(Z+U) Season (4)_ အပိုင်း(25)

898 47 1
                                    

အချစ်စစ်၏ တည်နေရာ
Season (4)
အပိုင်း(25)

မိုးစက်သည် အကိုကြီးနှင့် မာန် နေ့လည်စာစားမည်ဆိုလို့ အနည်းငယ်စိတ်အေးကာ အလုပ်ကို အာရုံစိုက်ကာ လုပ်နေမိသည်။ အတုလလည်း ညက ဖုန်းဆက်မေးပြီးကတည်းက အလုပ်ထဲတွင် ဘာမှ မထပ်မပြောတော့ပါ။

ဝသုန်က မိုးစက်နှင့် အတုလကို အကဲခတ်နေသည်။ အထူးသဖြင့် မာန်နှင့် အတုလ၏ ဆက်ဆံရေး၊ မာန်ဘက်က အတုလကို ချစ်သည်ဟု ပွင့်လင်းစွာဆိုထား သည်။ ပြီးတော့ ဦးစနေက နေ့လည်စာ စားဖိတ်ထားသည်ဆိုတော့ ဘာတွေများ ဆက်ဖြစ်လာမလဲဆိုသည်ကို စိတ်ဝင်စား နေမိသည်။

အတုလနှင့် နိီးစပ်ရန် မာန်က ဦးစနေကို သွားတွေ့ခြင်းဖြစ်သည်ဆိုတော့ ဒီအက်ျိုးဆက်က မည်မျှရိုက်ခတ်နိုင်သည်ကို ၀သုန် ရင်ခုန်နေမိသည်။

အတုလသည် မိမိလုပ်စရာကို ခေါင်းစိုက်လုပ်နေရာမှ အနည်းငယ် ဂနာမငြိမ်ဖြစ်ကာ ထိုင်လိုက်၊ ထလိုက်၊ မိမိတို့ကို ကြည့်လိုက်၊ သက်ပြင်းချလိုက်လုပ်နေသော ၀သုန်ကို မော့ကြည့်ကာ မေးလိုက်သည်။

"မင်း ဘာဖြစ်နေတာလဲ ၀သုန်..."

ဝသုန်က အတွေးများနှင့် ယောက်ယက်ခတ်ကာ ပူလောင်နေရာမှ အတုလ၏ အမေးကြောင့် အတုလကို လှည့်ကြည့်လိုက်စဉ် အတုလက မျက်မှန်ဖြုတ်ကာ မျက်လုံးကို ပွတ်သပ်နေသည်ကိုတွေ့လိုက်ရသည်။ ရှင်းသန့်သည့် မျက်နှာ၊ မျက်နှာသွယ်လေးနှင့် ကလေးတစ်ယောက်လို နုပျိုပြီး အပြစ်ကင်းသည့် မျက်နှာလေးကို ၀သုန် စကားမဆိုနိုင်ပဲ ငေးသွားမိသည်။

အတုလက မျက်လုံးယားသဖြင့် မျက်လုံးကို ပွတ်ပြီး အတော်ကြာတဲ့အထိ ၀သုန်ထံမှ အမေးမရသဖြင့် မျက်မှန်တပ်ပြီး ကြည့် လိုက်တော့ ငုတ်တုတ်မေ့သလို မိမိကို ငိုင်ကြည့်နေသည်ကို တွေ့ရတော့ စိုးရိမ်ကာ ထိုင်ရာမှ ချက်ချင်းထကာ ၀သုန်နားကို ရောက်လာပြီး မျက်လုံးရှေ့ကို လက်ယမ်းကြည့်လိုက်သည်။

ဝသုန်က အတုလကို စိတ်မှတ်မဲ့ငေးနေရာမှ မိမိရှေ့ရောက်လာပြီး လက်ယမ်းပြတော့မှ သတိဝင်လာပြီး အတုလကို သတိလက်လွတ်ငေးသွားမိသည်ကို ရှက်ကာ မျက်လုံးလွှဲလိုက်တော့ မိုးစက် မိမိကို ကြည့်နေသည်နှင့် တည့်တည့်တိုးတော့ သည်။ မိုးစက်၏ မျက်ဝန်းထဲတွင် မိမိကို နားလည်သည့်အရိပ်၊ ပြီးတော့ အံ့သြသည့် အ၇ိပ်ထင်ဟပ်နေသည်ကို တွေ့တော့ မျက်နှာနီသွားသည်။
အတုလသည် မိမိနောက်လိုက်သဖြင့် ၀သုန် မျက်နှာသာမက နားရွက်များပါ နီသွားသည်ကို တွေ့တော့ သဘောကျစွာ ၇ယ်မောကာ ပြောလိုက်သည်။

"၀သုန်... မင်းကလည်း ကလေးကျနေတာပဲကွာ.....ငါက စတာပါ။ မင်း ဘာဖြစ်နေတာလဲ.။ စိတ်နဲ့လူနဲ့ မကပ်ဘူး။"

ဝသုန်က အတုလ၏ စကားကိုဖြေရခက်နေစဉ် မိုးစက်က ၀င်ဖြေပေးလိုက်သည်။

"သူလား ..အပူမိနေတာ...သူ့ချစ်သူက သူများနောက်ကို ပါသွားမလားလို့စိုးရိမ်နေတာ..."

မိုးစက်က ဖိုင်တွဲများကို စစ်ရင်း ၀င်ဖြေလိုက်သည်။

"ဟုတ်လား...အေးကွာ။ ဆောရီး ငါက မင်းကိုလှောင်သလိုဖြစ်သွားတယ်..."

အတုလက သဘောရိုးထင်ကာ တောင်းပန်လိုက်သည်။

"မဟုတ်ပါဘူးကွာ...ဟိုကောင် မိုးစက် အချွန်နဲ့လာ မ မနေနဲ့။မင်း..."

ဝသုန်က မိုးစက်ကို လက်သီးဆုပ်ထောင်ပြလိုက်သည်။ မိုးစက်က သွားစွယ်တန်းလေးများပေါ်အောင်ကို ရယ်မောလိုက်သည်။
ထိုစဉ် ရုံးခန်းထဲကို လူတစ်ဦးဝင်လာခဲ့သည်။ ထိုလူကိုတွေ့လိုက်သည်နှင့် မိုးစက် ထိုင်ရာမှ ထရပ်ကာ နူတ်ဆက်လိုက်သည်။

"အန်ကယ်..."

"မင်း နဲ့ စကားပြောစရာရှိလို့ ၀င်လာတာ မောင်မိုးစက်.."

"ဟုတ်ကဲ့ အန်ကယ်။ အစည်းဝေးခန်းမထဲကို ကြွပါခင်ဗျာ..."

ဦးမင်းထန်က ၀သုန်ကို ခေါင်းငြိမ့်နူတ်ဆက်ကာ မိုးစက်ကို ခေါ်ပြီးထွက်သွားသည်။မိုးစက်လည်း ဦးမင်းထန်နောက် ကိုလိုက်လာခဲ့သည်။ ဦးမင်းထန်လည်း အရင်ကထက်စာလျှင် အများကြီး အိုစာသွားသလိုပင်။

မိုးစက်သည် ဖေဖေ့ မိတ်ဆွေ၊ ညီမလေးရဲ့ယောက္ခမဟောင်းဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း ရင်ထဲ မကောင်း ဖြစ်လာသည်။ အန်ကယ် ဦးမင်းထန်ကို သနားသလို ခံစားလိုက်ရသည်။ အန်ကယ်လည်း သားဖြစ်သူက သဘာဝမကျသည့် ချစ်သူကို ပိုင်ဆိုင် ထားတော့ ဖခင်တစ်ယောက်အနေဖြင့် သူလည်း ခံစားရမည်ကို သိသည်။ မိုးစက်သည် အန်ကယ့်ကို ကြည့်ကာ သက်ပြင်းကို ခိုးချလိုက်မိသည်။ '

"ထိုင် မောင်မိုးစက်...."

ဦးမင်းထန်က ထိုင်ခုံတစ်ခုတွင် ၀င်ထိုင်ကာ မိုးစက်ကို မိမိ ရှေ့မှ ထိုင်ခုံကိုညွှန်ပြကာ ပြောလိုက်သည်။

"မင်း....တကယ်ပဲ ဦးရဲ့သားနဲ့ တရားဝင်တွဲဖို့ ဆုံးဖြတ်ထားပြီပေါ့..."

ဦးမင်းထန်သည် သူငယ်ချင်း၏ သားငယ် မိုးစက်ကို ကြည့်ကာ မသက်မသာနှင့် မေးလိုက်သည်။ တကယ်ဆိုရင် ဒီကလေးက သက်ခိုင်ဆုံးသွားတော့ မိမိ၏ သားလေးလို ချစ်ရမည့် ကလေးဖြစ်သည်။ သို့သော် ထိုကလေးက မိမိသား ၏ ချစ်သူဖြစ်နေသည့် အပြင် တရားဝင်တွဲရန်ကြံရွယ်နေသည်ဆိုတော့ ဦးမင်းထန် စိတ်မသက်မသာ နှင့် မေးလိုက်သည်။

မိမိသား၏ တဇွတ်ထိုး စိတ်ကို တားမရသော်လည်း မိုးစက်သာ ရှောင်ပေးလျှင် အဆင်ပြေနိုင်သည်ဟု ဦးမင်းထန် တွေးနေမိသည်။ အရင်တုန်းကလည်း မိုးစက် ထွက်သွားသဖြင့် ၀တီနှင့် သားဖြစ်သူ တရားဝင်ဖြစ်လု
နီးပါးဖြစ် သွားသည်။ သို့သော် ၀တီ စိတ်ပြောင်းသွားလို့ သားက မိုးစက်ထံကို လိုက်သွားနိုင်ပြီး ပြန်ခေါ် လာခဲ့သည်။

ဦးမင်းထန်သည် ချောမွေ့သည့် လူငယ်လေးကို ကြည့်ကာ မေးလိုက်သည်။ ဖြစ်နိုင်လျှင် မိုးစက်ကို သားဖြစ်သူ၏ ဘ၀ထဲမှ သူ့ဖာသာ ထွက်သွားစေချင်မိသည်။ မိုးစက်သာ ထွက်သွားလျှင် အားလုံး အဆင်ပြေသွားလိမ့်မည်။ သားလေးလည်း မြေးငယ်တို့ သားအမိထံ ပြန်ရောက်လာနိုင်သည်။

"တောင်းပန်ပါတယ် အန်ကယ်။ ကျွန်တော် အကို့ဘေးမှာ နေဖို့ ဆုံးဖြတ်ထားပြီးပါပြီ။"

"မင်းကို အန်ကယ် ဘယ်လိုတောင်းပန်ရမလဲ မောင်မိုးစက်..."

မိုးစက်သည် ဦးမင်းထန်ကို အားနာစွာကြည့်ကာ အနူးအညွတ်တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် အန်ကယ်။ ကျွန်တော် တောင်းပန်တယ် ဆိုတဲ့စကားကလွဲရင် ပြောစရာ မရှိတော့ဘူး.."

မိုးစက် မျက်နှာအောက်ချကာ တောင်းပန်လိုက်သည်။ တကယ်လည်း တောင်းပန်စကားကလွဲရင် မိုးစက် ပြောစရာမရှိပါ။ ဘယ်သူလာခွဲခွဲ အကို့လက်ကို မလွှတ်တော့ဟု မိုးစက် ဆုံးဖြတ်ထားပြီးဖြစ်သည်။ မိုးစက် အဆုံးစွန် ထိတွေးကာ အကို့လက်ကို ဆုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

"မင်း သားကို တကယ်မချစ်ဘူး ...."

ဦးမင်းထန်က မိုးစက်ကို စွပ်စွဲလိုက်သည်။ မိုးစက် သည် အန်ကယ့်ကို ငေးကြည့်ကာ နူတ်ဆိတ်နေလို်က်သည်။ မိမိ တကယ်ချစ်မချစ်ကို အန်ကယ် နားလည်အောင် မည်သို့ရှင်းရမှန်းမသိတော့ပေ။

ဦးမင်းထန်သည် မျက်နှာငယ်လေးနှင့် ညှိုးငယ်စွာကြည့်နေသော မိုးစက်ကို သားဇောနှင့် ကြည့်ကာ ပြောလိုက်သည်။
"မင်း သားကို တကယ်ချစ်ရင် လိုက်မလာသင့်ဘူး။ မင်းသာ လိုက်မလာရင် သားက ၀တီ့ကို လက်ခံလိုက်မှာပဲ.."
မိုးစက်သည် အန်ကယ့်ကို ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

"၀တ်ီက အကိုနဲ့အတူ ကျွန်တော့်ကို လာခေါ်တာပါ အန်ကယ်။ ၀တီက နောက်အိမ်ထောင်ပြုတော့မယ်။ အကို့ကို ပြန်လက်ခံဖို့ လာပြောလို့ ကျွန်တော် ပြန်လိုက်ခဲ့တာပါ။"

မိုးစက် ထိုမျှသာ ပြောလိုက်သည်။ အကိုက သူ့အသက်နှင့်ရင်းကာ မိမိကို ချစ်သက်သေပြလို့ပြန်ခေါ်လာသည်ကို ဖွင့်ပြောပြဖို့ မိုးစက် မလုပ်ရက်ပါ။ အန်ကယ် ပိုပြီး စိတ်ဆင်းရဲသွားလိမ့်မည်။

"သူခေါ်တိုင်း မင်းပြန်လိုက်ခဲ့ရသလား မိုးစက်။ တကယ်ဆိုရင် မင်းက ဟိုမှာ အခြားလူ တစ်ယောက်နဲ့ နေနေပြီ မဟုတ်လား။ အဲ့လူနဲ့ မင်း ဆက်နေလို့ ရလျက်နဲ့ ဘာကြောင့် တည်ငြိမ်နေတဲ့ သားဘ၀ထဲကို ပြန်ဝင်ချင်လာတာလဲ။ အန်ကယ်လေ မင်းကို သက်ခိုင် မျက်နှာနဲ့ မမုန်းချင်ဘူး။ မင်းက အန်ကယ်ရဲ့ သားလေးလည်းဖြစ်တယ်။ ဒါပေမယ့် မင်းတို့ရဲ့  သဘာဝမကျတဲ့ လုပ်ရပ်ကို အန်ကယ့် အသိုင်းဝိုင်းကြားမှာ အန်ကယ့်ကို မျက်နှာပျက်စေတယ်။ အရှက်ရ စေတယ်။ ပြီးတော့ သားရဲ့ အနာဂတ်ကိုလည်း ပျက်စီးစေတယ်..."

ဦးမင်းထန်က မိုးစက်ကို မညှာမတာပြောလိုက်သည်။ မိုးစက်သည် ဦးမင်းထန်ပြောသည်ကိုကြားတော့ စိတ်မကောင်းဖြစ်သော်လည်း မိမိနှင့် အကို၏ အချစ်ကို အန်ကယ် နားမလည်သောကြောင့် ပြောသည်ကို သိတော့ သက်ပြင်းရှိုက်ရုံကလွဲပြီး အရမ်းကြီးတော့ နာကျင်သည်တော့ မဟုတ်ပါ။ လူတွေ ဒီလိုမြင်မည်ကို မိမိကြိုတွေးပြီးဖြစ်သည်။ အကိုကတော့ ချစ်လွန်းလို့ မိမိကို လက်တွဲသည်ဆိုသော်လည်း မိိမိဘက်က ပြန်ပေးလိုက်ရသည်လည်းရှိသေးသည်။ ဒါတွေကို ရင်ဆိုင်မည်ဟု တွေးကာ အကို့နောက်ကို လိုက်လာခြင်းဖြစ်လို့ မိုးစက် မတုန်လှုပ်ပါ။

"တောင်းပန်ပါတယ် အန်ကယ်..."

မိုးစက် ဘာမှ ထပ်မပြောပဲ တောင်းပန်စကားကိုသာ တွင်တွင်ပြောနေမိသည်။ ဟုတ်သည်။ မိမိတို့ လိင်တူ အချစ်ကို ဘယ်လိုရှင်းပြရမလဲ။ ဒါက ဦးမင်းထန်၏ ကိုယ်ချင်းစာစိတ်နှင့် သဘောထားကြီးမှုရှိမှ မိမိတို့ကို လက်ခံနိုင်မည်ကို သိပြီးဖြစ်သည်။ ထို့ကြောင့် မိုးစက် ဘာမှ ထူးပြီး ဖြေရှင်းချက်မပေးတော့ပါ။

ဦးမင်းထန်သည် မိုးစက်ကို ကြည့်ကာ သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။

"မြေးလေးရဲ့ ရောဂါက တစ်သက်လုံး ဆေးနဲ့ အသက်ဆက်ရတော့မယ် မောင်မိုးစက်။ ဒါကို ၀တီတစ်ယောက်တည်း ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ၀တီ့အတွက် သားက အရမ်းလိုအပ်နေတယ်။ မောင်မိုးစက် လက်မလွှတ်ရင် သားက သွားမှာ မဟုတ်ဘူး။"

မိုးစက်သည် ဦးမင်းထန်ကို တည်ငြိမ်စွာကြည့်ကာပြောလိုက်သည်။

"အကို့ကို ကျွန်တော် ဆွဲမထားပါဘူး အန်ကယ်။ တကယ်တမ်းပြောရင် ချစ်လို့ အတူနေတာပဲရှိတာပါ။ ကျွန်တော်တို့တရားဝင်ဘာမှ မလုပ်ကြပါဘူး၊ အကို့ကို ကျွန်တော် ချုပ်ချယ်မထားပါဘူး၊ အကို့ရဲ့ ရွေးချယ်မှုကို ကျွန်တော် လိုက်နာပါ့မယ်။ တကယ်လို့ ၀တီ့နားကို အကိုပြန်သွားချင်ရင် ကျွန်တော် အချိန်မရွေး လက်ခံနိုင်ပါတယ်။ ကျွန်တော် အကို့နားမှာ မနေပါဘူး အန်ကယ်...."

ဦးမင်းထန်က မဲ့ပြုံးပြုံးလိုက်သည်။ မိုးစက် ပြောသည့် သဘောက သူထွက်သွားမည် မဟုတ်။ သားဖြစ်သူက ၀တီ့ထံ သွားလျှင် သူကလက်ခံသည်တဲ့လား။ မိုးစက် က သားဖြစ်သူ သူ့ကို အသည်းစွဲချစ်သည်ကို သိကာ တမင်ပြောသည် ဟု သတ်မှတ်ကာ မိုးစက်ကို မုန်းသွားသည်။

"မင်း မသွားရင် သားက ၀တီ့ဆီ မသွားနိုင်ဘူး မိုးစက်။ မင်းက ရှောင်ပေးရမယ် မဟုတ်လား။"

မိုးစက်သည် မိမိကို ရန်လုပ်နေသည့် ဦးမင်းထန်ကို ငေးကြည့်ကာ အေးအေးလေး ပြောလိုက်သည်။ စိတ်က ထူးထူးခြားခြား တည်ငြိမ်နေသည်။ ဦးမင်းထန်ပြောသည်ကို ခွဲခြမ်းနားလည်ပါသည်။ သို့သော် ဒေါသမထွက်ပဲ အေးဆေးစွာ ဖြေရှင်းလိုက်သည်။

"ကျွန်တော် နှစ်နှစ်တိတိရှောင်ပေးခဲ့ပါတယ် အန်ကယ်။ ၀တီ့ဆီသွားဖို့ဆိုတာ အကို့စိတ်နဲ့ အကိုပါ။ ကျွန်တော်ရှောင်ပေးခြင်း၊ မရှောင်ပေးခြင်းက အဓိက မကျပါဘူးခင်ဗျာ။"

ဦးမင်းထန်သည် ပျော့မလိုလိုနှင့် ခေါင်းမာလှသည့် မိုးစက်ကိုအေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
"ကောင်းပြီ။ သားက ၀တီ့ဘက်ကို ငဲ့ကွက်စရာတွေရှိလာရင် မင်းအသာတကြည်နဲ့ ထွက်သွားဖို့ မမေ့ပါနဲ့။"
"စိတ်ချပါ အန်ကယ်။ အကိုက ၀တီ့ကိုရွေးချယ်လိုက်ရင် ကျွန်တော်ထွက်သွားပါ့မယ်..."

ဦးမင်းထန်သည် မိုးစက်၏ သွေးအေးစွာ ပြောနေသည်ကိုကြည့်ကာ ဒေါသနှင့် အစည်းဝေးခန်းမထဲမှ ထွက်သွားတော့သည်။ မိုးစက်သည် ဒေါသနှင့်ထွက်သွားသည့် အကို့ဒယ်ဒီ၊ ဖေဖေ့ မိတ်ဆွေ အန်ကယ့် ကျောပြင်ကိုကြည့်ကာ သက်ပြင်းသာ ချလိုက်မိသည်။

မိုးစက် ခဏနေပြီး ရုံခန်းထဲကို ပြန်လာတော့ ၀သုန်က စိုးရိမ်စွာ စီးမေးလိုက်သည်.

"ဘာတဲ့လဲ ဟေ့ကောင်.."

"အင်း... ငါ့ကို အကိုနဲ့ လမ်းခွဲစေချင်လို့လာပြောတာ..."

ဝသုန်က ဒေါသနှင့် လက်သီးဆုပ်လိုက်မိသည်။ မိမိသူငယ်ချင်းကို သူ့သားက အတင်းသွားခေါ်ထားသည်ကို သိလျက်နှင့် သူငယ်ချင်းဖြစ်သူကို တမင် အနိုင်ကျင့်လာပြောသွားခြင်းဖြစ်သည်။ မိုးစက်က ၀သုန့်ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။

"မင်းကလည်း စိတ်လျှော့်ပါ။ ငါ လည်းအပြတ်ပြောလိုက်ပါတယ်။ အကို့သဘောလို့...ဒါကြောင့်အန်ကယ် ဒေါကန်ပြီး ပြန်သွားတယ်။"

"အေး... မင်းပဲ သည်းခံ။ ကြားက ငါ အကုသိုလ်များတယ်။ မပြောတော့ဘူး။"

ဝသုန် စိတ်ပျက်လက်ပျက်နှင့် အလုပ်ကို ပြန်လုပ်နေတော့သည်။ အတုလက လုပ်လက်စကို ချကာ မိုးစက်ကို ကြည့်လိုက်သည်။

"သြော်....မိုးစက်နဲ့ ဒေါက်တာကို ဦးမင်းထန်က မကြည်ဘူးလား။ "

"အင်း...ဘယ်အဖေက သဘောတူမှာလဲကွာ။ ငါတို့ချစ်ခြင်းက အပြစ်မှ မကင်းတာကိုကွာ..."

မိုးစက် ခပ်ညည်းညည်းလေးပြောကာ ဖိုင်ကိုဖွင့်လိုက်သည်။ အတုလက မိုးစက် ၏ ဖိုင်ကို ဖိကာ ပြောလိုက်သည်။

"ဟေ့ကောင် မိုးစက်။ ချစ်ခြင်းတိုင်းက အပြစ်ကင်းပါတယ်။ လိင်တူချစ်လည်း မင်းတို့ အချစ်က စစ်မှန်ရင် ချစ်ခြင်းက လှပပြီးသားလေကွာ။ မင်း ဒီစကားကို မပြောသင့်ဘူး။ "

မိုးစက် တချက်ရယ်က အတုလကို ပြောလိုက်သည်။

"အင်း ဟုတ်တယ်။ ငါ စကားပြောမှားသွားတယ်။ ချစ်ခြင်းတရားက စစ်မှန်နေဖို့ပဲလိုတယ်။ ဒါဆို ဘာမှ မလိုတော့ဘူး။ အင်း ကျေးဇူး အတုလ..."

ဝသုန်သည် အတုလ၏စကားနှင့် မျက်နှာထားကိုတွေ့သော် ရင်ထဲ လှိုက်ခနဲဖြစ်သွားသည်။ ဒါဆို အတုလလည်း လိင်တူ ချစ်ခြင်းကို လက်ခံသည်ဟု တွေးကာ ပျော်သွားသည်။

မိုးစက်လည်း အတုလ၏ စကားကြောင့် စိတ်သက်သာရာရသွားသည်။ တကယ်လို့ အကိုကသာ ၀တီတို့ကို ရွေးခဲ့လျှင်.....

"အင်း...."

မိုးစက် သက်ပြင်းအသာချကာ ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။ အကို့သဘောကိုလိုက်နာမည်ဟု ဆုံးဖြတ်ထားကာ စိတ်ဒုံးဒုံး ချလိုက်သည်။

ည အိပ်ရောက်လို့ အကိုကြီးကို ဖုန်းခေါ်ကာ မေးကြည့်တော့ အကိုကြီးကရယ်ကာ ပြန်မေးသည်။

"နေဦး ချာတိတ်က ဘယ်အကြောင်းရာကိုသိချင်တာလဲ။"

"မာန်နဲ့ အကိုကြီးက အခြေနေဘယ်လိုဖြစ်သွားပြီလဲ။"

"အင်း နောက် ၃ ရက်ဆိုရင် မာန်က ချင်းမိုင်ကို သွားတော့မယ်။"

မိုးစက် အံ့သြသွားသည်။ မြန်လှချည်လား။ နေ့လည်စာ စားပြီးသည်နှင့်မာန်က ချင်းမိုင်ကို ပါသွားသည် ဆိုတော့..

"အကိုကြီးက ပြန်တော့မယ်ပေါ့...နောက်သုံးရက်ဆိုရင်..."

မိုးစက် ဆို့နင့်စွာမေးလိုက်မိသည်။ မာန်နှင့် အတူပြန်သွားမည့်အကိုကြီးကိုတွေးကာ ရင်ထဲ
နင်တင်တင်ဖြစ်သွားသည်။

"မပြန်ပါဘူး။ မာန်ပဲ သွားမှာ..."

"ဗျာ...အကိုကြီး လိုက်မသွားဘူးလား သူ့ကို တယောက်တည်းလွှတ်မှာလား။"

"တစ်ယောက်တည်းတော့ ဘယ်ဟုတ်မလဲ။ ကိုယ့် မန်နေဂျာလည်းပါပါတယ်...."

"ဘယ်လိုလဲဗျ။ မာန်က အကိုကြီးဆီလိုက်လည်တာ မဟုတ်ဘူးလား။"

"ဘယ်ကလာကွာ။ အလုပ်နဲ့သွားတာ..."

မိုးစက်သိလိုက်လေပြီ။ အကိုကြီးမာန်ကို ထပ်ပြီး စည်းရုံးလိုက်လေပြီ။

"အကိုကြီး မာန်ကို ဘာနဲ့ မြှားလိုက်တာလဲ။ "

မိုးစက် မကျေမနပ်နှင့်မေးလိုက်သည်။ စနေက မိုးစက်၏ လေသံကို ကြားတော့ ခပ်သဲ့သဲ့ရယ်လိုက်မိသည်။ ချာတိတ်၏ စူပုတ်ပုတ်မျက်နှာလေးကို မြင်ယောင်ကာ တိတ်တိတ်လေး ရယ်မိသည်။

"သြော်....အကိုကြီးက မြှားစရာလား။ မာန်က ကိုယ်တို့လုပ်ငန်းစုရဲ့ ကြေငြာကိုရိုက်တော့မယ်။ ပြီးရင် ဇာတ်ကားတစ်ကားရိုကိဖို့ ကိုယ်စာချုပ်ချုပ်လိုက်ပြိ။"

"ဗျာ....အကို ဘာတွေလုပ်နေတာလဲ။ မာန်က ဘာလို့ ဇာတ်ကားရိုက်မှာလဲ။"

စနေက သူ့ကို လေအေးလေးနှင့်ရှင်းပြလိုက်သည်။

"မာန်က အတုလနဲ့ ဇာတ်ကားတစ်ကားရိုက်ရရင် ကိုယ်လုပ်ငန်းကြေငြာတွေကိုရိုက်ပေးမယ်လို့ ဆိုတယ်။ သူ့ဖက်က တောင်းဆိုခဲ့တယ်။ အတုလကို မေးကြည့်တော့ သူက ရတယ် ဆိုလို့ ကိုယ်တို့ နေ့လည်က စာချုပ်ချုပ်လိုက်တာ။ မာန်က တကယ်တော်တယ်။ ဆုံးဖြတ်ချက်ပြတ်သားတယ်။ မိန်းမကောင်းလေးပဲ..."

မိုးစက်သည် မည်သူ့ကိုစိတ်တိုရမှန်းမသိတော့ပဲ ဖုန်းကိုသာ ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတော့သည်။

အချစ်စစ်၏တည်နေရာ- Season (4)Nơi câu chuyện tồn tại. Hãy khám phá bây giờ