်းခံပေးပါ။ "
နှင်းထန်သည် မိုးစက်ပြောင်းလဲလာသည်ကို သတိပြုမိသော်လည်း သူကိုယ်တိုင် သူ့ပုံစံသစ်ကို လက်ခံဖို့ပြောသည် အထိ ပြောင်းလဲသွားသော မိုးစက်ကို ကြည့်ကာ သက်ပြင်းရှိုက်မိသည်။
"မင်း အရင် ပုံစံပြန်ပြောင်းလို့ရတယ်လေ။"
မိုးစက်ရယ်လိုက်သည်။ မိမိ ပျော့ညံ့ခဲ့ဖူးပြီ။ အချစ်ကြောင့်ငိုကြွေးခဲ့ဖူးပြီ။ ချစ်သူကို လက်တွေ့ကျကျမကူညီနိုင်သော ဘ၀တွင် မိမိအသည်းနှလုံးကို ထုတ်ပေးလိုက်ရသည့် နာကျင်မှုကို ခံစားခဲ့ရပြီးပြီ။ မိုးစက်သည် ပျော့ညံ့သည့်အရင် ပုံစံကို ပြန်သွားရမည်ကိုကြောက်သည်။ မိမိကိုယ်တိုင်ပြောင်းလဲချင်သောကြောင့် အကိုကြီး၏ ကြံ့ခိုင်မှုကို အတုခိုးခဲ့ ခြင်းဖြစ်သည်။ မိမိချစ်သောသူကို မကာကွယ်ပေးနိုင်ရင်တောင် ရင်ဘောင်တန်းကာ အခက်အခဲများကို ရင်ဆိုင်ချင်သည်။
"ကျွန်တော် အရင်ပုံစံကို ပြန်မပြောင်းနိုင်ဘူး အကို။ ပျော့ညံ့တဲ့ မိုးစက်ကို ကျွန်တော် မုန်းလို့ ကျွန်တော့်ကိုယ်ကို ပြောင်းလဲလိုက်တာပဲ။ တောင်းပန်ပါတယ်။ "
နှင်းထန်သည် အေးဆေးသော်လည်း ခိုင်မာစွာပြောသည့် မိုးစက်ပုံလေးကို ငေးကြည့်ကာ သိလိုက်သည်။ မိမိ လုပ်ရပ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်က ယခုမှ အစရှိသေးသည်။ မိုးစက်ကို မိမိအဆုံးရှုံးမခံနိုင်အောင် ချစ်မိနေသည် ဆိုတော့ မိုးစက် မည်သို့ပြောင်းလဲသွားပါစေ မိမိအပေါ် သူ့အချစ်တွေ မပြောင်းလဲသေးဘူးဆိုလျှင် မိုးစက်သည် မိမိချစ်သော မိုးစက်သာဖြစ်သည်။ မိုးစက် ဘယ်လိုပြောင်းလဲပါစေ မိမိလက်ခံသွားရန် နှင်းထန် ဆုံးဖြတ်လိုက်သည်။ လက်မခံလျှင် မိုးစက်ကို မိမိလက်လွှတ်ရုံသာရှိတော့မည်။ လက်လွှတ်လိုက်တာထက် အသွင်သစ်နှင့် မိုးစက်ကို မိမိချစ်သွားမည်။
"ကိုယ် လက်ခံပါတယ်။ ချာတိတ်ဘာကြောင့် ပြောင်းလဲသွားတယ်ဆိုတာကို သိတယ်။ ဒါကြောင့် ချာတိတ်ကိုယ့်ကို ချစ်နေသေးသရွေ့ ချာတိတ်က ချာတိတ်ပဲ ။ ဘာမှ မပြောင်းလဲဘူး။ ကိုယ့်ကို မချစ်တော့ဘူးဆိုရင်တောင် ကိုယ့်ရဲ့ ချာတိတ်လေးကို ကိုယ်ဆက်ချစ်နေမယ်။ ဟုတ်ပြီလား..."
မိုးစက်သည် အကိုမိမိကို လက်မလွှတ်နိုင်သောကြောင့် လက်ခံလိုက်သည်သိသည်။ ထို့ကြောင့်အကို့ကို ကျေးဇူးတင်စွာဖြင့် ပါးကို နမ်းကာ ပြောလိုက်သည်။
"အကို့နားလည်ပေးမှုကို ကျေးဇူးတင်ပါတယ် အကို။ ကျွန်တော့်ပြောင်းလဲမှုက အကို့ကို အနှောက်အယှက်မဖြစ် စေရပါဘူး။"
နှင်းထန်သည် မိုးစက်၏ အပြုံးနှင့်အနမ်းကို ရရှိရုံနှင့်ပင် ကျေနပ်သွားသော်လည်း မိုးစက်၏ အသွင်သစ်ကို ရင်းနှီး အောင် မနည်းလုပ်ရဦးမည်ကို သိလိုက်သည်။ ဘာကြောင့်လဲဆိုတော့ မိုးစက်အသစ်သည် စနေထွဋ်ခေါင် ဆိုသည့် လူက ဖန်တီးလိုက်သည်မဟုတ်လား။ မိုးစက်ကို မိမိအချစ်ဖြင့် ယခင်လို နူးညံ့သိမ်မွေ့သူဖြစ်အောင် ပြန်လည်ပြောင်းလဲ အောင်ကြိုးစားမည်ဟု နှင်းထန် ဆုံးဖြတ်လိုက်သည်။
"ကျုပ်ချစ်သူကို အရင်လိုပြန်ဖြစ်အောင် ကျုပ်လုပ်ပြမယ် စနေထွဋ်ခေါင်။ ခင်ဗျား ပုံသွင်းပေးလိုက်တဲ့ မိုးစက်က ဘယ်လောက်ထက်မြက်ပါစေ ကျုပ်က အရင် မိုးစက်ကို ပိုမြတ်နိုးတယ်။ ကျုပ်ချစ်သူရဲ့ စိတ်ကို လွှမ်းမိုးနေတဲ့ ခင်ဗျား ကို ကျုပ်ရအောင်ဖျောက်ပြမယ်။ကျုပ်အချစ်ကြောင့် မိုးစက် အရင်လို ပြန်ဖြစ်လာစေရမယ်။ စောင့်ကြည့်နေပါ။"
မိုးစက်သည် နာရီိကို တချက်ကြည့်ကာ မျက်လုံးပြူးသွားသည်။
"ဟိုက်... ကျွန်တော် သွားမှ ဖြစ်တော့မယ် အကို။ နေ့လည် ၀န်ထမ်းတွေနဲ့ အစည်းဝေးရှိတယ်။ "
နှင်းထန် ခေါင်းငြိမ့်လိုက်သည်။
"ညစာ အတူစားကြမယ်လေ။"
မိုးစက် အားနာစွာ ကြည့်ကာ ပြောလိုက်သည်။
"ဆောရီး အကို၊ ဒီနေ့က ညပိုင်း အလုပ်ကိစ္စနဲ့ ဧည့်ခံပွဲတစ်ခု တက်စရာရှိလို့ပါ။မနက်ဖြန်ည အတူတူစားမယ်လေ။"
နှင်းထန် သက်ပြင်းရှိုက်လိုက်သည်။ မိုးစက်ရဲ့ လူမှုဘ၀ကို မိမိရုတ်တရက်ပြောင်းလဲလိုက်လို့ မရသည်ကို မိမိကိုယ်ကို သတိပေးနေမိသည်။
"ရတယ် မိုးစက်။ ဒီနေ့တော့ ကိုယ်လည်း ၀တီတို့နဲ့ အတူသွားစားလိုက်ပါ့မယ်။ မနက်ဖြန်မှ တွေ့ကြတာပေါ့နော်။ မနက်ဖြန် နေ့လည်စာ အတူစားလို့ရမလား။"
မိုးစက် သူ့ကို အားနာစွာကြည့်ကာ ခေါင်းယမ်းလိုက်သည်။
"ဆောရီးအကို။ ဟောင်ကောင်က လုပ်ငန်းရှင်တွေနဲ့ ချိန်းထားတာလေး ရှိလို့။"
"အိုကေ။ ဒါဆို မနက်ဖြန်ညစာပေါ့။ ကိုယ် ဘယ်ကိုလာရမလဲ။ "
နှင်းထန် စိတ်လျှော့ကာ ပြုံးရင်းပြောလိုက်သည်။ မိုးစက်သည် နှင်းထန်ကို အားနာစွာကြည့်ပြီးပြောလိုက်သည်။
"ည ၇နာရီ လာခေါ်မယ် အကို။ "
မိုးစက်သည် နှင်းထန်ကို နူတ်ဆက်ကာ လောလောနှင့်ထွက်သွားတော့သည်။ မိုးစက်၏ ကျောပြင်ကို ငေးကြည့်ကာ နှင်းထန် အိပ်ယာထက်တွင် ပက်လက်လန်ချရင်း အလေးအနက်စဉ်းစားနေမိသည်။ အရင်လို စိတ်လိုက်မာန်ပါ လုပ်လို့ မဖြစ်ပေ။ ယခုမှ မိုးစက် အချစ်ကို မိမိရထားတာ မဟုတ်လား။ ရန်ကုန်ရောက်လို့ ပတ်ဝန်းကျင် ပြောင်းသွားလျှင် မိုးစက်၏ ပုံတဖြည်းဖြည်းပြန်ပြောင်းလာမည်ဟု နှင်းထန် ယုံကြည်သည်။
"သည်းခံ နှင်းထန်ရေ။ သည်းခံ။ ဒါက မင်း လုပ်ထားတဲ့ အပြစ်တွေပဲ။ သည်းခံ..."
နှင်းထန် ကိုယ့်ကိုယ်ကို ပြန်ပြီးသတိပေးနေမိသည်။ ယခုတောင် ရူးရူးမိုက်မိုက် အသက်စွန့်လိုက်လို့ မိုးစက်၏ နှလုံးသား ထဲက အချစ်ကို ပြန်ရခဲ့ခြင်းဖြစ်သည်။ လုံးဝဆုံးသွားတာထက်ကို အများကြီးကောင်းသည် မဟုတ်လား။ မိမိကို မိုးစက် အရင်လိုချစ်နေသေးသည် ဆိုတာနဲ့တင် အရာအားလုံးပြည့်စုံသွားလေပြီ။ နှင်းထန် စိတ်ချသွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့လေသည်။
အချစ်စစ်၏တည်နေရာ- Season (4)Where stories live. Discover now