(Z+U) Season (4)_ အပိုင်း(11)

1.2K 74 0
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(11)

မိုးစက်သည် ၀သုန်နှင့်ပြောရင်း အကိုကြီးကို ရုတ်တရက်သတိရမိသည်။ သို့သော် အတွေးကို မောင်းထုတ် လိုက်သည်။ မိမိက ယခု ခွန်မိုးစက်မဟုတ်တော့။ အကိုနှင်းထန်၏ ချစ်သူ မိုးစက်ဖြစ်လေပြီ။ လောလောဆည် အကိုနှင်းထန်၏ လောကနှင့် ကျွမ်းဝင်မှုရှိရန် ကြိုးစားရဦးမည်။

"မိုးစက် မင်း အိုကေရဲ့လား"

မိုးစက် မျက်နှာထားပြောင်းသွားသောကြောင့် ၀သုန်မေးလိုက်သည်။ ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာတာ မိုးစက် မျက်နှာ တချက်ညှိုးလျှင် ပင် ၀သုန် ချက်ချင်းသိသည်။ ယခုလည်း စကားပြောရင်း မိုးစက် တယောက်ကို သတိရသွားဟန်တူသည်။

"ဘာကိုမေးတာလဲ။ မင်းစကားက အရင်းမရှိ၊ အဖျားမရှိ။ ဘာကို အိုကေရမှာလဲ။"

မိုးစက် သည် ၀သုန့်စကားကြောင့် ဗြောင်ငြင်းလိုက်သည်။ ၀သုန်ကို ၀န်မခံချင်သေးပါ။ အကိုကြီးကို မိမိသတိရတာ သိလျှင် စိတ်တိုမည် ထင်သည်။

"သြော်။ ဦးစနေတို့ဆီမှာ မင်းနှစ်နှစ်တောင်နေခဲ့တော့ ရုတ်တရက်ခွဲခဲ့တာ မင်း သတိမရဘူးလား။"

ဝသုန် သွေးတိုးစမ်းလိုက်သည်။ မိုးစက် စိတ်တိုမည်ကို ထည့်တွက်ရသေးသည်။ ပြီးတော့ အမေးမတော်လျှင် ဒေါက်တာနဲ့ကြား သွေးထိုးသလို ဖြစ်သွားနိုင်သည်။

"သတိတော့ရတာပေါ့။ ဒါပေမယ့် ငါ ဒီလမ်းကိုရွေးခဲ့ပြီပဲ။ ပြီးတော့ ငါက အကို့ကိုချစ်လို့ သူနဲ့ အတူ နေဖို့ လာခဲ့ပေမယ့် အကိုကြီးက ငါ့မိသားစု အဖြစ်ရှိနေဆဲပါ။ အိမ်ထောင်ကျလို့ အိမ်ခွဲလာသလိုပေါ့။ "

မိုးစက် သက်ပြင်းချကာ အမှန်တရား တချို့ကို ပြောလိုက်သည်။ ဟုတ်သည်လေ။မိမိခံစားရသည်ကို တယောက်ယောက်ကို ရင်ဖွင့်ရလျှင် သက်သာမည် ထင်သည်။

"မင်း ဘယ်လိုလုပ်ပြီးတွေးတတ်သွားတာလဲ။"

ဝသုန် အံ့သြသွားသည်။ မိုးစက် ၏ စကားက ထူးဆန်းနေသည် မဟုတ်လား။ သူချစ်သော အကိုကြီးကိုခွဲခဲ့တာကို ဥပမာပေးပုံက ထူးဆန်းနေသည်။
"အကိုကြီး ပြောတဲ့စကားပါ။ မညာတမ်း ၀န်ခံရရင် အကိုကြီးကို ခွဲခဲ့ဖို့ ငါ အရမ်း စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ဒါကို သိလို့ အကိုကြီးက ငါ့ကို ဒီစကားပြောလိုက်တော့မှ ငါ စိတ်သက်သာရာရသွားခဲ့တယ်။ အကိုနှင်းထန်က ငါ့ ရဲ့ မိသားစု အသစ်။ အကိုကြီးက ငါ့မိသားစု အဟောင်းလေ။"

မိုးစက် ဆိုဖာပေါ်တွင် ပစ်ထိုင်ကာ နောက်ကိုမှီလိုက်ပြီး မျက်နှာကျက်ကို မော့ကြည့်ကာ ပြောလိုက်သည်။ ပြောရင်း အကိုကြီးနှင့် တကွ မွေးထားသော ခွေးနှစ်ကောင်ကို ပင် သတိရလာပြီး ငိုချင်လာသည်။

"ဒေါက်တာ ကြားရင် စိတ်မကောင်းဖြစ်နေမယ်။ သူက မင်းကို အရမ်းချစ်တာကွ။ ငါတောင် ဘေးကနေ လက်ဖျားခါတယ်။ စောမြ၀တီလည်း လုံးဝလက်လျှော့သွားတာ ဒေါက်တာရဲ့ ပြတ်သားတဲ့စိတ်ကြောင့်ပဲ။ "

ဝသုန်က မိုးစက်၏ နံဘေးတွင် ၀င်ထိုင်ပြီး တတ်နိုင်သလောက်ပြောလိုက်သည်။ မိမိသူငယ်ချင်း သံယောဇဉ် ကြီး တတ်သည်ကို သိတော့ ဖြောင့်ဖြလိုက်သည်။ မိုးစက် ဘယ်လောက်ပဲ ဟန်ဆောင်ဟန်ဆောင် နှစ်နှစ်ကြာ နေလာသည့် လူများကို သူ အရမ်းသတိရနေမည်ကို သိသည်။

"ငါ သိပါတယ်။ ဒါကြောင့် အကိုကြီးကို ခွဲပြီး ငါလိုက်ခဲ့တာပေါ့။ ကဲ ငါ့အကြောင်းထားစမ်းပါ။ မင်းအကြောင်းပြောအုံး။. လက်ရှိ ဘယ်မင်းသမီးနဲ့ တွဲနေသလဲ။"

မိုးစက် သက်ပြင်းရှိုက်ကာ စကားစ ကိုလွှဲလိုက်သည်။ ၀သုန့်လက်ရှိ အခြေအနေကို အာရုံစိုက်လိုက်သည်။

"မရှိတော့ဘူးကွ။ ပျင်းလို့ ဖြတ်လိုက်ပြီ။ ရစ်လည်းရစ်တယ်ကွ။ ငါက ချော့ရတာ စိတ်မရှည်ဘူးလေ။ "

ဝသုန် ပုခုံးတွန့်ပြီး အေးဆေးစွာဖြေလိုက်သည်။ ဟုတ်သည်။ အင်မတန်ကို ဂျီကျတတ်သည့် မိန်းကလေးများကို ၀သုန် စိတ်ကုန်နေတာ ကြာပြီလေ။

"မင်းလည်းတည်ငြိမ်သင့်ပြီ ၀သုန်။ တယောက်တော့ အတည်တကျတွဲတော့ကွာ။ မင်းက ရည်းစာ များတယ်လို့ သတင်းထွက်နေတာ မကောင်းဘူးကွ။"

မိုးစက်သည် ကလေးကြိးလို လုပ်နေသော သူငယ်ချင်းကို စိတ်ပျက်သလိုကြည့်ကာ တိုက်တွန်းလိုက်သည်။

"အင်း။ ဒါပေမယ့် မင်းနဲ့ ဒေါက်တာရဲ့ အချစ်ကိုတွေ့ထားတော့ ငါ ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်တိုင်း မင်းတို့ ချစ်တဲ့ အချစ်နဲ့ ချိန်ထိုးကြည့်လိုက်မိတယ်။ တယောက်မှ စံမမှီတော့ ငါလည်းစိတ်ပျက်သွားတာပါတယ်။ "

ဝသုန် ခေါင်းခါပြီး သူ ရည်းစား မမြဲသည်ကို အကြောင်းရင်းကို မိုးစက်အား စိတ်ရှည်စွာ ရှင်းပြနေသည်။

"မင်းကိုယ်တိုင်က မလေးနက်ပဲ အပျော်တွဲချင်တိုင်းကွာ။ နေရင်းထိုင်ရင်း ငါတို့ကို ဆွဲထည့်ရတယ်လို့။ တူမလားကွ။ မင်းကလည်း။ ငါတို့က ပုံမှန်မဟုတ်တဲ့ အချစ်တွေလေ။"
မိုးစက်က ရယ်ရင်းပြောလိုက်သည်။ တကယ်မလွယ်သည့်အကောင်။ သူ ရည်းစားများတာ မိမိတို့ကြောင့်လိုလိုပြော နေသေးသည် မဟုတ်လား။

"ပုံမှန်ပါတယ်ကွ။ ယောက်ျားခြင်းချစ်လို့ ပုံမမှန်ဘူး မပြောစမ်းပါနဲ့။ မင်းတို့နှစ်ယောက်ရဲ့ တစ်ယောက်ကိုတစ်ယောက် စွန့်လွှတ်အနစ်နာခံတဲ့ အချစ်က ဘယ်သူနဲ့ မဆို ယှဉ်နိုင်ပါတယ်။ မင်းတို့ အချစ်က သန့်စင်တယ်။ ခိုင်မြဲတယ်။ မင်း ဒေါက်တာကို ချစ်မိတဲ့အတွက် ဘယ်တော့မှ နောင်တ မရနဲ့ ဟေ့ကောင်.."

ဝသုန်က မိုးစက်၏ စကားကို ခါးသီးစွာ ငြင်းလိုက်သည်။ မိမိသူငယ်ချင်းမိုးစက်က သူတို့အချစ်ကိုနှိမ့်ချနေသည်ကို ၀သုန်ကြားထဲမှ မခံချင်ပေ။ တကယ်တော့ မိုးစက်က သူ့ကိုယ်ကို ပြန်မသိခြင်းဖြစ်သည်။ သူ့အချစ်က ရယူလိုမှုကင်းသည့် အချစ်စစ်စစ်မဟုတ်လား။

"အင်း... နောင်တ မရပါဘူး။ ငါတို့ရဲ့ ရေစက်လို့ ခံယူထားတယ်။ ဒါကြောင့် လူတကာ ၀ိုင်းပြီး မေးငေါ့မှာကို သိလျက်နဲ့ ငါ သူ့နောက်ကို ပြန်လိုက်လာတာပဲ ၀သုန်။ ငါ အားလုံးကို ရင်ဆိုင်မယ်။"

မိုးစက် က ၀သုန် ကို အမှန်တိုင်းဝန်ခံလိုက်သည်။ ဟုတ်သည်။ မိမိ ဆုံးဖြတ်ချက်ကို ၀သုန့်ကို ဖွင့်ပြောရင်း မိမိဖာသာ အားတင်းလိုက်သည်။ ယခုတောင် ရိုက်ကွင်းက လူတွေရဲ့ စူးစမ်းသော အကြည့်များကို စပြီးရင်ဆိုင်နေရလေပြီ။

"ကောင်းတယ် သူငယ်ချင်း။ မင်း ဘက်က ငါရှိတယ်။"

ဝသုန် ၀မ်းသာစွာဖြင့်ပြောလိုက်သည်။ မိုးစက်ကို ဒီတခါ မိမိရအောင် အားပေးမည်။ မည်သူ့ကိုမှ မရှုံးစေရဟု ဆုံးဖြတ်ထားသည်။ အချစ်စစ်သည် အခက်ခဲ အတားဆီးများကို ကျော်လွှားနိုင်မည်ကို မိမိက မိုးစက် တို့ အ တွဲနှင့် သက်သေပြချင်သည်။

"ကျေးဇူး ယောက်ဖ။"

မိုးစက်က ကျေးဇူးတင်စွာဖြင့် ၀သုန့်ကို စလိုက်သည်။ ယခင်ကတည်းက ၀သုန့်ကို ယောက်ဖခေါ်နေကျပါ။ ခေါ်တိုင်းလည်း ၀သုန်က အတင်းငြင်းမည်ကို သိပြီးဖြစ်သည်။

"လုပ်ပြီကွာ။ ညီအစ်ကိုတော့လုပ်ကွာ။ "

ထင်သည့်အတိုင်း ၀သုန်က မျက်နှာရှုံ့ကာ ပြောခဲ့သောအခါ မိုးစက် ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိသည်။

ဒေါက်တာနှင်းထန်သည် အခန်းထဲ ၀င်မည် လုပ်ပြီးမှ မိုးစက်နှင့် ၀သုန်ပြောနေသည်ကိုကြားသောအခါ မိုးစက် ဘာများ ပြောမလဲ ဟု သိချင်သဖြင့် အပြင်မှ ရပ်နားထောင်နေမိသည်။ မိုးစက်၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ မျက်နှာတခုလုံး ပြုံးသွားမိသည်။
နှင်းထန်သည် မိုးစက်၏ စကားကြောင့် ကြည်နူးသွားသည်။ ဒီလောက်နဲ့ကို ကျေနပ်နေမိပြီ။
ရိုက်ကွင်းမှ ၀န်ထမ်းများသည် အဆိုတော်နှင့် ကောင်လေး ချောချော ၀င်သွားသည့် အခန်းအပြင်ဘက်မှ ရပ်ကာ တယောက်တည်း ပြုံးနေသော သူဌေးကို ကွက်ကြည့်ကွက်ကြည့်လုပ်ကာ တီးတိုးတီးတိုး လုပ်နေကြသည်။

"သူဌေး.... နောက်တခန်း ရိုက်တော့မယ်ဗျ။ ကိုဝသုန်ကို ခေါ်ပါရစေ။"

"သြော်...အင်း ...အင်း ...ခေါ်လေ။"

နှင်းထန်သည် လက်ထောက် မန်နေဂျာ လေး လာပြောမှ သတိဝင်လာပြီး ဖယ်ပေးလိုက်သည်။ ကောင်လေးက တံခါးကို ခေါက်ကာ ခေါ်လိုက်သည်။

"ကိုဝသုန် နောက်တခန်း စတော့မယ် အကို။ ဒါရိုက်တာ ကြီးက ခေါ်ခိုင်းလိုက်လို့ပါ။"

ဝသုန် စကားစဖြတ်ကာ အခန်းတံခါးကို ဖွင့်လိုက်တော့ လက်ထောက်မန်နေဂျာလေး၏ နောက်တွင် ရပ်နေသော ဒေါက်တာနှင်းထန်ကိုတွေ့သောအခါ အံ့သြသွားသည်။

"မိုးစက် မင်း အခန်းထဲမှာ နေဦး။ အပြင်မှာ နေပူနေပြီ။ အကိုနှင်းထန် အထဲ ၀င်စောင့်ပါလားဗျ။"

ဝသုန် နူတ်ဆက်ကာ ရိုက်ကွင်းဘက်ကို ထွက်လာခဲ့သည်။

မိုးစက်သည် ၀သုန်၏ အသံကြောင့်လှမ်းကြည့်လိုက်သောအခါ အပြင်တွင်ရပ်နေသော သူ့ကို တွေ့လိုက်သည်။ သူက အခန်းထဲကိုလှမ်းဝင်လာတော့ မိုးစက် လှမ်းပြောလိုက်သည်။

"ကျွန်တော့်ကို ၀သုန်က နေ့လည်စာ လိုက်ကျွေးမယ် ပြောထားတယ် အကို။ အကို အလုပ်ရှိရင်သွားလေ။ "

နှင်းထန်သည် မိုးစက်ကို အနောက်မှ သိုင်းဖက်ကာ ပုခုံးပေါ်မေးတင်းကာပြောလိုက်သည်။ မိုးစက်၏ ခါးကို သိုင်းဖက်ကာ ပါးလေးကိုလှမ်းနမ်းလိုက်သည်

မိုးစက် တွန့်သွားသည်။

"အကို အလုပ်မှာနော်။ လူတွေ ၀င်လာလို့မြင်ရင် ဘယ်လိုလုပ်မလဲ။ "

"မြင်ပါစေလေ။ ကိုယ်က ဘာလုပ်နေလို့လဲ။ ဖက်ရုံဖက်ထားတာကို။"

မိုးစက်က သူ့လက်ကို အသာဖြည်ကာ ပြောလိုက်သည်။

"အင်း ဟုတ်တယ်လေ။ သူတို့ကို လန့်သေအောင်လုပ်မလို့လား။ သူတို့ သူဌေးက ချစ်သူ ကောင်လေးကို ခေါ်လာတယ်။ နားနေခန်းထဲ ဖက်နမ်းနေတယ်ဆိုတာ သိသွားရင် ..."

နှင်းထန်သည် မိုးစက်ကို စကားမဆိုနိုင်အောင်လုပ်လိုက်သည်။ ပြီးတော့မှ ပြောလိုက်သည်။

"လန့်သေလည်း သေပါစေ။ ကိုယ့်ချစ်သုကို ချစ်လို့နမ်းတာ ဘယ်သူ့ကို ကရုစိုက်ရမှာလဲံ။ "

မိုးစက်က တချက်ရယ်ကာ ပြောလိုက်သည်။ သူ့ကိုချော့မှ။.မဟုတ်လျှင် တဇွတ်ထိုးလုပ်နေဦးမည်။

"အင်းပါ . .. အကို့ သဘော။ ဒါပေမယ့် လွှတ်ပါဦး။ ကျွန်တော် ၀သုန်ရဲ့ ပုံတွေ ကြည့်ချင်လို့။"

ထိုစဉ် ဖုန်းလည်း ၀င်လာသဖြင့် နှင်းထန်က မိုးစက်ကို မလွတ်ချင်လွတ်ချင်နှင့် လွှတ်ပေးလိုက်ရသည်။

"ဟုတ်ကဲ့ ဒယ်ဒီ။ ကျွန်တော် ပြန်ရောက်ပါပြီ။"

မိုးစက်သည် သူ့ ဒယ်ဒီဆိုမှ ဖုန်းမှန်းသိလိုက်သည်။ သူတို့သားအဖ လွတ်လွတ်လပ်လပ် ပြောပါစေဆိုပြီး ရှောင်ပေးမည် မပြု သူက မိုးစက်ကို လှမ်းဆွဲကာ သူ့ပေါင်ပေါ်ထိုင်ခိုင်းပြီး ဖုန်းပြောနေသည်။ မိုးစက် က ထရန်ကြိုးစားသော်လည်း သူက ခါးကို ဖက်ထားသဖြင့် မိုးစက် သူ့ပေါင်ပေါ်ထိုင်ရင်း ၀သုန်
ဓါတ်ပုံ အယ်ဘန်ကို ကြည့်နေလိုက်သည်။ သို့သော် သူတို့ သားအဖ ပြောသည်ကို မကြားချင်ပဲ အားလုံး ကြား နေရသည်။

"ကျွန်တော် စကားကုန်ပြောပြီးပြီ ဒယ်ဒီ။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဘာကိုမှ စိတ်မ၀င်စားဘူး။ ဆောရီး။ ဒယ်ဒိ။ ကျွန်တော့် ချစ်သူလေး ခေါ်နေပြီ။ သွားရတော့မယ်။ ညမှ ဖုန်းထပ်ဆက်လိုက်ပါ့မယ်။"

သူက အပြတ်ပြောကာ ဖုန်းချလိုက်တော့ မိုးစက် သက်ပြင်းချလိုက်သည်။ သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သညု။

"ဘာလို့ ကျွန်တော့် နာမည်ကို သုံးလိုက်ရတာလဲ။"

နှင်းထန်က မိုးစက်၏ ပါးပြင်ကို ဖွဖွနမ်းကာ ပြောလိုက်သည်။

"မင်းလေးက ကိုယ့်ကိုစိတ်ထဲကနေ လှမ်းခေါ်လိုက်တာကို ကြားလိုက်ရလို့လေ။ မဟုတ်ဘူးလား။"

မိုးစက်သည် သူ့ကို စိတ်ဆိုးရမလို၊ ရယ်ရမလို ဖြစ်သွားသည်။ ဘာပဲ ပြောပြော အကို မိမိကို ချစ်သည်ကိုသိရတော့ ကြည်နူးမိပါသည်။ မိမိသူ့နောက်ကိုလိုက်လာတာ မမှားဘူးဟု တွေးလိုက်မိသည်။
မိုးစက်သည် သူ့ကို အလုပ်ရှိလျှင်ပြန်ခိုင်းသော်လည်း သူမပြန်ပါ။ စောင့်နေသည်။ ၀သုန်နှင့် မိမိအတူသွားလျှင်ပင် သူက အူတိုနေတတ်သည်။ သူလိုက်လာမည်ကိုသိပြီးဖြစ်သည်။ မိုးစက် သည် အကိုနှင်းထန်၏ ရင်ခွင်ထဲကို တိုးဝင်ကာ ငြိမ်နေလိုက်သည်။

"မိုးစက်လေး။ မင်း ကိုယ့်နောက်ကို လိုက်လာတဲ့အတွက် နောင်တမရစေရဘူး။ ကိုယ်မင်းကို စိတ်ချမ်းသာအောင်ထား မယ်လို့ ကတိပေးတယ်။"

နှင်းထန်သည် မိုးစက်၏ ဆံပင်ကို ဖွကစားရင်းပြောလိုက်သည်။ ချစ်သော မိုးစက်လေးကို ရင်ထဲရှိတာ ဖွင့်ပြောလိုက်ရလို့ ကျေနပ်သွားသည်။

"အင်း.... သိတယ်။ "

မိုးစက် ယုံပါသည်။ အကိုနှင်းထန်၏ အချစ်ကို ယုံသည်။

"အကို.... ၀သုန်သရုပ်ဆောင်တာကို သွားကြည့်ချင်တယ်။ အပြင်သွားရအောင်နော်။"

မိုးစက်သည် ငြိမ်နေရာမှ သူ့ရင်ခွင်ထဲမှ ရုန်းထွက်ကာ ပြောလိုက်သည်။ အခန်းထဲ နှစ်ယောက်ရှိနေလျှင် လူတွေ တမျိုးတွေးလိမ့်မည်။

"အိုကေ။ ခဏလေး။"

အပြင်သို့အထွက် သူခဏတားကာ ထီးကို ယူပြီးဖွင့်ပေးပြီး မိုးစက်ကို ဆောင်းပေးသည်။ မိုးစက် ပြုံးလိုက်မိသည်။ ထီးကိုလှမ်းယူကာ ပြောလိုက်သည်။

"ကျေးဇူပဲ အကို၊ ကျွန်တော့်ဖာသာ ဆောင်းပါ့မယ်။"

မိုးစက် သူ့လက်ထဲမှ ထီးကိုလှမ်းယူကာ ပြောလိုက်သည်။ ဟုတ်သည်။ ယောကျာ်းလေးဖြစ်ပြီး သူများဆောင်းပေးသည့် ထီးအရိပ်တွင် မခိုချင်ပါ။

"ကိုယ်ဆောင်းပေးချင်တယ်။"

နှင်းထန် သူ့ကို ပြောလိုက်သည်။ ချစ်သော သူလေးကို ထီးဆောင်းပေးချင်သည်။
"အကို...ကျွန်တော်တို့ကြား ဒီလို ယုယမှုမျိုးတွေ လုပ်ပြဖို့မလိုပါဘူး။ အကို့အချစ်ကို ကျွန်တော် သိပါတယ်။ယုံလည်း ယုံပါတယ်။ အကိုက သူဌေးပါ။ လူတွေ အမြင်တင့်တယ်အောင်နေပေးပါ။"

မိုးစက် သူ့ကို အမှန်တိုင်းပြောလိုက်သည်။ ကြားရတာ နားခါးမည်ဖြစ်သော်လည်း မတတ်နိုင်ပါ။ အခုရှုပ်မှ နောင်ရှင်းမည် ဖြစ်သည်။

"မတင့်တယ်ရအောင် အကိုက ဘာလုပ်နေလို့လဲ။ ကိုယ်ချစ်တဲ့သူကို ထီးမိုးပေးတာလေ။ လာ ဘယ်သူ့ကိုမှ ကရုစိုက်စရာ မလိုဘူး။"

ကိုနှင်းထန် ခါးခါးသီးသီးငြင်းလိုက်သည်။ ဟုတ်သည်။ သူများ သားမယားကျူးလွန်တာလည်းမဟုတ်ပေ။ ကိုယ့်ချစ်သူ ကိုထီးမိုးပေးတာကို ဘယ်သူ့ကို ဂရုစိုက်ရမည်လဲ။

"အကို ဂရုမစိုက်လည်း ကျွန်တော်စိုက်တယ်။ ကျွန်တော်ထပ်ပြောမယ်။ ကျွန်တော့်ကြောင့် အကိုနာမည်ပျက်မှာ၊ လူပြောခံရမှာကို ကျွန်တော်လုံးဝ မလုပ်နိုင်ဘူး။ ကျွန်တော်က သူများအမြင်ကို ဂရုစိုက်လို့မဟုတ်ဘူး။ အကို့ကို ကူညီပေးချင်လို့။ ကျွန်တော့်ဖြစ်တည်မှု၊ ကျွန်တော့်အချစ်က အကို့ကို မထိခိုက်စေရဘူး။ ထိခိုက်စေရင် အဲ့ဒီအနေထားကို ကျွန်တော်လုံးဝလက်မခံနိုင်ဘူး။ ကဲ... ထီးကျွန်တော့်ကို ပေးပါ။ မဟုတ်ရင် အကိုပဲ ဆောင်းပါ။ "

မိုးစက် အလျှော့်မပေးပဲ သူ့ကို ထပ်ပြောလိုက်သည်။ သူနားလည်အောင်ထပ်ရှင်းပြလိုက်သည်။ ယခု ပြန်လာသော မိုးစက်သည် သူ့ကို ထိခိုက်အောင် ဘာတစ်ခုမှ မလုပ်မည့်သူဖြစ်သည်။ ဒါကို အကို သိထားဖို့လိုသည်။

"ကောင်းပြီ။ မင်းတကယ်ကို ခေါင်းမာလာတယ်။ မင်းပြောတာကိုလက်ခံတယ်။ ဘာကြောင့်လဲဆိုတော့ ဘာမဟုတ်တာနဲ့ မင်းကို စိတ်အနှောက်ယှက်မပေးချင်လို့ပဲ မိုးစက် ။ ဒါကို မမေ့နဲ့။"

နှင်းထန် နားလည်လိုက်သည်။ မိုးစက်က မိမိကို တောင်းပန်နေခြင်းမဟုတ်ပါ။ သူ့ခံယူချက်ကို ပြတ်သားစွာ ပြောနေခြင်းဖြစ်သည်။ မိုးစက် ၏ စိတ်ထားလေးကို မိမိနားလည်သည်။လေးစားသည်။ ထို့ကြောင့် နှင်းထန် သက်ပြင်းရှိုက်ကာ အလျှော့ပေးလိုက်ရတော့သည်။

"ကျေးဇူးပါ အကို။ ကျွန်တော် မမေ့ပါဘူး။"

မိုးစက်သည်သူ့ကို ပြုံးကာ ပြန်ဖြေရင်း သူကမ်းပေးသည့်ထီးကို ယူပြီးဆောင်းလိုက်သည်။

မိုးစက်နှင့်နှင်းထန် ထီးကိုယ်စီဆောင်းကာ ၀သုန် သရုပ်ဆောင်သည်ကို ရပ်ကြည့်နေကြသည်။ ရိုက်ကွင်းမှလူများက သူဌေးနှင့် သူ့ချစ်သူကောင်လေးကို မသိမသာ အကဲခတ်နေကြသည်။ မိုးစက်က ထိုသူများ၏ အကြည့်ကို လုံးဝ လစ်လျူရှုထားနိုင်ခဲ့သည်။

ဝသုန်ရိုက်ကွင်းပြီးသည်နှင့် မိုးစက်တို့နှစ်ဦးနှင့် အတူ နေ့လည်စာ သွားစားကြသည်။ ၀သုန်က ဒေါက်တာနှင်းထန် ပါလာသောကြောင့် စကားကို လွတ်လွတ်လပ်လပ်ပြောခွင့်မရလိုက်ပေ။ တကယ်တော့ မိုးစက်ကိုမေးချင်တာ အများကြီးရှိသည်။ မိုးစက်သည် အနေအထိုင်၊ အပြောအဆို အများကြီး ရင့်ကျက်လာခဲ့သည်။ တည်ငြိမ်လာခဲ့သည်။ ပြီးတော့ အကိုနှင်းထန်ကို အရိုအသေပေးသည်ကလွဲလျှင် အရင်လို သည်းသည်းလှုပ်မနေတော့သလို ခံစားရသည်။
မိုးစက်သည်လည်း အကိုနှင်းထန်ပါ လာသဖြင့် စကားနည်းနေသည်။ နှင်းထန်လည်းသိပါသည်။ မိမိပါသဖြင့် သူငယ်ချင်း နှစ်ယောက် အနေရနည်းနည်းကြပ်နေသည်။ ဒါပေမယ့် မိုးစက်ကို မည်သည့်ကောင်လေးနှင့်မှ မိမိလွတ် မထားနိုင်ပေ။ ၀သုန်က မိုးစက်အတွက် ညီအစ်ကို ဖြစ်သည်ကို သိသော်လည်း မိမိစိတ်ကိုက မရပေ။

နှင်းထန်သည် မိုးစက်၏ ပန်းကန်ထဲ ကောင်းနိုးရာရာကို ထည့်ပေးနေသည်။ မိုးစက် က သူ့ကို တချက်ကြည့်ကာ တားလိုက်သည်။

"ရတယ် အကို။ ကျွန်တော့်ဖာသာ ထည့်စားပါ့မယ်။ ပန်းကန်ထဲ များနေလို့ပါ။ အကိုလည်း စားပါ။"

မိုးစက် သူ့ကို တားပြီး အစားကို ငုံ့စားလိုက်သည်။ ၀သုန်က စားရင်း စကားပြောနေသည်။ မိုးစက်က ပြန်မပြောပဲ နားထောင်နေလိုက်သည်။ နောက်ဆုံး ၀သုန်က ဖွင့်မေးရတော့သည်။

"မင်းဘာဖြစ်လို့ စကားမပြောတာလဲ မိုးစက်။ ငါ တစ်ယောက်တည်း ပြောနေရတာ။ မင်းဘာဖြစ်နေတာလဲ။"

"သူက အစားစားတဲ့အချိန် စကားမပြောဘူး ၀သုန်ရ။"

နှင်းထန်က မိုးစက် အစား ၀င်ဖြေပေးလိုက်သည်။

"ဘယ်တုန်းက ဒီလိုဖြစ်သွားတာလဲ။ အရင်က သူ့လောက်လေပေါတာ သူပဲရှိတယ်။"

ဝသုန်အံ့သြသွားသည်။ မိမိသူငယ်ချင်း မိုးစက်တွင် မိမိမသိသော အကျင့်များစွာ တိုးလာသည် ဟုထင်ပါသည်။

"ဟိုရောက်လို့ အကျင့်ပါသွားတာပါ။ အကိုကြီးက ထမင်းစားရင် စကားမပြောဘူးလေ။ ဒါကြောင့်ပါ။"

မိုးစက် ပြုံးကာ ပြန်ဖြေလိုက်သည်။ နှင်းထန်သည် စနေ၏ အမည်ကိုကြားသော် ရင်ထဲ ဆစ်ခနဲဖြစ်သွားသော်လည်း မျက်နှာမပျက်အောင်ထိန်းထား လိုက်သည်။

ဝသုန်က ပုခုံးတွန့်ရုံတွန့်ကာ စကားမပြောတော့ပေ။ အကိုနှင်းထန်ရှေ့တွင် ဦးစနေအကြောင်းပြောရမှာကို အားနာသည်။ မိုးစက်ကတော့ နည်းနည်းမှ အားနာသည့်ပုံမပေါ်ပေ။

ထမင်းစားပြီး စကားပြောကာ လမ်းခွဲခဲ့ကြသည်။

"ဘယ်သွားဦးမလဲ မိုးစက်။ "

နှင်းထန် သူ့ကို လှမ်းမေးလိုက်သည်။

"အိမ်ပဲ ပြန်ကြတာပေါ့။ ကျွန်တော်အိပ်ချင်လာပြီ။ ညက ကောင်းကောင်းမအိပ်ရဘူးလေ။"

မိုးစက် သမ်းရင်းပြောလိုက်သည်။ တကယ်လည်းအိပ်ချင်နေပြီ။ ညက သူကဲထားတယ် မဟုတ်လား။ ဒီညလည်း ထပ်ကဲလျှင် မိမိသူ့ကို ဆွေးနွေးရတော့မည် ထင်သည်။ ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင်တဲ့။ ဆိုင်သလားတော့ မသိပါ။ မိမိနှင့် အကို တသက်လုံးပေါင်းသင်းသွားမည် ဆိုလျှင် အိပ်ယာထဲက အကြောင်းနည်နည်းတော့ထိန်းရမည် ဟု တွေးလိုက်မိသည်။

"အင်း .... ဟုတ်သားပဲ။ မိုးစက်လေး အားမွေးထားမှ ။ ဒါမှ ည အားရှိမှာ။"

မိုးစက်သူ့ကို မကျေမနပ်လှမ်းကြည့်ကာ ပြောလိုက်သည်။

"အားအားရှိ ဒါတွေချည်းတွေးမနေနဲ့ဦး အကိုရာ။ တသက်လုံး အတူနေရမှာပါ။ "

နှင်းထန်က ရယ်ရင်းပြောလိုက်သည်။ မိုးစက် ပြောသည်ကို စိတ်မကောင်းသော်လည်း နှင်းထန် မိမိအတွေးကို ပြောပြလိုက်သည်။

"တသက်လုံးအတူနေမှာ သိပါတယ်။ ဒါပေမယ့် ချာတိတ်နဲ့  ခွဲထားရတဲ့အတွက် အတိုးနဲ့ ချစ်ချင်လို့ပါ။"

မိုးစက် သူ့ခံစားချက်ကို နားလည်ပါသည်။ သို့သော် အရမ်းလွန် တာကိုတော့ မိမိလက်မခံချင်ပါ။ လောလောဆည် သုနှင့် မငြင်းချင်တော့ပါ။ နောက်မှ သူ့ကို အေးအေးဆေးဆေး ဖြောင့်ဖြရဦးမည်ဟုတွေးရင်း အပြင်ကို ငေးကာ လိုက်ပါလာခဲ့သည်။ နှင်းထန်လည်း အလိုက်တသိ နူတ်ပိတ်ကာ အိမ်ကို မောင်းလာခဲ့သည်။

အိမ်သို့ရောက်သော် မိုးစက် သူ့အိပ်ခန်းထဲကို ၀င်သွားပြီး တံခါးပိတ်မည်မပြု နှင်းထန်က တံခါးကို လက်နှင့်တွန်းကာ မေးလိုက်သည်။

"ဟေး.... တံခါးက ဘာလို့ပိတ်တာလဲ။ မင်း ကိုယ့်အခန်းထဲ ဘာလို့လာမအိပ်တာလဲ။"

"အကိုက ကဲမှာလေ။ ကျွန်တော် အေးအေးဆေးဆေး အိပ်ချင်လို့။ ကဲ ညနေမှ ထမယ်။ လာမနှောက်ယှက်နဲ့နော်။"

မိုးစက် သူ့ကို ကြည့်ကာ အတပ်ပြောလိုက်သည်။ အင်မတန်ကဲသည့် လူကြီး အကြောင်းကို သိပြီးဖြစ်သည်။

"အကိုလည်းအိပ်မယ်။ "
နှင်းထန် သည် မိုးစက်ကို မျက်နှာချိုသွေးကာ ပြောလိုက်သည်။ ဒီကောင်လေး မိမိလုပ်မှာကို ကြိုသိနေပါလားဟု တွေးမိသည်။ တကယ်လည်း နေ့ခင်း မိမိ တစ်ချီလောက်ဆွဲဖို့ ကြံနေမိသည် မဟုတ်လား။

"မရဘူး။ ကိုယ့်အခန်းထဲ သွားအိပ်။ "

မိုးစက် အတင်းငြင်းသည်။ သူ့ကို နှင်ထုတ်လိုက်သည်။ သူ့အကြည့်များအရ သူ စိတ်ထလာသည်ကို သိသည်။

"လင်မယားချင်းကိုကွာ။ အခန်းခွဲစရာလား။"

နှင်းထန် စိတ်ပျက်လက်ပျက်ပြောလိုက်သည်။ နေ့ခင်း ငတ်ကိန်းကြုံနေသည် မဟုတ်လား။

"ကျွန်တော်က မိုးစက်လေဗျာ။ အကို မေ့သွားတာလား။ မိုးပွင့်ကမှ အကို့မိန်းမ။"

မိုးစက် ပြောပြီး တံခါးကို ပိတ်ကာ သော့ခတ်လိုက်သည်။. နှင်းထန် ခေါင်းယမ်းကာ ကျန်ရစ်ခဲ့သည်။ မိုးစက် ပြောသည်ကို သေချာပြန်စဉ်းစားနေသည်။ ဟုတ်သားပဲ။ သူက ယခု မိုးစက်အနေနှင့် ပြန်လာခြင်းဖြစ်သည်။ မိမိ သူ့ကို တစ်ခါ လက်ထပ်ခွင့်တောင်းရအုံးမည်။ ယခုတစ်ခါ မိုးစက်ကို လက်ထပ်ခွင့်တောင်းကာ တရားဝင်လက်ထပ်မည် ဟုတွေးကာ နှင်းထန် ပြုံးလိုက်မိသည်။

မိုးစက်သည် သူထွက်သွားတော့မှ အိပ်ယာထက်တွင်လှဲကာ မျက်လုံးမှိတ်လိုက်သည်နှင့် တခါတည်းအိပ်ပျော်သွား တော့သည်။ အိပ်မက်ထဲတွင် စကားပန်းဖြူဖြူတွေ ပွင့်သည့် ခြံကြီးထဲသို့ ပြန်ရောက်သွားသည်။ မြက်ခင်းစိမ်းစိမ်းပေါ် တွင် စကားပွင့်ဖြူဖြူများကြွေကျကာ ပတ်ဝန်းကျင်တစ်ခုလုံး စကားနံ့ မွှေးကြိုင်လို့နေသည်။

ရေကူးကန်နံဘေးတွင် ယင်နှင့်ယန်ဆိုသည့် ခွေးနှစ်ကောင်က မိမိကို စောင့်ကြိုနေသည်။ ရေကန်ထဲတွင် မိမိချစ်သော အကိုကြီး ရေကူးနေသည်။

"ညီလေး မိုးစက်..."

အကိုကြီး၏ အပြုံးနှင့် ခေါ်သံက မိုးစက်ကို စိတ်ချမ်းသာသွားစေသည်။

"အကိုကြီး...."

မိုးစက် အိပ်မက်ယောင်ရင်း တကယ် အပြင်တွင် ခေါ်နေမိသည်။ အကိုကြီးကို လွမ်းသမျှ စကားတွေ ပြောနေမိသည်။ အကိုကြီး နေမှ ကောင်းရဲ့လား။

အချစ်စစ်၏တည်နေရာ- Season (4)Donde viven las historias. Descúbrelo ahora