(Z+U) Season (4)- အပိုင်း(10)

1.2K 69 0
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(10)

မိုးစက်သည် သူ ရေချိုးခန်းထဲမှ ထွက်မလာခင် အိမ်အောက်ကို ဆင်းလာခဲ့သည်။ မီးဖိုထဲတွင် ဒေါ်လေးပိုက မနက်စာ အသင့်ခင်းကျင်းပေးထားသည်။ ဒေါ်လေးက မိုးစက်ကိုတွေ့သည်နှင့် လှိုက်လှဲစွာနူတ်ဆက်သည်။

"မိုးစက်လေး ဆာပြီလား။ အားလုံးအသင့်ဖြစ်ပြီနော်။"

မိုးစက်သည် ဒေါ်လေးကို နူတ်ဆက်ကာပြန်ဖြေလိုက်သည်။

"သိပ်မဆာသေးဘူး ဒေါ်လေး။ အကိုနှင်းထန်ကို စောင့်ဦးမယ်။ ဒေါ်လေးက ပိုခန့်လာတယ်။ အရင်လို နည်းနည်းမှ ရုပ်မပြောင်းဘူးနော်။ "

"မိုးစက်ရယ်။ သားက စကားပြောတတ်လာလိုက်တာ။ သားကမှ ပိုချောလာတယ်။ ပိုပြီး အပြောကောင်းလာတယ်။ အင်း... ဒီတစ်ခါ ဘယ်မှ ထွက်မသွားနဲ့တော့နော်။ သားဒီတစ်ခါ ထွက်သွားရင် မောင်နှင်းထန် ရူးပြီး သေသွားလိမ့်မယ် ကွဲ့။ "

ဒေါ်လေးပိုသည် ပိုချစ်စရာကောင်းလာသည့် မိုးစက်လေးကို ချစ်ခင်စွာကြည့်ရင်း ပြောလိုက်သည်။ ဟုတ်သည်။ မိမိ၏ သခင်လေး မောင်နှင်းထန် အတွက် ကြုံတုန်းပြောရမည်လေ။

မိုးစက်၏ မျက်နှာ ပန်းရောင်သမ်းသွားသည်။ မိမိနှင့် အကိုနှင်းထန်ကို ထပ်ဝေးသွားမှာကို အရမ်းစိုးရိမ်နေသည့် ဒေါ်လေးကို ကြည့်ကာ မိုးစက် ခေါင်းငြိမ့်လိုက်သည်။

"ကျွန်တော် အကိုမနှင်မချင်း အနားမှာနေမှာပါ ဗျာ။ စိတ်ချပါ။"

"အောင်မယ်လေး မိုးစက်လေးရယ်။ မောင်နှင်းထန်လား မင်းကိုနှင်မှာ။ စိတ်ချ။ သေတောင် မနှင်ဘူး။ "

မိုးစက်သည် သဘောကျစွာရယ်ကာ ကတိပေးလိုက်သည်။

"စိတ်ချပါဗျာ။ ဒါနဲ့ အန်ကယ် ဦးမင်းထန် ရော နေကောင်လား ဒေါ်လေး။"

ဒေါ်ပိုက သက်ပြင်းချလိုက်သည်။
"အင်း အကိုကြီး သွေးတိုးနေတယ် မိုးစက်။ အခုတော့ သက်သာပါပြီ။ အခုတော့ သက်သာပါပြီ။ စောမြ၀တီလေးလည်း ဖြောင့်ဖြရှာပါတယ်။"

မိုးစက်ထိုအခါမှ စောမြ၀တီကို သတိရလာသည်။

"သြော် ၀တီတို့ က ဘယ်မှာနေသလဲ။ သွားလည် ရအုံးမယ်။"

"၀တီက ပြင်သစ်ကို ခဏပြန်သွားတယ် မိုးစက်လေး။ အကိုကြီးနဲ့ အလုပ်ကိစ္စဆိုလားပဲ။ တနေ့ကမှ
သွားလိုက်တာ။ "

မိုးစက် အံ့သြသွားသည်။ ၀တီက ထိုင်းက ပြန်လာပြီး ချက်ချင်း ပြင်သစ်ကို ထွက်သွားတာပေါ့ ဟုတွေးမိသည်။

"ဟုတ်လား။ ကျွန်တော် ဘာမှမသိပါလား.... အကို မသိဘူးထင်တယ်။ "

"ကိုယ်သိပါတယ်။ ဒယ်ဒီ က သူမသွားခင် အကို့ကို ပြောသွားပါတယ်။"

ဒေါက်တာနှင်းထန်သည် ထမင်းစားခန်းထဲ လှမ်းဝင်ရင်း မိုးစက်အနားကို သွားပြီး ပါးပြင်ကိုဖွဖွနမ်းကာ ပြော လိုက်သည်။ မိုးစက်က ဒေါ်လေး ရှေ့ဖြစ်လို့ အနည်းငယ်တော့ တွန့်သွားသည်။ သူ့ကိုလှမ်းပြောလိုက်သည်။

"အကို... လူကြီးရှေ့မှာဗျာ။"

ဒေါ်လေးက ၇ယ်ကာ ပြောလိုက်သည်။

"ဘာမှ မဖြစ်ဘူး မိုးစက်လေး။ ဒေါ်လေး ဘာမှ မမြင်ပါဘူး။"

ဒေါ်ပိုက ရယ်ရင်းပြောလိုက်သည်။ ဒေါ်လေး ပြောလိုက်မှ မိုးစက် ပိုရှက်သွားသည်။ နှင်းထန်က ရှက်နေသော မိုးစက်၏ ခေါင်းကို ချစ်စနိုးပုတ်ကာ ပြောလိုက်သည်။

"ကဲ .... စားရအောင်။ ဒေါ်လေးပို မိုးစက် ကြိုက်တာလေး မေးထားလိုက်ဦး။ မိုးစက်က အခု အစားသောက်ပုံစံ နည်းနည်းပြောင်းတယ်။ "

"ဟုတ်လား။ အင်း... နောက်နေ့ ဒေါ်လေး မိုးစက်လေး ကြိုက်တာကို ချက်ပေးပါ့မယ်။ ဒီနေ့တော့ သည်းခံစား လိုက်ပါနော်။"

မိုးစက် အားနာသွားသည်။ အကို့ကို မျက်စောင်းထိုးကာ ဒေါ်လေးကို ပြန်ဖြေလိုက်သည်။

"ရတယ် ဒေါ်လေး ကျွန်တော်က ဘာမဆိုစားတယ်။ အကို စားကြစို့။ "

နှင်းထန်က မိုးစက်၏စိတ်လေးကိုသိသည်။ ဒေါ်လေးကိုအားနာလို့သူချက်ခိုင်းမည် မဟုတ်ပေ။ သို့သော် နှင်းထန်က မိုးစက် မရှိမှ သေချာမှာထားမည်ဟု တေးထားသည်။ မိမိနှင့်အတူနေသည့်အချိန် ဟိုလူထက်သာအောင်ထားဖို့ ဆုံးဖြတ်ထားသည်။ မိုးစက်သည် မိမိရင်ခွင်တွင် ပျော်ရွှင်ချမ်းမြေ့ရမည်။

နှစ်ဦးသား စားသောက်ပြီး အပြင်ကိုထွက်လာခဲ့သည်။ နေထွက်သည်နှင့် အပူရှိန်က တက်နေလေပြီ။ ၀သုန်တို့ရိုက်ကွင်းကိုရောက်တော့ ရိုက်ကွင်းစနေလေပြီ။

နှင်းထန်၏ကားဝင်လာသည်ကိုတွေ့တော့ မန်နေဂျာက အပြေးလာတွေ့သည်။

"သူဌေး ပြန်ရောက်ပြီလား။ ကျွန်တော်က ပြန်မလာသေးဘူးထင်တာ။"

"မနေ့ကပြန်လာတာ ကိုအောင်ကြီး။ အခြေနေဘယ်လိုလဲ။ "

"အဆင်ပြေပါတယ် ခင်ဗျ။"

မန်နေဂျာသည် မိုးစက်ကို မသိမသာကြည့်နေမိသည်။ အသားဖြူဝင်းကာ ဘောဒီကျစ်ကျစ်နှင့် လူငယ်ချောလေးကို မော်ဒယ် အသစ်ထင်နေသည်။ ကြည်လင်သန့်ရှင်းသည့် အသားအရည်၊ တောက်ပသည့် မျက်ဝန်းနှင့် လူငယ်ချော လေးကို ငေးနေစဉ် သူဌေးက မျက်နှာထား အနည်းငယ်တင်းလာသည်ကိုသတိထားလိုက် မိသည်။

"ကိုအောင်ကြီး။ ခင်ဗျား လုပ်စရာရှိတာ သွားလုပ်တော့။"

သူဌေးက အလုပ်အကြောင်းမေးရင်းတန်းလန်း နှင်လို်က်သဖြင့် မန်နေဂျာ ကိုအောင်ကြီး အူကြောင်ကြောင်နှင့် ထွက်လာခဲ့သည်။ မိမိ ဘာအမှား လုပ်လိုက်မိမှန်း မသိလိုက်ပေ။

နှင်းထန်သည် နေကာမျက်မှန်ဖြုတ်လိုက်သည့် မိုးစက်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"မျက်မှန်ပြန်တပ်ထား။"

မိုးစက်က သူ့ကိုကြည့်လိုက်တော့ တချို့ရှုတင်မှ ၀န်ထမ်းများမိမိကိုလှမ်းကြည့်နေသည်ကိုတွေ့တော့ သူ သ၀န်တို နေသည်ကို သိလိုက်ကာ ရယ်ချင်သွားသည်။ သို့သော် မနက်စောစော သူ့ကို စိတ်အနှောက်အယှက် မဖြစ်စေချင်သောကြောင့် မိုးစက် မျက်မှန်ပြန်တပ်ထားလိုက်သည်။

နှင်းထန်သည် မျက်မှန်နှင့်လည်းလိုက်ဖက်ကာ ကြည့်ကောင်းနေသော မိုးစက်ကို ကြည့်ကာ သက်ပြင်းရှိုက် လိုက်မိသည်။ ဟို မိတ်ကပ်ဆရာလေးများက ပေါ်တင်ကို ရှိုးနေလေပြီ။ ကောင်မလေးများကလည်း ၀သုန်ကို ကြည့်နေရာမှ မိုးစက်ကို ၀ိုင်းကြည့်နေသဖြင့် စိတ်ပိုတိုရပြန်သည်။

"လာ ... အထဲမှာ သွားနားမယ်။ ဒီမှာနေပူတယ်။"

နှင်းထန်သည် မိုးစက်ကို အထဲကိုခေါ်သွားချင်သည်။ သို့သော် မိုးစက်က ခေါင်းခါကာ ပြောလိုက်သည်။

"ကျွန်တော် ၀သုန်သရုပ်ဆောင်တာကို ကြည့်ချင်တယ် အကို။"

နှင်းထန် မလွဲသာပဲ မိုးစက်ကို ခေါ်လာခဲ့သည်။ ဒါရိုက်တာက ပထမ မိမိအနောက်တွင် သူဌေးရောက်နေသည်ကို သတိမထားမိပေ။ ရိုက်ကွင်းကို အာရုံစိုက်နေသည်။

"ကဒ် .... ကောင်းတယ်... "

ရိုက်ကွင်းပြီးမှ ဒါရိုက်တာထံမှ အသံထွက်လာသည်။ အနောက်ကိုလှည့်ကြည့်လိုက်တော့မှ သူဌေးရောက်နေသည်ကို သိတော့သည်။

"ဟော သူဌေး နိုင်ငံခြားကပြန်ေ၇ာက်လာပြီလားဗျ။ ကျွန်တော်က မရောက်လောက်သေးဘူး ထင်နေတာ။"

နှင်းထန်သည် ဒါရိုက်တာကို ပြုံးကာ နူတ်ဆက်ပြီး မိုးစက်နှင့် မိတ်ဆက်ပေးလိုက်သည်။

"မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျွန်တော့် ချစ်သူ မိုးစက်။ မိုးစက် ဒါက ကိုယ်တို့ company product ကြေငြာတွေကို ဒိုင်ခံရိုက်ပေးနေတဲ့ ဒါရိုက်တာ ဦးထွန်းထွန်းပါ။ "

မိုးစက်က အကိုရုတ်တရက် ချစ်သူဟုပြောကာ မိတ်ဆက်ပေးလိုက်သည်ကို အံ့သြသွားသည်။ သို့သော် ဟန်မပျက် ဒါရိုက်တာကြီးကို လက်ကမ်းပေးကာ ပြောလိုက်သည်။

"တွေ့ရတာ ၀မ်းသာပါတယ် ဆရာ။ ကျွန်တော် မိုးစက်ပါ။"

သို့သော် ဒါရိုက်တာကြီးသည် သူဌေး၏ ချစ်သူ ကောင်လေး မိုးစက်ကို အကောင်အထည်လိုက် မြင်လိုက်ရသောအခါ ရုတ်တရက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။ ထန်အုပ်စု၏ MD ဒေါက်တာနှင်းထန်တွင် ချစ်သူကောင်လေး ရှိသည်။ ထိုကောင်လေးကြောင့် သူ့ကလေး၏ မိခင်ကိုပင် လက်ထပ်ဖို့ငြင်းဆန်သည်ဟု ကြားထားဖူးရာမှ ယခုလို ဗြောင်ကျကျ မိတ်ဆက်ပေးသည်ကို ခံရတော့ ရုတ်တရက် ရှော့ရသွားသည်။

"ဟုတ်..ဟုတ်ကဲ့။ တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်တော် ထွန်းထွန်းပါ။ "

မိန်းကလေးများထက်ကို ဆွဲဆောင်အားရှိသည့် ကောင်လေးကို သူဌေးချစ်တာ မဆန်းဟု တွေးလိုက်မိသည်။ မိန်းကလေး မဆန်သော်လည်း ရှင်းသန့်နေသည့်မျက်နှာလေးတွင် နူးညံ့သော အပြုံးလေးနှင့် ဖော်ရွေသည့် အမူအယာလေးများက တဖက်သားစိတ်ကို ရင်းနှီးနွေးထွေးစိတ်ဝင်စေသည် မဟုတ်လား။

ဝသုန်သည် ရိုက်ကွင်းပြီးသည်နှင့် မိုးစက်ကို တွေ့လိုက်ရစဉ် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်သွားပြီး မိုးစက်နားကို အပြေးလာခဲ့သည်။

"မိုးစက်..."

"၀သုန်..."

မိုးစက်သည် ဒါရိုက်တာကြီးကို ခွင့်တောင်းကာ စကားစဖြတ်ပြီး ၀သုန့်ထံသို့ ထွက်လာခဲ့သည်။ ၀သုန်က ဆီးကာ မိုးစက်ကို ဖက်လိုက်သည်။ မိုးစက်လည်း ရယ်မောက ပြန်ဖက်ထားလိုက်သည်။

နံဘေးမှ လာကြည့်သော မိန်းကလေးများနှင့် မိတ်ကပ်ဆရာကလေးများက စိတ်လှုပ်ရှားစွာ ကြိတ်အော် လိုက်ကြသည်။ ခုတလော boy love movies များကိုကြည့်ပြီး ကောင်လေး အတွဲလေးများကို Crush သည့် မိန်းကလေးများ အတော်များလာသဖြင့် ၀သုန်နှင့်မိုးစက်ဖက်လိုက်သည်ကို တွေ့တော့ စိတ်လှုပ်ရှားသွားကြသည်။ သို့သော် တချို့မိန်းကလေးများက မျက်နှာပျက်သွားကြသည်။ သူတို့က ၀သုန့်ကို အမှန်အကန် နှစ်သက်သည့် မိန်းကလေး ပရိတ်သတ်များဖြစ်ကြသည်။ မိုးစက်နှင့် ဘာလိုလိုထင်ကာ မျက်နှာပုပ်ကုန်ကြသည်။

"ဟေ့ကောင် လွှတ်တော့။ မင်းပရိတ်သတ်တွေ ငါ့ကို ချောင်းရိုက်ကြလိမ့်မယ်။"

မိုးစက်က ရယ်ရင်းပြောလိုက်သည်။ ၀သုန်က မိုးစက်ပြောမှ ရယ်ကျဲကျဲနှင့် ဒေါက်တာနှင်းထန်ဘက်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်း ဘိုးတော် ငါ့ကို သတ်မှာ အရင်ကွ။ အခုတောင် ဂြိုလ်ပေးနေပြီ။ လာကွာ။ အထဲသွားရအောင်။ ငါ နေပူနေပြီ။"

ဝသုန်ခေါ်ရာသို့ မိုးစက်ပါသွားသည်။ ဒေါက်တာနှင်းထန်က မျက်စိတဆုံးလိုက်ကြည့်နေသော်လည်း အလုပ်ကိစ္စ ပြောတာ မပြတ်သေးသောကြောင့်ကျန်ရစ်ခဲ့သည်။

"ပြောပါဦး။ မင်း ဘယ်နေ့ကရောက်တာလဲ။"

သီးသန့်ခန်းထဲရောက်တော့ ၀သုန်မေးလိုက်သည်။ မိုးစက်က ဆိုဖာပေါ်ထိုင်ကာ ဖြေလိုက်သည်။

"မနေ့ နေ့လည်က ရောက်တာ။"

"ရောက်တာ ငါ့ကို ဘာလို့ ဖုန်းမဆက်တာလဲ။ ပြောပါဦး။ "

ဝသုန်ရေသန့်ဗူးကို ဖောက်သောက်ကာ သူငယ်ချင်းကို ရန်လုပ်သည်။ ဟုတ်သည်လေ။ မြန်မာပြည်ရောက်ရောက် သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဆီ ဖုန်းမဆက်တာတော့ တကယ်တင်းသည်။ မိုးစက်ကို ရှုတင်းတင်းကြည့် နေမိသည်။

မိုးစက်က ရှက်ရယ်ရယ်ကာ ပြောလိုက်သည်။

"မင်း ဘိုးတော်က အချိန်မပေးလို့ကွ။ ဖုန်းဆက်ချိန်ကို မရလိုက်တာ။"

"ဘာလို့ မရ.... သြော်.... အေး...သိပြီ။"

ပထမ ၀သုန် က မိုစက် ဘာပြောလိုက်မှန်းမသိသော်လည်း မေးရင်း သဘောပေါက်သွားသဖြင့် ရယ်ကျဲကျဲဖြင့် ခေါင်း ငြိမ့်လိုက်သည်။

မိုးစက် သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။

"၀တီ ပြင်သစ်ကို ပြန်သွားတယ်ဆို။ ဘာဖြစ်လို့လဲ။ အလည်လား။"

ဝသုန် မျက်နှာပျက်သွားသည်။ မိုးစက်ကို အကြည့်လွဲကာ ပြောလိုက်သည်။

"အင်း ။ အလည်ထင်တာပဲ။"

ဝသုန်၏ ဖြေပုံကြောင့် မိုးစက် စိတ်ထဲ ထင့်သွားသည်။ ၀သုန်၏ ရှေ့တွင် သွားရပ်ကာ မေးလိုက်သည်။

"မင်း ငါ့ကို အမှန်အတိုင်းဖြေစမ်းပါ။ မင်း ဘာတွေ သိထားတာလဲ။ "

"ငါ ဘာမှ မသိထားပါဘူး။ ပြီးတော့ ၀တီနဲ့ ငါက လက်တွေ့ပေါင်းစပ်လို့မရဘူး။ ငါတို့လမ်းခွဲလိုက်ပြီ။"

ဝသုန် မိုးစက်ကို တချက်ကြည့်ကာ ဖြေလိုက်သည်။ မိုးစက် မယုံပါ။ မိမိသူငယ်ချင်း ၀သုန်က ခုချစ်၊ ခုလမ်းခွဲမည့်သူ မဟုတ်ပါ။ ပြီးတော့ ၀သုန်က မိိမိကို မျက်လုံးချင်းမဆိုင်ပဲ အကြည့်ကိုရှောင်နေသည်။ ၀သုန် မိမိမသိအောင် တခုခုလုပ် ထားလေပြီ။ စောမြ၀တီနှင့် ချစ်သည့် ကိစ္စက အမှန်မဖြစ်နိုင်ပါ။ ဒါကို မည်သူ ကြိုးကိုင်ထားသလဲ။ မိမိကို လိမ်ထားတာကို သူငယ်ချင်း ၀သုန်က ဘာလို့ ပါဝင်ကူညီနေတာလဲ ဟုတွေး လိုက်သည်။
မိုးစက် သည် ၀သုန့်ကို ခါယမ်းကာ မေးလိုက်သည်။

"မင်း ငါ့ကို ဘာတွေ လိမ်ထားတာလဲ ၀သုန်။ မင်း ငါ့ကို ဘာတွေဖုံးကွယ်ထားတာလဲ။"

ဝသုန်သည် မိုးစက်ကို စိုက်ကြည့်လိုက်စဉ် သူ့မျက်လုံးထဲမှ စိတ်မချမ်းသာရိပ်ကို တွေ့လိုက်ရသည်။ မိုးစက်က ၀သုန်ကို စိုက်ကြည့်ကာ ထပ်ပြောလိုက်သည်။

"မင်းကို ငါယုံတယ် ၀သုန်။ မင်းက ငါ့သူငယ်ချင်း။ ဘယ်တော့မှ ငါ့ အကျိုးယုတ်အောင် မလုပ်ဘူးဆိုတာ ယုံတယ်။ မင်းလုပ်တာ အကြောင်းပြချက်ရှိရမယ်။ ငါ့ကို ရှင်းပြပါ။ ဘာကြောင့် ၀တီနဲ့ မင်းလက်ထပ်တော့မယ်လို့ ငါ့ကို လိမ်ရတာလဲ။ ၀တီ မင်းကို ဘယ်လိုပြော စည်းရုံးလိုက်တာလဲ။ သူ ပြင်သစ်ပြန်မယ့် ကိစ္စကို မင်းသိပြီးသား မဟုတ်လား။ မင်း ဘာဖြစ်လို့ ငါ့ကို ကူညီပြီး လိမ်ခဲ့တယ်ဆိုတာကို သိချင်တာ။ မင်းကို အပြစ်မတင်ဘူး။ မင်း ဆီက ရှင်းပြတာကို ကြားချင်တာ။"

ဝသုန် သည် မိုးစက်ကို အံ့သြစွာ ပြန်ကြည့်ခဲ့သည်။ မိုးစက်က အကြောင်းအရာ အတော်များများကို သိနေသည် မဟုတ်လား။ မိုးစက် ဘယ်လိုလုပ်သိသွားတာလဲဆိုသည်ကို ၀သုန်စဉ်းစားလို့မရပေ။

"မင်း ဘယ်လိုလုပ်သိတာလဲ။ မင်း ကို ဘယ်သူ ပြောပြတာလဲ။ ငါနဲ့ ၀တီ စီစဉ်ထားတာ ဒေါက်တာတောင် မသိဘူး။"

မိုးစက် သူငယ်ချင်းကို ကြည့်ကာ ခပ်သဲ့သဲ့ပြုံးလိုက်သည်။

"ရှင်းနေတဲ့ဟာကို။ ပြောပါ။ သူ မင်းကို ဘယ်လိုပြောစည်းရုံးလိုက်တာလဲ။"

ဝသုန်သက်ပြင်းရှိုက်လိုက်သည်။ မိုးစက်ကို ဆွဲကာ ဆိုဖာတွင်ထိုင်စေပြီး ရှင်းပြသည်။

"၀တီက ငါ့ကို အကူအညီလာတောင်းတယ်။ သူ ဒေါက်တာနဲ့ မင်းကို ပြန်ပေါင်းဖက်စေချင်တယ်။ ဒေါက်တာကို စိတ်ချမ်းသာစေချင်တယ်။ သူ့သားလေးကို လည်းမမုန်းစေချင်ဘူး။ မင်းရဲ့ စိတ်ထားအရ သူနဲ့ကလေးရှိနေရင် မင်းဒေါက်တာကို လက်ခံမှာ မဟုတ်ဘူး။ ဒါကြောင့် သူက ငါ့ကို သူနဲ့ ချစ်နေတယ်။ လက်ထပ်တော့မယ်လို့ ဟန်ဆောင်ခိုင်းတာ။ "

"တခြားလူဆိုရင် ငါမယုံမှာစိုးလို့လား။"
မိုးစက် မေးလိုက်သည်။

"ဟုတ်တယ်။ တခြားလူဆိုရင် မင်းသံသယ ၀င်နိုင်သေးတယ်။ ငါ ဆိုရင် မင်းနှစ်ခါ စဉ်းစားမှာ မဟုတ်ဘူး။ ထင်တဲ့အတိုင်း မင်း ယုံပြီး ဒေါက်တာကို ပြန်လက်ခံလိုက်တယ်။ မင်းတို့ အဆင်ပြေတော့ ငါတို့မြန်မာပြည်ပြန် လာတယ်။ သူ နဂိုက စီစဉ်ထားတဲ့အတိုင်း ပြင်သစ်ကို ပြန်သွားတယ်။ "
မိုးစက် သက်ပြင်းရှိုက်လိုက်သည်။ မိန်းကလေးများ၏ ကြိုတင်တွေးတောနိုင်စွမ်းကို ချီးကျူးမိသည်။ သူက မိမိပြန်ပါ လာအောင် ၀သုန်ကို အကူအညီတောင်းသွားခဲ့သည်။

"မင်း က ဘာလို့ ကုညီလိုက်ရတာလဲ။"

မိုးစက်သိလျက်နှင့်မေးလိုက်သည်။ ၀သုန်က စူးခနဲကြည့်လာကာ ပြောလိုက်သည်။

"ဟ... မေးစရာလား။ မင်းကို ငါ့နားပြန်လာအောင်လို့ပေါ့ကွ။ မင်း က အဝေးမှာ ရှိနေတာ ငါ ပျော်နေမယ် ထင် လို့လား။ ပြီးတော့ ဒေါက်တာက မင်းကို တကယ်ချစ်တာပဲ။ ၀တီ ကြောင့် မင်းနဲ့ ဒေါက်တာ ချစ်လျက်နဲ့ ခွဲရတာ။ အခု ၀တီက နောက်ဆုတ်သွားပြီဆိုတော့ မင်းပြန်လာသင့်ပြီလို့ ငါထင်လို့ ၀င်ပါတာ။ မဟုတ်ရင် မင်းက ကလေး အတွက် ဘာညာ တွေးပြီး ဒေါက်တာ ဘယ်လောက်ဒူးထောက် တောင်းပန် တောင်းပန် လိုက်လာမှာ မဟုတ်ဘူး။ အခု ငါ ၀င်ပါလို့ မင်း ငါ့ရှေ့ရောက်လာတာ မဟုတ်ဘူးလား။ "

မိုးစက် တချက်ရယ်က ဒေါသတကြီးပြောနေသော ၀သုန့်ကို ဖက်လိုက်သည်။ ၀သုန်လည်း ဒေါသတကြီးပြောနေရာမှ တိတ်သွားပြီး ပြန်ဖက်ထားကာ ပြောလိုက်သည်။

"မင်း ချစ်တဲ့သူနဲ့ နေဖို့ အချိန်တန်ပါပြီ မိုးစက်ရာ။ ချစ်သူနဲ့ ပျော်ပျော်နေပါကွာ။ ပြီးတော့ ငါ့အနားမှ လည်း နေပေးပါ။ မင်း မရှိတော့ ငါ တယောက်တည်း ကဲဖို့ အဖော်မရှိလို့ပျင်းလို့ သေတော့မယ်။"

မိုးစက် သူ့ပုခုံးကို မနာအောင်ထိုးကာ ပြောလိုက်သည်။

"ကဲဖို့ ငါ့ကို ခေါ်တာပေါ့ ဟုတ်လား။ ကဲချိန်ရသေးလို့လားကွ။ နာမည်ကြီး အဆိုတော်ကြီးရာ။"

ဝသုန်က ရယ်က ပြောလိုက်သည်။

"ဘာမှ လာမပြောနဲ့။ မင်းရောက်လာရင် ကဲဖို့ တွေးထားပြီးသား။ မင်း ဘိုးတော်ကို တခါတည်းခွင့်တောင်းထား။ ငါနြ့ အပြင်သွားကဲမယ်။ မတားရဘူးလို့။"

"မင်းဖာသာ ပြောပါလားကွ။"

"မရဘူးကွ။ သူက ငါ့ ရဲ့ သူဌေးဖြစ်နေတာလေ။ မင်းက ရင်ခွင်ထဲ တချက်လောက် ခေါင်းနဲ့ ခွေ့ပြီး ချွဲလိုက်ကွာ။ "

မိုးစက်က စိတ်တိုတိုနှင့် ၀သုန့်လက်မောင်းကို နာအောင်ကို ထိုးလိုက်သည်။

" ပါးစပ်ပိတ်ထား။ ဘာချွဲတာလဲ။ မင်းပဲ သွားလုပ်။"

ဝသုန်က အောင့်သွားပြီးအော်လိုက်သည်။

"နာတယ်ကွ။ မင်း တကယ်ထိုးရသလား သေနာရ။ ငါသွားချွဲလို့ရမလား။ သူက ငါ့ကို အကပ်ခံတာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်ကွာ။ မင်းက ငါ့သူငယ်ချင်း။ ခါတိုင်းလို လျှောက်လိမ့်မယ်။ ဒါပဲ။ ငါခေါ်ရင် မင်းမလာလို့ကတော့ သေဖို့သာ ပြင်ထား။"

မိုးစက်သည် ၀သုန့်စကားကြောင့် မနေနိုင်ပဲ ရယ်မောလိုက်သည်။ ၀သုန်ပြောသည်ကို မိမိနားလည်ပါသည်။ သူလုပ်သည်ကို လည်း စိတ်မဆိုးပါ။ ဘာပဲဖြစ်ဖြစ် အရာအားလုံးရှင်းသွားသည်ကိုကျေးဇူးတင်ရမည်။ ကလေးအတွက် စိတ်မကောင်း သော်လည်း စောမြ၀တီက ပြတ်သားစွာ ရွေးချယ်သွားလေပြီ။ မိမိလည်း ပြတ်သားရတော့မည် မဟုတ်လား။

အချစ်စစ်၏တည်နေရာ- Season (4)Where stories live. Discover now