(Z+U) Season (4)_ အပိုင်း(7)

1.2K 75 0
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(7)

စနေထွဋ်ခေါင်က မိုးစက်ကိုမေးလိုက်သည်။ မိုးစက် ကိုသွားခါနီး နောက်ဆံမတင်းစေချင်ပါ။ သူ့ကို တတ်နိုင်သမျှ ဖြောင့်ဖြရအုံးမည်။ ဒီကလေး စိတ်ထား မည်မျှနူးညံ့သည်ကို မိမိအသိဆုံးဖြစ်သည်။ တတ်နိုင်သလောက် စိတ်မာအောင် လေ့ကျင့်ထားပေးသော်လည်း သံယောဇဉ်ကြီးတတ်သည့် မိုးစက်က ယခုထိ အားနည်းနေဆဲပါ။ ဒါကို မိမိအစိုးရိမ်ဆုံးဖြစ်သည်။ နောက်ထပ် ကြုံတွေ့ရမည့် နှလုံးသားပြဿနာများ တွင် မိုးစက် ခံစားချက်ရှိနေသေးလျှင် ခံစားရပြန်ဦးမည်။

"မိုးစက် ညီလေး.... ဘာလို့ ဒီလောက်ဝမ်းနည်းရတာလဲ..."

"အကိုကြီးက ကျွန်တော့်ကို သွားစေချင်နေတာလား။"
မိုးစက် မချိတင်ကဲမေးလိုက်သည်။

"ဘာလို့ အဲ့လိုထင်တာလဲ။ အကိုကြီးပြောပြီးသားလေ။ အကိုကြီးဘ၀မှာ အလေးအထားရဆုံးက ညီလေး မိုးစက်ပဲဆိုတာလေ။ ဘာလို့ သံသယ၀င်ရတာလဲကွာ။"

မိုးစက်သည် အကိုကြီး၏ စကားကို ကြီးသော် မော့ကြည့်လိုက်စဉ် စိတ်မကောင်းဟန်ငုံ့ကြည့်နေသော မျက်ဝန်းတစ်စုံကို တွေ့တော့ ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်။ ပြီးတော့ စိတ်ထဲရှိတာကို ဖွင့်ပြောလိုက်သည်။

"ကျွန်တော် သွားမှာကို ဘာလို့ မတားတာလဲ။ သွားစေချင်တာလား.."

စနေထွဋ်ခေါင်သည် မိုးစက်ကို တည်ငြိမ်စွာစိုက်ကြည့်ကာ အေးဆေးစွာဖြေလိုက်သည်။

"တားရင် ညီလေးက အကိုနဲ့ တစ်သက်လုံး အတူနေနိုင် မှာလား"

မိုးစက်သည် အကိုကြီးဆိုလိုသည်ကို နားလည်လိုက်သည်။ သူတားလည်း မိမိကသွားမည်။ သို့သော်သူ တားလျှင် မိမိသွားရတာ နောက်ဆံတင်းမည်။ အားနာသည့်စိတ်နှင့် ဘာလုပ်ရမှန်းမသိဖြစ်မည်။ ထို့ကြောင့် သူ မိမိကို မတားခြင်းဖြစ်သည်။ မိုးစက် သက်ပြင်းရှိုက်လိုက်သည်။ ခေါင်းကိုယမ်းလိုက်သည်။ ထို့နောက် မိမိစိတ်ထဲ ခံစားရ သည်ကို ပြောပြလိုက်သည်။

"အကိုကြီးလုံးဝမတားတော့ ကျွန်တော်က စွန့်ပစ်ခံလိုက်ရသလို ခံစားရလို့ပါ။ အဲဒါကြောင့် မျက်ရည်ကျမိတာပါ အကိုကြီး"

စနေထွဋ်ခေါင် သည် မိုးစက်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"အကိုကြီးရဲ့စိတ်ကို အခုထိမသိသေးဘူးလား။ အကိုကြီးက မင်းကို ခွဲလိုက်ရပေမယ့် မင်းကို အကိုကြီးရဲ့ ရင်ထဲက ထုတ်ပစ်လိုက်တာ မဟုတ်ဘူး။ မင်းတွေ့ချင်တယ်ပြောလိုက် ချက်ချင်း လာတွေ့မယ်။ လေယာဉ်စီးရင် တစ်နာရီပဲ ကြာတယ်လေကွာ။ ပြန်မတွေ့ရတဲ့ နေရာကို သွားတာမှ မဟုတ်တာ။"

အကိုကြီး၏ စကားကြောင့် မိုးစက် စိတ်သက်သာရာ ရသွားခဲ့သည်။ အကိုကြီးနှင့် အဆက်အသွယ်ပြတ်သွားမည်ကို မိမိအရမ်းကြောက်နေမိသည် မဟုတ်လား။ မိဘနှင့်ခွဲကာ ပထမဆုံးခရီးထွက်ရသူလို ခံစားနေရသည်။ မိမိ၏ မိသားစုသည် အကိုကြီးပဲရှိသည်။

"ကျွန်တော့်ကို ပစ်မထားပါနဲ့။"

မိုးစက်ထိုစကားကို ပြောကာ အကိုကြီးရင်ခွင်ထဲကို တိုးဝင်ကာ မျက်နှာဝှက်ထားမိသည်။

စနေထွဋ်ခေါင် သည် မိုးစက်၏ ထိုစကားကိုကြားသော သက်ပြင်းကို ရှိုက်လိုက်မိသည်။ သူလေးက သံယောဇဉ်ကြီး တတ် လွန်းသည်။ ကျေလည်းကျေနပ်သည်။ စိုးလည်းစိုးရိမ်သည်။ ဖြစ်နိုင်လျှင် သံယောဇဉ် ကင်းသော သူဖြစ်စေချင်သည်။ သို့သော် မိုးစက်၏ နူးညံ့သော စိတ်လေးကို မိမိမသတ်ရက်သဖြင့် ချန်ထားခဲ့မိသည်။ မိမိအသက်ထက်ကို မြတ်နိုးမိပါသော မိုးစက်လေးကို မိမိအရိပ်နှင့်ဝေးရာတွင် ဆက်လက်စောင့်ရှောက်နေပေးဦးမည် ဖြစ်သည်။ အခု အထိုက်အလျောက်တော့ မိုးစက် ကြံ့ခိုင်လာလေပြီ။ သူ့ကို သင်ပေးသင့်တာလည်း သင်ပေးပြီးသွားပြီ။

မိဘများပင်လျှင် မည်မျှချစ်ချစ် သားသမီးများကို အချိန်တန်လျှင် လူ့လောကထဲ လွှတ်ရသေးသည်။ မိမိလည်း မိုးစက်ကို ပိုမိုကြံ့ခိုင်လာအောင် သူရှုံးနိမ့်ကာ ထွက်ပြေးခဲ့ရသည့် နေရာကို ပြန်လွှတ်ပေးရလိမ့်မည်။ မည်မျှ စိုးရိမ်သော်လည်း၊ မည်မျှ သောကရောက်သော်လည်း မိမိ သေချာပေါက်လွှတ်ပေးရလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် လက်တွေ့လေ့ကျင့်မှုမရှိလျှင် မိုးစက်ကို မိမိသင်ကြားပေးသမျှသည် တကယ်တတ်မြောက်သည်ဟု မဆိုနိုင်ပေ။

"အကိုကြီးရဲ့ စိတ်ကို မင်းမသိသေးဘူးလားကွာ။ မင်းကို အကိုကြီးက ပစ်ထားမယ်ထင်သလား။ မင်း တွေ့ချင်ရင် ဖုန်းတချက်သာ ဆက်လိုက်။ မင်းဆီချက်ချင်းရောက်လာစေရမယ်။"

မိုးစက်သည် အကိုကြီး၏ စကားကြောင့် မျက်ရည်များကြားမှ ပြုံးမိသည်။ အကိုကြီးပြောသည်ကို မိမိယုံကြည်သည်။ မိမိနှင့်အတူနေလာသည့် ၂ နှစ်အတွင်း အကိုကြီး ကတိပျက်တာ တခါမှ မကြုံဖူးပါ။ အကိုကြီးကို မိမိယုံကြည်သည်။ အကိုကြီး၏ စကားကိုကြားတော့ မိုးစက် ကျေနပ်စွာပြုံးမိသည်။

စနေထွဋ်ခေါင်သည် မျက်ရည်စများနှင့် ပြုံးနေသော မိုးစက်၏အပြုံးဝယ် တခဏငေးသွားမိပြီး မိုးစက်နှင့် မသိမသာ လူချင်းခွာကာ ပြောလိုက်သည်။
"ကဲ .... ရုံးသွားဖို့အသင့်ဖြစ်ပြီလား။"

"ဟုတ်ကဲ့။"

မိုးစက်သည် ရေချိုးခန်းထဲတွင် မျက်နှာသစ်ပစ်လိုက်ကာ အကိုကြီးစောင့်နေသည့် နေရာကို ထွက်လာခဲ့သည်။ ကားထဲတွင် အကိုကြီးက မေးလ်ပို့နေသည်။ မိုးစက် ကားထဲဝင်လာသည်နှင့် ကားထွက်လာသည်။ ထိုခရီးတွင် မိုးစက် ငြိမ်နေရင်း လုပ်ရမည့်အလုပ်များကို တွေးနေသည်။ လွှဲရမည့် စာရင်းများ၊ လွှဲရမည့်အလုပ်များ။ ညီအစ်ကို နှစ်ဦး ကိုယ်စီငြိမ်ကာ ပါလာခဲ့သည်။ ရုံးသို့ရောက်သောအခါ မိုးစက် မိမိလုပ်စရာများကို ဇယ်ခတ်သလိုလုပ် တော့သည်။

မနက်ခင်း အစည်းအဝေးတွင် အကိုကြီးက မိုးစက် နူတ်ထွက်ကာ မြန်မာပြည်ကို ပြန်မည့်အကြောင်းကြေငြာသည်။ မန်နေဂျာများ အံ့အားသင့်သွားကြသည်။ အစည်းအဝေးပြီးတော့ မန်နေဂျာများက မိုးစက်ကို သိးခြားစီလာနူတ်ဆက် ကြသည်။ အတူ လက်တွဲလာတာ ၁ နှစ်ခွဲခန့်ရှိပြီဆိုတော့ ရုံးချုပ်မှ လူများက မိုးစက်ကို ခင်တွယ်နေကြသည်။ မိုးစက်ကိုယ်တိုင်လည်း ခွဲခွာခြင်းကို စတင်ခံစားလာရသည်။ အတူ ညနက်ထိ အလုပ်လုပ်ခဲ့သူများ။ အတူခေါင်းချင်းဆိုင် အစည်းဝေးထိုင်ခဲ့ကြသူများ၊ အတူအခက်အခဲကို ကျော်လွှားပြီး အောင်ပွဲခံခဲ့ကြသူများ။ ထိုသူများ အားလုံးကို မိုးစက် လွမ်းသည်။

မိုးစက်သည် အကိုကြီးထွက်လာသည်နှင့် ချက်ချင်း စကားစဖြတ်ကာ လွှဲစရာရှိသည့်လွှဲသည်။ အကိုကြီးက မန်နေဂျာတချို့ထံကို လွှဲစေသည်။ နေ့လည်စာစားချိန်လည်း ရုံးတွင် တက်သုတ်ရိုက်စားလိုက်ကြသည်။ အကိုကြီးလည်း မိုးစက်ကို ကူညီပေးသည်။ အကိုကြီးနှင့် ခေါင်းချင်းဆိုင် အလုပ်များနေခိုက် အကိုနှင်းထန်၏ ဖုန်းဝင်လာခဲ့သည်။ မိုးစက် ဖုန်းကိုချလိုက်သည်။ အလုပ်က အရေးကြီးသည် မဟုတ်လား။ အလုပ်ချိန် ဖုန်း မဆက်ဖို့ သူ့ကို မှာထားလျက်နှုင့် သူ ဆက်လာသဖြင့် မိုးစက်သက်ပြင်းရှိုက်လိုက်မိသည်။

အကိုကြီးနှင့် စာရင်းလွှဲပြောင်းမှုလုပ်ခိုက် ဖုန်းထပ်ဝင်လာပြန်သည်။ မိုးစက် ဖုန်းပိတ်မည်အပြု အကိုကြီးက ပြောခဲ့သည်။

"ခဏသွားပြောလိုက်ပါ မိုးစက်။ တဖက်က စိတ်ပူနေလိမ့်မယ်။"

အကိုနှင်းထန်ဆီက ဖုန်းမှန်းး အကိုကြီးရိပ်မိပုံရသည်။ မိုးစက် အနေရခက်သွားသည်။ သို့သော် ဖုန်းမကိုင်လျှင် သူ့အကျင့်အတိုင်း မိမိထံကို သူဆက်တိုက်ဖုန်းဆက်လိမ့်မည်ကို သိသောကြောင့် မိုးစက် ထလာပြီး အပြင်တွင် ဖုန်းကိုင်လိုက်သည်။

"မိုးစက် ခဏက ဘာလို့ ဖုန်းမကိုင်တာလဲ။ အကို မင်းကို ခေါ်နေတာ ကြာပြီ။"

"ဆောရီး အကို၊ အစည်းဝေးခန်းထဲရောက်နေလို့။ အကို ဘာကိစ္စလဲ။"

နှင်းထန်သည် မိုးစက်၏ အမေးကြောင့် စိတ်မကောင်းဖြစ်သွားသည်။ မိမိကတော့ ထမင်းအတူစားချင်သောကြောင့် သူများ လာလို့ရမလားလို့ လှမ်းဆက်တာ ယခုလိုအမေးခံရတော့ သက်ပြင်းရှိုက်လိုက်မိသည်။

"ထမင်းအတူစားရအောင်လို့ပါ။ ခဏထွက်ခဲ့လို့ရမလား။"

"မရဘူး အကို၊ ကျွန်တော် စာရင်းတွေလွှဲနေလို့ မအားဘူး။ ညမှ ဖုန်းခေါ်လိုက်မယ်နော်။ ဒါပဲ အကို။"

မိုးစက် အမြန်ပြောကာ ဖုန်းချလိုက်သည်။ အကိုကြီးကမိမိကို စောင့်နေရသည် မဟုတ်လား။ အလုပ်ချိန်အတွင် ကိုယ်ရေးကိုယ်တာ ဖုန်းပြောသည်ကို မိမိလိပ်ပြာမလုံပါ။ အခန်းထဲကို ပြန်မ၀င်ခင် ဖုန်းကို ပိတ်ထားလိုက်သည်။

နှင်းထန်သည် မိုးစက် စကားစဖြတ်ကာ ဖုန်းချသွားသောကြောင့် အရမ်းကို အံ့အားသင့်ကာ ကြောင်သွားသည်။ စိတ်မကောင်းလည်း ဖြစ်သွားသည်။ သို့သော် အသွင်သစ်နှင့် မိုးစက်ကို မိမိလက်ခံပေးမည်ဟု မနေ့ကမှ ပြောထားသည် မဟုတ်လား။ လက်ခံရမှာပေါ့။ ဘယ်လောက်နာကျင်နေရပါစေ။ ဘယ်လောက် ငိုကြွေးနေရပါစေ မိုးစက်ကို မိမိလုံးဝလက်လွှတ်မခံနိုင်ပါ။ စနေလက်ထဲမှ မိမိချစ်သူကို ရအောင်ပြန်လုယူရမည်။ နှင်းထန် သက်ပြင်းရှိုက်ကာ မိုးစက် တို့ Compamy အရှေ့မှ ကားတားကာ မိမိတည်းခိုသည့် ဟိုတယ်သို့ပြန်လာခဲ့ပြီး အပြင်လည်း သွားချင်စိတ်မရှိသဖြင့် အခန်းထဲ စားစရာမှာစားကာ အရက်သောက်ပြီးအိပ်လိုက်သည်။

တကယ်ဆိုလျှင် နှင်းထန် အရက်သောက်ဖို့မရည်၇ွယ်ပါ။ သို့သော် ချစ်သူကို စောင့်ရသည့် ရှည်လျားသည့်အချိန်ကို ကျော်လွန်ရန် အရက်သောက်ကာ အိပ်လိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မည်။

မိုးစက်သည် အကိုကြီးနှင့် စာရွက်စာတမ်းများလွှဲပြောင်းမှု အားလုံးပြီးစီးသွားတော့ ညနေ ၆ နာရီထိုးလေပြီ။ ထို့နောက် အကိုကြီးက မိုးစက်ကို ခေါ်လိုက်သည်။

"မိုးစက် .... မင်း အကိုကြီးကို ဒီညနေ အချိန်ခဏပေးပါလား။ ဒေါက်တာနှင်းထန်ကို ဖုန်းဆက်ပြီး ပြောလိုက်ပါ။ "

မိုးစက်သည် အကိုကြီး၏ စကားကြောင့် သူတခုခုစီစဉ်ထားသည်ကို သိလိုက်သည်။ ဖြစ်နိုင်သည်က ၀န်ထမ်းများနှင့် နူတ်ဆက်ပွဲဖြစ်လိမ့်မည်။ မိုးစက် အကိုနှင်းထန်ဆီဖုန်းခေါ်တော့ ခေါ်မရပေ။ ဧည့်ကြိုကောင်တာကို ဆက်ကာ ဖုန်းခေါ်ခိုင်းသော်လည်း ဖုန်းမကိုင်သဖြင့် နောက်ဆုံး စကားအမှာပါးက အကိုကြီးနှင့်လိုက်လာခဲ့သည်။

တကယ်လည်း အကိုကြီးက ၀န်ထမ်းများအားလုံးကို စုစည်းပြီး မိမိအတွက်နူတ်ဆက်ပွဲစီစဉ်ထားခြင်းဖြစ်သည်။ ဖြစ်နိုင်တာ ကားပေါ်တွင် သူလှမ်းစီစဉ်လိုက်တာ ဖြစ်ဖို့များသည်။ မိမိနှင့်ရင်းနှီးသော ၀န်ထမ်းများ။ အထူးသဖြင့် မိမိကို သံယောဇဉ်တွယ်သည့် ၀န်ထမ်းများ၏ သားသမီးလေးများ ။ ကလေးများက မိုးစက်ကို နူတ်ဆက်ရင်းငို၊ မိုးစက်ကလည်း မျက်ရည်ကျ။

စနေထွဋ်ခေါင် သည် စိတ်ထားနူးညံ့သည့် မိုးစက်ကို မည်မျှမြတ်နိုးမိသည်ကိုမဖော်ပြနိုင်တော့ပေ။ မိုးစက်ကို တိတ်တဆိတ်ငေးရင်း မိုးစက်၏ ပုံရိပ်တိုင်းကို မှတ်သားနေမိသည်။ မိမိနှလုံးအိမ်တွင် မိုးစက်၏ ပုံရိပ်အားလုံး စွဲမြဲနေမှာ သေချာသည်။

မိုးစက်သည် မိမိချစ်သော ကလေးများနှင့် နူတ်ဆက်ခွင့်ရအောင် စီစဉ်ပေးသည့် အကိုကြီးကို ကျေးဇူးတင်မဆုံး တော့ပေ။ အိမ်ပြန်လာတော့ ည ၉ နာရီကျော်လေပြီ။ မျက်ရည်ကျခဲ့ရသဖြင့် မိုးစက် မောပြီးအိပ်ပျော်သွားတော့သည်။ စနေထွဋ်ခေါင်သည် မိုးစက်ကိုမိမိပုခုံးပေါ် အသာမှီစေပြီး ဖက်ထားရင်း မိုးစက်၏ မျက်နှာလေးကို ငေးကြည့်နေမိသည်။ ကားဒရိုင်ဗာက သူဌေးကြီး ခွန်စနေက သူ့ညီ ခွန်မိုးစက်ကို မည်မျှချစ်သည်ကို တွေ့သော် ကြက်သီးမွေးညှင်းပင်ထမိသည်။

"ကားကို ငြင်ငြင်သာသာမောင်း ။ မိုးစက် အိပ်ပျော်နေတယ်။"

ခွန်စနေ၏ အမိန့်အတိုင်း ဒရိုင်ဘာက ကားကို သေချာမောင်းခဲ့သည်။ အိမ်သို့ေ၇ာက်သည့်တိုင် ခွန်မိုးစက် မနှိုးသေးသဖြင့် ခွန်စနေက ပွေ့ချီသွားသည်ကို ငေးကြည့်ရင်းကျန်ရစ်ခဲ့သည်။ အင်မတန်ကို လှပကာ အားကျဖွယ် မြင်ကွင်းကို ဒရိုင်ဘာက ငေးနေမိသည်။

စနေထွဋ်ခေါင်သည် မိုးစက်ကို အိပ်ယာပေါ်တွင်အသာချပေးလိုက်သည်။ မိုးစက်က ထိုအခါမှ အိပ်ချင်မူးတူးနှင့်နိုး လာပြီး မေးလိုက်သည်။

"အကိုကြီး ကျွန်တော့်ကို ပွေ့လာတာလား။ နှိုးလိုက်တာ မဟုတ်ဘူးဗျာ။"

စနေထွဋ်ခေါင်သည် မိုးစက်ကို ပြုံးကြည့်ကာ ပြောလိုက်သည်။

"မင်းကိုယ်လေးကပေါ့ပေါ့လေး။ မလေးပါဘူး။ အိပ်ချင်ဆက်အိပ်လေ။ ရေမချိုးနဲ့တော့။"

မိုးစက် လူးလဲထကာ ပြောလိုက်သည်။

"ဟင့်အင်း မနေတတ်ပါဘူးဗျာ။ အကိုကြီးလည်း ချိုးမှာမဟုတ်လား။"

"ချိုးမှာပေါ့။"

"ကျွန်တော်လည်း ချိုးမှာ။ အကိုကြီးညီလေ။ အကိုကြီးနဲ့ အကျင့်တူတယ်။"

မိုးစက်သည် အိပ်ယာမှ ထကာပြောလိုက်သည်။ တကယ်တော့ စကားမရှိစကားရှာပြောနေခြင်းဖြစ်သည်။ မနက်ဖြန်သို့ရောက်လျှင် အကိုကြီးနှင့် မိမိခွဲရတော့မည်။ မခွဲချင်ပါ။ သို့သော် မိမိရွေးချယ်ထားသောလမ်းကို ဆက်လျှောက်ရတော့မည်။ တခုလိုချင်လျှင် တခုကိုလက်လွှတ်အဆုံးရှုံးခံရသည့် Opportunity cost ဆိုတာကို လက်တွေ့ မိုးစက်သိသွားလေပြီ။ ငိုချင်စိတ်က ရင်ထဲ လှိုက်လှိုက်တက်လာခဲ့သည်။ သို့သော်အကိုကြီးရှေ့ မျက်၇ည်ထပ်မကျချင်သောကြောင့် မိုးစက် အကိုကြီးကို ပြောလိုက်သည်။

"ကျွန်တော် ရေချိုးတော့မယ် အကိုကြီး"

စနေထွဋ်ခေါင် ခေါင်းငြိမ့်ကာ ထွက်သွားတော့သည်။ မိုးစက် သည် အကိုကြီးထွက်သွားမှေ၇ချိုးခန်းထဲ ၀င်ရေချိုးရင်း အားရအောင်ငိုချလိုက်တော့သည်။ မျက်ရည်များ ရေနှင့်အတူမျှောပါသွားသလို သောကအားလုံး ရေနှင့်အတူ မျှောပါသွားလျှင်မည်မျှကောင်းလိုက်မည်နည်းဟု မိုးစက်နာကျင်စွာတွေးနေမိသည်။

ရေချိုးခန်းမှ ထွက်တော့ မိုးစက် ဖုန်းဖွင့်လိုက်ပြီး အကိုနှင်းထန်ကို ဆက်လိုက်သည်။

"အကို..."

နှင်းထန်သည် မိုးစက်၏ အသံပြောင်းနေသောကြောင့် စိုးရိမ်တကြီးနှင့်မေးလိုက်သည်။

"ချာတိတ် မင်းကို စနေထွဋ်ခေါင် အနိုင်ကျင့်သေးလား။ ပြောစမ်း။ သူဘာပြောတာလဲ။ မင်းကို ပြန်မလွှတ်ဘူးတဲ့လား။"

စနေထွဋ်ခေါင် ပြန်ရောက်ကြောင်းကြားသဖြင့် နှင်းထန် ဖြစ်နိုင်ချေကို တန်းတွေးကာ မေးချလိုက်သည်။

အကိုနှင်းထန်၏ အမေးကြောင့် မိုးစက် အူကြောင်ကြောင်ဖြစ်သွားသည်။ မိမိက အကိုကြီး လက်မှတ်စီစဉ်ပေးထား သောကြောင့် မနက်ဖြန်နေ့လည်လေယာဉ်ဖြင့် ပြန်မည်ဟု ပြောမည်ကို အကိုနှင်းထန်က အထင်လွှဲကာပြောနေသည်။ မိုးစက် ချက်ချင်းပြန်မေးလိုက်သည်။

"အကိုကြီး ပြန်ရောက်တာ အကိုဘယ်လိုသိတာလဲ။"

"နေ့လည်က မင်းတို့ ရုံးချုပ်ရှေ့ကိုရောက်တော့ မေးလိုက်တာလေ။ ပြော ကိုယ် မင်းကို ပြန်လွှတ်ဖို့လာပြောပေးရ မလား။"

နှင်းထန် ပေါက်ကွဲစွာပြောလိုက်သည်။ မိုးစက်သည် ရယ်လည်းရယ်ချင်၊ စိတ်လည်း ညစ်သွားသည်။ အကိုနှင်းထန်က အကိုကြီးကို အထင်လွဲနေသည်ကိုး။

"မလိုပါဘူး အကို။ အကိုကြီးက မနက်ဖြန်နေ့လည် လေယာဉ်ကို လက်မှတ်မှာထားပေးပြီးသွားပြီ။"

နှင်းထန်သည် မိုးစက်၏ လေသံထဲမှ မိမိကို အလိုမကျသည်ကို ခံစားလိုက်ရသည်။ မိမိက သူချစ်သော အကိုကြီးကို အထင်လွှဲကာ အပြစ်တင်နေမိသည်ကိုး။ နှင်းထန် သက်ပြင်းရှိုက်ကာ မေးလိုက်သည်။

"မိုးစက် ချာတိတ် ဘာလို့ ငိုနေတာလဲ။"

မိုးစက်သည် အကိုနှင်းထန်မေးလာမှ တဖန် မျက်ရည်ဝဲလာသည်။ သို့သော် မိမိစိတ်ထဲရှိသည့် အတိုင်းပြောလျှင် သူစိတ်မကောင်းဖြစ်ဦးမည်။ ထို့ကြောင့် ငြင်းလိုက်သည်။

"မငိုပါဘူး အကို။ အပြန်လမ်းမှာ အိပ်ပျော်လာလို့ အသံပြောင်းနေတာပါ။ အိပ်ယာထ စမို့ပါ။ မနက်ဖြန် လေယာဉ်ကွင်းဆင်းရင် အကို့ကို ၀င်ခေါ်မယ်။"

"မနက်ကတည်းက ဟိုတယ်ကို လာခဲ့ပါလား မိုးစက်လေး။"

"ဟင့်အင်း။ ထုပ်ပိုးရအုံးမယ် အကို။ ဆောရီး။ နေ့လည်မှ ၀င်ခေါ်မယ်နော်။ ဒါပဲနော် အကို၊ ကျွန်တော်အိပ်ချင်ပြီ။"

နှင်းထန်ဘာမှမပြောရသေးခင် မိုးစက်ဖုန်းချလိုက်သည်။ မျက်နှာကို လက်ဝါးနှင့်သပ်ကာ အကိုကြီးနှင့်စကားပြောရန် သူ့အခန်းကို ကူးလာခဲ့သည်။

"ဒေါက်... ဒေါက်...."

"အကိုကြီး.... "
မိုးစက် ခေါ်လိုက်သည်နှင့် သူချက်ချင်းပြန်ထူးခဲ့သည်။

"၀င်ခဲ့လေ မိုးစက်။"

မိုးစက် အခန်းထဲကို ၀င်သွားတော့ အကိုကြီး ဆေးသောက်နေသည်ကိုတွေ့လိုက်သည်။

"အကို ဘာဆေးတွေလဲ။ အကိုကြီး နေမကောင်းဘူးလား။ ဘာဖြစ်လို့လဲဟင်။"

မိုးစက် စိုးရိမ်တကြီးမေးလိုက်သည်။ သို့သော် အကိုကြီးက မျက်နှာမပျက်ပဲ ဆေးသောက်ပြီးသည်နှင့် ပြန်ဖြေခဲ့သည်။

"နေကောင်းပါတယ်။ အကိုကြီးက အသက်ကြီးပြီဆိုတော့ အရွယ်တင်နုပျိုအောင် ဆေးဝါးမှီဝဲရတာပါ။ ပြောလေ။ ဘာပြောမလို့လဲ။"

မိုးစက် သည် အကိုကြီး၏ အမူအယာနှင့် စကားကြောင့် ယုံကြည်သွားသည်။ အကိုကြီးကို ကြည့်ကာ ပြောလိုက်သည်။

"အကိုကြီးကို လာနူတ်ဆက်ရင်း စကားပြောချင်လို့။"

စနေထွဋ်ခေါင်သည် မိုးစက်၏ ခံစားချက်ကို နားလည်ပါသည်။ ထို့ကြောင့် ဆိုဖာပေါ်ထိုင်ကာ မိမိနံဘေးတွင် လက်ပုတ်ပြပြီးလာထိုင်ခိုင်းလိုက်သည်။ မိုးစက် အကိုကြီးဘေးတွင် ၀င်ထိုင်လိုက်သည်။ မိုးစက် ထိုင်ပြီးမှ အကိုကြီးက အေးအေးဆေးဆေးစကားပြောသည်။

"ပြောလေ ညီလေး။ ဘာပြောချင်တာလဲ။ အကိုကြီးနားထောင်မယ်။"

အကိုကြီးထိုသို့ပြောတော့ မိုးစက် ဘယ်ကစပြောရမလဲ မသိတော့ပေ။ စကားလုံးများက ရင်နှင့်အပြည့်ရှိသော်လည်း တလုံးမှ နူတ်မှထွက်မလာခဲ့ပေ။ စနေထွဋ်ခေါင်သည် မိုးစက်ကို ပြုံးကြည့်ကာ ပြောလိုက်သည်။

"မိုးစက်လေး.... အကိုကြီးကတော့ မိုးစက်လေးကို ထွေထွေထူးထူး ပြောစရာ စကားတခွန်းမှ မရှိဘူး။"

အကိုကြီး၏ စကားကြောင့် ဖြတ်ခနဲမော့ကြည့်လိုက်သည်။ အကိုကြီးက မိမိကို နွေးထွေးစွာပြုံးပြနေသည်ကို တွေ့တော့ ရင်ထဲမှ သောကတို့အနည်းငယ်ပြေသွားသည်။

"အကိုကြီးက မိုးစက်ကို လက်လွှတ်ဆုံးရှုံးလိုက်တာ မဟုတ်ဘူး။ အတူမနေပဲ ခွဲနေတာပဲလေ။ မိုးစက် မြန်မာပြည်ကိုသွားနေရုံနဲ့ အကိုကြီးရဲ့ မိုးစက်အပေါ် ထားတဲ့ စိတ်ထားက ပြောင်းသွားမှာမဟုတ်ဘူး။ ဒါကြောင့် မိုးစက်ကို အကိုကြီး ထွေထွေထူးထူး ပြောစရာမရှိဘူးလို့ပြောတာ။ အတူ အစားစာမစားဖြစ်ဘူး၊ တအိမ်တည်း အတူ မနေဖြစ်ဘူး၊ နေ့တိုင်း အလုပ်အတူ မလုပ်ရဘူးဆိုပေမယ့် အကိုကြီးအချစ်တွေက နည်းနည်းမှ လျှော့မသွားဘူး။"

မိုးစက်သည် အကိုကြီး၏ စကားကိုကြားသော် သက်ပြင်းရှိုက်ရင်း ပြုံးလာခဲ့သည်။ တကယ့်ကို ကြည်ကြည်စင်စင်ကို ပြုံးမိခြင်းဖြစ်သည်။

"အကိုကြီးရဲ့ ဒီစကားကို ကြားရုံနဲ့ကျေနပ်ပြီ။ ကျွန်တော်လေ သွားလည်းသွားချင်တယ်။ သွားလည်း မသွားချင်ဘူး။ အတူတူနေရရင်ကောင်းမယ်နော်။ "

မိုးစက် ကလေးဆန်ဆန်ဖြစ်ချင်တာကို ပြောလိုက်သည်။ စနေထွဋ်ခေါင်ပြုံးရုံသာ ပြုံးနေလိုက်သည်။ မိုးစက် စိတ်ချမ်းသာသလို ပြောပါစေဆိုပြီးလွှတ်ထားလိုက်သည်။

မိုးစက်သည် သက်ပြင်းရှိုက်ရင်းမေးလိုက်သည်။

"ကျွန်တော် ပြန်လိုက်သွားတာကို အကိုကြီး စိတ်မဆိုးဘူးလား။"

"ဘာလို့ဆိုးရမှာလဲ။ မိုးစက်စိတ်ချမ်းသာမယ်၊ ပျော်မယ်ဆိုရင် အကိုကြီး ပျော်တယ်။ ခွင့်ပြုတယ်။ အေး တစ်ခုပဲရှိတယ်။ မင်း စိတ်ဆင်းရဲနေရတယ်။ ရူးကြောင်ကြောင်လုပ်ပြီး နွားဇာတ်ခင်းနေတယ်ဆိုရင် မင်း ဘယ်လိုငြင်းငြင်း ဘယ်သူတွေ တားတား မင်းကို ရအောင်လာခေါ်မယ်"
အကိုကြီး၏ စကားအဆုံးတွင် မိုးစက်သူ့ကိုဖက်ကာ ပြောလိုက်သည်။

"စိတ်ချပါ အကိုကြီး။ မဖြစ်စေရပါဘူး။ "

အချစ်စစ်၏တည်နေရာ- Season (4)Where stories live. Discover now